မနက်ခင်းအစောပိုင်း၌ ဖုမိသားစု၏ ဧည့်သည်တစ်ဦးဖြစ်သော လင်းနွမ်က အိမ်ပိုင်ရှင်၏ အိပ်ခန်းအတွင်းမှ ထွက်လာခဲ့သည်မှာ မည်သို့ပင်ကြည့်ကြည့် မရိုးရှင်းလှပေ။ ထို့အပြင်ကို ဒီအပြုအမူအား အိမ်တော်ထိန်းဖြစ်သော အန်တီလီက မြင်သွားခဲ့သေးသည်။ ဤကိစ္စတစ်ခုလုံးက အတော်လေးကို အရှက်ရဖွယ်ရာ အဖြစ်ကြီးဖြစ်ပေသည်။
လင်းနွမ် ရှက်တက်တက်အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး အန်တီလီအား နှုတ်ဆက်ရန်အတွက် ပါးစပ်မဟရသေးခင်မှာပင် ထွမ်းထွမ်း၏ အိပ်မှုန်စုံမွှား မျက်လုံးလေးများက ပြူးကျယ်သွားပြီး အိပ်ချင်စိတ်များ ထွက်ပြေးသွားကြသည်ကို တွေ့လိုက်ရလေသည်။
အန်တီလီပေါ်တွင် ပစ်မှီထားခဲ့သော သူ၏ကျောပြင်လေးကို တည့်မတ်လိုက်ပြီး အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် လင်းနွမ်အား ကြည့်လာခဲ့ကာ နှုတ်ဖျားမှလည်း အားပါးတရပင် အော်ခေါ်လိုက်လေသည်။
“မားမား။”
သူ(မ)အား ထွမ်းထွမ်းမှ အကြိမ်ပေါင်းများစွာ ထိုသို့နာမ်စားဖြင့် ခေါ်ခဲ့ဖူးသော်လည်း အကြိမ်တိုင်းတွင် လင်းနွမ်မှာ ထိုခေါ်သံနှင့် အသားမကျခဲ့ချေ။ လင်းနွမ်၏ပုံရိပ်ကို မြင်လိုက်ရချိန်တွင် ထွမ်းထွမ်းလေးက အန်တီလီကိုယ်ပေါ်မှ ကုပ်ဖက်တွယ်ကာ အောက်ဆင်းလာခဲ့ပြီး ဝက်ဝံပေါက်စလေးကဲ့သို့ လင်းနွမ်ရှိရာဆီ လုံးလုံးလုံးလုံးဖြင့် ချစ်စဖွယ်ကောင်းစွာ ပြေးလာခဲ့လေသည်။
မတွေ့ရသော အချိန်အနည်းငယ်အတွင်းတွင် ထွမ်းထွမ်းလေးက ယခင်ကထက်ပိုကာ ဉာဏ်ကောင်းလာခဲ့သည်။ သူသာအရင်တစ်ခေါက်ကလို မဆင်မခြင်ဖြင့် ပြေးဖက်မိပါက သူ၏မားမားအား သူ့ကိုမလိုချင်တော့အောင် ပြုလုပ်မိမည်ကို ကြောက်လန့်နေခဲ့သဖြင့် ပိုဆင်ခြင်နေခဲ့သည်။ ထွမ်းထွမ်းလေးက လင်းနွမ်၏ ခြေထောက်နားတွင် မတ်တတ်ရပ်ကာ လင်းနွမ်အား ရင်းနှီးချစ်ခင်သော မျက်လုံးလေးများဖြင့် မော့ကြည့်နေခဲ့သည်။
ထွမ်းထွမ်းလေးက အင်မတန်ပင် ချစ်စဖွယ်ကောင်းသော ကလေးလေးဖြစ်ကာ သူ၏မျက်နှာအစိတ်အပိုင်းများက ဖခင်ဖြစ်သော ဖုဟွိုက်အန်းနှင့် လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ဥပမာအားဖြင့် ထွမ်းထွမ်းလေး၏ မျက်လုံးများက ကြီးမားဝိုင်းစက်ပြီး ရွှန်းလဲ့တောက်ပနေကာ ဖုဟွိုက်အန်း၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများနှင့် ကွာခြားလှပေသည်။
လင်းနွမ်ရှေ့တွင် မတ်တတ်ရပ်နေခဲ့သော ထိုကလေးလေး၏ မျက်နှာစိတ်အပိုင်းများက အများကြီးပိုကာ နူးညံ့နေခဲ့သည်။ သိမ်မွေ့နူးညံ့သော သမီးမိန်းကလေးနှင့် ဆင်တူလှပေ၏။ လင်းနွမ်အကဲခတ်ရသလောက် ထွမ်းထွမ်းလေးက သူ၏အမေနှင့် ဆင်တူပုံရသည်။
“အမ်း မနက်စာမစားရသေးဘူးပေါ့။”
လင်းနွမ်က ထွမ်းထွမ်းလေးကို ငုံ့ကြည့်လိုက်ပြီး မေးလိုက်လေသည်။ ကလေးများနှင့် ဆက်ဆံရာတွင် အတွေ့အကြုံမရှိသဖြင့် သူ(မ)၏ကိုယ်ဟန်အမူအရာက အမ်းတန်းတန်းဖြစ်နေခဲ့ပြီး အသံကလည်း ခြောက်ကပ်နေခဲ့သည်။ သူ(မ)အား မားမားဟုခေါ်သော ချစ်စဖွယ် ကလေးငယ်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် လင်းနွမ်၏နှလုံးသားမှာ ဖုဟွိုက်အန်းနှင့် ရင်ဆိုင်နေရချိန်ထက်ပင် ပိုမိုတုန်လှုပ်နေခဲ့သည်။
ထွမ်းထွမ်းလေးက လိမ်လိမ်မာမာဖြင့် ခေါင်းခါပြလေသည်။
“လင်းမမလေး ထွမ်းထွမ်းကို အဖော်လုပ်ပေးပြီး အတူတူစားမယ်ဆိုလည်း စားလို့ရပါပြီ။ မနက်စာက အဆင်သင့်ပါပဲ။”
အန်တီလီက လင်းနွမ်အား အပြုံးတစ်ခုဖြင့်ကြည့်ကာ ပြောလိုက်လေသည်။ သူ(မ)ကထွမ်းထွမ်းကို ထိန်းကျောင်းကာ စောင့်ရှောက်လာသည်မှာ နှစ်ပေါက်နေပြီဖြစ်သော်လည်း ထွမ်းထွမ်း၏အမေကို တစ်ခါလေးမှပင် မမြင်ဖူးခဲ့ပေ။ ထွမ်းထွမ်းလေးက လင်းနွမ်ကို စတွေ့ကတည်းကပင် သူ၏မားမားဟု အခိုင်အမာ ပြောဆိုနေခဲ့သဖြင့် အန်တီလီသည်လည်း သံသယအချို့ ဝင်နေခဲ့သည်ပင်။ ယနေ့မနက် ဖုဟွိုက်အန်း၏ အိပ်ခန်းအတွင်းမှ ထွက်လာခဲ့သော လင်းနွမ်ကိုကြည့်ကာ အန်တီလီ၏ စိတ်နှလုံးထဲတွင် လင်းနွမ်က ထွမ်းထွမ်း၏မိခင် ဖြစ်နိုင်သည်ဟူ၍ ပိုသေချာသွားခဲ့သည်။
“ဒါဆိုလည်း သွားကြတာပေါ့။”
လင်းနွမ်က အန်တီလီကို ခေါင်းညိတ်ပြလိုက်ပြီး ထွမ်းထွမ်းလေးအား ပြောလိုက်လေသည်။ ထွမ်းထွမ်းလေးက လင်းနွမ်စကားကို ကြားလိုက်သည်တွင် တက်ကြွစွာဖြင့် ခေါင်းအထပ်ထပ်ညိတ်လိုက်သည်။
ထွမ်းထွမ်လေးက လင်းနွမ်၏လက်ကို ကိုင်ချင်သော်လည်း မကိုင်ရဲသဖြင့် လင်းနွမ်၏ဘေးမှ လိမ်လိမ်မာမာပင် လိုက်ပါလာခဲ့သည်။ အောက်ထပ်ကိုဆင်းသော လှေကားထိပ်သို့ ရောက်သည့်အချိန်တွင် လင်းနွမ်က သူ(မ)၏လက်ကို ထွမ်းထွမ်းဆီသို့ ဆန့်တန်းလိုက်သည်။ သူ(မ)၏အပြုအမူကြောင့် ထွမ်းထွမ်းလေး၏ မျက်လုံးလေးများက ပျော်ရွှင်မှုများဖြင့် လင်းလက်သွားကြသည်။ ထွမ်းထွမ်းလေးက သူ၏လက်ကလေးကို လင်းနွမ်၏ လက်ဖဝါးထဲသို့ ထည့်လိုက်ချင်သော်လည်း အငြင်းခံရမည်ကို စိုးရိမ်သွားသဖြင့် လင်းနွမ်၏ လက်ညှိုးကိုသာ သူ၏လက်ကလေးနှင့် ဂရုတစိုက် ဆုပ်ကိုင်လိုက်ပြီး ခေါင်းလေးကိုမော့ကာ လင်းနွမ်အား ချစ်စဖွယ်ကောင်းစွာ ပြုံးပြလိုက်လေသည်။
ထွမ်းထွမ်းလေးမှာ ဤမျှလောက် တစ်ခါမှမပျော်ခဲ့ဘူးပေ။ ထွမ်းထွမ်းလေး၏ မားမားဖြစ်သူက ကမ္ဘာပေါ်တွင် အလှဆုံးဟူ၍ ပါးပါးကပြောခဲ့ဖူးသည်။ ထွမ်းထွမ်းလေးကလည်း ပါးပါးစကားကို အားပါးတရပင် လက်ခံလိုက်သည်။ သူ၏မားမားက ကမ္ဘာပေါ်တွင် အလှဆုံးဟူ၍။ သူ့မားမား၏ မျက်နှာမပြောနှင့် လက်ချောင်းလေးများကပင် သွယ်လျလှပကာ သူ၏လက်ချောင်းများနှင့် တူညီနေပေသည်။
အောက်ထပ်ရှိ ထမင်းစားပွဲတွင်ဖြစ်၏။
အန်တီလီက ထွမ်းထွမ်းလေးကို သူထိုင်နေကျဖြစ်သည့် ဖင်မြှင့်ထားသောထိုင်ခုံတွင် နေရာချပေးရန် ဟန်ပြင်လိုက်သော်လည်း ထွမ်းထွမ်းလေးက အန်တီလီကိုရှောင်ကာ လင်းနွမ်အနားသို့ ပြေးကပ်လိုက်လေသည်။ သူက သူ၏ လက်ဖောင်းဖောင်းလေးနှစ်ဖက်တွင် တစ်ဖက်ကို အားပြုသည့်အနေဖြင့် ထမင်းစားပွဲပေါ်သို့ တင်လိုက်ပြီး ကျန်လက်တစ်ဖက်ကို ထိုင်ခုံပေါ်သို့ တင်လိုက်ကာ ကုပ်တွယ်တက်ရန် ကြိုးစားလိုက်လေသည်။ ခြေတစ်ဖက်ကို ထိုင်ခုံပေါ်သို့ တင်လိုက်ပြီးချိန်တွင် အခြားကိစ္စရပ်များက လွယ်ကူသွားခဲ့ပြီး ခဏတာခန့် ရုန်းကန်ပြီးနောက်တွင် ထွမ်းထွမ်းလေးက လင်းနွမ်၏နံဘေးတွင် နေရာကျသွားခဲ့သည်။ ထို့နောက်တွင်တော့ ထွမ်းထွမ်းလေးက သူ၏လက်နှစ်ဖက်ကို ပေါင်ပေါ်သို့တင်လိုက်ကာ လိမ္မာလှသော အမူအရာဖြင့် ထိုင်နေလေသည်။ သူက ထိုင်ခုံကိုဆွဲကာ ဝင်ထိုင်လိုက်သော လင်းနွမ်ကို ခေါင်းလေးမော့ကာ ကြည့်လိုက်လေသည်။ သူ၏အပြုအမူများက သခင်စိတ်ကျေနပ်အောင် အမျိုးမျိုးကြိုးစားနေသော ခွေးပေါက်စကလေးနှင့် တူညီလှပေသည်။
အန်တီလီက ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးလိုက်ပြီးနောက် ထွမ်းထွမ်းလေးအား ညင်သာသောလေသံဖြင့် မေးလိုက်လေသည်။
“ထွမ်းထွမ်း သားသားက လင်းမမလေးဘေးမှာ ထိုင်ချင်တာလား။”
သူ(မ)၏အမေးကြောင့် ထွမ်းထွမ်းလေးက ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“အင်း...မားမားဘေးမှာပဲ သားထိုင်မှာ။”
အကြိမ်ကြိမ်အခါခါ သူ၏မားမားဟု အခေါ်ခံပြီးသည့်တိုင် လင်းနွမ်မှာ ထွမ်းထွမ်းလေး၏ အပြုအမူများကို အသားမကျသေးသလို ခံစားနေရသည်။ သူ(မ)နှင့်ဖုဟွိုက်အန်းက သဘောတူညီမှုတစ်ခု ပြုလုပ်လိုက်ပြီး သူ(မ)အနေဖြင့် ထွမ်းထွမ်း၏မိခင် ဖြစ်လာရန်ကို မငြင်းနိုင်တော့သော်လည်း ထိုအခန်းကဏ္ဍအား အလွယ်တကူ လက်ခံနိုင်သည်ဟူ၍လည်း မဆိုလိုပါချေ။ လင်းနွမ်၏ နှုတ်ခမ်းတောင်စွန်းများက အိုးတိုးအမ်းတန်း အပြုံးတစ်ခုအဖြစ် ကော့တက်သွားကြသည်။
“ဒါဆိုရင်လည်း ထွမ်းထွမ်းလေးရဲ့ မနက်စာကို ယူလာပေးမယ်နော်။”
ထွမ်းထွမ်းလေး၏ အပြုံးများကြောင့် အန်တီလီ၏ အပြုံးများကလည်း ပိုမိုတောက်ပလာခဲ့သည်။ ထွမ်းထွမ်းလေးက အန်တီလီအား တက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အင်း။”
လင်းနွမ်ကမူ နံဘေးတွင်ထိုင်ကာ ထွမ်းထွမ်းလေးကို ကြည့်နေခဲ့သည်။
*****
Aurora Novel Translation Team