"မားမား။"
ထွမ်းထွမ်းလေးက မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သော လင်းနွမ်အား တွေ့လိုက်သည်နှင့် ဝမ်းပန်းတသာပင် နှုတ်ဆက်လာခဲ့သည်။
ပိုင်ရှောင်းနျန်က ထွမ်းထွမ်းလေးကို ကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး လင်းနွမ်ဘက်သို့ ခေါင်းလှည့်လိုက်သည်တွင် လင်းနွမ်က မျက်နှာသေနှင့် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူ(မ)၏ပုံစံက တည်ငြိမ်နေသော်လည်း ပိုင်ရှောင်းနျန်အနေဖြင့် လင်းနွမ်က ကိစ္စအများစုကို မြိုသိပ်ထားတတ်သော အကျင့်ရှိကြောင်း သိရှိနေသည်ပင်။ သူ(မ)က လင်းနွမ်ကို တိုက်တွန်းလိုက်သည်။
"နွမ်နွမ် ဆန်ပြုတ်သောက်ဦးလေ။"
လင်းနွမ်က စိတ်မပါကြောင်း ခေါင်းခါပြလိုက်ပြီး သူ(မ)၏အကြည့်များက ဖုဟွိုက်အန်း၏ လက်ထောက်ဖြစ်သူ မနေ့ညတုန်းက လာပို့သွားခဲ့သော လက်စွဲအိတ်ဆီသို့ ရောက်ရှိသွားခဲ့သည်။ လက်ရှိအချိန်တွင် ထိုလက်စွဲအိတ်က ဧည့်ခန်းထဲ၌ ဖွင့်လျက်သား အနေအထားဖြင့် ရှိနေခဲ့ပြီး အိတ်ထဲမှပါလာသော ပစ္စည်းပစ္စယမျိုးစုံက ပြန့်ကြဲနေခဲ့သည်။
"နင်ရေချိုးခန်းထဲ ဝင်သွားတုန်းက ထွမ်းထွမ်းလေးနိုးလာတာပဲ။ သူက အဲဒီအိတ်က သူ့အတွက် ပစ္စည်းတွေချည်းပဲ ထည့်ထားတာလို့ ငါ့ကိုပြောတာနဲ့ ငါလည်းဖွင့်ပြီးတော့ သူ့သွားပွတ်တံနဲ့ အဝတ်အစားတချို့ ထုတ်လိုက်တာ။ သူ့ကိုရေချိုးပေးပြီး အဝတ်အစားလည်း လဲပေးပြီးရော မှာထားတဲ့ ပါဆယ်လာပို့တာနဲ့ ကွက်တိဖြစ်သွားတော့ စားဖို့သောက်ဖို့ အရင်ပြင်ပေးလိုက်တာ။ အဲဒီအိတ်ကို ငါပြန်မရှင်းရသေးဘူး။"
ပိုင်ရှောင်းနျန်က ဖြစ်ပျက်သွားခဲ့သော ကိစ္စများကို လင်းနွမ်အား ရှင်းပြလိုက်သည်။
"ဘာမှမဖြစ်ဘူး ငါရှင်းလိုက်မယ်။ နင့်ဘာသာနင် မနက်စာစားလိုက်။"
လင်းနွမ်က ကော်ဇောပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အဝတ်အိတ်အား သိမ်းဆည်းလိုက်သည်။ သူ၏မားမားက သူ၏အဝတ်အိတ်ကို ရှင်းလင်းနေသည်ကို မြင်လိုက်ရသဖြင့် ထွမ်းထွမ်းလေးက ဆန်ပြုတ်ပန်းကန်ကို အောက်ချလိုက်ပြီး ထမင်းစားပွဲမှ ခုန်ဆင်းလာခဲ့ကာ လင်းနွမ်ဆီသို့ ပြေးလာခဲ့လေသည်။
သူက ချစ်စဖွယ် အပြုံးလေးနှင့် လင်းနွမ်၏ဘေးတွင် ဒူးထောက်လျက်သားဖြင့် နေရာယူလိုက်ပြီး အဝတ်အိတ်ထဲမှ ဆွဲထုတ်ထားသော ပစ္စည်းများကိုကောက်ကာ လင်းနွမ်ထံသို့ ကမ်းပေးလိုက်သည်။ သူ၏ပျော့ပြောင်းသော ဆံပင်လေးများနှင့် ဆန်ပြုတ်များပေနေသော မျက်နှာလေးက နေရောင်အောက်တွင် တောက်ပနေသည်။
လင်းနွမ်က အပြုံးတစ်ခုနှင့် ကော်ဖီစားပွဲပေါ်မှ တစ်ရှူးဘူးကို လှမ်းယူလိုက်ပြီး ထွမ်းထွမ်းလေး၏ မျက်နှာလေးအား သန့်စင်ပေးလိုက်သည်။
လင်းနွမ်နှင့် ထွမ်းထွမ်းလေး၏ ကြင်နာမှုအပြည့်နှင့် နူးညံ့လှသော မြင်ကွင်းကိုကြည့်ကာ ပိုင်ရှောင်းနျန်သည်ပင် ပြုံးလိုက်မိသည်။ သူတို့နှစ်ယောက်က တကယ်ကိုပင် သားအမိများနှင့် တူနေပေသည်။
.....
ဖုဟွိုက်အန်းက အချိန်တိကျသော သူမျိုးဖြစ်ပြီး သူ့စကားအတိုင်းပင် ရှစ်နာရီထိုးသည်နှင့် တိုက်ခန်းအောက်သို့ ရောက်နေပြီဖြစ်သည်။
ဖုဟွိုက်အန်းဆီမှ ဖုန်းလက်ခံရသည်နှင့် လင်းနွမ်က ထွမ်းထွမ်းလေးကို ချီပိုးလျက်ကာ အောက်ထပ်သို့ ဆင်လာခဲ့သည်။ အိမ်ထဲတွင် ကျန်ရစ်နေခဲ့သော ပိုင်ရှောင်းနျန်ကတော့ မနက်စာစားပြီးနောက် တစ်ရေးပြန်အိပ်ရန် အိပ်ခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ လင်းနွမ်က ကားထဲသို့ ဝင်ထိုင်လိုက်သည်နှင့် ဖုဟွိုက်အန်းအား အသိပေးလိုက်သည်။
"ပြည်သူ့ရေးရာဗျိုရိုကို မသွားခင် အရင်ဆုံးကျွန်မကို တိကုဆေးရုံဆီ လိုက်ပို့ပေးပါလား။ လမ်းသင့်ပါတယ်။ ဆေးရုံက ကျယ်ဖန့်လမ်းပေါ်မှာပဲ။"
မနေ့ညတုန်းက လင်းနွမ်အိမ်၏ ဝရံတာတွင် သူစီးကရက်ထွက်သောက်စဉ် သေချာပြင်ဆင်ထားသော ကြောင်အိပ်ရာနှင့် ကြောင်အိမ်သာကို တွေ့ခဲ့သလို ဗြိတိန်မွေးတိုကြောင်နှင့် တွဲရိုက်ထားခဲ့သော ဓာတ်ပုံကိုလည်း တွေ့ခဲ့သည်ပင်။ သို့သော်လည်း ကြောင်ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ခဲ့ရချေ။ အကြောင်းရင်းက တိကုဆေးရုံတွင် ရောက်နေသောကြောင့် ဖြစ်နေခဲ့သည်ကိုး။
ဖုဟွိုက်အန်းက အဆင်ပြေကြောင်း ခေါင်းညိတ်ပြလိုက်သဖြင့် လင်းနွမ်က ယာဉ်မောင်းလုပ်သူအား လိပ်စာပြောပြလိုက်သည်။
ကားအနက်လေးက ကျယ်ဖန့်လမ်းတစ်လျှောက် ရွေ့လျားလာခဲ့ပြီး တိကုဆေးရုံ၏ ဝင်ပေါက်၌ ရပ်တန့်သွားခဲ့သည်။ လင်းနွမ်က ဖုဟွိုက်အန်းအား အသိပေးလိုက်သည်။
"ကျွန်မ နည်းနည်းလောက် ကြာမယ်ထင်တယ်။"
"ကိုယ်အလျင်မလိုပါဘူး။"
ဖုဟွိုက်အန်းက သူနားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး လင်းနွမ်အား ပြန်ပြောလိုက်သည်။ သူ၏အသံက လေးနက်မှုများနှင့် ပြည့်နေခဲ့သည်ပင်။
လင်းနွမ်က ကားတံခါးကို ပိတ်လိုက်ပြီးနောက် တိကုဆေးရုံထဲသို့ ခပ်သွက်သွက်ပင် ဝင်ရောက်သွားခဲ့သည်။
သူနာပြုဆရာမက လင်းနွမ်အား မှိုလေးရှိရာဆီသို့ ခေါ်သွားခဲ့သည်။ လင်းနွမ်မှာ ထိုအခိုက်အတန့်တွင် အနက်ပေပေါင်း မည်မျှရှိသည်ကို မသိရသော ရေကန်၏အထက်မှ ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားလိုက်ရသည်။
"မှိုလုံးလေးက မင်းကိုစောင့်နေမျိုးသလို အချိန်အကြာကြီး တောင့်ခံနေတုန်းပဲ။"
သူနာပြုဆရာမက လင်းနွမ်အား ဝမ်းနည်းနေသော လေသံတိုးတိုးဖြင့် ပြောပြလိုက်ကာ အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် လင်းနွမ်၏ အကြည့်များက ကြောအိပ်ရာလေးပေါ်တွင် လှဲနေရသော မှိုလုံးလေးထံသို့ ရောက်ရှိသွားခဲ့သည်။ မှိုလုံးလေး၏ အသက်ရှူနှုန်းက ဖြည်းညှင်းလှပြီး အမြီးလေးကလည်း ကုပ်နေခဲ့သည်ပင်။
မှိုလုံးလေးက သူ၏ဝိုင်းစက်သော မျက်လုံးလေးများကို ယခင်ကကဲ့သို့ မဖွင့်နိုင်တော့။ သူမြင်ရသည်က လင်းနွမ်၏ ဝိုးတိုးဝါးတား ပုံရိပ်ကိုသာဖြစ်သည်။ မှိုလုံးလေးက လင်းနွမ်အား ခေါ်သည့်သဘောဖြင့် ပါးစပ်ကိုဖွင့်ကာ တိုးဖျော့လှသော အော်မြည်သံလေးကို ပေးလာခဲ့သည်။
"မြောင်..."
ဤအခြေအနေအတွက် မည်မျှအထိပင် စိတ်ပြင်ဆင်ထားပါစေ လင်းနွမ်မှာ ဝေ့တက်လာသော မျက်ရည်စများအား မထိန်းနိုင်ခဲ့ချေ။
ယနေ့သည် လင်းနွမ်နှင့် ဖုဟွိုက်အန်းက လက်ထပ်မှတ်ပုံတင်ရန် ပြည်သူ့ရေးရာဗျူရိုသို့ သွားကြမည့်နေ့ဖြစ်သည်။ အတိတ်စာမျက်နှာကို ပြည်ဖုံးကားချကာ နှုတ်ဆက်သည့်အနေဖြင့် မှိုလုံးလေးကိုပါ လင်းနွမ်က လက်လွှတ်ပေးရတော့မည့် အချိန်သို့တိုင် ရောက်လာခဲ့ပြီလော။
လင်းနွမ်က ကျဆင်းချင်နေသော မျက်ရည်များကို ထိန်းထားလိုက်ပြီး မှိုလုံးလေးရှိရာသို့ လျှောက်လာခဲ့ကာ သူ၏ခေါင်းလေးအား ပွတ်သပ်ပေးလိုက်သည်။
မှိုလုံးလေးက လင်းနွမ်အား မော့ကြည့်လာခဲ့ပြီး သူ၏အေးစက်နေသော နှာခေါင်းလေးဖြင့် လင်းနွမ်၏ လက်ဖဝါးလေးကို ညင်ညင်သာသာလေး တို့ထိလိုက်သည်။ ထိုအပြုအမူ သေးသေးလေးကို ပြုလုပ်ရုံနှင့်ပင် မှိုလုံးလေးမှာ ပင်ပန်းသွားရပြီး ခန္ဓာကိုယ်က တုန်ယင်နေခဲ့သည်။ သူက အားကုန်သွားကာ မော့ထားခဲ့သော သူ၏ခေါင်းလေးကို ပြန်လှဲလိုက်ရသည်။
မှိုလုံးလေးက တစ်နေ့တစ်ချိန်တွင် ဝိန်မော့ရှန်က သေချာပေါက်ပင် ပြန်လာလိမ့်မည်ဟူသော လင်းနွမ်၏ ယုံကြည်မှုအတွက် အခိုင်မာဆုံးသော တည်ရှိမှုဖြစ်ခဲ့သည်။ သို့သော်လည်း မကြာခင်တွင် မှိုလုံးလေး တိမ်းပါသွားတော့မည်ဖြစ်ကြောင်း ဆေးရုံမှဖုန်းကို လက်ခံရရှိချိန်တွင် လင်းနွမ်၏ နှလုံးသားထဲမှ ထိုယုံကြည်မှုလေးက ယိမ်းယိုင်သွားခဲ့ရသည်။
"မှိုလုံးလေး..."
လင်းနွမ်က ခါးကိုင်းလိုက်ပြီး မှိုလုံးလေးနှင့် နဖူးချင်းထိထားလိုက်သည်။
"မြောင်..."
မှိုလုံးလေးက နာကျင်မှုကိုအံတုကာ အားနည်းဖျော့တော့သော အသံလေးဖြင့် လင်းနွမ်အား ပြန်ထူးလာခဲ့သည်။
လင်းနွမ်မှာ ရင်ဘတ်တစ်ခုလုံး အောင့်မျက်လာသော နာကျင်မှုအား ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ(မ)၏နှလုံးသားကို လှီးထုတ်သွားခဲ့သဖြင့် အသက်ရှုရန် ခက်ခဲနေခဲ့သည့် နာကျင်မှုမျိုး...
လင်းနွမ်မှာ မျက်လုံးများကို မှိတ်ချလိုက်ရကာ သူ(မ)၏မျက်ရည်စများက တသွင်သွင်ပင် ကျဆင်းလာတော့သည်။
"မြောင်..."
မှိုလုံးလေးက လင်းနွမ်ငိုနေသည်ကို သိနေသည့်အလား အက်ကွဲနေသော အော်သံတစ်ချက်ကို ပေးလာခဲ့လေသည်။
*****
Aurora Novel Translation Team