လင်းနွမ်နှင့် ဖုဟွိုက်အန်းတို့က မနက်ဖြန်မနက်တွင် လက်ထပ်မှတ်ပုံတင်ယူရန် သက်ဆိုင်ရာဌာနသို့ သွားရောက်တော့မည်ဖြစ်ကာ ဖုဟွိုက်အန်း၏ လင်းနွမ်ကိုလက်ခံရသော ရည်ရွယ်ချက်များထဲမှတစ်ခုက လင်းနွမ်အား ထွမ်းထွမ်းလေးကို စောင့်ရှောက်ပေးစေလို၍ ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် သူ(မ)က မည်သည့်နေရာတွင် နေရမည်နည်း။ ဤနေရာတွင်သာ ဆက်နေရမည်လော သို့တည်းမဟုတ် ဖုဟွိုက်အန်း၏အိမ်တွင် လိုက်နေရမည်လော။ လင်းနွမ်မှာ ခေါင်းရှုပ်သွားသလို ခံစားလိုက်ရသည်။ ဤကိစ္စကို သူ(မ)မတွေးရသေးပေ။
သူ(မ)အနေနှင့် ဖုဟွိုက်အန်းကို ဖုန်းခေါ်လိုက်ပြီး ကိစ္စများကို ရှင်းလင်းသွားအောင် မေးမြန်း၍ရသော်လည်း ထိုသို့လုပ်လိုက်ပါက လင်းနွမ်ကသာ သူနှင့်လက်ထပ်ရန် ဆန္ဒစောနေသည့်ပုံစံ ပေါက်သွားလိမ့်မည်ပင်။
ဖုန်းတစ်ဖက်ခြမ်းတွင်တော့ လင်းနွမ်၏ အိမ်ပိုင်ရှင်အမျိုးသမီးက ချိုသာသောလေသံဖြင့် ဆက်ပြောနေခဲ့သည်။
"တို့က မင်းကို သဘောကျပါတယ်။ မင်းက သပ်ရပ်ပြီး သန့်သန့်ရှင်းရှင်းဖြစ်အောင် နေတတ်ထိုင်တတ်တယ်လေ။ တို့အိမ်ကို မင်းလက်ထဲအပ်ထားရတာကို တို့စိတ်တိုင်းကျပြီး စိတ်လည်းချတယ်။ ဒါပေမဲ့လည်း ငွေကြေးဖောင်းပွမှုနှုန်းက မင်းသိတဲ့အတိုင်းပဲလေ။ တို့လည်းသဘောမကျပေမဲ့ အဆင်ပြေအောင်တော့ လုပ်ရမှာပဲ။ အဲဒါကြောင့်မို့ သေသေချာချာလေး တွေးကြည့်လိုက်နော်။ မင်းရဲ့စာချုပ်က ၂ လကျန်သေးတယ်။ ဒီစျေးက မင်းအတွက် အဆင်ပြေတယ်ဆိုရင် တစ်ရက်လောက်ရွေးပြီး အိမ်ငှားစာချုပ်ကို သက်တမ်းတိုးကြတာပေါ့ ဘယ်လိုလဲ။"
လင်းနွမ်က ဤကိစ္စနှင့်ပတ်သက်ကာ အိမ်ပိုင်ရှင်အမျိုးသမီးကို ကျိုးကြောင်းဆီလျော်မှုမရှိဟု အပြစ်ဆိုမရကြောင်း သိရှိထားသည်။ အဆုံးတွင်တော့ ထိုအမျိုးသမီးက စာချုပ်မကုန်သေးခင် အိမ်ငှားခမြှင့်လိုခြင်းမဟုတ်ဘဲ စာချုပ်ကုန်ပြီးမှ သက်တမ်းတိုးချိန်တွင် အိမ်ငှားခအသစ်ဈေးနှင့် ပေးချေရမည်ဖြစ်သည်။ သူ(မ)ကလင်းနွမ်ကို ဆက်ငှားချင်သေးသည်မှာ ပြောစရာပင်မလိုချေ။ လင်းနွမ်အနေဖြင့် နားလည်ပေးနိုင်ပါ၏။
တကယ်တမ်းတွင် ဤအိမ်တွင်ဆက်နေသည်က လင်းနွမ်အတွက် ပိုအဆင်ပြေပေသည်။ ဘူတာရုံနှင့်နီးသလို ဘတ်စ်မှတ်တိုင်နှင့်လည်း မဝေးလှသဖြင့် လင်းနွမ် အိမ်မပြောင်းချင်ပေ။
အိမ်ရှင်အမျိုးသမီး ဖုန်းချသွားချိန်တွင် လင်းနွမ်က အိမ်ငှားစာချုပ်ကို ရှာဖွေလိုက်ပြီး သေချာဖတ်ရှုရန် ဟန်ပြင်လိုက်သော်လည်း မဖတ်ရသေးခင်မှာပင် အိမ်တံခါးတွင် တပ်ဆင်ထားသော လူခေါ်ဘဲလ်သံက မြည်လာလေသည်။
လင်းနွမ်က တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ချိန်တွင် ညကိုးနာရီခွဲကို ကျော်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဤအချိန်မျိုးတွင် သူ(မ)ထံသို့လာနိုင်သူက ပိုင်ရှောင်းနျန်တစ်ယောက်သာ ရှိလေသဖြင့် လင်းနွမ်မှာ သက်ပြင်းချမိတော့သည်။
သူ(မ)က အပေါ်ထပ်ဘာညာ ဝတ်မနေတော့ဘဲ လည်ပင်းတွင် မျက်နှာသုတ်ပဝါပတ်ကာ ညအိပ်ဂါဝန်နှင့်ပင် တံခါးသွားဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် vest ဝတ်ထားသော အမျိုးသားတစ်ဦးက ပိုင်ရှောင်းနျန်အား ကျောတွင်ပိုးကာ တံခါးဝတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုအမျိုးသားက အရပ်သိပ်မရှည်သဖြင့် ပိုင်ရှောင်းနျန်ကို ကျောပိုးထားရသည်မှာ အဆင်ပြေပုံမပေါ်ချေ။
လင်းနွမ်၏ ပါးလျသော ညအိပ်ဂါဝန်နှင့် လှပလွန်းကာ ညှို့ဓာတ်ပြင်းလှသော အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် ထိုအမျိုးသားက အမှန်တကယ်ပင် အံ့ဩသွားခဲ့သည်။ ရေချိုးထားသည်မှာ မကြာသေးသဖြင့် သူ(မ)၏ဆံပင်များက မခြောက်သေးသလို မျက်နှာထက်တွင် ရေစက်ရေပေါက်များ တင်ကျန်နေဆဲဖြစ်ပြီး ထိုရေစက်လေးများက သူ(မ)၏ချောမွေ့သော ပါးပြင်တစ်လျှောက် စီးဆင်းသွားခဲ့ကာ ဖြူဖွေးနူးညံ့သော လည်တိုင်မှတစ်ဆင့် ကြည့်ကောင်းလှသည့် ညှပ်ရိုးများဆီသို့ ရောက်ရှိသွားခဲ့သည်။
လောလောလတ်လတ် အသုံးပြုထားသည့် ရေချိုးဆပ်ပြာမှ ရနံ့မွှေးမွှေးက သင်းပျံ့နေခဲ့ပြီး ထိုအမျိုးသားက ရှက်တက်တက်နှင့်ပင် အကြည့်လွှဲလိုက်သည်။ သို့သော်လည်း သေချာသတိမထားဘဲ လုပ်မိလုပ်ရာကို လုပ်လိုက်မိသည့်အတွက် သူ၏အကြည့်များက လင်းနွမ်၏ ရှည်လျားသွယ်ပြောင်းသော ခြေတံများဆီသို့ အကြည့်ရောက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်နှာမှာ ပိုင်ရှောင်းနျန်ကို စတွေ့စဉ်ကထက်ပင် ပိုမိုနီရဲလာခဲ့သည်။
"အာ...ကျွန်တော်က မင်းသူငယ်ချင်းခေါ်ထားတဲ့ အငှားယာဉ်မောင်းပါ။ သူ(မ)က ဒီလိပ်စာကို ပို့ပေးပါဆိုပြီး တစ်လမ်းလုံးပြောလာလို့။"
လင်းနွမ်မှာ ပိုင်ရှောင်းနျန်ကို တွေ့ရလိမ့်မည်အထင်နှင့် တံခါးဖွင့်ပေးလိုက်ခြင်းဖြစ်သော်လည်း ယာဉ်မောင်းအမျိုးသားပါ အတူပါလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ချက်ချင်းပင် ဤသို့အဝတ်အစားနှင့် တံခါးလာဖွင့်မိသော ကိုယ့်ကိုယ်ကိုယ်ပြန်ကာ နာနာရိုက်ချင်သည်အထိ နောင်တရသွားရသည်။ ထို့နောက် ဖိနပ်စင်ပေါ်တွင် တင်ထားမိသော ခေါင်းစွပ်အင်္ကျီကို အလျင်အမြန်ပင် လှမ်းယူလိုက်ပြီး ဝတ်ဆင်လိုက်ကာ ဘာမှမဖြစ်သည့်အတိုင်း တံခါးဝဆီသို့ မျက်နှာသေနှင့် ပြန်လှည့်ကြည့်လိုက်သည်။ သူ(မ)က ရှေ့သို့ထွက်ကာ ယာဉ်မောင်းအမျိုးသား ကျောပိုးထားသော ပိုင်ရှောင်းနျန်ကို လက်လွှဲယူလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်၏။
"ကျေးဇူးပါပဲ။ ထားခဲ့လို့ရပါပြီ။"
ပိုင်ရှောင်းနျန်တစ်ယောက် အရက်မူးလာလျှင် မည်သို့ပြုမူတတ်သည်ကို လင်းနွမ်က အသိဆုံးပင်။
ယာဉ်မောင်းအမျိုးသားက ပိုင်ရှောင်းနျန် အရက်မူးကာ သူ့အပေါ်တွင် အသားမယူစေရန် ခန္ဓာကိုယ်ချင်း အနည်းငယ်ခွာထားပြီး ကူတွဲပေးရန် ကြိုးစားလိုက်သည်။ သူ၏လှုပ်ရှားမှုများက အလွန်အမင်းကို သတိထားနေပုံပေါက်ကာ အတော်လေးကို ရယ်စရာကောင်းနေခဲ့သည်။
လင်းနွမ်က ယိမ်းယိုင်နေသော ပိုင်ရှောင်းနျန်၏ ခန္ဓာကိုယ်အား သူ(မ)၏ညာဘက်လက်ဖြင့် ဖမ်းထိန်းလိုက်ပြီး ယာဉ်မောင်းကောင်လေးက ပိုင်ရှောင်းနျန်၏ ညာဘက်လက်ကို မလွှတ်ရသေးမီမှာပင် မူးနေသောမမက ခေါင်းထောင်လာခဲ့သည်။
"ဟီးဟီး...နွမ်နွမ်..."
ပိုင်ရှောင်းနျန်က သူ(မ)၏ညာလက်ဖြင့် ယာဉ်မောင်းကောင်လေးကို ပြန်ဆွဲထားလိုက်ပြီးနောက် သူ(မ)၏ရှည်သွယ်လှပသော လက်ချောင်းများနှင့် ထိုကောင်လေး၏ ပါးပြင်ကိုဆွဲလိမ်ကာ ညှစ်လိုက်လေသည်။ သူ(မ)က အာလေးလျှာလေးနှင့် လင်းနွမ်အား ဖောက်သည်ချနေသေးသည်။
"ကြည့်ဦး။ ဒါက ဒီနေ့ငါဖမ်းမိလာတဲ့ ယုန်ပေါက်စလေးလေ။ ချစ်စရာမကောင်းဘူးလား။"
"အာ့..."
ယာဉ်မောင်းကောင်လေးမှာ ပါးပြင်ဆီမှ နာကျင်မှုကြောင့် မျက်ရည်များပင် ဝဲတက်လာခဲ့လေသည်။ ဖြစ်ပျက်နေသည်ကိုကြည့်ကာ လင်းနွမ်လည်း ပြောစရာစကားများ ရှာမရတော့ပေ။
"ကျွန်မကပဲ တောင်းပန်ပါတယ်။ ကျွန်မသူငယ်ချင်းက အရမ်းမူးလာရင် ဒီလိုပဲရယ်။"
လင်းနွမ်က ယာဉ်မောင်းကောင်လေးကို တောင်းပန်လိုက်ပြီး ကုပ်ကပ်ပေတေနေသော ပိုင်ရှောင်နျန်အား ထိုကောင်လေးထံမှ အင်အားသုံးကာ ဆွဲခွာလိုက်ရသည်။
*****
Aurora Novel Translation Team