no

Font
Theme

လင်းမိသားစု၏ သမီးချင်းမှားယွင်းကာ ပြုစုမှုအောက်တွင် နှစ်ပေါင်းနှစ်ဆယ်ခန့် ကြီးပြင်းလာခဲ့သော အတုအယောင် သခင်မလေး...သို့သော်လည်း လင်းမိသားစု၏ သွေးသားအစစ်ဖြစ်သော တကယ့်ပိုင်ရှင်အမှန် ပြန်ရောက်လာချိန်တွင် သူ(မ) အမြဲတမ်း အသားကျခဲ့သော မိသားစုထဲမှနေရာက ထုတ်‌ပြောရန်မလွယ်သော အလွန်ကိုပင် ကသိကအောက်ဆန်သည့် အနေအထားဖြစ်လာခဲ့သည်။ ထို့အပြင် ဤသို့ဖြစ်အောင် ဖန်တီးခဲ့ကြသူများက သူ(မ)ကိုမွေးဖွားပေးခဲ့သော မိဘအရင်းများ ဖြစ်နေကြသေးသည်။


မည်သို့ပင်ဆိုစေ စိတ်သဘောထား နူးညံ့လှသော လင်းမားမားက နှစ်ပေါင်းနှစ်ဆယ်လုံး ပြုစုပျိုးထောင်ကာ ချစ်မြတ်နိုးခဲ့သော လင်းနွမ်ကို လက်မလွှတ်နိုင်သလို ယခုမှသာလျှင် သူ(မ)ရင်ခွင်သို့ ပြန်ရောက်လာခဲ့သော သမီးအရင်းကိုလည်း လျစ်လျူမရှုနိုင်ရာ တစ်ဖက်တွင် သူ(မ)က လင်းနွမ်အား ဂရုစိုက်နေဆဲဖြစ်ပြီး နောက်တစ်ဖက်တွင်တော့ သမီးအရင်းဖြစ်သူကို ဝေးကွာခဲ့ရသော အချိန်များအတွက် ပြန်လည်အလျော်ပေးနိုင်ရန် နည်းလမ်းများကို စဉ်းစားခဲ့ရကာ သမီးနှစ်ယောက်ကြားတွင် ဗျာများနေခဲ့သည်။


သို့သော်လည်း ဤသို့ခက်ခဲနေသော အခြေအနေတွင် လင်းနွမ်က မည်သို့သော ဆုံးဖြတ်ချက်ကို ချသင့်သည်အား သိရှိနေခဲ့သဖြင့် လင်းမိသားစု၏ သွေးသားရင်းချာ သမီးအရင်း ပြန်လာချိန်တွင် အကြောင်းပြချက်တစ်ခုပေးပြီး လင်းမိသားစုအိမ်မှ ထွက်ခွာလာခဲ့ကာ အိမ်ခွဲနေခဲ့သည်။


အိမ်ပြောင်းပြီးသည့်နောက်ပိုင်း လင်းမားမားက မကြာခဏဆိုသလို အလည်လာကာ လင်းနွမ်အတွက် စားကောင်းသောက်ဖွယ်များ အဝတ်အစားအသစ်များ ဝယ်လာပေးလေ့ရှိသော်လည်း လင်းမိသားစုအိမ်ကိုတော့ လင်းနွမ်အနေဖြင့် တစ်ခေါက်လေးမှ မသွားဖြစ်ခဲ့ချေ။


အကယ်၍သာ ဖုဟွိုက်အန်းက သူနှင့်လင်းနွမ်၏ လက်ထပ်မည့်ကိစ္စနှင့် ပတ်သက်ကာ လင်းမိသားစုနှင့် တွေ့ဆုံမည်ဆိုပါက လင်းနွမ်သာ သူနှင့်အတူတူ လိုက်မသွားခဲ့လျှင် ထိုအပြုအမူက အလွန်မသင့်တော်သလို ဖြစ်သွားလိမ့်မည်။


လင်းနွမ်က အစတုန်းကတော့ ဖုဟွိုက်အန်းအား သူ(မ)၏မိခင်အရင်းက ရူးနှမ်းနေသော ကိစ္စနှင့်ပတ်သက်ကာ တစ်စုံတစ်ခုကို သိရှိထားသေးလားဟု မေးလိုက်ချင်သော်လည်း သူ(မ)၏ပါးစပ်ကို မဖွင့်ရသေးခင်မှာပင် သူ(မ)လက်ချောင်းများက နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ လင်းနွမ် ခေါင်းငုံ့လိုက်ပြီး ထိုအနွေးဓာတ်လာရာကို ကြည့်လိုက်ချိန်တွင် သူ(မ)လက်ကို ဆုပ်ကိုင်ထားခဲ့သော ထွမ်းထွမ်းလေး၏ နူးညံ့လှသော လက်ဖဝါးလေး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။


ကလေးငယ်များတွင် လူကြီးများနှင့်မတူသော သိမြင်စိတ်တစ်မျိုးရှိပြီး ထွမ်းထွမ်းက လင်းနွမ်၏ စိတ်ခံစားချက် အပြောင်းအလဲကို အာရုံခံမိသွားသဖြင့် ကြောက်သွားခဲ့ခြင်းဖြစ်သည်။


ထွမ်းထွမ်း၏ ကြည်စင်နေသော မျက်လုံးတောက်တောက်လေးများနှင့် ရင်ဆိုင်ရချိန်တွင် လင်းနွမ်မှာ လျှာဖျားအထိ ရောက်နေပြီဖြစ်သော ကြမ်းတမ်းသည့် စကားလုံးများကို အတင်းပြန်ကာ မျိုချလိုက်ရပြီး ဖုဟွိုက်အန်းအား ပြန်ပြောလိုက်သည်။


“ကျွန်မသိပြီ။ ရှင်မသွားခင် ကျွန်မကိုဖုန်းခေါ်လိုက်...ကျွန်မရောက်အောင် လာခဲ့မယ်။”


မနက်စာစားပြီးနောက် ဖုဟွိုက်အန်းက ရှေ့နေရုံးခန်းသို့ ထွက်ခွာသွားခဲ့ပြီး လင်းနွမ်သည်လည်း ရေဒီယိုဌာနသို့ အလုပ်တက်ရန် လိုအပ်သည်များကို ပြင်ဆင်နေလိုက်သည်။ ဖုမိသားစုဗီလာ၏ မလှမ်းမကမ်းတွင် ပါကင်ထိုးထားခဲ့သော ကားအဖြူကိုတော့ ဖုဟွိုက်အန်းက သူ့နည်းသူ့ဟန်ဖြင့် ရှင်းထုတ်လိုက်ပြီဖြစ်သည်။


လင်းနွမ်က ကုဟန်ရန်နေရာကို သေသေချာချာလေး အစားထိုးမည်ဟူ၍ ပြောလာခဲ့သဖြင့် ဖုဟွိုက်အန်းက သူ(မ)၏ဆန္ဒအတိုင်း ထိုကိစ္စအား မဖြစ်ဖြစ်အောင်ပင် လုပ်ဆောင်ပေးလိမ့်မည်။


သို့သော်လည်း အန်တီလီက ဤနေ့ခင်းတွင် နားရက်ယူမည်ဖြစ်ပြီး ဖုဟွိုက်အန်းကလည်း သူ၏အလုပ်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ထွမ်းထွမ်းလေးအား စောင့်ရှောက်ရန်တာဝန်က လင်းနွမ်ပခုံးပေါ်သို့ အလိုလိုနေရင်း ရောက်ရှိလာခဲ့သည်။ လင်းနွမ်က သူ(မ)နှင့်မျက်နှာချင်းဆိုင်တွင် လိမ်လိမ်မာမာလေး ထိုင်နေလျက်မှ သူ(မ)လုပ်သမျှကို မျက်လုံးဝိုင်းများဖြင့် လိုက်ကြည့်နေသော ထွမ်းထွမ်းကို အကဲခတ်လိုက်ပြီး တစ်ခဏတာခန့် အတွေးများအားလုံး ဗလာဖြစ်သွားခဲ့သည်။ ထွမ်းထွမ်းနှင့်ပတ်သက်ကာ မည်သို့လုပ်ရမည်ကို လင်းနွမ်တကယ်မသိပေ။


လင်းနွမ် လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး နေ့လယ်တစ်နာရီ ထိုးခါနီးပြီဖြစ်သည်ကို တွေ့လိုက်ရလေသည်။ သူ(မ)က လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ဦးကို နေ့လယ်တစ်နာရီခွဲတွင် ထုတ်လွှင့်မည်ဖြစ်သော အသံလွှင့်အစီအစဉ်တွင် ဝင်ကူညီပေးရန် သဘောတူထားခဲ့ရာ အလုပ်နောက်ကျ၍ မဖြစ်တော့ပေ။


ခဏတာခန့် စဉ်းစားပြီးနောက်တွင် လင်းနွမ် မနေ့တုန်းက မိုးမိလာပြီးနောက် အန်တီလီလျှော်ဖွပ်ကာ မီးပူထိုးပေးထားသော သူ(မ)၏အဝတ်များကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ထွမ်းထွမ်းအားခေါ်ကာ ရေဒီယိုဌာနသို့ ဦးတည်လိုက်သည်။


လင်းနွမ်က အလုပ်ထဲသို့ ချစ်စရာ‌ကလေးတစ်ဦး ခေါ်လာခဲ့သည်ဟူသော သတင်းပျံ့သွားချိန်တွင် ဌာနတစ်ခုလုံးမှ လုပ်ဖော်ကိုင်ဖက်များက စိတ်ဝင်စားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် လာစပ်စုကြလေသည်။ ရေဒီယိုဌာနတစ်ခုလုံးမှ လူကုန်ရောက်လာသည်ဟု ထင်မှတ်ရပေသည်။


ထွမ်ထွမ်းလေးက ဆိုဖာပေါ်တွင် လိမ်လိမ်မာမာလေး ထိုင်နေခဲ့ပြီး သူ၏လက်ထဲတွင် အလုပ်သို့လာသည့်လမ်းမှ လင်းနွမ်ဝယ်ပေးထားသော အာတာပူစီကို ဆုပ်ကိုင်ထားကာ သူ၏မားမား အလုပ်လုပ်နေသည်ကို စောင့်နေခဲ့သည်။ ထွမ်းထွမ်းလေးက လင်းနွမ်၏ လုပ်ဖော်ကိုင်ဖက်များ ယူလာပေးသည့် အမျိုးမျိုးသော မုန့်ထုပ်များကို လက်တစ်ဖက်နှင့် ပွေ့ပိုက်ထားကာ သူ့အနားတွင် ဝိုင်းအုံနေကြပြီး မေးခွန်းများမေးနေသော ကိုကိုမမများနှင့် ဦးဦး‌ဒေါ်ဒေါ်များကို မော့ကြည့်လိုက်လေသည်။ သူက အလွန်ပင် ချစ်စရာကောင်းပြီး ရုပ်ပြစာအုပ်များထဲမှ အသက်ဝင်လာသော ချီဘီဇာတ်ကောင်လေးဟု ထင်မှတ်ရပေသည်။


လင်းနွမ်၏ သူငယ်ချင်းကောင်းဖြစ်သော ပိုင်ရှောင်းနျန်က လင်းနွမ်နှင့်အတူ အသံလွှင့်ခန်းထဲတွင်ထိုင်ကာ ဝဝဖောင်းဖောင်းနှင့် ချစ်စရာကောင်းလှသော ထွမ်းထွမ်းလေးအား မှန်အကာအရံကို ဖြတ်ကျော်ကာ ကြည့်နေခဲ့သည်။ သူ(မ)သည်လည်း ထွမ်းထွမ်းလေး၏ ချစ်စရာကောင်းမှုကို အသည်းယားနေခဲ့ပြီး အပြင်ကိုအမြန်ထွက်ကာ ကလေးလေး၏ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ချင်စိတ်အား မနည်းထိန်းထားရပေသည်။


အသံလွှင့်မည့် မိုက်ခရိုဖုန်းများကို စမ်းသပ်ပြီးချိန်တွင် ပိုင်ရှောင်းနျန်က နားကြပ်များကို ခဏချွတ်လိုက်ပြီး လင်းနွမ်ဘက်သို့လှည့်ကာ မေးလာခဲ့သည်။


“နွမ်နွမ် ဒီလိုချစ်စရာ ကလေးလေးကို နင်ဘယ်ကနေများ ခေါ်လာတာလဲဟယ်။ တကယ်အဖိုးတန်လေးပဲ။”


လင်းနွမ်က ဝိုင်းအချစ်ခံနေရသော ထွမ်းထွမ်းကို တစ်ချက်လှမ်းကာ ကြည့်လိုက်သော်လည်း မည်သို့ပြန်ဖြေရမည်နည်းဟု အကြပ်ရိုက်သွားခဲ့သည်။ ပိုင်ရှောင်းနျန်အား ထွမ်းထွမ်းက မည်သည့်နေရာမှ ရောက်လာပြီး မည်သူ့အိမ်မှဖြစ်ကြောင်း ပြောပြလိုက်သင့်သလားဟု လင်းနွမ်စဉ်းစားလိုက်သည်။


“ဝေ့ ငါမေးနေတယ်လေ။”


လင်းနွမ်ဆီမှ အဖြေမရသဖြင့် ပိုင်ရှောင်းနျန်က သူ(မ)အား တံတောင်ဖြင့် လှမ်းတွတ်လိုက်သည်။


ပိုင်ရှောင်းနျန်က အတင်းအဖျင်းများကို အများနည်းတူ အားပါးတရ ပြောတတ်သူမဟုတ်သလို တစ်စုံတစ်ခုနှင့် ပတ်သက်၍လည်း သိချင်စိတ်များ တော်ရုံမ‌ပေါ်တတ်သော လူမျိုးဖြစ်သည်။ သို့သော်လည်း သူ(မ)က ဆယ်စုနှစ်တစ်ခုကျော် လင်းနွမ်၏ သူငယ်ချင်းအဖြစ် ရှိနေခဲ့သောကြောင့် လင်းနွမ်၏အနေအထားက အခက်အခဲတစ်ခုနှင့် ကြုံနေရခြင်းဖြစ်ကြောင်း သတိပြုမိသည်သာ။ သူ(မ)က လင်းနွမ်၏ ကြင်နာသောစိတ်က လင်းနွမ်အတွက် တစ်ချိန်ချိန်တွင် ရှုပ်ထွေးလှသော ပြဿနာများစွာကို သယ်ဆောင်ပေးလာမည်အား စိုးရိမ်နေခဲ့သည်။


လင်းနွမ်က အသံလွှင့်ခန်းထဲမှ တိုင်ကပ်နာရီကို မော့ကြည့်လိုက်ပြီးနောက် ပိုင်ရှောင်းနျန်အား ပြန်ဖြေလိုက်သည်။


“ဒီအစီအစဥ်ပြီးသွားရင် ငါနင့်ကိုပြောပြမယ်။”


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment