no

Font
Theme

မီးဖိုချောင်ထဲတွင် အလုပ်များနေသော အိုးသံခွက်သံများက ဆက်တိုက်ဆိုသလို ထွက်ရှိနေခဲ့ပြီး ထိုအသံများက မူလကတည်းကပင် အိပ်ချင်နေခဲ့သော ထွမ်းထွမ်းလေးအား ချော့သိပ်နေသကဲ့သို့ ဖြစ်နေခဲ့ကာ ထွမ်းထွမ်းလေးမှာ တောင်မခံနိုင်တော့ဘဲ သမ်းဝေလိုက်မိသည်။


လင်းနွမ်တစ်ယောက် ရေခဲနေဆဲဖြစ်သော ခရမ်းချဉ်သီးများကို ဘေစင်ထဲထည့်ကာ ဆေးကြောနေချိန်တွင် ဧည့်ခန်းအတွင်းမှ ဖုန်းမြည်သံထွက်လာသည်ကို ကြားလိုက်ရလေသည်။ သူ(မ) ခေါင်းလှည့်ကာ လှမ်းကြည့်လိုက်ချိန်တွင် ဖုဟွိုက်အန်းက စီးကရက်တစ်လိပ်ကို နှုတ်ခမ်းများကြားတွင် ခဲထားလျက်မှ ဖုန်းပြန်ဖြေရန် ထိုင်နေရာမှ ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူက ကိုယ်ကိုကိုင်းကာ ကော်ဖီစားပွဲတွင် တင်ထားမိသော သူ၏မီးခြစ်အား ကောက်ယူလိုက်သည်။ ထိုအခိုက်အတန့်တွင် မီးရောင်အောက်၌ ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်နေသော ရှပ်အင်္ကျီကြောင့် တောင့်ဖြောင့်သန်မာသော ကြွက်သားလိုင်းများကို ဝိုးတဝါးလှမ်းကာ မြင်နေရပေသည်။


သူက ဝရံတာဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး ဘေးတိုက်ဖွင့်ရသော ဝရံတာတံခါးကို ဆွဲဖွင့်လိုက်သည်။ ဧည့်ခန်းဘက်သို့ ကျောပေးထားခဲ့ပြီး လက်ထဲမှမီးခြစ်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါးပင် ထိုးထည့်လိုက်လေသည်။ သူ၏လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုရှိလှပြီး ရင့်ကျက်မှုရှိသော အမျိုးသားတစ်ယောက်၏ အရောင်အဝါများကို ထုတ်လွှတ်နေခဲ့သည်။


လင်းနွမ်မှာ အချိန်မည်မျှကြာအောင် ဖုဟွိုက်အန်း၏ နောက်ကျောဘက်အား ငေးနေခဲ့သည်ကို မမှတ်မိတော့ချေ။ သူ(မ)သတိဝင်လာချိန်တွင် ထိုအတိုင်း ဖုဟွိုက်အန်းအား ရပ်ကြည့်နေခဲ့သည်မှာ အချိန်အတန်ငယ် ကြာသွားသည်ကိုတော့ သတိပြုမိသွားခဲ့သည်။ လင်းနွမ်က ဖုဟွိုက်အန်း၏ ကြည့်ကောင်းလှသော နောက်ကျောပြင်မှ အကြည်လွှဲလိုက်ပြီး နီရဲနေသော နားရွက်များဖြင့် ချက်ပြုတ်ခြင်းတွင် ပြန်အာရုံစိုက်လိုက်သည်။


ကော်ဖီစားပွဲပေါ်ရှိ မီးအိမ်နံဘေးတွင် ရှိနေခဲ့သော လင်းနွမ်၏ဖုန်းကတော့ လှုပ်ရှားမှုမရှိဘဲ တိတ်ဆိတ်စွာနှင့် ငြိမ်သက်နေခဲ့သည်။


မည်သူကများ ထင်ထားလိမ့်မည်နည်း။ လင်းနွမ်နှင့် ဖုဟွိုက်အန်း၏ ဖုန်းမြည်သံများက အတူတူပင်ဖြစ်နေခဲ့သည်။ Mendelssohn ၏ Rondo Capriccioso တီးလုံးပင်။


(TN/ဒါကတော့ ဂျာမန်လူမျိုး စန္ဒရားပညာရှင်ကြီး Felix Mendelssohn ရဲ့ Rondo Capriccioso ဆိုတဲ့ သီချင်းဖြစ်ပြီးတော့ ကန္ထဝင်တေးဂီတ ပရိသတ်တွေကြားမှာ နာမည်ကြီးပါတယ်။)


ဝရံတာတွင်ဖြစ်၏။


ဖုန်းတစ်ဖက်မှ လုကျင်းနန်၏ ရယ်ပွဲဖွဲ့နေသော အသံဆူဆူက အလျင်ဦးစွာ ထွက်ပေါ်လာခဲ့သည်။


"လောင်ဖု...မင်းဘယ်အချိန် ဒီကိုရောက်မှာလဲ။ ဒီကောင်ထန်ကျန်းက နိုင်ငံခြားကပြန်လာတာ ရှားမှရှားပဲကို။ ဒီနေ့ငါတို့နဲ့ မာကျောက်လာမဆော့ရင် မင်းပွဲအကြီးကြီးကို လွတ်သွားမှာနော်။"


ထန်ကျန်းက လုကျင်းနန်ကဲ့သို့ပင် ဖုဟွိုက်အန်းနှင့် ကလေးဘဝထဲက အတူကြီးပြင်းလာခဲ့သော သူငယ်ချင်းဖြစ်ကာ သူတို့သုံးယောက်က သွေးသားရင်းချာ ညီအစ်ကိုများအတိုင်း ဖက်လဲတကင်းဖြင့် အရွယ်ရောက်လာခဲ့ကြသည်။ ထန်ကျန်းတစ်ယောက် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကတည်းက သူတို့သုံးယောက်သား ပြန်ဆုံတွေ့ရသည့် အကြိမ်အရေအတွက်မှာ ရှားပါးလှပေသည်။


ယနေ့ လင်းမိသားစုအိမ်မှ ပြန်လည်ထွက်ခွာလာချိန်တွင် ဖုဟွိုက်အန်းက သူတို့သူငယ်ချင်းတစ်သိုက် ထန်ကျန်းအား ပြန်လည်ကြိုဆိုသည့် ပါတီကျင်းပနေရာသို့ သွားရန်ပြင်ထားသော်လည်း လမ်းတစ်ဝက်တွင် ထွမ်းထွမ်းလေးက လင်းနွမ်ကို တွေ့ချင်သည်ဟု ဆိုလာခဲ့သဖြင့် ဖုဟွိုက်အန်းက ကလေးအား လင်းနွမ်အိမ်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။


လုကျင်းနန်က ဖုန်းစပီကာကို ဖွင့်ထားသဖြင့် တစ်ဖက်ခြမ်းမှ ထွက်ပေါ်နေသော မာကျောက်တုံးများ၏ ထိခတ်သံများကို ဖုဟွိုက်အန်းနားထဲတွင် ကြားနေရပေသည်။ သူက ခဲထားသော စီးကရက်အား နှုတ်ခမ်းများကြားမှ ပြန်ဖယ်လိုက်ပြီး သူ၏နားထင်အား လက်ဖြင့်အသာပွတ်ကာ လုကျင်းနန်ကို ပြောလိုက်လေသည်။


"ငါနောက်ကျရင် လာခဲ့မယ်။"


"လောင်ဖုက သူ့သားပေါက်ကို သွားပို့ရုံတင်မကဘူး။ သူ့ကိုယ်သူပါ အဲဒီကောင်မလေးရဲ့ အိပ်ရာပေါ်ရောက်အောင် ပို့နေတာကွ။"


"သောက်ပေါက်ကရ။ လောင်ဖုရဲ့ခါးပတ်က ဒီလောက်ထိကျပ်တဲ့ဟာ။ ငါတို့သူ့အတွက် စီစဉ်ပေးနေတဲ့ မိန်းမလှလေးတွေ ဘယ်လောက်တောင်မှ ရှိနေပြီလဲလို့ ပြန်စဉ်းစားလိုက်ဦး။ သူ(မ)လေးတို့တွေ ဉာဏ်ကုန်ထုတ်ပြီး ကြိုးစားပြီးတာတောင် သူ့ရဲ့ခါးပတ်က မပြေသွားဘူး။"


သူငယ်ချင်းအချို့က ဖုဟွိုက်အန်းအား အားမနာစတမ်းပင် စနောက်လိုက်ကြသည်။ ပတ်ဝန်းကျင်တွင် မိန်းကလေးများ ရှိမနေသဖြင့် သူတို့၏စကားဝိုင်းက အလွန်ကိုပွင့်လင်းကာ အဟန့်အတားမရှိ ပြောဆိုနေကြသည်။


"လောင်ဖုကို မေးကြည့်ပါလား။ သူများတွေတုန်းကနဲ့ တူသေးလားဆိုတာ။ ဒီတစ်ယောက်က လင်းနွမ်လေကွာ။ လောင်ဖုရဲ့အချစ်ဦးလေးလေ။ လင်းနွမ်အတွက်ဆို လောင်ဖုရဲ့ခါးပတ်က 'ငါ့ရဲ့အိမ်တံခါးက အမြဲတမ်းဖွင့်ထားပြီး မင်းကိုစောင့်နေမှာ၊ တစ်ချီပြီးသွားရင် ငါတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားလည်သွားကြလိမ့်မယ်၊ မင်းသဘောကျမယ်လို့ ငါအာမခံတယ်'...အဲ့လိုပြောလောက်တယ်။"


လုကျင်းနန်က မျက်နှာပြောင်တိုက်စွာပင် သီချင်းစာသားများကို ဖျက်ဆီးလိုက်ပြီး အော်ဆိုလိုက်လေသည်။ သူ၏သီချင်းသံကြောင့် တစ်ဖက်မှစုဝေးပွဲတွင် ဝါးလုံးကွဲရယ်သံများ ပြည့်နှက်သွားခဲ့သည်။


စီးကရက်တစ်လိပ် ကုန်သွားပြီးချိန်တွင် ဖုဟွိုက်အန်းက ဖုန်းချလိုက်ပြီး ဧည့်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။


ထွမ်းထွမ်းလေး၏ ဆိုဖာကိုမီထားပြီး မျက်လုံးလေးများအား တဖြည်းဖြည်းချင်းခတ်ကာ အိပ်ပျော်လုနီးပါး ဖြစ်နေသောပုံကို တွေ့လိုက်ရချိန်တွင် ဖုဟွိုက်အန်းက သူ၏အပေါ်ထပ် ကုတ်အင်္ကျီအား ချွတ်လိုက်ပြီး ထွမ်းထွမ်းလေးအား ခြုံထားပေးလိုက်သည်။ သူ၏လှုပ်ရှားမှုများက အလွန်ပင်ညင်သာကာ ဂရုတစိုက်ရှိလှသည်။


ထွမ်းထွမ်းလေးကို နေရာချပေးပြီးနောက် ဖုဟွိုက်အန်းက ခေါင်းမော့ကြည့်လိုက်ရာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော လင်းနွမ်၏ သွယ်လျသောပုံရိပ်ကို တွေ့လိုက်ရလေသည်။


ဖုဟွိုက်အန်းက သူ၏ခန္ဓာကိုယ်ကို တည့်မတ်လိုက်ပြီးနောက် ကြယ်သီးများကို အနည်းငယ်ဖွင့်လိုက်ပြီး အင်္ကျီလက်များကို ခေါက်တင်လိုက်ကာ လတ်ပတ်နာရီကို ချွတ်လိုက်လေသည်။ ထို့နောက် နာရီအား စားပွဲခုံပေါ်တွင် လင်းနွမ်ထားထားသည့် လင်းမိသားစု၏ သန်းခေါင်စာရင်းစာအုပ်ပေါ်၌ တင်လိုက်လေသည်။


မီးဖိုချောင်ထဲတွင် ရေဆူနေပြီဖြစ်သော အိုးတစ်လုံးဆီမှ ဆူညံသံအချို့ ထွက်လာသည်ကို ကြားလိုက်ရသည်နှင့် လင်းနွမ်က အလျင်အမြန်ပင် တူကိုင်ထားသောလက်ဖြင့် မီးခလုတ်အားနှိပ်ကာ အပူချိန်လျှော့လိုက်သည်။ ထိုအိုးထဲသို့ နောက်ရေတစ်ခွက်ကို ထပ်ထည့်နေစဉ်မှာပင် မီးဖိုချောင်ထဲသို့ ဝင်လာလေသော ဖုဟွိုက်အန်းအား လင်းနွမ်တွေ့လိုက်ရသည်။


သူတို့နှစ်ယောက်၏ အကြည့်များက ဆုံတွေ့သွားခဲ့ပြီး လင်းနွမ်မှာ တစ်ခဏတာခန့် စကားမဆိုနိုင်ဘဲ အံ့သြသွားရသည်။ မည်သို့ပင်ကြည့်ပါစေ ဖုဟွိုက်အန်းကိုယ်ပေါ်မှ တန်ဖိုးကြီးလှသော အနောက်တိုင်းဝတ်စုံက လင်းနွမ်၏တိုက်ခန်းမှ သေးငယ်လှသည့် မီးဖိုချောင်နှင့် မလိုက်ဖက်နေပေ။ ထို့ကြောင့် သူ(မ)က သူ့အား မေးမြန်းလိုက်သည်။


"ရှင် တစ်ခုခုလိုအပ်လို့လား။"


"ကိုယ်ကူညီပေးမယ်..."


ဖုဟွိုက်အန်းက တကယ်ကိုပင် အရပ်ရှည်လှပြီး သူ၏ခြေထောက်များကလည်း ရှည်လျားလွန်းလှရာ သူရောက်လာသည်နှင့် မီးဖိုချောင်တစ်ခုလုံးက နဂိုကထက်ပင် ပိုသေးသွားကာ ကျဉ်းမြောင်းသွားသယောင်။


ဤနှစ်များအတွင်း သူစိမ်းတစ်ဦးနှင့် မီးဖိုချောင်ထဲတွင် တွဲရပ်လေ့မရှိသော လင်းနွမ်မှာ ဤအခြေအနေနှင့် အသားမကျသဖြင့် အသက်ရှူမဝဟူ၍ ခံစားလိုက်ရသည်။


ဖုဟွိုက်အန်းက ခေါက်တင်ထားသော အင်္ကျီလက်များကို တင်းရင်းသွားအောင် ဆွဲလိုက်ပြီးနောက် ကိုယ်ကိုကိုင်းကာ လက်ဆေးလိုက်သည်။ ထို့နောက်တွင်တော့ သူကစက္ကူပဝါကို လှမ်းယူလိုက်ပြီး ရေစိုနေသော လက်နှစ်ဖက်ကို ခြောက်သွေ့သွားစေရန် သုတ်လိုက်လေသည်။ သူက လင်းနွမ်ရှိရာသို့ တိုးကပ်လာခဲ့ပြီးနောက် လင်းနွမ်အား မီးဖိုတစ်ဖက်ခြမ်းသို့ ညပ်သွားစေလိုက်သည်။


လင်းနွမ်မှာ မျက်လုံးအဝိုင်းသားနှင့် ဖုဟွိုက်အန်းက မီးဖိုနံဘေးတွင် သူ(မ)ထားထားသော ဆန်ခေါက်ဆွဲထုပ်အား လှမ်းယူလိုက်သည်ကို ကြည့်နေလိုက်ရသည်။ ထို့နောက်တွင်တော့ သူက အကျင့်ဖြစ်နေသော လှုပ်ရှားမှုမျိုးဖြင့် ခေါက်ဆွဲအချို့ကို ရေဆူ‌နေသော အိုးထဲသို့ထည့်လိုက်ကာ လင်းနွမ်ဘက်သို့ လက်ဖြန့်ပြလိုက်ပြီး ပြောလိုက်လေသည်။


"တူ..."


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment