no

Font
Theme

လင်းချန်၏ ရှင်းလင်းပြတ်သားသော မျက်နှာအစိတ်အပိုင်းများက မီးခိုးငွေ့များကြားတွင် ရောထွေးသွားခဲ့ပြီး ဝေဝေဝါးဝါးသာ မြင်ရတော့သည်။ သူ၏မျက်နှာက မည်သည့်ခံစားချက်မှ မရှိသည့်အလား ဗလာဖြစ်‌နေသော်လည်း သူ၏စိတ်အစဉ်ကတော့ အတော်လေးကို ရှုပ်ထွေးနေခဲ့သည်။ သူ အဝေးတစ်နေရာသို့ ငေးကြည့်လိုက်ပြီး အတွေးများက တောင်စဉ်ရေမရ ပျံ့နှံ့နေခဲ့သည်။


လင်းနွမ်က လင်းချန်အတွက် အမြဲတမ်းပင် ထူးခြားလှသော ညီမလေးဖြစ်ခဲ့သည်။ သူ ငယ်စဉ်ကတည်းက လင်းနွမ်အား သူများမောင်နှမထက် အသည်းပိုခဲ့ပြီး လင်းနွမ်အတွက်ဆိုလျှင် မည်သည့်အရာမှမဆို ကာကွယ်ပေးချင်ခဲ့သည်။ ထိုခံစားချက်က သူ့နှလုံးသားထဲမှ မြစ်ဖျားခံလာခြင်းဖြစ်ကာ လင်းချန်က ထိုခံစားချက်အတိုင်းပင် လင်းနွမ်ကို အလိုလိုက်ခဲ့သည်။


တစ်ကွေ့တစ်နေရာတွင် ထိုသို့အကဲပိုကာ အကာအကွယ်ပေးတတ်မှုက တစ်မျိုးတစ်ဖုံအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း လင်းချန်ကိုယ်တိုင်က သတိမပြုမိခဲ့။


လျန်မုလန်က သူ့အားတိုင်ပင်ကာ လင်းနွမ်တစ်ယောက် မိသားစုအိမ်သို့ ပြန်လာနိုင်စေရန် သူနှင့်လင်းနွမ်ကို နေရာချပေးလိုသည်ဟူသော အကြံအစည်ကို ပြောလာခဲ့ချိန်တွင် သူ၏နှလုံးသားထဲတွင် ဝဲဂယက်တစ်ခု ပေါ်ပေါက်လာခဲ့သည်ကို လင်းချန်ကိုယ်တိုင် သတိပြုမိသွားခဲ့သည်။


ထိုသေးငယ်လှသော မီးပွှားစလေးက လင်းချန်ကို သေမတတ် ထိတ်လန့်သွားစေခဲ့သည်။ မည်သို့ပင်ဆိုစေ လင်းနွမ်ဆိုသည်က သူ၏လက်ထဲတွင် ကြီးပြင်းလာခဲ့သော သူ၏ညီမငယ်ဖြစ်ကာ နှစ်ပေါင်းနှစ်ဆယ်လုံး မောင်နှမများအဖြစ် နေလာခဲ့ကြခြင်းဖြစ်ကြောင်း သူနားလည်ပါ၏။


ထိုအခိုက်အတန့်တွင် လျန်မုလန်၏ အကြံအစည်ကြောင့် လန်းချန်မှာ သူ၏ညီမဖြစ်သူအပေါ်တွင် သူထင်ခဲ့သလောက် မရိုးရှင်းလေသော ခံစားချက်များရှိနေသည်ကို နားလည်သွားခဲ့သည်။ မိသားစုဝင်အပေါ် ထားရှိသောခံစားချက်ထက် ပိုမိုနက်ရှိုင်းသော ခံစားချက်များက လင်းနွမ်အတွက်ရည်ရွယ်ကာ သူ့ထံတွင်ပေါက်ဖွားလာခဲ့သည်။


သို့သော်လည်း လင်းချန်ဆိုသည့်သူက အချစ်ရေးကို စိတ်မပါသလို အီစီကလီလုပ်ကာ အချိန်ကုန်ခံသူမျိုးလည်း မဟုတ်ပေ။


သူ၏ဘဝတွင် သူ၏အလုပ်ကသာ အရေးအကြီးဆုံးဖြစ်သည်။ အချိန်တန်၍ သူအိမ်ထောင်ပြုလျှင် လင်းမိသားစုအား အကျိုးရှိစေမည့် မိန်းကလေးတစ်ဦးနှင့် လက်ထပ်ရန်က သူအမြဲတမ်း ပြင်ဆင်ထားခဲ့သော အနာဂတ်ဖြစ်သည်။ သူနှင့်လက်ထပ်မည့် အမျိုးသမီးက ရုပ်ရည်အလွန်အမင်း ချောနေစရာမလိုသလို အံ့မခန်းစွမ်းရည်များ ပိုင်ဆိုင်ထားရန်လည်း မလိုအပ်ပါချေ။ သူ(မ)အနေဖြင့် တစ်အိုးတစ်အိမ် ထူထောင်ချင်စိတ်နှင့် သူ(မ)၏အပိုင်းကို တာဝန်ယူစိတ်ရှိလျှင် သူက‌ ကျေ‌ကျေနပ်နပ်ဖြင့် လက်ထပ်မည်ဖြစ်သည်။


သို့သော်ငြားလည်း သိသာစွာပင် လင်းချန်မှာ လျန်မုလန်၏ စကားများက သူ၏ထိုယုံကြည်ချက်အား တူးဆွနေသလို ခံစားလာရသည်။ သူ၏နှလုံးသားအား ထူးဆန်းသောအတွေးများ ပေါ်လာစေသည်။


သူ့လက်ထဲမှ စီးကရက်တစ်လိပ် မကုန်သေးခင်မှာပင် လင်းအိမ်တော်၏ မြင့်မားထည်ဝါသော ခြံဝင်းတံခါးကြီးက ဖြည်းဖြည်းချင်းပွင့်လာကာ အနက်ရောင် Bentley တစ်စီး မောင်းဝင်လာသည်ကို မြင်လိုက်ရလေသည်။


လင်းချန်က စီးကရက်အား ပါးစပ်ထောင့်တွင်ကိုက်ကာ သူ၏ဝတ်စုံကို သေသပ်သွားအောင် ပြန်ဖြန့်လိုက်ပြီး အိမ်မကြီးဆီသို့ ဝင်လာသောကားကို မီးခိုးငွေ့များကြားမှ မျက်လုံးများကျဉ်းကာ ကြည့်လိုက်လေသည်။


ဖုဟွိုက်အန်း...


လူအများအပြားက ထိုအမျိုးသားအား မကောင်းဆိုးဝါးဟု ခေါ်ဝေါ်ကြသည်။ ရှေ့နေလောကတွင် ဖုဟွိုက်အန်းဆိုသည့် နာမည်တစ်ခုက လူပေါင်းများစွာကို တုန်လှုပ်စေသည်။ သူမဖြေရှင်းနိုင်သော အမှုအခင်းဟူ၍ မရှိဟုလည်းကောင်း၊ အမှုစွဲချက်က ပြီးပြည့်စုံပြီး ခိုင်လုံလှသော သက်သေအထောက်အထား ရှိနေလျှင်ပင် သူကအမြဲတမ်းပင် ထိုကိစ္စများအား ဖြေရှင်းနည်းကို ရှာဖွေပေးနိုင်သည်။


သုံးနှစ်တာခန့် သတင်းမကြားဘဲ ပျောက်ကွယ်‌နေပြီးနောက် ဖုဟွိုက်အန်းက မည်မျှအထိမြင့်မားသော ငွေကြေးများဖြင့် မည်သူမည်ဝါကပင် ကမ်းလှမ်းစေကာမူ အမှုများကို ထပ်လက်မခံတော့ချေ။ ထိုအစား သူက Wall Street တွင် နာမည်တစ်ခုရရန် ကြိုးပမ်းနေခဲ့သည်။


ဖုဟွိုက်အန်းတစ်ယောက် ပြည်တော်ပြန်ကာ ဌာနေသို့ပြန်ရောက်လာချိန်တွင် ရုတ်တရက်ဆိုသလို ကျန်းမိသားစုက ဒေဝါလီခံလိုက်ရကြောင်း ကြေညာလိုက်လေသည်။ မည်သူကမှ မည်သို့ဖြစ်သွားသည်ကို လိုက်မမီလိုက်ချေ။ အတွင်းသတင်းလေးပင် တိတိပပ မသိခဲ့ရချေ။ အခြားသူများက ခန့်မှန်းမှုအရတော့ ထိုကိစ္စက ဖုဟွိုက်အန်း၏ လက်ချက်ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြုကြသည်။ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲတွင် ဖုဟွိုက်အန်း၏ ပြဿနာသည်လည်း လျှို့ဝှက်ချက်မဟုတ်ခဲ့ချေ။ အဆုံးတွင်တော့ ဖုဟွိုက်အန်းက ကျန်းကော်ပိုရေးရှင်း၏ ဥက္ကဌဖြစ်သော ကျန်းချန်းယွမ်၏ တရားမဝင်သားတစ်ဦး ဖြစ်နေခဲ့သည်ပင်။ သူက သူ၏မိခင်အတွက် လက်စားချေသည့်အနေဖြင့် ကျန်းကော်ပိုရေးရှင်းကို ဖျက်စီးပစ်လိုက်သည်ဟု ဆိုကြလေသည်။


လင်းချန်ကဲ့သို့ မိမိကိုယ်ကို ယုံကြည်မှုပြင်းထန်ကာ မာနကြီးသော အမျိုးသားတစ်ဦးပင်လျှင် ဖုဟွိုက်အန်းက ကိစ္စများကို စိတ်ထဲပေါ်လာသည့်အတိုင်း လုပ်လိုက်လျှင်ပင် နောက်ဆက်တွဲအရ မည်သို့မှ သက်ရောက်မှုမရှိနိုင်သော လူတစ်မျိုးဟူ၍ ဝန်ခံရပေလိမ့်မည်။ အားထုတ်မှုအနည်းငယ်ဖြင့် သူ၏လက်နှင့်ထိသမျှက ရွှေဖြစ်နေမည်သာ။ လင်းချန်က ဖုဟွိုက်အန်း၏အမည်အား စိတ်ထဲကျန်ရစ်အောင် မှတ်နေသည့်အလား အကြိမ်ရေအချို့ခန့် ရေရွတ်လိုက်သည်။


သူ၏နောက်မှ ချဉ်းကပ်လာသော လင်းနွမ်၏ ခြေသံများကို ကြားလိုက်ရသည်နှင့် လင်းချန်က ရှိုက်လက်စဖြစ်သော စီးကရက်အား တံခါးဘေးနားတွင်ရှိသည့် ပန်းအိုးထဲသို့ထိုးကာ မီးသတ်လိုက်ပြီး မနှေးမမြန်သော ခြေလှမ်းများနှင့် သူ၏ကားရှိရာသို့ လျှောက်သွားလေသည်။


လင်းနွမ် အိမ်အပြင်သို့ ရောက်လာသည့်အချိန်တွင် လင်းချန်က သူ၏ကားထဲတွင် ရောက်နေပြီဖြစ်သည်။ သူက ကားမှန်ကိုဖြတ်ကာ အိမ်အဝင်အဝတွင် မတ်တတ်ရပ်နေသော နေရောင်ခြည်များအောက်မှ လင်းနွမ်၏ပုံရိပ်ကို နောက်ဆုံးတစ်ခေါက် လှမ်းကြည့်လိုက်သည်။


မိုးရွာပြီးစဖြစ်၍ နေရောင်ခြည်များက အလွန်ကိုပင် တောက်ပနေခဲ့ပြီး ရောင်ပြန်နေသော အလင်းများက လင်းနွမ်အား ရွှေရောင်ရောင်စဉ်များဖြင့် လွှမ်းခြုံထားသည်ဟု ထင်မှတ်ရပေသည်။ ထိုအခိုက်အတန့်တွင် လင်းနွမ်က လင်းချန်မျက်လုံးထဲတွင် ကောင်းကင်ဘုံနှင့် မြေကမ္ဘာကြားတွင် ပိတ်မိနေသော နတ်ကညာတစ်ပါးနှယ် ဖြစ်နေပေသည်။


လင်းနွမ်၏လက်တစ်ဖက်က ဖုန်းကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က ရှည်လျားပျော့ပြောင်းသော ဆံနွယ်ရှည်များကို နားရွက်နောက်သို့ ပင့်တင်လိုက်လေသည်။ ဆံစတချို့က လေပြည်အဝှေ့တွင် ဝေ့ဝဲသွားကြပြီး လေထုထဲတွင် လူးလွန့်နေခဲ့ကြသည်။ နက်မှောင်ကာ အဆုံးစွန်ထိ လှပကြသော မျက်လုံးများက အိမ်တော်ထဲသို့ မောင်းဝင်လာသောကားကို ကြည့်နေခဲ့ပြီး သူ(မ)မျက်နှာအမူအရာနှင့် အပြုအမူများက ချစ်သူရည်းစားကို မိဘအိမ်နှင့် မိတ်ဆက်‌ပေးချိန်တွင် မိန်းကလေးများစွာ ပြုမူကြပုံနှင့် ကွဲထွက်နေသည်။ သူ(မ)ထံတွင် မသေမချာဖြစ်နေခြင်း စိတ်လှုပ်ရှားနေခြင်းအစရှိသော အရိပ်အယောင်များ လုံးဝရှိမနေပေ။


အချိန်ခဏခန့် ကြာပြီးနောက်တွင် လင်းချန်က လင်းနွမ်ထံသို့ ပို့ထားခဲ့သော သူ၏အကြည့်များကို ကားစတီယာခွေသို့ ပြန်ပို့လိုက်ပြီး ကားစက်နှိုးလိုက်သည်။


လင်းချန်နှင့် ဖုဟွိုက်အန်း၏ ကားနှစ်စီးက ဘေးချင်းယှဉ်ကာ ဖြတ်မောင်းလိုက်ကြပြီး ဖုဟွိုက်အန်း၏ကား အိမ်တော်ရှေ့သို့ ရောက်သွားချိန်၌ လင်းချန်က ကားနောက်ကြည့်မှန်မှ လှမ်းကြည့်လိုက်ရာ မြင့်မားလှသောအရပ်အမောင်းနှင့် ပုံရိပ်တစ်ခုက ကားပေါ်မှဆင်းလာပြီး လင်းနွမ်ရှေ့တွင် မတ်တတ်ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ(မ)က ထိုလူကို မော့ကြည့်လိုက်ပြီး တစ်စုံတစ်ခု ပြောလိုက်ပုံရလေသည်။


.....


ခဏအကြာတွင် ဖုဟွိုက်အန်းက လင်းမိသားစုအိမ်တော်၏ ဧည့်ခန်းအတွင်းရှိ ဥရောပစတိုင် ခင်းကျင်းပြင်ဆင်ထားသော ဆိုဖာထက်တွင် ထိုင်နေပြီဖြစ်သည်။ ဖုဟွိုက်အန်း၏ ထင်ရှားရှင်းလင်းကာ ဆွဲဆောင်မှုရှိသော မျက်နှာအစိတ်အပိုင်းများက သူ့အား သီးခြားဆန်ပြီး သာမန်လူများနှင့်မတူသည့် တည်ငြိမ်လေးနက်ကာ အထက်တန်းဆန်သော အငွေ့အသက်များ ထွက်ပေါ်နေစေသည်။


ရုပ်ရည်သွင်ပြင်မှအစ ကိုယ်ဟန်အမူအရာအလယ် ထူးခြားပုံရသော နောက်ခံအနေအထားကို အဆုံးထားကာ ပေါင်းစပ်လိုက်ချိန်တွင် ဖုဟွိုက်အန်းက ခြွင်းချက်မရှိဘဲ လူအများစုကို လည်ပြန်ငေးအောင် လုပ်နိုင်သည့်အထဲတွင် ပါဝင်ပေကြောင်း ဝန်ခံရပေလိမ့်မည်။


အသက်သုံးဆယ်ခန့်တွင် ဤအမျိုးသားက အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များစွာကို ရယူထားနိုင်ပြီဖြစ်ကာ ကြွယ်ဝချမ်းသာသော်လည်း သိုသိုသိပ်သိပ်ရှိသည့် ‌လူကြီးလူကောင်းပုံရိပ်ကို ထိန်းသိမ်းထားသေးသည်။ ဖုဟွိုက်အန်းအား သူ၏ကိုယ်ရည်ကိုယ်သွေးကို ထည့်မတွက်ပါက မိန်းကလေးတိုင်း၏ အိမ်မက်များထဲမှ စိတ်ကူးယဉ်မင်းသားဟုပင် သတ်မှတ်နိုင်ပေသည်။ အကောင်းစားဝိုင်ကဲ့သို့ ရီဝေယစ်မူးစေကာ တစ်ချိန်တည်းတွင်လည်း အရိုင်းဆန်သော ဆွဲဆောင်မှုရှိသည်။ လျန်မုလန်ကဲ့သို့ အသက်ရနေပြီဖြစ်သော အမျိုးသမီးပင်လျှင် ဖုဟွိုက်အန်းအား တွေ့လိုက်ချိန်တွင် ရင်ခုန်သွားသလို ခံစားလိုက်ရသည်။ လင်းနွမ်ကဲ့သို့ အသိုင်းအဝိုင်းကြီးများကြား ခြေတစ်လှမ်းပင် ကောင်းကောင်းမချဖူးသေးဘဲ စက္ကူစသဖွယ် ဖြူစင်နေသေးသော မိန်းကလေးငယ်လေးဆိုလျှင် သာ၍ဆိုးပေလိမ့်မည်။


လျန်မုလန်က ဖုဟွိုက်အန်းတစ်ယောက် ခွက်ကိုမ,ယူကာ လက်ဖက်ရည်သောက်နေသည့် ကိုယ်အမူအရာကို သေသေချာချာ အကဲခတ်နေခဲ့ပြီး သူ(မ)သည်လည်း ဖုဟွိုက်အန်းနည်းတူ လက်ဖက်ရည်ကို မ,ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။


လျန်မုလန်၏ ကျက်သရေရှိကာ တည်ကြည်သော ကိုယ်ဟန်အမူအရာက သူ(မ)၏အရိုးများထဲတိုင် နစ်ဝင်နေခြင်းဖြစ်ပြီး လင်းနွမ်၏ ကျော့ရှင်းသော ခြေဟန်လက်ဟန်များက လျန်မုလန်နှင့် အနေနီးရာမှ အကျင့်ပါသွားခဲ့သော အပြုအမူများပင်ဖြစ်သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment