no

Font
Theme

လင်းနွမ်က စကားထပ်မပြောခင် မိမိကိုယ်ကို စိတ်ငြိမ်သွားရန် ပြန်ထိန်းလိုက်ပြီး ဖုဟွိုက်အန်းအား မေးလိုက်လေသည်။


"ဘာဖြစ်လို့ ဒီလောက်နောက်ကျမှ ကလေးကိုခေါ်ပြီး ရောက်လာရတာလဲ။"


လင်းနွမ်၏အမေးကို ဖုဟွိုက်အန်းက လေသံမပြောင်းဘဲ ပေါ့ပေါ့ပါးပါးပင် အဖြေပေးလိုက်သည်။


"ထွမ်းထွမ်းက ဒီကိုလာပြီးတော့ မင်းကိုတွေ့ချင်တယ်ဆိုလို့..."


ထိုသူ့စကားကြောင့် လင်းနွမ်တစ်ယောက် ချစ်ဖို့ကောင်းလှပြီး လိမ္မာစွာဖြင့် သူ(မ)၏‌နံဘေးတွင် မတ်တတ်ရပ်နေသော လူသားလေးကို ငုံ့ကြည့်လိုက်သည်။


ထို့နောက် ထွမ်းထွမ်းလေး၏ ခြေထောက်လေးများနှင့် ကြမ်းပြင်အကြားတွင် ခြေအိတ်လေးများသာ ခံထားခြင်းဖြစ်သည်ကို သတိပြုမိသွားသဖြင့် ကလေးခြေဖဝါးများ အေးနေလိမ့်မည်ကို စိုးရိမ်သွားခဲ့သည်။ ထို့ကြောင့် ထွမ်းထွမ်းကိုချီကာ တစ်ယောက်ထိုင်ဆိုဖာပေါ်တွင် နေရာချပေးလိုက်သည်။


လင်းနွမ်ထံသို့ အမျိုးသားဧည့်သည်ရော ကလေးဧည့်သည်ပါ မလာဖူးသဖြင့် တစ်အိမ်လုံး၌ အမျိုးသားစီး အိမ်တွင်းဖိနပ်ပါးရော ကလေးစီးဖိနပ်ပါးပါ ရှိမနေခဲ့ချေ။ သူ(မ)၏ဖိနပ်စင်ကို မွှေနှောက်ပြီးချိန်တွင် အမျိုးသမီးစီး အိမ်တွင်းဖိနပ်ပါးတစ်ရံကို ရှာတွေ့သွားခဲ့ပြီး ထွမ်းထွမ်းလေးကို စီးပေးလိုက်သည်။


ဖိနပ်များက ထွမ်းထွမ်းလေး၏ ခြေထောက်များထက် ပိုကြီးနေခဲ့သော်လည်း အနည်းဆုံးတော့ အလုပ်ဖြစ်ကာ ခြေဖဝါးအေးခြင်းမှ ကာကွယ်ပေးနိုင်သည်ပင်။


ထွမ်းထွမ်းလေး၏ မျက်လုံးများက လင်းနွမ်သွားရာကို လိုက်နေခဲ့ပြီး သူ(မ)၏လှုပ်ရှားမှုများကို လိုက်ကြည့်နေခဲ့သည်။ လင်းနွမ်က ကိုယ်ကိုကိုင်းကာ သူ့အားဖိနပ်စီးပေးချိန်တွင် သူ(မ)၏‌ရေမခြောက်သေးသော ဆံနွယ်တချို့က နဖူးပေါ်သို့ ဝဲကျလာသည်ကို မြင်လိုက်ရသဖြင့် ထွမ်းထွမ်းလေးက ကူညီသည့်အနေဖြင့် သူ၏လက်ချောင်းတိုလေးများနှင့် လင်းနွမ်၏ဆံပင်များကို နားရွက်နောက်ဘက်သို့ ပို့ပေးလိုက်သည်။ သို့သော်လည်း သူ၏ရုတ်တရက်ဆန်သော ထိတွေ့မှုကြောင့် လင်းနွမ်စိတ်ခုသွားမည်ကို စိုးရိမ်နေသဖြင့် ထွမ်းထွမ်းလေးက ချစ်စဖွယ်‌အသံလေးနှင့် လင်းနွမ်အား ခပ်တိုးတိုးလေး ခေါ်ကြည့်လိုက်သည်။


"မားမား...ဆံပင်က..."


ဖိနပ်စီးပေးပြီးသွားသည့် လင်းနွမ်က ထွမ်းထွမ်းလေးကို မော့ကြည့်လိုက်ပြီး သူ၏ချစ်စရာကောင်းသည့် အပြုအမူလေးကြောင့် ပြုံးသွားခဲ့သည်။ သူ(မ)က ရေစိုနေဆဲ ဆံပင်များကို စုသိမ်းလိုက်ပြီး ညင်သာသောအသံနှင့် ထွမ်းထွမ်းလေးအား မေးမြန်းလိုက်သည်။


"နွားနို့သောက်မလား။"


ထွမ်းထွမ်းလေးက သူ၏မားမားအား ပျော်ရွှင်စွာနှင့် ခေါင်းညိတ်ပြလိုက်သည်။


ထိုအခိုက်အတန့်တွင် လင်းနွမ်၏ မျက်လုံးများက ဖုဟွိုက်အန်း၏ ခြေထောက်ဆီသို့ ရောက်သွားခဲ့ရာ ထိုအမျိုးသားက သူ၏ပြောင်လက်ကာ တောက်ပနေသော အီလတီနိုင်ငံထုတ် အကောင်းစားတံဆိပ် လက်လုပ်ရှူးဖိနပ်ဖြင့် သူ(မ)၏အညိုရောင်ကော်ဇောကို မျက်နှာပြောင်စွာဖြင့် နင်းထားသည်အား သတိပြုမိသွားခဲ့သည်။


လင်းနွမ်၏ နှုတ်ခမ်းထောင့်များက မကျေမနပ်ဖြင့် တွန့်ကွေးသွားရသည်။ ဖုဟွိုက်အန်း၏ အပြုအမူများက သူစောင့်ရှောက်ကာ ပျိုးထောင်နေသော ကလေးလောက်ပင် မကောင်းရှာပေ။ ထွမ်းထွမ်းလေးကဲ့သို့ ငါးနှစ်ပင်မပြည့်သေးသော ကလေးငယ်လေးသည်ပင် အခြားလူတစ်ယောက်၏ အိမ်ထဲသို့ဝင်ချိန်၌ ဖိနပ်ချွတ်ခြင်းက အခြေခံထားရှိသည့် ယဉ်ကျေးမှုဖြစ်ကြောင်း သိရှိနားလည်နေသည်ပင်။


"လူကြီးမင်းဖု...လက်ဖက်ရည်သောက်မလား ဒါမှမဟုတ်ရင် ရိုးရိုးရေပဲ သောက်မလားရှင့်။ ကျွန်မအိမ်မှာ လတ်လတ်ဆတ်ဆတ် ကြိတ်ထားတဲ့ကော်ဖီမှုန့် မရှိလို့လေ။"


လင်းနွမ်အနေဖြင့် ဖုဟွိုက်အန်းက သူ၏နေထိုင်မှုဘဝတွင် ထိုသို့အသေးစိတ်ကျသော ကိစ္စလေးများကို ဂရုတစိုက်ရှိသောသူမျိုး ဖြစ်လောက်သည်ဟူ၍ ခံစားနေရသည်။ သူကဲ့သို့လူက အသင့်ဖျော်ကော်ဖီများထက် လတ်လတ်ဆတ်ဆတ် လှော်ကြိတ်ထားသော ကော်ဖီမျိုးကို သောက်သုံးရသည်အား ပိုသဘောကျလိမ့်မည်။ အသင့်ဖျော်ကော်ဖီနှင့် ဧည့်ခံခြင်းက သူ၏စံနှုန်းအရ အဆင်ပြေမည်မဟုတ်ပေ။


လင်းနွမ်ထံတွင် ရိုးရိုးရေသန့်ရှိပြီး ပြီးခဲ့သည့်တစ်ခေါက် လျန်မုလန် သူ(မ)ထံသို့ အလည်လာစဉ်က ဝယ်လာပေးခဲ့သော လက်ဖက်ခြောက်များ ကျန်ရှိနေသေးသည်။ ထိုလက်ဖက်ခြောက်များက ဈေးမနည်းလှသလို အနံ့အရသာလည်း ကောင်းမွန်လှပေရာ ဖုဟွိုက်အန်းအတွက် လက်ခံနိုင်လောက်သည့် အတိုင်းအတာထဲတွင် ပါဝင်လောက်ပေသည်။


"ရိုးရိုးရေ။"


ဖုဟွိုက်အန်းက လင်းနွမ်၏ သရော်သံစွက်သော မေးခွန်းအား မည်သို့မျှပင် မတုံ့ပြန်လိုက်ဘဲ ထူးမခြားနားသည့် မျက်နှာပေးဖြင့်ပင် ပြန်ဖြေလိုက်လေသည်။


လင်းနွမ်က မီးဖိုချောင်ရှိရာသို့ လျှောက်သွားလိုက်ပြီး ဖုဟွိုက်အန်းအတွက် ရိုးရိုးရေသန့်နှင့် ထွမ်းထွမ်းလေးအတွက် နွားနို့ထည့်ပေးရန် ဟန်ပြင်လိုက်သည်။


ထွမ်းထွမ်းလေးက သူ၏လက်နှစ်ဖက်ကို ဆိုဖာပေါ်သို့ထောက်ကာ ခုန်ချရလွယ်ရန် အားပြုလိုက်ပြီး အမှန်တကယ်ပင် သူအဆင်ပြေသလို ခုန်ဆင်းလာခဲ့သည်။ ဤသို့ဖြင့် သူ၏ခြေထောက်ထက် ပိုမိုကြီးမားနေသော အိမ်တွင်းစီးဖိနပ်ကို စီးထားလျက်ပင် ထွမ်းထွမ်းလေးက လင်းနွမ်နောက်သို့ လိုက်လာခဲ့ပြီး သူ၏ယိမ်းယိုင်နေသော ခြေလှမ်းများကို ကြည့်ရသည်မှာ အချိန်မရွေးပင် ချော်လဲတော့မည်ဟု ထင်မှတ်ရပေသည်။


လင်းနွမ်မှာ ရှော့ရသွားခဲ့ပြီး လဲကျမတတ်ဖြစ်နေသော ထွမ်းထွမ်းလေးအား အလျင်အမြန်ပင် ကောက်ချီလိုက်ကာ မီးဖိုချောင်ထဲသို့ ခေါ်သွားလိုက်သည်။ ထွမ်းထွမ်းလေးမှာ သူ၏မားမားဆီမှ အချီခံလိုက်ရတာကြောင့် အလွန်ပျော်ရွှင်သွားခဲ့ပြီး စိတ်ပျော်နေသဖြင့် နားရွက်လေးများပင် နီလာခဲ့လေသည်။


လင်းနွမ်က ရေခဲသေတ္တာကိုဖွင့်ကာ အတွင်းတွင်ရှိနေသော ပစ္စည်းများထဲမှ နွားနို့ဘူးအား ရှာဖွေနေချိန်တွင် ထွမ်းထွမ်းလေးက သူ(မ)၏ခြေထောက်များဘေးတွင် မတ်တတ်ရပ်လိုက်ကာ ခေါင်းလေးကိုမော့ပြီး ပစ္စည်းရှာနေသော လင်းနွမ်အား ကြည့်လိုက်လေသည်။ ရေခဲသေတ္တာမှ ထွက်လာခဲ့သော လေအေးအေးများက ခုနကအထိပင် ပူနေခဲ့သော သူ၏နားရွက်လေးများကို ပြန်လည်ကာ အေးမြသွားစေသည်။


သူ၏ကြီးမားသော မျက်လုံးဝိုင်းများက လင်းနွမ်၏ ရေခဲသေတ္တာထံတွင် ကပ်ငြိနေခဲ့ပြီး ထွမ်းထွမ်းလေးမှာ ပစ္စည်းများကိုကြည့်ကာ ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။


ထိုအခိုက်အတန့်တွင် လင်းနွမ်က နွားနို့ဘူးအား ရှာတွေ့သွားခဲ့ပြီး ထွမ်းထွမ်းလေး သောက်ရအဆင်ပြေစေရန် အိုးအသေးတစ်အိုးတွင် အရင်ထည့်ကာ အပူပေးလိုက်သည်။ ထို့နောက်တွင်တော့ သူ(မ)က ဖုဟွိုက်အန်းအတွက် ရိုးရိုးရေတစ်ခွက်ကို ငှဲ့လိုက်လေသည်။


"ဂလွီ~"


လင်းနွမ်က နွားနို့အိုးကို စောင့်နေချိန်မှာပင် ထွမ်းထွမ်းလေးဗိုက်မှ ထွက်လာခဲ့သော ဆာလောင်သံကို ခပ်ဖျော့ဖျော့လေး ကြားလိုက်ရလေသည်။ ထွမ်းထွမ်းလေးမှာ ချက်ချင်းဆိုသလိုပင် ရှက်သွားခဲ့ပြီး သူ၏သေးငယ်ကာ နူးညံ့လှသော မျက်နှာလေးက ပူတက်လာသလို ခံစားလိုက်ရသည်။


လင်းနွမ်က ခေါင်းကိုငုံ့ကာ သူ့အားကြည့်လာသည်ကို တွေ့လိုက်ရချိန်တွင် ထွမ်းထွမ်းလေး၏ လက်ကလေးများက သူ၏ဗိုက်ကလေးကို လင်းနွမ်၏ အကြည့်များထံမှ ကာကွယ်သည့်နှယ် ဖုံးအုပ်လိုက်လေသည်။ သူ၏အပြုအမူကို ကြည့်ရသည်မှာ သူ့အနေဖြင့် သူ၏ဝမ်းဗိုက်လေးအား မားမားဖြစ်သူ မမြင်ရတော့အောင် ကာကွယ်ထားလိုက်ပါက ထွက်လာသည့်အသံကိုပါ မကြားရလောက်တော့ဟု တွေးထင်ထားပုံပင်။


"ဂွီ..."


သို့သော်လည်း ထွမ်းထွမ်းလေး၏ အစာအိမ်လေးက ဆက်တိုက်ဆိုသလို အော်မြည်လာခဲ့ပြီး သူ့အား မျက်နှာသာ မပေးခဲ့ချေ။ ထိုအစား မြည်သံက တဖြည်းဖြည်းနှင့် ပထမတုန်းကထက်ပင် ပိုကျယ်လာခဲ့သည်။ လင်းနွမ်မှာ ရယ်ချင်စိတ်ကို အသာဖျောက်လိုက်ပြီး ထွမ်းထွမ်းလေးအား မေးလိုက်လေသည်။


"ဗိုက်ဆာနေတာလား။"


ထွမ်းထွမ်းလေးက သူ၏မားမားကို ခေါင်းညိတ်ပြလိုက်သည်။


ကလေး၏အဖြေကြောင့် လင်းနွမ်က ဖုဟွိုက်အန်းအတွက် ငှဲ့ထားသောရေခွက်ကို အောက်ပြန်ချလိုက်ပြီး ရေခဲသေတ္တာအား နောက်တစ်ခါထပ်ကာ ဖွင့်လိုက်လေသည်။


ကံကောင်းထောက်မစွာဖြင့် လျန်မုလန်၏ အသေအချာ ဂရုစိုက်မှုအောက်တွင် လင်းနွမ်၏ ရေခဲသေတ္တာက အမြဲတမ်းလိုလိုပင် လတ်ဆတ်သော ဟင်းချက်စရာများနှင့် ပြည့်နှက်နေတတ်သည်။


လင်းနွမ်က ထွမ်းထွမ်းလေးကို ဆိုဖာပေါ်တွင်ပြန်ကာ နေရာချပေးလိုက်ပြီး ဖုဟွိုက်အန်အား ‌သူတောင်းဆိုသည့်အတိုင်း ငှဲ့လာခဲ့သော ရိုးရိုရေတစ်ခွက် ကမ်းပေးလိုက်သည်။ ထို့နောက်တွင်တော့ သူ(မ)က မီးဖိုချောင်ထဲသို့ နောက်ထပ်တစ်ခါ ပြန်ဝင်သွားခဲ့ပြီး ထွမ်းထွမ်းအတွက် နွားနို့ပူပူလေးကို ဖန်ခွက်တစ်ခွက်နှင့် ထည့်ပေးလိုက်သည်။


နွားနို့၏အပူချိန်က အနေတော်ပင်ဖြစ်ကာ ထွမ်းထွမ်းလေးက နွားနို့ခွက်အား လက်ကလေးနှစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ပြီး နည်းနည်းချင်းစီ သောက်လိုက်လေသည်။ သူ့အား လင်းနွမ်က ကြက်ဥခေါက်ဆွဲ စားချင်သလားဟု မေးမြန်းလာသည်ကို ကြားလိုက်ရချိန်တွင် ထွမ်းထွမ်းလေးက နှုတ်ခမ်းတစ်ဝိုက်တွင် နွားနို့များကပ်ကာ ပေကျံနေသော မျက်နှာလေးနှင့် လင်းနွမ်အား မော့ကြည့်လိုက်သည်။ ထွမ်းထွမ်းလေးက သူ၏လျှာလေးကိုထုတ်ပြီး နှုတ်ခမ်းထက်မှ နွားနို့များကို ကုန်စင်သွားသည်အထိ လျက်လိုက်ပြီးနောက် နွားနို့ခွက်လေးကို တင်းတင်းဆုပ်ကာ လင်းနွမ်၏အမေးကို ပြန်ဖြေလိုက်သည်။


"ဟုတ်။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment