no

Font
Theme

လင်းချန်က လင်းနွမ်၏ မျက်လုံးများအား စိုက်ကြည့်လိုက်လေသည်။ သူ့အနေဖြင့် ယခုလေးတင် ထုတ်ပြောလိုက်သောစကားများက တော်ရုံသတ္တိဖြင့် ထုတ်ပြောနိုင်မည်မဟုတ်သော စကားများဖြစ်သည်။


အစောပိုင်းတုန်းက လျန်မုလန်က လင်းနွမ်အား ပြောခဲ့ဖူးသည်။ အကယ်၍များ သူ(မ)ကသာ ကုမိသားစု၏ ကုရှောက်ထင်နှင့် လက်ထပ်ရမည်ကို သဘောမကျပါက လင်းချန်နှင့်ဆိုလျှင် မည်သို့သဘောရသနည်းဟု စဉ်းစားကြည့်ရန် ပြောခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် အားလုံးက မိသားစုဝင်များအဖြစ် ဆက်ရှိနေဦးမည်ဖြစ်ကာ လင်းနွမ်က သူ(မ)၏သမီးအဖြစ် ဆက်ရှိနေလိမ့်မည်ဖြစ်သည်။ အခြားသောအဆင့်အတန်းနှင့် တည်ရှိမှုဆိုလျှင်ပင် လျန်မုလန်က ကျေနပ်နိုင်ပေသည်။


ထိုအချိန်တုန်းက လင်းနွမ်က လျန်မုလန်တစ်ယောက် သူ(မ)နှင့်မခွဲချင်သဖြင့် စဉ်းစားမိသမျှအကြံကို ထုတ်ပြောလာသည်ဟူ၍ ယူဆထားခဲ့သဖြင့် ကြီးကြီးမားမား ဆက်မတွေးဖြစ်ခဲ့ပေ။ သို့သော်လည်း ယခုတွင် လင်းချန်ကပါ တူညီသောမေးခွန်းကို မေးမြန်းလာခဲ့သဖြင့် လင်းနွမ်မှာ အမှန်တကယ်ပင် လန့်သွားခဲ့ရသည်။


"ငါတို့တွေ မိသားစုဝင်အဖြစ် နှစ်ပေါင်းများစွာ အတူတူနေလာခဲ့ကြတာ။ နင်နဲ့ငါက အကျင့်စရိုက်ချင်းလည်း ခပ်ဆင်ဆင်တူတယ်။ တစ်ယောက်အကြောင်းကို တစ်ယောက်က အကုန်သိတယ်..."


လင်းချန်က လေးနက်သောအသံဖြင့် လင်းနွမ်အား သူတို့နှစ်ယောက် အဆင်ပြေနိုင်ကြောင်း နားချလိုက်သည်။ သို့သော်လည်း လင်းချန်၏ မျက်နှာအမူအရာထဲတွင် ထူးဆန်းမှုတစ်ခု ရှိနေသည်အား လင်းနွမ်အနေဖြင့် သတိပြုမိပါ၏။


"အစ်ကို..."


လင်းနွမ်က ခဏတာခန့် တိတ်ဆိတ်သွားခဲ့ပြီး လင်းချန်အား ခေါ်လိုက်သည်။


"နင် မားအတွက်နဲ့ ဒီလောက်ထိလုပ်ဖို့မလိုဘူး။"


ဤသို့သော အခြေအနေမျိုးတွင် မည်သို့စကားမျိုးကို ပြောဆိုရမည်အား လင်းနွမ်မသိတော့။ တစ်ကြိမ်တစ်ခါမှပင် ဤကိစ္စအား ဆွေးနွေးပြောဆိုရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် လင်းနွမ်၏ နှလုံးသားက ထိတ်လန့်မှုဖြင့် တုန်လှုပ်နေခဲ့သည်။ လင်းနွမ်မှာ နောက်ထပ်ပြောရမည့် စကားများကို အသည်းအသန် စဉ်းစားနေခဲ့မိသည်။


လင်းနွမ်၏ ထောက်ပြလိုက်မှုကြောင့် လင်းချန်က သူ၏မျက်နှာကို တည်ငြိမ်သွားစေရန် ကြိုးစားလိုက်ပြီး သူ၏အကြည့်များက ပိုမိုလေးနက်သွားကာ မျက်နှာအမူအရာကလည်း နောက်ပြောင်နေသည်နှင့် တစ်စက်ကလေးမှ မတူတော့ပေ။ သူ့တွင်ကျန်ရှိနေသည်က ပြတ်သားမှုနှင့် တည်ငြိမ်မှုပင်ဖြစ်သည်။


ထိုအချိန်၌ လင်းနွမ်၏ တုန်လှုပ်နေခဲ့သော နှလုံးခုန်သံများကလည်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီး သူ(မ)က လင်းချန်ကို ပြန်ပြောလိုက်သည်။


"အစ်ကို နင်ရောမားရော အကြံအတူတူပဲဆိုတာ ငါသိတယ်။ ငါ့ကိုနင်တို့က လင်းမိသားစုရဲ့ မိသားစုဝင်အဖြစ် ဆက်ရှိနေစေချင်ကြတာ။ ဒါပေမဲ့ နင်သိထားရမှာက ငါတို့တွေက သွေးသားမတော်စပ်ပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မားကိုရော နင့်ကိုပါ ငါ့ရဲ့အမေအရင်း အစ်ကိုအရင်းလို့ ခံယူထားခဲ့တာ...အဲဒါကိုတော့ ငါ့ဘဝမှာ ဘယ်အရာနဲ့မှ လဲပစ်မှာမဟုတ်ဘူး။"


လင်းနွမ်က အမြဲတမ်းပင် ဉာဏ်ကောင်းခဲ့သည်။ သူ(မ)က လင်းချန်နှင့် လျန်မုလန်တို့ ပြန်မချေပနိုင်သော အချက်တစ်ခုအား ထောက်ပြခဲ့ခြင်းဖြစ်သည်။ လင်းချန်မှာ လင်းနွမ်၏ စကားကြောင့် ထိုးတက်လာခဲ့သော ဒေါသများကို ပြန်မျိုချလိုက်ရသည်။ ထို့နောက် အနည်းငယ် တင်းမာနေသောလေသံဖြင့် လင်းနွမ်အား စိုက်ကြည့်ကာ မေးလာခဲ့သည်။


"ငါတို့ကိုမိသားစုလို့ ခံယူထားတယ်ဆိုရင် နင်ကဘာကိစ္စနဲ့ အိမ်ပြန်မလာရတာလဲ။"


"ဘာလို့ဆို...ကိုးရိုးကားယားနိုင်လို့ပေါ့။"


လင်းနွမ်က လင်းချန်၏ မေးခွန်းအား ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။


"လင်းရန်နဲ့ မျက်နှာချင်းဆိုင်ရမှာ...ပိုတောင်ဆိုးသေးတယ်။"


ထိုသို့အခြေအနေတွင် ခံစားရမည်ဖြစ်သော ကိုးရိုးကားယားနိုင်မှုက စဉ်းစားရုံနှင့်ပင် ကြောက်စရာကောင်းလှသည်။ လင်းချန်၏ ပြန်ဖြေသံအား စောင့်မနေခဲ့ဘဲ လင်းနွမ်က ထူးမခြားနားလေသံဖြင့် ဆက်ပြောလိုက်လေသည်။


"အစ်ကို ငါအိမ်ကို ပြန်ခေါ်လာတဲ့ သတို့သားလောင်းက ဘယ်သူလဲဆိုတာကို နင်စဥ်းစားမိမှာတောင် မဟုတ်ဘူးသိလား။ ဖုဟွိုက်အန်းလေ။ ရှေ့နေလောကမှာ သူကနာမည်ကြီးပဲ။"


ထိုစကားကြောင့် လင်းချန်မှာ ပထမတုန်းကလို တည်ငြိမ်သောပုံစံအား ဆက်ထိန်းနိုင်တော့ချေ။ တဖြည်းဖြည်းနှင့် သူ၏မျက်ခုံးတန်းများက တွန့်ကွေးသွားခဲ့ကြသည်။


လင်းနွမ်က သူ(မ)နှင့်လက်ထပ်မည့် အိမ်ထောင်ဖက်အား မိသားစုနှင့်မိတ်ဆက်ပေးရန် လောနေသည်ပုံကို ကြည့်ခြင်းအားဖြင့် သူ(မ)ပြောလိုသော ရည်ရွယ်ချက်က သိသာလှပေသည်။ ထိုလူကိုသာ သူ(မ)က လက်ထပ်မည်ဟု ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကာ ၎င်းက မိသားစု၏ သဘောထားအား မေးမြန်းလို၍မဟုတ်ဘဲ အတည်ပြုကာ အသိပေးခြင်းသာဖြစ်ပြီး၊ ထို့အပြင်ကို လင်းနွမ်က သူ့ကိုလက်ထပ်ရန် ဆန္ဒမရှိကြောင်းကိုပါ တစ်ပါးတည်းဆိုသလို ပြောပြလိုခြင်းဖြစ်သည်ကို လင်းချန်းအနေဖြင့် နားလည်နေခဲ့သည်။


'ဖုဟွိုက်အန်းဆိုရင် ရှေ့နေလောကတင် မဟုတ်ဘဲ တခြားနေမှာလည်း သတင်းကြီးတာပဲ။'


ဖုဟွိုက်အန်းက လုပ်ငန်းကြီးမစခင် တစ်နှစ်လုံးနီးပါး သိုသိုဝှက်ဝှက်ပင် နေထိုင်ခဲ့ပြီး လွန်ခဲ့သောသုံးနှစ်က ရုတ်တရက်ဆိုသလို အမေရိကန်ရှိ Wall Street တွင် ရှေ့နေအဖြစ် ပေါ်ထွက်လာခဲ့သည်။ သူ၏လိုသလို ပုံသွင်းနိုင်သော စီးပွားရေးရာ အကြံအစည်များက လူအများအပြားအား ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့စေသည်ပင်။


အချို့သောသူများက ဖုဟွိုက်အန်းအနေဖြင့် Wall Street အား ထိန်းချုပ်နိုင်ရန် တစ်နှစ်မျှသာလျှင် အချိန်ယူရလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသဖြင့် အထက်တန်းလွှာ အသိုင်းအဝိုင်းများကြားတွင် အတော်လေးပင် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။


မွေးရပ်မြေသို့ သားဖြစ်သူနှင့် ပြန်လာပြီးနောက်တွင် ဖုဟွိုက်အန်းက အမှုများကို ဆက်လက်မခံတော့။ ရှေ့နေလောကနှင့် ပတ်သက်သော အကြောင်းကိစ္စမှန်သမျှကို တွဲဖက်ဖြစ်သူနှင့်သာ မျက်နှာလွှဲထားခဲ့ပြီး သူကိုယ်တိုင်ကမူ အကျိုးမြတ်ကြီးမားသော ရင်းနှီးမှုလုပ်ငန်းများကိုသာ ဆက်လက်လုပ်ကိုင်နေခဲ့သည်။ ယခုနှစ်များအတွင်း နာမည်ကြီးနေခဲ့သော စီမံကိန်းအများစု၏ ငွေကြေးထောက်ပံ့သူက ဖုဟွိုက်အန်းပင်ဖြစ်သည်။


လင်းချန်က စီးပွားရေးဂျာနယ်တစ်ခုတွင် ဖုဟွိုက်အန်းရေးသားခဲ့သော ဆောင်းပါးတစ်ခုကို ဖတ်ရှုခဲ့ဖူးသည်ကို သတိရသွားခဲ့သည်။ ထိုဆောင်းပါးက ဆောင်းပါးရှင်ဖြစ်သော ဖုဟွိုက်အန်း၏ ထက်မြက်ပုံနှင့် သူ၏အမြင်က မည်မျှတိကျမှုရှိသည်ကို လူအများပြားအား နားလည်စေခဲ့သည်။ လင်းချန်ပင်လျှင် ဝန်ခံရပေမည်။ ဖုဟွိုက်အန်းက ဉာဏ်ကောင်းပြီး အကြံကောင်းများပြားသော ဦးနှောက်ပိုင်ရှင်ပင်။


'အဲဒီတော့ လင်းနွမ်က ရှိသမျှလူအားလုံးထဲကနေ ဖုဟွိုက်အန်းနဲ့ ယူတော့မှာပေါ့။'


ကလေးတစ်ယောက်အဖေနှင့်...


စဉ်းစားလေလေ လင်းချန်၏ နဖူးကြောများက ပိုတွန့်ခေါက်လေလေ ဖြစ်လာခဲ့သည်ပင်။ တကယ်ကိုပင် မည်သို့ဆက်စပ်ပြီး လင်းနွမ်က ဖုဟွိုက်အန်းကဲ့သို့သူနှင့် ငြိစွန်းသွားခဲ့သနည်း။


"နွမ်နွမ် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ကလေးရှိပြီးသား အဖေတစ်ယောက်လေ။"


လင်းချန်မှာ ဒေါသတစ်ပိုင်းဖြင့် လင်းနွမ်အား ပြောလိုက်သည်။ သူတကယ်ကိုပင် တစ်စုံတစ်ယောက်အား နာကျင်သည်အထိ ရိုက်နှက်ပစ်လိုက်ချင်သည်။


လင်းနွမ်က ခပ်ဖွဖွလေး ရယ်မောလိုက်သည်။


"ပြီးတော့ ငါ့အမေအရင်းက စိတ်မမှန်ဘူးလေ။"


သူ(မ)ထောက်ပြလိုသော အကြောင်းအရာက ဖုဟွိုက်အန်းက သူ(မ)အား မည်သို့မျှပင် အထင်မသေးခဲ့ဟူ၍။ ထိုသို့ဖြစ်ရာ သူ(မ)အနေနှင့် သူ့အားအထင်သေးရန် မည်သို့မျှပင် အခွင့်အရေးမရှိဟု ပြောလိုခြင်းဖြစ်သည်။


လင်းချန်မှာ လင်းနွမ်အား နာနာရိုက်ကာ ထိုကိစ္စမျိုးက စိတ်မမှန်သော မိဘရှိမရှိနှင့် ဘာမှမဆိုင်ဟူ၍ အော်ပြောလိုက်ချင်သည်။ အနည်းဆုံးတော့ သူစိတ်မရှိသလို၊ လင်းမိသားစုမှ အခြားသူများကလည်း လင်းနွမ်အား ထိုကိစ္စနှင့်ပတ်သက်ကာ အထင်မသေးကြမှာ သေချာလှပေသည်။


ခြွင်းချက်ဆိုလျှင် လင်းရန်သာရှိပေသည်။


သို့သော်လည်း လင်းနွမ်က အရာအားလုံးကို ရှင်းလင်းသွားအောင် ပြောသွားခဲ့ပြီဖြစ်သည်။ လင်းချန်က သူ(မ)အတွက်တော့ အစ်ကိုအရင်းဖြစ်ကာ သူတို့၏ဆက်ဆံရေးတွင် ဘာမှအပိုမရှိဟု။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment