လင်းနွမ်၏ကျောက တံခါးရွက်နှင့် ထိကပ်နေခဲ့ပြီး သူ(မ)၏ပုံစံက စိတ်ဆိုးဒေါသထွက်နေသော်လည်း ဒေါသများကို ပြန်မျိုချရုံကလွဲကာ ရွေးချယ်စရာမရှိ၍ ဒုက္ခရောက်နေသော ကြောင်လေးတစ်ကောင်နှင့် တူညီနေပေသည်။
ထူထဲလှသော မျက်ခုံးတန်းများအောက်မှ ဖုဟွိုက်အန်း၏ မျက်လုံးအိမ်များက အနည်းငယ်ခန့် ကျဉ်းမြောင်းသွားခဲ့ပြီး စီးကရက်ပြာများကို တောက်ချလိုက်သည့်အချိန်တွင် သူ၏လည်စလုတ်က အပေါ်တက်အောက်ဆင်း လှုပ်ရှားသွားခဲ့ကာ လင်းနွမ်အား ပြန်ပြောလိုက်လေ၏။
“ထွမ်းထွမ်းက မင်းကို ‘မားမား’လို့တောင် ခေါ်ဖူးတာမို့လို့ သူ့အမေနေရာမှာ ကုဟန်ရန်ထက်စာရင် မင်းကသင့်တော်မယ်ဆိုတာ အမှန်ပဲ။ လင်းမမလေးက တကယ်လှပြီးတော့ ကိုယ့်ဘက်ကနေလည်း လင်းမမလေးကို သဘောကျပါတယ်။ ဒါပေမဲ့လို့ ကိုယ်တို့လိုအပ်နေတဲ့ နေရာလွတ်တွေကို လင်းမမလေးအနေနဲ့ ဖြည့်ဆည်းပေးဖို့ မလိုပါဘူး။ လင်းမမလေးသာ ဆန္ဒမရှိဘူးဆိုရင် ဘယ်သူကမှ တွန်းအားပေးလို့မရပါဘူး ဟုတ်တယ်မဟုတ်လား။ ကိုယ်ကလည်း တွန်းအားမပေးဘူး။ လင်းမမလေးအနေနဲ့ အခန်းကိုပြန်သွားပြီးတော့ အနားယူလိုက်ပါ။ ဒီကိစ္စတစ်ခုလုံး တစ်ခါမှမဖြစ်ခဲ့သလို သဘောထားလိုက်ကြတာပေါ့။”
ဖုဟွိုက်အန်း၏ စကားများကို ကြားလိုက်ချိန်တွင် လင်းနွမ်း၏ နားရွက်ဖျားများက ရဲရဲနီသွားကြပြီး ဖုဟွိုက်အန်းအား လူရေခြုံထားသော သားရဲကောင်ကြီးဟု စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်လေသည်။ သူက ဝေဝါးနေသော ကိစ္စများကို ဤကဲ့သို့နည်းဖြင့် ရှင်းလင်းပစ်လိုက်ပြီး သူ(မ)အား အရှက်ရစေသလို ဒေါသများလည်း ထွက်လာစေသည်။
လင်းနွမ်က ပြန်ထွက်မသွားသေးဘဲ တံခါးဝတွင် အချိန်အတန်ကြာ မတ်တတ်ရပ်နေခဲ့သဖြင့် ဖုဟွိုက်အန်းက သူ၏ဘေးမှလွတ်နေသော ဆိုဖာတစ်ခြမ်းတွင် လာဝင်ထိုင်ဟူသောသဘောနှင့် လက်ဖြင့်ပုတ်ပြကာ လင်းနွမ်အား ခေါ်လိုက်လေသည်။ သို့သော်လည်း လင်းနွမ်က လှုပ်မလာချေ။ ဖုဟွိုက်အန်းက ခေါင်းလှည့်လိုက်ပြီး နက်မှောင်နေသော အကြည့်များဖြင့် လင်းနွမ်အား စိုက်ကြည့်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ သူ(မ)၏မျက်လုံးထဲမှ မဖုံးမဖိနိုင်ဘဲ တိုက်ရိုက်မြင်နေရသော ခံစားချက်အချို့ကို ဖတ်ကြည့်နေသယောင်ပင်။ ထိုအကြည့်များကို ခံစားမိမှသာ လင်းနွမ်မှာ ဤကိစ္စတစ်ခုလုံးကို စတင်ဖြစ်ခဲ့သော အဓိကရည်ရွယ်ချက်ကို ပြန်သတိရသွားတော့သည်။ ထို့ကြောင့်ပင် လင်းနွမ်က သူ(မ)၏ခံစားချက်ကို ပြန်ထိန်းညှိလိုက်ပြီး ဖုဟွိုက်အန်းဆီသို့ လျှောက်သွားခဲ့လေသည်။
အသက်နှစ်ဆယ့်ငါးကို ကျော်လွန်ပြီး၍ သုံးဆယ်ဆီသို့ ချဉ်းကပ်နေပြီဖြစ်သော အသက်အရွယ်တွင် မိမိ၏လုပ်ဆောင်ချက်များကို မိမိကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်ကြောင်း လင်းနွမ်နားလည်ပါ၏။
ဧည့်သည်အခန်းမှထွက်ကာ ဖုဟွိုက်အန်း၏ အိပ်ခန်းထဲသို့ဝင်လာပြီး ထိုစကားများကို ပြောပြီးကတည်းက သူ(မ)ထံတွင် ရွေးချယ်စရာက နှစ်ခုသာရှိကြောင်း လင်းနွမ်သိပါ၏။ သူ(မ)က သူ(မ)၏မာနကို ထိန်းသိမ်းထားပြီး ဤကိစ္စတစ်ခုလုံးကို မဖြစ်ပျက်ခဲ့သယောင် ထွက်သွားခြင်းနှင့် သူ(မ)၏မာနနှင့်သိက္ခာကို ချနင်းပစ်လိုက်ပြီး ဤလမ်းကိုဆက်လျှောက်ကာ တောင်းပန်ခယပြီး ဖုဟွိုက်အန်းဘက်မှ လိုချင်နေသောအရာကို ပေးလိုက်မည်လော။
သူတို့နှစ်ဦးလုံးက အရွယ်ရောက်ပြီးသူများ ဖြစ်ကြပေရာ လင်းနွမ်အနေဖြင့် တစ်ဦးတစ်ယောက်နှင့်မှ မအိပ်ဖူးသေးသော်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ညလယ်ခေါင်တွင် အခန်းတစ်ခန်းထဲ၌ အတူရှိနေခြင်းက မသင့်လျော်သော အတွေးများကို တွေးမိစေကြောင်း နားလည်ပါ၏။
လင်းနွမ်က အမျိုးသားဝတ် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လည်ပင်းပေါက်က ကျယ်လွန်းနေပေရာ ဝင်းမွတ်သော လည်တိုင်လေးနှင့် ဖြောင့်တန်းညီညာကာ ဆွဲဆောင်မှုရှိသော ညှပ်ရိုးများကို ဗွင်းဗွင်းရှင်းရှင်းပင် မြင်နေရကာ ထိုမြင်ကွင်းက ညှို့ယူနိုင်စွမ်းအချို့ ကိန်းအောင်းနေသည်ပင်။
လင်းနွမ်၏ အသားအရေက အလွန်ဖြူသော အမျိုးအစားထဲတွင် ပါဝင်ပေရာ လက်ရှိအခိုက်အတန့်တွင် သူ(မ)၏ပန်းရောင်သန်းနေသော မျက်နှာအရောင်နှင့် နီရဲနေသော မျက်လုံးများကို ကြည့်လိုက်ရုံနှင့်ပင် မြင်လိုက်သူတိုင်းက လင်းနွမ်တစ်ယောက် ရှေ့ဆက်ဖြစ်မည့် ကိစ္စများနှင့်ပတ်သက်ကာ မအီမလည်ဖြစ်နေကြောင်း ကောက်ချက်ချနိုင်လိမ့်မည်။
သို့သော်လည်း ယနေ့ညတွင် ဖုဟွိုက်အန်းက အလွန်တရာပင် စိတ်ရှည်နေခဲ့ပြီး လင်းနွမ်၏ လှုပ်လီလှုပ်လဲ့နှင့် လျှောက်လှမ်းလာမှုအား အေးအေးဆေးဖြင့် ထိုင်ကြည့်နေခဲ့သည်။
လင်းနွမ်မှာတော့ စိတ်ထဲ၌ တစ်ကိုယ်တည်းပြန်ကာ စစ်ဖြစ်နေခဲ့သည်ပင်။ နောက်ဆုံးတွင်တော့ သူ(မ)၏မာနများက ကုဟန်ရန်၏ စကားများအောက်၌ ဝပ်တွားသွားခဲ့ရသည်။ သူ(မ)သည်လည်း ကုဟန်ရန်ပြောခဲ့သည့်အတိုင်း ဝိန်မော့ရှန်ပြန်လာချိန်တွင် သူပိုင်ဆိုင်ခဲ့သမျှ မည်သည့်အရာမှ မကျန်ရှိတော့သည်ကို မဖြစ်စေချင်ပါချေ။
လင်းနွမ်က လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ အစောပိုင်းက ဖုဟွိုက်အန်းလက်ဖြင့် ညွှန်ပြခဲ့သော ဆိုဖာပေါ်တွင် ဝင်မထိုင်ဘဲ ကော်ဖီစားပွဲဘေး၌ ပေပေတေတေဖြင့် မတ်တတ်ရပ်နေလိုက်သည်။ လင်းနွမ်က ဤကိစ္စကို လက်ခံခဲ့လျှင်ပင် အသွေးအသားထဲမှလာသော မာနနှင့်စိတ်ဓာတ်က ကျန်နေဆဲဖြစ်သည်။ ဖုဟွိုက်အန်းအား ယခုကဲ့သို့ လာရှာရသည်ကပင် သူ(မ)ကိုယ်တိုင် မည်သည့်အခါမှ လုပ်မည်မဟုတ်သော ဆုံးဖြတ်ချက်ဖြစ်ပြီး ထိုမျှကပင် လင်းနွမ်၏အကန့်အသတ်များကို ကျောလွန်နေခဲ့ပြီဖြစ်သည်။
“လင်းနွမ်၊ ကိုယ်တို့နှစ်ယောက်မှာ ဘယ်သူကမှ မနူးမနပ်အရွယ် ကလေးတွေမဟုတ်ဘူး။ မင်းကထွက်မသွားဘဲ ဒီကိုလျှောက်လာဖို့ ရွေးချယ်လိုက်ကတည်းက ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိနေပြီးသားပဲ။ အဲဒီတော့ ကိုယ်ကမင်းအပေါ်ကို တစ်စုံတစ်ခု ကျူးလွန်လိုက်သလို လုပ်နေမဲ့အစား ဒီကိစ္စကိုလက်ခံလိုက်တဲ့ မင်းရဲ့စိတ်ရင်းကို ကိုယ်မြင်သွားအောင် ပြသင့်တယ်လို့ မထင်ဘူးလား။”
ဖုဟွိုက်အန်း၏ အသံဩရှရှက တည်ငြိမ်နေပြီး လက်ရှိအချိန်တွင် သူမည်သို့ခံစားနေရကြောင်း အခြားသူများအနေဖြင့် ဖမ်းဆုပ်မရလောက်ပေ။
(TN/ I can, he’s horny)
စိတ်ရင်းအမှန်...
ဖုဟွိုက်အန်းဆိုလိုသော စိတ်ရင်းမှန်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နှင့် ပြောလိုက်ခြင်းဖြစ်ကြောင်း လင်းနွမ်သိနေပါ၏။ ထို့ကြောင့်လည်း သူ(မ)၏မျက်နှာက လောင်တက်သွားသလို ခံစားလိုက်ရသည်။
သူ(မ)တစ်ဘဝလုံးစာ သတ္တိများအား ဤအခိုက်အတန့်တွင် အကုန်သုံးလိုက်ပုံဖြင့် လင်းနွမ်က ဖုဟွိုက်အန်းအနားသို့ ဆတ်ခနဲတိုးသွားကာ ဆိုဖာပေါ်၌ ထိုင်ချလိုက်လေသည်။ ထိုခဏ၌ သူ(မ)၏နှာဖျားတွင် ရှုရှိုက်မိသမျှအနံ့များက စီးကရက်နံ့အချို့ ရောထွေးနေသော ဖုဟွိုက်အန်း၏ ယောက်ျားဆန်သော ကိုယ်သင်းနံ့ပင်။ ဖုဟွိုက်အန်း၏ တည်ရှိမှုက အလွန်အားကောင်းပြီး ပတ်ဝန်းကျင်အား ဖိအားပေးနိုင်သလို တစ်ချိန်တည်းမှာလည်း တည်ငြိမ်ကာ အေးဆေးပေသည်။
လက်ရှိလင်းနွမ်ကို စာတစ်ကြောင်းတည်းဖြင့် တိတိကျကျ ဖော်ပြရမည်ဆိုပါက ‘အလွန်အမင်း သတိထားနေသူ’ဟု ဆိုရပေလိမ့်မည်။
လင်းနွမ်က သူ(မ)၏အကြည့်များကို အောက်ပို့လိုက်ပြီး ဖုဟွိုက်အန်းနံဘေးသို့ တိုးကပ်သွားရန် ကြိုးစားလိုက်သည်။ ထိုသို့ပြုမူလိုက်သည်ကို သူ(မ)ကိုယ်တိုင်ပင် သတိပြုမိလိုက်သော်လည်း အပြင်ဘက်တွင်တော့ သူ(မ)ခန္ဓာကိုယ်က ဖုဟွိုက်အန်းနှင့် အကွာအဝေးတစ်ခုခြားကာ ထိုင်နေဆဲဖြစ်ပြီး ထိုအနေအထားက သဘာဝကျပုံပေါက်အောင် မနည်းကြိုးစားနေရသည်ပင်။
ဖုဟွိုက်အန်းက အငွေ့ထောင်းထောင်းထနေသော စီးကရက်ကို သူ၏နှုတ်ခမ်းများကြားမှ ထုတ်ယူလိုက်ပြီး လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။ သူက စီးကရက်ကို ကိုင်ထားဆဲဖြစ်သော သူ၏ညာဘက်လက်ကို လင်းနွမ်၏နောက်မှ ဆိုဖာကျောဘက်သို့ လှမ်းတင်လိုက်ပြီး သူ၏ခန္ဓာကိုယ်အား လင်းနွမ်ရှိရာသို့ ကိုင်းညွတ်လိုက်သည်။
အမျိုးသားသုံး ရေချိုးဆပ်ပြာနံ့နှင့် စီးကရက်နံ့များ ရောထွေးနေသော လတ်ဆတ်လှသည့် အနံ့တစ်မျိုးက လင်းနွမ်၏ နှာခေါင်းဝဆီသို့ ကျူးကျော်လာကြသည်။ ထိုပြင်းပြကာ ယောက်ျားဆန်လှသော အမွှေးရနံ့က လင်းနွမ်အား စိတ်လှုပ်ရှားပြီး ထွက်ပြေးချင်စေရန် ပြုလုပ်နေခဲ့သည်။
ဖုဟွိုက်အန်း၏ ခန္ဓာကိုယ်က လင်းနွမ်၏ကိုယ်လုံးနှင့် အလွန်ကိုပင် နီးကပ်နေခဲ့ပြီး အနီးကပ်ကြားနေရသည့် ဖုဟွိုက်အန်း၏ ပိုမိုပြင်းထန်လာသော အသက်ရှူသံများက လင်းနွမ်အား တုန်လှုပ်စေလာပြီး သူ(မ)နှလုံးသားမှာ မိုးကြိုးအစင်းစင်း ပစ်ချခံရသည့်အလား တဒိန်းဒိန်းဖြင့် ခုန်လှုပ်နေခဲ့သည်။
“အတွင်းခံတောင် ဝတ်မလာဘူးပေါ့လေ ဟမ်...”
ဖုဟွိုက်အန်းက သူ၏မျက်ခုံးကို ပင့်မလိုက်ပြီး လင်းနွမ်အား မေးလာခဲ့သည်။ သူ၏စူးရှသော အကြည့်များက ကြောက်လန့်စရာကောင်းအောင် ပြင်းထန်နေခဲ့ပြီး သူ၏ထူထဲကာ နက်ရှိုင်းသောအသံက ဩရှရှနှင့် ဆွဲဆောင်မှုရှိကာ နားဝင်ချိုလှသည်။ သို့သော်လည်း သူ၏စကားများကတော့ လင်းနွမ်အား ယခင်ကထက်ပင် ပိုရှက်သွားစေသည်။
ဖုဟွိုက်အန်း၏ စကားများကြောင့် လင်းနွမ်၏ ခေါင်းအစခြေအဆုံးက ပန်းရောင်သန်းသွားခဲ့သည်။ အမှန်ပင်...လင်းနွမ် သူ(မ)၏အတွင်းခံကို ဝတ်မလာခဲ့ပေ။
အဘယ်ကြောင့်ဆိုလျှင် သူ(မ)က ဖုဟွိုက်အန်းပြောခဲ့သော စကားများ၏ ဆိုလိုရင်းအား နားလည်လိုက်သောကြောင့်ပင်။ သူ(မ)အကြံအစည်က သူ(မ)ကိုယ်တိုင်၏ အလိုဆန္ဒမပါဘဲ အခြေအနေများက တွန်းပို့သောကြောင့် ဖုဟွိုက်အန်းထံသို့ သူ(မ)၏ခန္ဓာကိုယ်အား ပေးအပ်ခဲ့ရသည်ဟု ပြုလုပ်လိုခြင်းဖြစ်ပြီး နောက်ပြန်ဆုတ်နိုင်သော အခွင့်အရေးကိုလည်း သူ(မ)ကိုယ်တိုင်ပင် စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဝတ် ညအိတ်ဝတ်စုံကို အတွင်းခံဗလာဖြင့် ဝတ်ဆင်ထားသော အမျိုးသမီးက သူ၏နံဘေးတွင် ထိုင်နေသည်ကိုသိလျှင် ဖုဟွိုက်အန်းကဲ့သို့ ဉာဏ်ကောင်းသောသူအနေနှင့် သူ(မ)၏ ‘စိတ်ရင်းမှန်’ကို နားလည်လိမ့်မည်ပင်။
လင်းနွမ်မှာ ရှက်လွန်းလှသဖြင့် ဖုဟွိုက်အန်း၏ နက်ရှိုင်းသောအကြည့်များကို ရင်မဆိုင်ရဲပေ။ ဖုဟွိုက်အန်း၏ ပြင်းပြသောအသက်ရှုသံများက သူ(မ)နှင့်ပိုမိုကာ နီးကပ်လာသည်ကို ခံစားမိချိန်တွင် လင်းနွမ်မှာ စိတ်လှုပ်ရှားသွားပြီး နီရဲနေသော မျက်လုံးများနှင့် ညအိတ်ဝတ်စုံ၏ အနားစများကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။
“လင်းနွမ်...”
ဖုဟွိုက်အန်း၏ နှုတ်ခမ်းများက သူ(မ)၏နားရွက်ဖျားအနီးသို့ တိုးကပ်လာခဲ့ပြီး သူ၏ဩရှရှအသံဖြင့် သူ(မ)နာမည်ကို ခေါ်လိုက်သည်အား ကြားလိုက်ရချိန်တွင် လင်းနွမ်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သူ(မ)ခန္ဓာကိုယ်က ကျုံ့ဝင်သွားခဲ့သလို နားရွက်များလည်း ရဲတက်သွားရသည်။
*****
Aurora Novel Translation Team
(TN/ ဆေးလိပ်သောက်ရင် ဖုဟွိုက်အန်းလို ချောမလာနိုင်ဘူးနော်၊ ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်က အခြားလူတွေရော ရောဂါပဲရလိမ့်မယ်။ ဆေးလိပ်မသောက်ကြပါနဲ့ အချစ်လေးတို့။)