"သူက ကုဟန်ရန်နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပြီလား။"
လင်းနွမ်၏ ပိုက်ဆံအိတ်ကို ဆုပ်ကိုင်ထားခဲ့သော လက်ချောင်းများက တင်းကျပ်သွားခဲ့သော်လည်း သူ(မ)က တည်ငြိမ်စွာနှင့် လင်းချန်အား ပြန်ဖြေလိုက်သည်။
"အဲဒါတွေက ကောလာဟလတွေပါပဲ..."
"နင်တို့နှစ်ယောက် သိကြတာရော ဘယ်လောက်ကြာပြီလဲ။"
လင်းချန်မှာ စိတ်ကိုမနည်းဆွဲကာ နူးညံ့ညင်သာသော အစ်ကိုတစ်ယောက်ကဲ့သို့ ပုံစံပေါက်စေရန် ကြိုးစားလိုက်ရသည်။ လင်းနွမ်က ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။
"သုံးလေးလလောက်တော့ရှိပြီ။"
ထိုအခိုက်အတန့်တွင် လင်းချန်မှာ အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့သည်။ သုံးလေးလခန့်သာ သိကျွမ်းသေးသော အမျိုးသားတစ်ဦးနှင့် လင်းနွမ်က အတည်တကျပင် လက်ထပ်လိုနေသလော။ ဤကလေးမ၏ ဆုံးဖြတ်ချက်များက မဆင်ခြင်ရာကျလွန်းသည်။
"နင်ဘာလုပ်နေလဲဆိုတာ နင်နားလည်ရဲ့လား။"
လင်းချန်၏စကားများ ဆုံးသွားသည့်အခိုက်တွင် လျန်မုလန်က လင်းမိသားစု၏ အိမ်တော်တံခါးမှ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ လျန်မုလန်က ဝတ်ဆင်ထားသော စကပ်ရှည်အား နေရာတကျဖြစ်အောင် ပြန်ပြင်လိုက်ပြီး သူ(မ)၏မျက်လုံးများကတော့ လင်းချန်၏ကားကို စိုက်ကြည့်နေခဲ့သည်။ သူ(မ)က သူတို့ရှိရာသို့ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
"မား လာနေပြီ။"
လင်းနွမ်က လျန်မုလန်ကို မြင်လိုက်သည်နှင့် ကားတံခါးကို အလျင်အမြန်ဖွင့်ကာ အောက်သို့ဆင်းလိုက်သည်။ လျန်မုလန်က လင်းနွမ်အား အဝေးမှပင် သတိပြုမိနေခဲ့သည်။ လင်းနွမ်ရှိရာသို့ လှမ်းလာခဲ့သော သူ(မ)၏ခြေလှမ်းများက ပိုမိုလျင်မြန်လာခဲ့သည်။
"မား..."
လင်းနွမ်က လျန်မုလန်အား ညင်သာစွာဖြင့် နှုတ်ဆက်လိုက်သည်။ လင်းချန်က ကားထဲတွင်ထိုင်ကာ မသောက်လိုက်ရသော စီးကရက်အား မီးညှိလိုက်ပြီးနောက် ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ကာ အေးအေးဆေးဆေးဖြင့် ကားပေါ်မှဆင်းလိုက်သည်။
"နွမ်နွမ်..."
လျန်မုလန်က လက်ကိုလှမ်းကာ လင်းနွမ်အား ဆွဲယူလိုက်ပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသလို မရေရာမှုများ နေရာယူထားသော လေသံတိုးတိုးဖြင့် လင်းနွမ်အား မေးမြန်းလာခဲ့သည်။
"နောက်ဆုံးတော့ သမီးပြန်လာပြီလား။"
လျန်မုလန်၏မေးခွန်းကို ကြားလိုက်သည်နှင့် လင်းနွမ်က ရယ်ပြလိုက်ပြီး လိုရင်းတိုရှင်းပင် ပြောပြလိုက်လေသည်။
"သမီးနဲ့လက်ထပ်တော့မဲ့ အမျိုးသားကို မားနဲ့မိတ်ဆက်ပေးဖို့ အိမ်ကိုခေါ်လာခဲ့တာ။ သမီးတို့က မနက်ဖြန်ကျရင် လက်ထက်မှတ်ပုံတင် သွားထုတ်ကြတော့မှာလေ။"
လင်းနွမ်၏ စကားများက လျန်မုလန်အား အေးခဲသွားစေသည်။ သူ(မ)က လင်းနွမ်ကိုတစ်လှည့် ပါးစပ်တွင် စီးကရက်ခဲကာ ကားပေါ်မှဆင်းလာသော လင်းချန်ကိုတစ်လှည့် ကြည့်လိုက်ပြီးနောက် လင်းနွမ်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အိမ်ထဲသို့ဆွဲကာ ခေါ်သွားလေသည်။
"အပေါ်ထပ်ကို လိုက်ခဲ့ဦး။"
လျန်မုလန်က လင်းနွမ်အပေါ်တွင် အသားကျနေခဲ့သော အလေ့အကျင့်များအတိုင်း ပြုမူနေဆဲပင်။ သူ(မ)အား ဝမ်းနှင့်လွယ်ကာ မွေးဖွားပေးခဲ့သော အမေအရင်းတစ်ဦးကဲ့သို့ လင်းနွမ်အပေါ်တွင် ကောင်းမွန်စွာဖြင့် ဆက်ဆံပေးနေဆဲဖြစ်သည်။ အကျင့်ဟောင်းများက ပျောက်ပျက်သွားရန် ခက်ခဲလှပေသည်။ လျန်မုလန်က လင်းနွမ်အား သူ(မ)၏အိပ်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
တံခါးပိတ်လိုက်ပြီးနောက် လျန်မုလန်မှာ လင်းနွမ်အား ဆိုဖာပေါ်တွင်ထိုင်စေကာ အမှုစစ်ရန် အသင့်ဖြစ်နေလေပြီ။
"နင့်ကို နင့်အစ်ကိုနဲ့ လက်ထပ်ဖို့ကို စဉ်းစားပါလားလို့ မားကပြောလိုက်လို့ တွေ့ကရာလူနဲ့ လက်ထပ်မယ်ဆိုပြီး အလျင်စလိုတွေ ကောက်လုပ်လိုက်တာလား။"
လျန်မုလန်က အခြေအနေအား အနည်းငယ်ခန့် အထင်မှားသွားခဲ့သည်။ လင်းနွမ်တစ်ယောက် လင်းမိသားစုသို့ ပြန်မလာမည်ကို စိုးရိမ်နေခဲ့သော သူ(မ)၏ခေါင်းမာမှုဖြင့် တိုက်တွန်းမိခဲ့သော ထိုပေါက်တတ်ကရ အကြံအစည်က လင်းနွမ်အား ထိတ်လန့်သွားစေပြီး တွေ့ကရာလူတစ်ဦးနှင့် လက်ထပ်လိုက်မည်ဟု ဆုံးဖြတ်ချလိုက်သလားဟု တွေးမိလိုက်ချိန်တွင် လျန်မုလန်မှာ ကြောက်လန့်သွားခဲ့သည်။ ထိုသို့သော အလျင်လိုလှသည့် ဆုံးဖြတ်ချက်မျိုးက တစ်ဘဝလုံးစာကို သက်ရောက်နိုင်သော ဆုံးဖြတ်ချက်မျိုးဖြစ်နေလျှင် ပို၍ဆိုးပေလိမ့်မည်။ လျန်မုလန်က လင်းနွမ်အား ဆူပူလိုက်သည်။
"အရူးမလေး။ နင်သာဆန္ဒမရှိရင် မားကအဆင်ပြေတယ်။ မဖြစ်မနေ ရအောင်လုပ်မယ်လို့ မဆိုလိုဘူးလေ။ မားက နင့်ကို နင်မလုပ်ချင်တာကို ဖိအားပေးလိမ့်မယ်လို့ ထင်နေတာလား။ မားကအဲဒီလို ပေါက်ကရအကြံကို ပြောလိုက်မိတာကလည်း နင်အိမ်ပြန်လာမလားလို့ မျှော်လင့်ပြီးပြောလိုက်တာ။ မားရဲ့စကားကို လက်မခံချင်တာနဲ့ပဲ အလျင်စလိုတွေ ဆုံးဖြတ်လို့မဖြစ်ဘူးလေ။ မားရဲ့နှလုံးသားကို ဓားနဲ့ထိုးပစ်ဖို့ ကြံစည်နေတာလား။"
လျန်မုလန်က သူ(မ)၏မျက်လုံးထဲမှ ကြောက်လန့်မှုနှင့် အတွေးများနေမှုများကို မဖုံးကွယ်ထားနိုင်ချေ။ ထိုအရာများအားလုံးက သားသမီးအပေါ် စိတ်ပူပန်မှုမှ မြစ်ဖျားခံလာသော စစ်မှန်လှသည့် ခံစားချက်များဖြစ်ကြသည်။
လင်းနွမ်၏ မျက်လုံးလေးများက နီရဲလာခဲ့သည်။ သူ(မ) လျန်မုလန်ကို အလွန်ပင် ကျေးဇူးတင်နေမိသည်။ လင်းမိသားစုနှင့် သူ(မ)က မသက်ဆိုင်ဟု ရင်နာဖွယ်ကောင်းသော အမှန်တရားက ပေါ်ပေါက်လာခဲ့သော်လည်း လျန်မုလန်ကတော့ သူ(မ)အား မပြောင်းမလဲပင် သမီးအရင်းကဲ့သို့ ဆက်ဆံနေဆဲဖြစ်သည်။
"မား..."
လင်းနွမ်၏အသံက အက်ကွဲနေခဲ့ပြီး သူ(မ)က လျန်မုလန်၏ လက်များအား ဆုပ်ကိုင်ထားလိုက်သည်။ လျန်မုလန်က လက်ကိုမြှောက်ပြီး လင်းနွမ်၏ မျက်နှာပေါ်မှ မျက်ရည်စများကို သုတ်ဖယ်ပေးလိုက်ကာ လင်းနွမ်အား ညင်သာစွာဖြင့် ဖက်လိုက်လေသည်။ လင်းနွမ်က ငိုနေရင်းမှ မပီမသဖြင့် ပြန်ဖက်လိုက်သည်။ လျန်မုလန်၏ အသံသည်လည်းပဲ လင်းနွမ်နည်းတူ အက်ကွဲနေခဲ့သည်။
"နင်က မားရဲ့ ဝမ်းနဲ့လွယ်ပြီးတော့ မွေးဖွားခဲ့ရတဲ့ သွေးသားရင်းချာ မဟုတ်ရင်တောင်မှ နင့်ကိုမားက ကလေးဘဝကတည်းက မွေးလာခဲ့ရတာလေ။ မားမျှော်လင့်တာဆိုလို့ နင်နဲ့လက်ထက်မဲ့သူက နင့်အပေါ်မှာ ကောင်းကောင်းမွန်မွန် လေးလေးစားစားနဲ့ ဆက်ဆံမဲ့သူမျိုး ဖြစ်စေချင်ရုံပါ။ အဲ့ဒါဆိုရင်...နင်ပျော်နေတယ်ဆိုရင် မားကကျေနပ်ပါပြီ။ ဒါပေမဲ့ အဲဒီအပိုင်းမှာ မားရှုပ်လိုက်မိပြီ။ နင့်ကိုအနားမှာ ရှိစေချင်ရုံနဲ့ ဒီလောက်ဆိုးဝါးတဲ့ အကြံအစည်မျိုးကို မားပြောလိုက်မိတယ်။ ကောင်းပြီ...ကောင်းပြီ။ မားတို့တွေ ဒီကိစ္စကို နောက်တစ်ခါ ထပ်မပြောတော့ဘူး။ နင်နဲ့ကုမိသားစုရဲ့ စေ့စပ်ကြောင်းလမ်းမှုက ရှိနေတုန်းပဲ။ နင့်ရဲ့ပါးနဲ့ မားရှိနေသရွေ့ ကုမိသားစုက ဒီကိစ္စကို စိတ်ရှိသလိုမျိုး မဖျက်သိမ်းရဲဘူး။ ဒါပေမဲ့ မားကိုကတိပေးရမယ်၊ ဒီလိုအလျင်စလို ဆုံးဖြတ်တာမျိုးကို နောက်တစ်ခါထပ်မလုပ်နဲ့။ မဟုတ်လို့ရှိရင် မားခံနိုင်ရည်ရှိမှာမဟုတ်ဘူး။"
အိပ်ခန်းပြင်ပတွင် လင်းရန်က မတ်တတ်ရပ်နေခဲ့ပြီး အခန်းထဲမှ အမေနှင့်သမီးတို့၏ နှလုံးသားချင်း ဖလှယ်နေကြသည့် စကားများကို တိတ်တဆိတ်ပင် နားထောင်နေခဲ့သည်။ လင်းရန်၏ တစ်ကိုယ်လုံးက အသားကြိတ်စက်ထဲသို့ မှုန့်မှုန့်ညက်ညက် ကြေသွားသည်အထိ ထည့်ကြိတ်ခံလိုက်ရသည့်အလား တစက်စက်တုန်ကာ နာကျင်လာခဲ့သည်။
သူ(မ)က လျန်မုလန်၏ သွေးသားအရင်းပင် ဖြစ်သော်ငြား သူ(မ)၏မျက်စိထဲသို့ လင်းနွမ်ဝင်လာသည်နှင့် လင်းရန်ဆိုသောသူ(မ)အား လမ်းဘေးတစ်နေရာမှ ကောက်ယူလာခဲ့သော သူစိမ်းတစ်ဦးပမာ ပြုမူလိမ့်မည်သာ။
*****
Aurora Novel Translation Team