ထွမ်းထွမ်းလေး၏ ပါးစပ်က ရေခဲမုန့်ကို စားနေခဲ့သော်လည်း သူ၏မျက်လုံးများက မျက်နှာချင်းဆိုင် စားပွဲခုံတွင် နေရာယူထားသော သားအမိနှစ်ဦးထံသို့ ရောက်နေလေသည်။ အတိအကျ ပြောရလျှင်တော့ ထိုကောင်လေး၏ မျက်နှာပေါ်တွင် ရေခဲမုန့်များ ပေကျံနေခဲ့ပြီး ကောင်လေး၏မိခင်က ရယ်ရယ်မောမောဖြင့် သူ(မ)သားငယ်၏ ပါးစပ်တစ်ဝိုက်ကို သန့်စင်သွားအောင် တစ်ရှူးစနှင့် သုတ်ပေးနေသော မြင်ကွင်းကိုပင်ဖြစ်သည်။ ထွမ်းထွမ်းလေးမှာ ထိုအခြင်းအရာကို ကြည့်နေရင်းမှ သူ၏နှလုံးသားလေး နာကျင်လာသလို ခံစားလိုက်ရသည်။
သူက လင်းနွမ်ကို ခိုးကြည့်လိုက်ပြီး ရင်ဘတ်တစ်ခုလုံး လေးလံနေသလို ခံစားလာရသည်။ သူသည်လည်းပဲ ထိုကောင်လေးနည်းတူ မျက်နှာပေါ်တွင် ရေခဲမုန့်များ ပေနေခဲ့သည်ကိုး။
ထွမ်းထွမ်းလေးက ဂရုစိုက်မခံရသဖြင့် ပေါ်လာခဲ့သော နာကျင်နေမှုကို ဘေးပို့လိုက်ပြီး ရေခဲမုန့်အား နောက်တစ်ဇွန်းထပ်ကာ ခပ်ယူလိုက်ရန် ခေါင်းငုံ့လိုက်ချိန်တွင် နူးညံ့သွယ်လျသော လက်တစ်ဖက်က သူ၏ခေါင်းလေးကို မော့စေလိုက်သည်။
သူမော့ကြည့်လိုက်ချိန်တွင် ထိုလက်ပိုင်ရှင်က လင်းနွမ်ဖြစ်နေခဲ့ပြီး တစ်ရှူးစဖြင့် သူ၏ပါးစပ်ကို ညင်ညင်သာသာလေး သုတ်ပေးနေသည်ကို တွေ့လိုက်ရသည်ပင်။
"ဖြည်းဖြည်းစား။ သားမျက်နှာပေါ်မှာ ပေကျံကုန်ပြီ။"
လင်းနွမ်၏အသံက အရမ်းကိုပင် နားထောင်ကောင်းကာ နူးညံလှသည်။ ထွမ်းထွမ်းလေး သူ(မ)၏အသံကို ရေဒီယိုမှ ပထမဆုံးအကြိမ် ကြားဖူးခဲ့စဉ်ကအတိုင်း ပြောင်းလဲမှုမရှိပေ။ ညင်သာလှသော ထိုအသံက နားထောင်မိသူတိုင်းကို နွေးထွေးမှုများနှင့် ပြည့်နှက်သွားစေသည်။
"ဟုတ်..."
ထွမ်းထွမ်းလေးက လိမ်လိမ်မာမာပင် ပြန်ဖြေလိုက်သော်လည်း လင်းနွမ်ပြောသလို ဖြည်းဖြည်းမစားခဲ့ချေ။ သူ၏မျက်နှာတွင် ရေခဲမုန့်များ ပေကျံသွားလေတိုင်း လင်းနွမ်က တစ်ရှူးဖြင့် ညင်ညင်သာသာလေး သုတ်ပေးသည်ကို သဘောကျနေသဖြင့် ဆက်တိုက်ပင် လုပ်နေလေသည်။ သူ၏မားမားက သူ့ကိုချစ်ခင်ကာ အလိုလိုက်နေသည်ဟု ခံစားရသောကြောင့်ပင်။
ပိုင်ရှောင်းနျန်က လင်းနွမ်နှင့် ထွမ်းထွမ်းလေးတို့၏ တစ်ဖက်ခြမ်းတွင် နေရာယူထားပြီး အအေးပိုက်ကိုကိုက်ကာ အလုပ်ရှုပ်နေကြသော သူတို့နှစ်ယောက်ကို ထိုင်ကြည့်နေလေသည်။ သူ(မ)က ရှည်လျားသော ခြေတံရှည်များကို တစ်ဖက်ချိတ်ကာ ထိုင်လိုက်ပြီး မျက်နှာပေါ်တွင်တော့ စိတ်ရှုပ်ထွေးနေသော အမူအရာကို ချိတ်ဆွဲထားလေသည်။
"နင်တကယ်ပဲ ဖုဟွိုက်အန်းနဲ့ ယူတော့မလို့လား။"
မည်သည့်ကိစ္စမဆို နားလည်မှုရှိသော ပိုင်ရှောင်းနျန်ပင်လျှင် လင်းနွမ်၏ ဆုံးဖြတ်ချက်က အလျင်လိုလွန်းသည်ဟု ခံစားနေရသည်။
လင်းနွမ်က ဤကိစ္စကို ဆုံးဖြတ်ထားပြီဖြစ်ကြောင်း ပိုင်ရှောင်းနျန်အား ခေါင်းညိတ်ပြလိုက်သည်။ လင်းနွမ်က ဉာဏ်ကောင်းသူဖြစ်သည်ကို ပိုင်ရှောင်းနျန်လည်း သိထားသည်ပင်။ ကုဟန်ရန်က သူ(မ)ကို အသုံးချနေခြင်းဖြစ်ကြောင်း လင်းနွမ်ကိုယ်တိုင်လည်း သတိပြုမိမည်ကို သူ(မ)သိပါ၏။ သို့သော်လည်း ပြဿနာမှာ လင်းနွမ်က ကုဟန်ရန်၏အချိုးကို သိသိကြီးနှင့်ပင် ဝိန်မော့ရှန်အတွက်ဆိုလျှင် ဘာမဆိုလုပ်မည်ဟု ခေါင်းကြောမာစွာ ဆုံးဖြတ်ထားခဲ့ပြီး ကုဟန်ရန်မှ သူ(မ)အားအသုံးချသည်ကို ခံနေခြင်းဖြစ်သည်။ ပိုင်ရှောင်းနျန်က လင်းနွမ်အား မေးလိုက်သည်။
"ဒါဆိုရင် နင့်ပျော်ရွှင်မှုကိုရော ဘယ့်နှယ်လုပ်မှာလဲ။ လင်းမိသားစုက နင့်အတွက်ဆိုပြီး စီစဉ်ပေးထားတဲ့ ဂုဏ်သရေရှိ သတို့သားလောင်းကိုရော ဘယ်လိုလုပ်မှာလဲ။"
"အဲဒီသတို့သားလောင်းက လင်းမိသားစုရဲ့ သမီးအတွက် ပြင်ဆင်ပေးထားတဲ့သူလေ။ အဲ့တော့ လင်းမိသားစုရဲ့ တရားဝင်သမီးကပဲ သူနဲ့လက်ထပ်ပြီး ကုမိသားစုထဲ ဝင်သွားရမှာပေါ့။"
လင်းနွမ်က ဆက်မပြောတော့။ ကုမိသားစုအနေနှင့်လည်း စိတ်မမှန်သော အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူကို သူတို့မိသားစု၏ တစ်ဦးတည်းသော သားရတနာလေးနှင့် လက်ထပ်ပေးစားရန်အား လက်ခံလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ပိုင်ရှောင်းနျန်မှာ လင်းနွမ်၏ စိတ်နေစိတ်ထားက မည်သို့ရှိသည်ကို သိသူဖြစ်နေသည်။ အဓိအကြောင်းအရင်းမှာ ကုမိသားစု၏ သခင်လေးအပေါ်တွင် လင်းနွမ်က မည်သည့်ခံစားချက်မှ မရှိသောကြောင့်ဖြစ်၏။ ထိုသို့မဟုတ်ပါက လင်းနွမ်အနေဖြင့် ထိုမျှအေးတိအေးစက်ဆန်သော စကားများကို ပြောလိမ့်မည်မဟုတ်ပေ။ အခြားသူကို မကြည့်သေးဘဲ ဝိန်မော့ရှန်ကိုသာ ဥပမာထားလိုက်လျှင် ခန့်မှန်း၍ရပြီဖြစ်သည်။
"တကယ်တန်လို့လား...ဝိန်မော့ရှန်တစ်ယောက် အတွက်နဲ့လေ။"
ပိုင်ရှောင်းနျန်က လင်းနွမ်အား ထပ်မေးလိုက်သည်။ သူ(မ)၏လှပသော မျက်ခုံးတန်းများက တွန့်ချိုးနေခဲ့ပြီး ထိုအမူအရာအရ ထိုမျှအထိလုပ်ရန် မတန်ဟူ၍ ယူဆထားသည်မှာ သိသာလှပေသည်။ လင်းနွမ်က အကြည့်များကို ကြမ်းပြင်ဆီပို့ကာ ခပ်ဖျော့ဖျော့လေး ရယ်မောလိုက်သည်။
"မတန်ဘူးဆိုရင်တောင် ငါက မော့ရှန်ရဲ့ညီကို အကြွေးတင်နေတုန်းပဲလေ။ ဒါပြီးသွားရင်တော့ သူ့ဘက်ကနေ ရန်ငြိုးဆက်မထားဖို့ မျှော်လင့်ရမှာပဲ။"
"အေး အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ဆက်လိမ်နေလိုက်။"
ပိုင်ရှောင်းနျန်က ပြိုင်မပြောတော့ဟု ဆုံးဖြတ်လိုက်သည့်အတိုင်း သက်ပြင်းချလိုက်သည်။ သူငယ်ချင်းဖြစ်သူ၏ လက်လျှော့လိုက်မှုနှင့် ရင်ဆိုင်ရလိုက်သည်တွင် လင်းနွမ်က ခေါင်းငုံ့လိုက်ပြီး တိုးဖွဖွလေး ရယ်လိုက်သည်။ သူ(မ)၏မျက်နှာကတော့ ခံစားချက်မရှိတော့သလို ဗလာဖြစ်နေခဲ့သည်ပင်။
လင်းနွမ်ဘဝထဲရှိ လူများကြားတွင် ပိုင်ရှောင်းနျန်က ဝိန်မော့ရှန်အပေါ်ထားရှိသော လင်းနွမ်၏ ကျေးဇူးတင်စိတ်ကို မည်သို့သတိမပြုမိဘဲ နေလိမ့်မည်နည်း။ သို့သော်လည်း ဤကိစ္စတစ်ခုလုံးက လင်းနွမ်အနေဖြင့် မိမိကိုယ်ကိုပြန်ကာ လိမ်ညာနေခဲ့ခြင်း မဟုတ်ခဲ့ပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် လင်းနွမ်က သူ(မ)ကိုယ်သူ(မ)ပြန်ကာ သတိပေးလိုက်ခြင်းသာ။ လက်လွှတ်ပေးလိုက်ရန် အချိန်သင့်ပြီဟု ခံစားလိုက်ရသောကြောင့်ပင်။ ဝိန်မော့ရှန်နှင့် သူ(မ)၏အတိတ်စာမျက်နှာကို ပစ္စုပန်သို့ ဆွဲမခေါ်တော့ဘဲ တစ်နေရာတွင် ထားရစ်ခဲ့ရန် အချိန်ကျလာပြီဟု။ ဖုဟွိုက်အန်းနှင့် ဆက်ဆံရေးက ရှေ့လျှောက်ဆက်ကာ မည်သို့ဖြစ်မည်ကို သူ(မ)မသိသော်လည်း ဝိန်မော့ရှန်ကတော့ ဤနေရာတွင်သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။
သုံးနာရီနှင့် မိနစ်နှစ်ဆယ် အတိအကျတွင် လင်းနွမ်၏ဖုန်းက မြည်သံပေးလာခဲ့သည်။ ခေါ်ဆိုသူကတော့ နှစ်ယောက်မရှိသည့် ဖုဟွိုက်အန်းပင်။
"ငါသွားရတော့မယ်..."
လင်းနွမ်က လက်ကိုင်အိတ်ကို ကောက်ကိုင်လိုက်ပြီး ရေခဲမုန့်ခွက်ကို အပြီးသတ်ပြီးပြီဖြစ်သော ထွမ်းထွမ်းကိုကြည့်ကာ ပြောလိုက်သည်။
"ထွမ်းထွမ်းရေ။ တို့တွေသွားကြစို့။ သားရဲ့ပါးပါး ရောက်လာပြီ။"
"ဟုတ်။"
ထွမ်းထွမ်းလေးက လင်းနွမ်၏ ဆော်ဩမှုကို လိမ်လိမ်မာမာပင် ခေါင်းညိတ်လိုက်သည်။
ပိုင်ရှောင်းနျန်က ရေခဲမုန့်ဆိုင်ထဲတွင် ထိုင်နေရာမှ ထွမ်းထွမ်းလေးအား ချီထားလျက်ဖြင့် လမ်းတစ်ဖက်ဘေးတွင် ပါကင်ထိုးထားသော အနက်ရောင် Bentley ကားဆီသို့ လျှောက်လှမ်းသွားသည့် လင်းနွမ်၏ပုံရိပ်ကို လှမ်းကြည့်နေခဲ့သည်။
နေရောင်အောက်တွင် ဖုဟွိုက်အန်းက ကားနောက်ပိုင်းကို ကျောဖြင့်မီကာ မတ်တတ်ရပ်နေခဲ့ပြီး သူ၏နှုတ်ခမ်းများကြားတွင် မီးခိုးတလူလူထနေသော စီးကရက်တစ်လိပ်ကို ခဲထားလေသည်။ နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်ဘက်မှ ကြယ်သီးများကို ဖွင့်ထားသဖြင့် အောက်ခံဝတ်ထားသော ကျော့ကော့နေအောင် မီးပူတိုက်ထားသည့် ရှပ်အဖြူရောင်ကို မြင်နေရပေသည်။ သူကလည်စည်းတော့ မစည်းထားခဲ့ချေ။
သူ၏ကိုယ်ဟန်အမူအရာက သေချာကောင်းမွန်စွာ ပြုစုပျိုးထောင်ထားသော ဉာဏ်ရည်မြင့်မားကာ ထက်မြက်လှသည့် ဦးဆောင်သူတစ်ဦးဟု ပေါ်လွင်စေပြီး သူ့ကိုကြည့်မိရုံနှင့် လူအများအပြားကို အလိုလိုနေရင်း ရှိန်စေသည်ပင်။
ပိုင်ရှောင်းနျန်က ချိတ်ထားသောခြေထောက်ကို ဘက်ပြောင်းလိုက်ပြီး မေးကိုထောက်ကာ ဆက်ကြည့်နေလိုက်သည်။ အခြားအရာများကို ထည့်မတွက်ဘဲ ဤသို့သာကြည့်ပါက ဖုဟွိုက်အန်းနှင့် လင်းနွမ်က လိုက်ဖက်လှသည်ဟု ယူဆနိုင်ပေသည်။
ပိုင်ရှောင်းနျန်သည်လည်း ဖုဟွိုက်အန်းနှင့် ပတ်သက်ကာ အမျိုးမျိုးသော ကောလာဟလများကို ကြားဖူးပေသည်။ ထိုအမျိုးသားက အေးစက်သူဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးများပေါ်တွင် အေးတိအေးစက် ဆက်ဆံသူဟု ကြားခဲ့ဖူးသည်။ လူအများစုက ရှေ့နေလောကမှ ဖုဟွိုက်အန်း၏ ဂုဏ်သတင်းကို သတိပြုမိ၍ ချဉ်းကပ်ကြရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ နည်းလမ်းဘောင်ကျော်ကာ ကြိုးစားသူများဆိုလျှင် ဆိုးဝါးသော အဆုံးသတ်များ ကြုံတွေ့ခဲ့ရသည်ဟု ပြောကြသည်ပင်။
သို့သော်လည်း အဘယ်အကြောင်းကြောင့် ကုဟန်ရန်က အဘက်ဘက်မှ ထူးချွန်ပြောင်မြောက်လှပြီး သူ(မ)ကိုလည်း လက်ထပ်လိုစိတ်ရှိသော ဖုဟွိုက်အန်းအား ငြင်းဆန်ရသနည်း။ ထပ်ပေါင်းပြောရလျှင် မည်သည့်အတွက်ကြောင့် သူ(မ)ကိစ္စတွင် ကူညီပေးရန် လင်းနွမ်ကိုမှရွေးကာ အကူအညီတောင်းခဲ့သနည်း။
(T/N - ဖုဟွိုက်အန်းက ကုဟန်ရန်နဲ့လက်ထပ်ဖို့သဘောတူတယ်ဆိုတာ သူ့အကြံနဲ့သူရှိပါတယ်။ လင်းနွမ်နဲ့နီးစပ်အောင်ဆိုတဲ့ အကြံဆိုးကြီးပါ 🤭)
*****
Aurora Novel Translation Team