no

Font
Theme

လင်းရန်အနေဖြင့် လင်းနွမ်က သူ(မ)၏တောင်းဆိုမှုအား ထိုမျှလွယ်လွယ်ဖြင့် သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ချေ။


အပြင်ပန်းအမြင်ဖြင့် ပြောရမည်ဆိုလျှင် လင်းနွမ်အနေဖြင့် လင်းမိသားစုကဲ့သို့ အုတ်မြစ်တောင့်တင်းကာ ကြွယ်ဝချမ်းသာပြီး ဂုဏ်သိက္ခာကြီးမားသော အသိုင်းအဝိုင်းမျိုးမှ ထွက်သွားချင်စိတ် မရှိလောက်ဟူ၍ မြင်ကြလိမ့်မည်ဖြစ်သည်။ ဘေးလူအနေဖြင့် ပြောရလျှင်တော့ လင်းနွမ်က လင်းကတော်ကို အစွမ်းကုန်တွယ်ကပ်ကာ လင်းမိသားစုတွင် နေရာတစ်နေရာရရန် ကြိုးစားသင့်သည်ပင်။


လင်းရန်၏ မျက်လုံးထဲတွင် လင်းနွမ်၏ ထွက်ခွာသွားပေးရန် သဘောတူခြင်းအား နှစ်ရှည်ဗျူဟာကို ချမှတ်နေခြင်းဟု မြင်သွားခဲ့သည်။ လင်းနွမ်က ရှေ့သို့ဆက်တိုးရန် နောက်သို့ခြေတစ်လှမ်းဆုတ်သည်ဟု လင်းရန်က သံသယဝင်သွားပေသည်။


"နင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။"


လင်းရန်၏ မျက်လုံးများလေးက စူးရဲသွားကြပြီး လင်းနွမ်အား ခေါင်းစခြေဆုံးကြည့်ကာ သတိအနေအထား ဖြစ်သွားခဲ့သည်။ လင်းနွမ်၏ ပြန်တုံ့ပြန်မှုကိုမစောင့်ဘဲ လင်းရန်က ထပ်ပြောလိုက်သည်။ သူ(မ)၏မျက်နှာအမူအရာက တစ်စုံတစ်ခုကို နားလည်သွားသည့်အလားပင်။


"အဲတော့နင်က တကယ်ကြီး လင်းချန်နဲ့ယူမလို့လား။ လင်းမိသားစုကို ဒီလိုနည်းလမ်းနဲ့ ပြန်လာမယ်ပေါ့လေ။ ဘုရားရေ...လင်းနွမ် နင်နဲ့လင်းချန်က နှစ်ပေါင်း ၂၀ ကျော် မောင်နှမတွေအဖြစ် နေလာခဲ့တာတောင် ဒီလိုမသင့်လျော်တဲ့ ရွံစရာအကြံအစည်မျိုးကို တကယ်လက်ခံရဲတယ်လား...အိုး။"


"လင်းရန်။"


အသံဩဩတစ်သံက လင်းရန်၏နောက်မှ ထွက်ပေါ်လာခဲ့သည်။


မသင့်လျော်သော...ရွံစရာအကြံအစည်။


ဤစကားတစ်ခွန်းက လင်းနွမ်ကိုသာမဟုတ်။ ထိုအကြံအစည်ကို ထုတ်ပြောခဲ့သော လျန်မုလန်နှင့် လင်းချန်ကိုပါ တစ်ပါတည်းပင် ပုတ်ခတ်မိနေခဲ့သည်။


လင်းချန်၏အသံအား ကြားလိုက်ရသည်တွင် လင်းရန်၏ နောက်ကျောက တောင့်တင်းသွားခဲ့ပြီး နေရာတွင်ပင် အေးခဲသွားခဲ့ကာ သူ(မ)က လင်းချန်အား နောက်လှည့်ကြည့်လိုက်သည်။


လင်းချန်၏ မြင့်မားသောပုံရိပ်က လှေကားထိပ်တွင် မတ်တတ်ရပ်နေခဲ့ပြီး သူ၏လက်များက ရှည်လျားသောခြေတံများကို ဖုံးကွယ်ထားခဲ့သော ဘောင်းဘီအိတ်ကပ်ထဲတွင် ရှိနေလေသည်။ သူက မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာမျိုးဖြင့် လင်းရန်အား စိုက်ကြည့်နေခဲ့သည်။ ယေဘုယျပြောရလျှင် လင်းချန်က အတော်ကိုပင် လန့်စရာကောင်းနေခဲ့သည်။


"ဘယ်နေရာမှာ ဘယ်လိုအချိန်မျိုးမှာ ဘာပဲဖြစ်ပါစေ။ လင်းနွမ်ကလည်း ဒီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေဦးမှာပဲ။ အဲဒါကို ဘယ်သူမှမပြောင်းလဲနိုင်ဘူး။"


လင်းချန်၏ ဖိအားပေးလိုသော အမူအရာများက လင်းရန်အား ထိတ်လန့်သွားစေသည်။ ဤလေးနှစ်တာအတွင်း တစ်ကြိမ်တစ်ခါမှပင် လင်းချန်၏မျက်နှာထက်တွင် ထိုမျှအထိ လန့်စရာကောင်းသော အမူအရာမျိုးအား လင်းရန်အနေဖြင့် မမြင်ဖူးခဲ့ပေ။ သူ(မ)က နှုတ်ခမ်းသားများကို ဖိကိုက်လိုက်ပြီး လင်းချန်အား မည်သို့တုံ့ပြန်သင့်သည်ကို မတွေးတတ်တော့ချေ။


"ငါ့ခင်ပွန်းလောင်းက ခြံအပြင်မှာပဲ ရှိနေသေးတယ်။ ငါသူ့ကိုအိမ်ထဲဝင်လာဖို့ ခေါ်လိုက်မယ်။"


လင်းနွမ်က ဖြစ်ပျက်နေသမျှကို သတိမပြုမိသည့်အလား တုံးဆိုင်းခြင်းမရှိဘဲ လင်းချန်ဘေးမှဖြတ်ကာ အောက်ထပ်သို့ ဆင်းသွားခဲ့လေသည်။ လင်းချန်က ထိုနေရာတွင်ရပ်ကာ လင်းနွမ်၏ပုံရိပ် ပျောက်ကွယ်သွားသည့်အထိ ရပ်ကြည့်နေခဲ့ပြီး ထို့နောက်တွင်တော့ သူ၏အကြည့်များက လင်းရန်ဆီသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ဘေးတွင် တင်းတင်းဆုပ်ထားခဲ့သော လက်သီးဆုပ်တွင် အကြောများထနေသည်ကို မြင်နေရလေသည်။


"နင်ကဒီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ အမှန်ပဲ။ ဒါပေမဲ့ လင်းနွမ်ကလည်း အတူတူပဲ။"


လင်းချန်၏လေသံက လေးလံနေခဲ့ပြီး သူက လင်းရန်ကို ဆူပူလိုက်သည်။


"ငါထင်တယ်။ ပါးနဲ့မားကလည်း နင်တို့နှစ်ယောက်ကို တကယ့်ညီအစ်မတွေလို ရင်းရင်းနှီးနှီး ရှိနေချင်ကြမှာ။"


"ငါ-"


"နင်သူ(မ)အပေါ်မှာ အဲဒီလိုမျိုး မလုပ်ပေးနိုင်ရင်တောင် ခုနကလောက်ထိ ရက်စက်ဖို့မလိုဘူး။"


လင်းချန်က လင်းရန်အား ပြန်လည်တုံ့ပြန်ရန်ပင် အခွင့်အရေးမပေးခဲ့ချေ။ လင်းရန်က ထိုနေရာမှာပင် အသံတိတ်လျက် မတ်တတ်ရပ်နေခဲ့ပြီး သူ(မ)၏မျက်နှာက သွေးမရှိတော့သည့်အလား ဖြူဖျော့နေခဲ့သည်။ သူ(မ)က အစ်ကိုကြီးဖြစ်သော လင်းချန်အား လေးလည်းလေးစားသလို အနည်းငယ်လည်း ကြောက်ရွံခဲ့သည်သာ။


ထိုမျှအထိ ကြမ်းတမ်းလှသော စကားများနှင့် ရင်ဆိုင်လိုက်ရချိန်တွင် လင်းရန်မှာ ကျဆင်းလာခဲ့သော မျက်ရည်စများကို မထိန်းနိုင်တော့ချေ။


"ဒီမိသားစုထဲမှာ ငါ့ကိုထားဖို့ နေရာမရှိဘူးဆိုရင် အစကတည်းက ငါ့ကိုဒီနေရာဆီ ပြန်ခေါ်မလာပါနဲ့လား။"


လင်းရန်က စီးကျနေသော မျက်ရည်စများကို သုတ်ဖယ်လိုက်ပြီး သူ(မ)၏အခန်းထဲသို့ ပြေးဝင်သွားခဲ့ကာ တံခါးပိတ်လိုက်လေသည်။ လျန်မုလန်က အပြင်ဘက်မှ ဆူညံသံများကြောင့် သူ(မ)၏အခန်းထဲမှ ထွက်လာခဲ့ပြီး လှေကားထိပ်တွင် မတ်တတ်ရပ်နေသော လင်းချန်ကို တွေ့လိုက်ရသဖြင့် မေးမြန်းလိုက်သည်။


"ဘာဖြစ်တာလဲ။"


"ရန်ပေါင်ပေါင်း သားကိုစိတ်ဆိုးသွားတာ။"


(T/N - ပေါင်ပေါင်းဆိုတာ ကိုယ့်ထက်အငယ်တွေကို ချစ်စနိုးနဲ့ခေါ်တာပါ။)


လင်းချန်က ဗလာဖြစ်နေသော မျက်နှာထားဖြင့် လျန်မုလန်အား ပြန်ဖြေလိုက်သည်။ ဤကိစ္စမှာ လင်းနွမ်ပြန်လာသောကြောင့် ဖြစ်လာသည်ကို လျန်မုလန် သိပါ၏။ လင်းရန်သည်လည်း ပုံမှန်အားဖြင့် ပြဿနာရှာနေသော ကလေးမဟုတ်ချေ။


"ချန်ပေါင်ပေါင်း ရန်ရန်က..."


"မားရှင်းပြစရာ မလိုပါဘူး။ သားသိပါတယ်"


လင်းချန်က လျန်မုလန်အား စကားဖြတ်ပြောလိုက်ပြီး သူ၏နာရီအား ငုံ့ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။


"သားသွားသင့်ပြီ။"


"ချန်ပေါင်ပေါင်း နွမ်နွမ်က သူ(မ)ခင်မွန်းလောင်းကို အိမ်ခေါ်လာတယ်တဲ့။ မားကိုကူပြီးတော့ သူ့ကိုကြည့်ပေးဦး။"


လျန်မုလန်က အနည်းငယ်တော့ စိတ်လှုပ်ရှားနေခဲ့သည်။ သမီးဖြစ်သူက သူ(မ)တို့ခင်ပွန်းလောင်းများကို မိသားစုနှင့်မိတ်ဆက်ပေးရန် ခေါ်ဆောင်လာချိန်တွင် မိဘတိုင်းလိုလို ခံစားကြရသော စစ်ဆေးအကဲဖြတ်မှု အချိန်အခါက ရောက်ရှိလာခဲ့ပြီဖြစ်သည်။


"သားအိမ်ပြန်လာတာ အိမ်မာကျန်ခဲ့တဲ့ စာရွက်စာတမ်းကို ကော်ပီလာယူတာ။ ရုံးမှာအစည်းအဝေးလုပ်ဖို့ ကိစ္စတွေရှိသေးတယ်။ သားသွားနှင့်တော့မယ်။"


လင်းချန်၏ မျက်လုံးများက တည်ငြိမ်နေခဲ့ပြီး သူ၏စိတ်ထဲတွင် မည်သို့ခံစားနေရသည်ကို မည်သူကမှ မမှန်းဆနိုင်ပေ။ သူက အမြဲတမ်းလိုလို တည်ကြည်မှုရှိကာ ခန့်မှန်း၍မရနိုင်သော လူမျိုးဖြစ်ပြီး တစ်ခါတစ်ရံ၌ ဖခင်ဖြစ်သူရော မိခင်ဖြစ်သူကပါ သူနှင့်ဝေးကွာနေသလို ခံစားရသည်အထိပင်။


လင်းချန် အောက်ထပ်သို့ ဆင်းလာသည့်အချိန်တွင် ဧည့်ခန်းထဲတွင်ထိုင်ကာ ဖုဟွိုက်အန်းအား အိမ်ထဲဝင်လာရန် ဖုန်းဆက်ပြောနေသော လင်းနွမ်၏နောက်ကျောကို တွေ့လိုက်ရလေသည်။ လင်းချန်က သူ(မ)၏သွယ်လျကာ မြင့်မားသောပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မည်သည့်စကားမှမဆိုဘဲ အိမ်တော်အပြင်ဘက်သို့ ထွက်သွားခဲ့သည်။ သူက အိမ်မကြီး၏တံခါးဝတွင် မတ်တတ်ရပ်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်လေသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment