no

Font
Theme

"မေးမိတာကို စိတ်မရှိပါနဲ့ လူကြီးမင်းဖု။ အခုနွမ်နွမ်နဲ့ လက်ထပ်တာက မင်းအတွက်တော့ ဒုတိယအကြိမ် လက်ထပ်တာမဟုတ်လား။ မင်းမှာက သားတစ်ယောက် ရှိနေပြီးသားဆိုတော့လေ။"


လျန်မုလန်က မျက်နှာနာနာနှင့်ပဲ ထိုမေးရခက်လှသည့် မေးခွန်းကို ထုတ်မေးလိုက်ရသည်။ လင်းနွမ်၏အနာဂတ် ဖြောင့်ဖြူးသာယာစေရန် သူ(မ)အနေနှင့် ဤကိစ္စနှင့်ပတ်သက်ပြီး သေချာပေါက်ကို မေးမြန်းရပေလိမ့်မည်။


လျန်မုလန်၏ မေးခွန်းကြောင့် ဖုဟွိုက်အန်းက သောက်လက်စ လက်ဖက်ရည်ခွက်ကို အသာချလိုက်ပြီး ခေါင်းမော့ကြည့်လာသည်။ သူ၏မျက်လုံးများက တည်ငြိမ်လှပြီး မျက်နှာအမူအရာသည်လည်း တစ်စက်ကလေးမှပင် အပြောင်းအလဲမရှိချေ။ သူကလျန်မုလန်အား ပြန်ဖြေလိုက်သည်။


"အန်တီက လင်းနွမ်ရဲ့အမေဖြစ်ပြီး ကျွန်တော်နဲ့လင်းနွမ်က လက်ထပ်တော့မှာမို့ က‌လေးကိစ္စနဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပြထားပါ့မယ်။ ထွမ်းထွမ်းက ကျွန်တော်ရဲ့မိတ်ဆွေ မတိမ်းပါးသွားခင်မှာ စောင့်ရှောက်ထားပေးဖို့ ကျွန်တော့်ဆီအပ်ထားခဲ့တဲ့ ကလေးပါ။"


သူ၏အဖြေက လင်းနွမ်အား အမှန်တကယ်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။


ဖုဟွိုက်အန်းက ထိုမျှထက်ပိုကာ ဘာမှဆက်မပြောတော့ချေ။ သူမပြောသော်လည်း လင်းနွမ်ရော လျန်မုလန်ကပါ နောက်ဆက်တွဲအကြောင်းအရာကို ရိပ်မိပါ၏။ လင်းနွမ်ခန့်မှန်းရသလောက် ဖုဟွိုက်အန်းက ထွမ်းထွမ်းလေးအား မိဘမဲ့ဟူ၍ မခံစားစေချင်သောကြောင့် ဖခင်နေရာကို ဝင်ယူခဲ့ခြင်းဖြစ်ပေမည်။


လျန်မုလန်သည်လည်း ဖုဟွိုက်အန်း၏ အဖြေစကားကြောင့် အံ့ဩနေခဲ့သည်ပင်။ အမိတိုင်းပြည်သို့ ဖုဟွိုက်အန်းတစ်ယောက် ကလေးငယ်တစ်ဦးနှင့် ပြန်ရောက်လာချိန်တွင် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ၌ အမျိုးမျိုးသော ကောလာဟလများ ထွက်ရှိလာခဲ့ပြီး ထင်ကြေးပေးမှုများလည်း အတော်များများပင် ပေါ်ပေါက်ခဲ့ဖူးသည်။


အချို့လူများအနေဖြင့် ယူဆထားကြသည်မှာ ဖုဟွိုက်အန်းက နိုင်ငံရပ်ခြားတွင် လက်ထပ်လိုက်ပြီးနောက် ဇနီးဖြစ်သူနှင့် အိမ်ထောင်ကွဲကာ သူ၏သားကိုခေါ်ကာ ပြည်တော်ပြန်လာခဲ့သည်ဟု။


အချို့လူများကတော့ ထိုကလေးငယ်က ဖုဟွိုက်အန်းနှင့် အမျိုးသမီးတစ်ဦးတို့ မှားယွင်းကြရာမှ မွေးဖွားလာခဲ့သည်ဟုပင် ပြောဆိုကြသေးသည်။


သေဆုံးသွားပြီဖြစ်သော အသိမိတ်ဆွေတစ်ဦး၏ အကြောင်းအရာများကို မေးမြန်းစပ်စုခြင်းက အနာကျက်သေးသလော မကျက်သေးသလော မသိရသည့် ဒဏ်ရာဟောင်းကို ပြန်လည်တူးဆွခြင်းဖြစ်ပြီး အသိုင်းအဝိုင်းနှင့် လေးစားမှုအရ မလုပ်သင့်သော လုပ်ရပ်ဖြစ်သည်ကို လျန်မုလန်က နားလည်နေသည့်အတွက် ဖုဟွိုက်အန်းအား တောင်းပန်စကားဆိုလိုက်သည်။ လျန်မုလန်က ဖုဟွိုက်အန်း၏ စကားများက မှန်မမှန်ကို အတည်ပြုလိုခဲ့သော်လည်း သူ၏နက်ရရှိုင်းသော မျက်လုံးများက အစမှအဆုံးတိုင် တည်ငြိမ်နေခဲ့ပြီး လျန်မုလန်မှာ သူ့အားထွင်းဖောက်ကာ မမြင်နိုင်ခဲ့ချေ။


ဤနှစ်များအတွင်း ဖုဟွိုက်အန်းက ယခုမှသာလျှင် ထွမ်းထွမ်းလေး၏ နောက်ခံအကြောင်းကို အခြားသူများထံ ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ ထိုအချက်တစ်ခုတည်းကပင် လင်းနွမ်အား လက်ထပ်လိုခြင်းက သူ၏စိတ်ရင်းမှန်ဖြစ်ကြောင်း လျန်မုလန်နားလည်သွားစေရန် ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းဆိုလည်း မမှားပါချေ။


"ဒါဆိုရင် လူကြီးမင်းဖုက နွမ်နွမ်ရဲ့အတိတ်ကို သိထားသလား။"


လျန်မုလန်က ဖုဟွိုက်အန်းအား တီး‌ခေါက်ကြည့်လိုက်သည်။ သူ(မ)ဆိုလိုသည်က ကုရှောက်ထင်နှင့် စေ့စပ်ထားခြင်းမဟုတ်ဘဲ လင်းနွမ်၏ မိသားစုအခြေအနေကို သိရှိထားသလားဟု မေးလိုခြင်းပင်ဖြစ်သည်။ လျန်မုလန်က ဖုဟွိုက်အန်းတစ်ယောက် လင်းနွမ်၏ စိတ်ပိုင်းဆိုင်ရာ မကျန်းမာသော မိခင်ဖြစ်သူနှင့် အကြောင်းစုံကိုပါ သိရှိထားပြီးမှ လင်းနွမ်အား သဘောထားခိုင်မာစွာဖြင့် လက်ထပ်လိုသလော သို့တည်းမဟုတ် ကုမိသားစုကဲ့သို့ ဤအကြောင်းအရာကို မျက်နှာပျက်စရာကိစ္စဟု ယူဆထားသလောကို သိချင်နေခဲ့သည်။


လွန်ခဲ့သောလေးနှစ်က လင်းနွမ်၏ဘဝတွင် အကြီးမားဆုံးသော အပြောင်းအလဲကြီးကို ကြုံတွေ့ခဲ့ရပြီး သူ(မ)သိရှိထားသမျှ အရာများအားလုံးက ကွဲပြားသွားခဲ့ရသည်။ ထိုအချိန်တုန်းက လင်းနွမ်၏ဖခင်အရင်းက လင်းရန်ကိုခေါ်ကာ လင်းမိသားစုထံသို့ ရုတ်တရက်ကြီး ရောက်ရှိလာခဲ့ပြီး လွန်ခဲ့သောနှစ်များစွာက အလဲခံလိုက်ရသော ကလေးနှစ်ဦး၏ နောက်ခံအကြောင်းအရာကို ဖော်ထုတ်ပြီးနောက်တွင် အဆိပ်သောက်ကာ သတ်သေသွားခဲ့သည်။ ဖုဟွိုက်အန်းက ဖြစ်ပျက်သွားခဲ့သော အကြောင်းအရာများကို ရှင်းရှင်းလင်းလင်းပင် သိရှိထားခဲ့သည်။ သူက လျန်မုလန်ကို ပြန်ဖြေလိုက်သည်။


"ဟုတ်ကဲ့ ကျွန်တော်သိထားပါတယ်။ လင်းနွမ်ရဲ့ မိသားစုနောက်ခံကနေ သူ(မ)ရဲ့မိဘအရင်းတွေအထိ အကြောင်းအစုံပါပဲ..."


သူ၏အဖြေစကားကို ကြားလိုက်ရသည်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားခဲ့သော လျန်မုလန်၏လက်များက တင်းကျပ်သွားခဲ့ပြီး ဖုဟွိုက်အန်းကိုကြည့်ကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။


"နွမ်နွမ်က မင်းကို ဒီအကြောင်းတွေအထိ ပြောပြထားတာပဲ။"


အဖြစ်မှန်က ထိုသို့မဟုတ်သော်လည်း ဖုဟွိုက်အန်းက ပြန်မပြင်ပေးလိုက်ချေ။ တစ်ဖက်တွင်တော့ လင်းနွမ်မှာ ငယ်စဉ်ကတည်းကပင် လျန်မုလန်အား တစ်ကြိမ်တစ်ခါမှ မလိမ်ညာခဲ့ဖူးသဖြင့် ကိစ္စများစွာကို ဖုံးကွယ်ထားရသည့် လုပ်ရပ်နှင့်ပတ်သက်ကာ စိတ်မသက်မသာ ခံစားနေခဲ့ရသည်။ သို့သော်လည်း ဤစကားဝိုင်းတစ်လျှောက် ရေလိုက်ငါးလိုက် လုပ်ရန်မှလွဲကာ သူ(မ)ထံတွင် ရွေးချယ်စရာမရှိပေ။


ထိုနေ့လယ်ခင်းတွင် လျန်မုလန်က ဖုဟွိုက်အန်းနှင့် ကိစ္စအတော်များများကို ဆွေးနွေးဖြစ်ခဲ့ပြီး ဖုဟွိုက်အန်းအား လေ့လာအကဲခတ်ကြည့်ခဲ့သည်။ ဖုဟွိုက်အန်းက ဉာဏ်ကောင်းကာ စကားပြောရလွယ်ပြီး တစ်ချိန်တည်းမှာလည်း သူ၏ကိုယ်နှုတ်အမူအရာက ယဉ်ကျေးမှုရှိကာ အထက်တန်းဆန်သည်။ ထို့အပြင်ကို သူက လင်းနွမ်၏ မိသားစုနောက်ခံကိုလည်း အမှန်တကယ်ပင် စိတ်ထဲထည့်မထားချေ။


ကလေးတစ်ယောက် ရှိသည်မှလွဲကာ ဖုဟွိုက်အန်းထံတွင် ကိုယ်ရေးကိုယ်တာ ပြစ်ချက်ဟူ၍ ရှာမတွေ့‌ရပေ။ လျန်မုလန်မှာ ဖုဟွိုက်အန်းနှင့် စကားပြောပြီးနောက်တွင် သူ့အပေါ်၌ လေးစားသဘောကျသွားခဲ့ပြီး ဤဖုမျိုးနွယ်၏ အရည်အချင်းက သာမန်မဟုတ်ကြောင်း အသိအမှတ်ပြုလိုက်ရသည်။


လျန်မုလန်အတွက် ပြောစရာမှာ မနက်ဖြန်မနက်တွင် လက်ထပ်မှတ်ပုံတင်မည့် အလောသုံးဆယ်နိုင်လှသော ဆုံးဖြတ်ချက်ပင်ဖြစ်သော်လည်း လင်းနွမ်က အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ဦးဖြစ်ပြီး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် သူ(မ)၏လက်တွဲဖော်ကို ရွေးချယ်သည့်နေရာတွင် လျန်မုလန်၌ ဝင်ပြောခွင့်မရှိတော့ချေ။ သူတို့၏ဆုံးဖြတ်ချက်ကို တားမြစ်၍မရတော့။


လျန်မုလန်နှင့် စကားစမြည် ပြောဆိုပြီးနောက် လင်းနွမ်က ဖုဟွိုက်အန်းကို အရင်ပြန်သွားစေလိုက်ကာ သူ(မ)၏သန်းခေါင်စာရင်းကို ရှာဖွေသိမ်းဆည်းပြီးနောက် လင်းမိသားစုအိမ်မှ ထွက်ခွာလာခဲ့သည်။


တက္ကစီတစ်စီးကို ငှားလိုက်ပြီးနောက် ကားထဲတွင်ထိုင်ကာ ဘေးပတ်ဝန်းကျင်မှ ရှုခင်းများကိုကြည့်နေလျက် လင်းနွမ်မှာ သူ(မ)၏စိတ်က အနည်းငယ်ပြန်ကာ တည်ငြိမ်သွားခဲ့သည်ကို ခံစားမိလိုက်သည်။


လက်ထပ်မှတ်ပုံတင် ပြုလုပ်ပြီးနောက်တွင် လင်းနွမ်က ဤအခွင့်အရေးကို အသုံးချပြီး လင်းမိသားစု၏ သန်းခေါင်စာရင်းမှ ခွဲထွက်လိုက်ရန် စဉ်းစားထားခဲ့သည်။ လက်ထပ်ပြီးနောက် အိမ်ထောင်သည်အဖြစ် အိုးအိမ်အသစ်တစ်ခု ထူထောင်တော့မည်ဖြစ်ရာ ဤသို့သာ အကြောင်းပြလိုက်ပါက သန်းခေါင်စာရင်းခွဲမည်ကို လျန်မုလန်တစ်ယောက် မည်မျှပင်သဘောမကျပါစေ တားမြစ်နိုင်မည်မဟုတ်တော့ချေ။


လင်းနွမ်အနေဖြင့် ဤသို့ဖြစ်ပြီးသည့်တိုင် လင်းမိသားစုနှင့် ဆက်ပတ်သက်နေပါက လင်းရန်အပေါ်တွင် အမှန်တကယ်ပင် မတရားရာကျပေလိမ့်မည်။ သို့သော်လည်း လင်းမိသားစုတွင် နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော သံယောဇဉ်များကို ပစ်ချလိုက်ရန်မှာ လင်းနွမ်အတွက် မလွယ်ကူနေခဲ့ချေ။ သူတို့အားလုံးက သူ(မ)ကိုချစ်သလို သူ(မ)ကလည်းချစ်ရပေသည်။


.....


ထိုနေ့ညနေက သူ(မ)၏နေအိမ်သို့ ပြန်ရောက်သည်နှင့် ရေထပ်ချိုးလိုက်ပြီး ရေချိုးခန်းထဲမှ ပြန်ထွက်လာချိန်တွင် လွတ်သွားခဲ့သော ဖုန်းခေါ်ဆိုမှုများကို တွေ့လိုက်ရလေသည်။


ခေါ်ဆိုသူနံပါတ်က အိမ်ပိုင်ရှင်၏ ဖုန်းနံပါတ်ဖြစ်သည်ကို သတိပြုမိသွားသည်နှင့် လင်းနွမ်က ချက်ချင်းဆိုသလိုပင် ပြန်လည်ဆက်သွယ်လိုက်သည်။ အိမ်ပိုင်ရှင်က အိမ်ငှားခတက်တော့မည်ဖြစ်ကြောင်း ဆက်သွယ်ခြင်းဖြစ်ပြီး လင်းနွမ်အနေဖြင့် မကြာသေးမီကပင် နောက်တစ်ဖြတ်အတွက် အိမ်ငှားခငွေကို ပေးချေခဲ့ခြင်းဖြစ်သည်။


လင်းနွမ်ငှားနေသော အိမ်ပိုင်ရှင်အမျိုးသမီးက တောင်ပိုင်းသူဖြစ်ပြီး သူ(မ)၏ပြောဆိုဟန်က သိမ်မွေ့နူးညံ့ကာ နားထောင်ကောင်းသော်လည်း စကားများကတော့ ပြတ်သားလှကာ လင်းနွမ်အား ပြန်လည်ညှိနှိုင်းရန်ပင် အခွင့်မပေးထားချေ။


လင်းနွမ် တစ်ခဏတာခန့် တိတ်ဆိတ်သွားခဲ့ပြီး သူ(မ)၏မျက်လုံးများက အိပ်ရာဘေးရှိ စားပွဲခုံပေါ်တွင် တင်ထားမိခဲ့သော သန်းခေါင်စာရင်းထံသို့ အကြည့်ရောက်သွားခဲ့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment