no

Font
Theme

"ငါ့ကိုကူပြီး ထွမ်းထွမ်းကို ခဏလောက်လေး ကြည့်ထားပေးဦး။ ငါရေချိုးမလို့။"


လင်းနွမ်က ထိုင်နေရာမှထကာ အကြောလျှော့လိုက်ပြီး ပိုင်ရှောင်းနျန်ကို အကူအညီတောင်းလိုက်သည်။


"ခဏလောက်ဖြစ်ဖြစ် အိပ်လိုက်ပါလား။ နိုးလာတော့မှပဲ ရေချိုးလိုက်လေ။"


ပိုင်ရှောင်းနျန်က လင်းနွမ်၏ မျက်နှာပေါ်မှ ဖြူဖျော့နေသော အရိပ်အယောင်များကို မြင်နေရသဖြင့် လေသံကိုတိုးကာ အကြံပေးလိုက်၏။ လင်းနွမ်က ထိုသို့လုပ်ရန် အဆင်မပြေကြောင်း ခေါင်းခါပြလိုက်ပြီး ပိုင်ရှောင်းနျန်ကို ရှင်းပြလိုက်သည်။


"လက်ထပ်မှတ်ပုံတင်လုပ်ဖို့ ဖုဟွိုက်အန်းက ၈ နာရီထိုးရင် ငါနဲ့ထွမ်းထွမ်းကို လာကြိုမယ်လို့ပြောထားတယ်။"


လင်းနွမ်၏အဖြေကို ကြားလိုက်သည်တွင် ပိုင်ရှောင်းနျန်က စိတ်ပူပန်နေသော အမူအရာဖြင့် ပြောလာခဲ့သည်။


"လင်းနွမ် နင်ဒီကိစ္စကို နည်းနည်းလေးတောင်မှ ထပ်စဉ်းစားတော့ဘူးလား။"


လင်းနွမ်၏ သူငယ်ချင်းအနေဖြင့် ပိုင်ရှောင်းနျန်က လင်းနွမ်ကဲ့သို့ လှပသွက်လက်ကာ ချစ်ခင်စရာကောင်းသူက သူ(မ)အမှန်တကယ် ချစ်မြတ်နိုးရသူနှင့် ပေါင်းဖက်ရသင့်သည်ဟု ခံယူထားပေသည်။ တစ်ဖက်လူက ဝိန်မော့ရှန်မဟုတ်လျှင်ပင် လင်းနွမ်အတွက် ဖုဟွိုက်အန်းထက် သင့်တော်သည့်သူများ ရှိနေမည်မှာ အမှန်တရားပင်ဖြစ်၏။ လင်းနွမ်က ထိုစကားများကို ကြားလိုက်သော်လည်း ပိုင်ရှောင်းနျန်အား ပြန်မဖြေချေ။


သူ(မ)က ဖုဟွိုက်အန်းအား ယင်ဖိုပင်မသန်းဖူးသော သန့်ရှင်းသည့်ခန္ဓာကိုယ်ကို ပေးအပ်ခဲ့ပြီဖြစ်ရာ အခုအချိန်မှ သေချာပြန်စဉ်းစားလျှင်ပင် မည်သို့ထူးခြားသွားမည်နည်း။ ဖြစ်ပျက်ပြီးသမျှက သူ(မ)ကိုယ်တိုင် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်များဖြစ်ရာ မည်သူ့ကိုမှ အပြစ်ဖို့နေ၍မရပေ။


ဖုဟွိုက်အန်းက ရှေ့နေလောက၏ အကောင်ကြီးကြီး အမြီးရှည်ရှည်ဖြစ်ကာ အမှုဆက်မကိုင်လျှင်ပင် Wall Street အား သိမ်းပိုက်ထားသော ချမ်းသာကြွယ်ဝသည့် စီးပွားရေးသမားတစ်ဦး ဖြစ်နေဆဲပင်။ သူက ဟိုင်းချန်မြို့မှ မရေမတွက်နိုင်သော အမျိုးသမီးများ၏ စိတ်ကူးအိမ်မက်ထဲမှ အမျိုးသားပင်ဖြစ်လိမ့်မည်။ သူ့အားသဘောကျသူ မိန်းကလေးများ မည်မျှအထိပင် ရှိလိမ့်မည်ကို လင်းနွမ်မပြောနိုင်ပေ။


အခြားအရာများ ထည့်မပြောလျှင်ပင် ဖုဟွိုက်အန်း၌ သာမန်ထက်ပိုသော မွေးရာပါရုပ်ရည်က ရှိနေသေးသည်။


လင်းနွမ်အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါလျှင် ဖုဟွိုက်အန်းက သူ(မ)အတွက် လိုက်မီရန်မဖြစ်နိုင်သော တည်ရှိမှုမျိုးဖြစ်သည်။


သူကဲ့သို့ အသိုင်းအဝိုင်းတောင့်ကာ တည်ကြည်သောသူက လင်းနွမ်အပေါ်တွင် အခြေခံအကျဆုံးသော လေးစားမှုအနည်းငယ်နှင့် ဆက်ဆံနေသမျှ လင်းနွမ်အနေဖြင့် သူနှင့်အတူ တတ်နိုင်သလောက် အချိန်ကုန်ဆုံးရန် ကြိုးစားချင်စိတ်ရှိသည်။


...


လင်းနွမ်ရေချိုးပြီး ပြန်ထွက်လာချိန်တွင် ပိုင်ရှောင်းနျန်က လင်းနွမ်၏ဖုန်းကို စားပွဲခုံပေါ်သို့ ပြန်တင်နေသည်ကို တွေ့လိုက်ရသည်။ အိပ်ခန်းတံခါး ပွင့်လာသည်ကို ကြားလိုက်ရချိန်တွင် ပိုင်ရှောင်းနျန်က အကူအကယ်မဲ့နေသော အမူအရာဖြင့် လင်းနွမ်ကိုကြည့်ပြီး ပြောလာခဲ့သည်။


"နွမ်နွမ် တိကုဆေးရုံက ဖုန်းဆက်လာတယ်။ မှိုလုံးလေးမှာ အချိန်သိပ်မကျန်တော့ဘူးတဲ့။ နင်များ သူ့ကို နောက်ဆုံးအကြိမ်အဖြစ် တွေ့ချင်မလားလို့ မေးနေတယ်။"


ပိုင်ရှောင်းနျန်မှ တစ်ဆင့်ပြန်ပြောသော စကားများကို ကြားလိုက်ရသည်တွင် မျက်နှာသုတ်ပဝါကို ကိုင်ထားခဲ့သော လင်းနွမ်၏လက်များမှာ တင်းကျပ်သွားရပြီး သူ(မ)၏လက်သည်းများက လက်ဖဝါးထဲသို့ ထိုးစိုက်သွားခဲ့သည်။ နာကျင်မှုက လက်ဖဝါးမှနေ၍ ပျံ့နှံသွားခဲ့ပြီး လင်းနွမ်၏ နှလုံးသားထဲသို့တိုင် ရောက်ရှိသွားခဲ့သည်။


မှိုလုံးလေးအား တိရစ္ဆာန်ကုဆေးရုံတွင် တင်လိုက်သော နေ့ကတည်းကပင် လင်းနွမ်အနေဖြင့် ဤအချိန်က တစ်နေ့မဟုတ်တစ်နေ့ ရောက်လာလိမ့်မည်ကို သိနေခဲ့ပါ၏။ မည်သို့ပင်ဆိုစေ မှိုလုံးလေးက အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော ကြောင်အိုကြီးတစ်ကောင် ဖြစ်နေခဲ့ပြီပင်။


လင်းနွမ်အတွက် မှိုလုံးလေးနာကျင်နေသည်ကို ကြည့်ရမည်ဟူသော အတွေးကပင် ကြောက်စရာကောင်းလှသည်။ ထိုအကြောင်းကြောင့်ပင် လင်းနွမ်က မှိုလုံးလေးအား တိကုဆေးရုံသို့ ပို့ခဲ့ခြင်းဖြစ်သည်။ သူ့တွင်ကျန်ရှိသည့် အချိန်များအား နာကျင်မှုနည်းစွာဖြင့် ကုန်ဆုံးနိုင်စေရန်ပင်။


လင်းနွမ်က ဆံပင်များကို မျက်နှာပေါ်မှ သပ်တင်လိုက်ပြီး ပြန်ဖြေလိုက်သည်။ သူ(မ)၏လက်ချောင်းများကမူ မျက်နှာအမူအရာနှင့် ဆန့်ကျင်စွာ တုန်ယင်နေခဲ့သည်။


"ငါသိပြီ။"


ဝိန်မော့ရှန်က လင်းနွမ်ထံတွင် မှိုလုံးလေးအား စောင့်ရှောက်ပေးရန် အပ်နေကျဖြစ်ရာ သူထွက်မသွားခင်ကလည်း လင်းနွမ်ထံတွင် မှိုလုံးလေးကို ထားရစ်ခဲ့သည်။ ဝိန်မော့ရှန်က မှိုလုံးလေးကို ပြုစုစောင့်ရှောက်ကာ မွေးလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်နေပြီဖြစ်ကာ မှိုလုံးလေးကလည်း အတော်ချေးများသော ကြောင်မျိုးဖြစ်၏။ သခင်ကျွေးသည်မှလွဲ၍ အခြားသူများကျွေးသော အစာများကို လုံးဝမစားသလို လူစိမ်းများအားလည်း အကပ်မခံချေ။


သို့သော်လည်း လင်းနွမ်နှင့် မကြာခဏဆိုသလို တွေ့ဆုံနေသဖြင့် မှိုလုံးလေးက တဖြည်းဖြည်းချင်း လင်းနွမ်အား ရင်းနှီးသွားခဲ့သည်။ ထိုအခါမှသာ လင်းနွမ်ကျွေးသည့် အစာများကို စားလာခဲ့ခြင်းဖြစ်သည်။


ဤသို့ဖြင့် ဝိန်မော့ရှန်တစ်ယောက် စီးပွားရေးကိစ္စဖြင့် ခရီးထွက်ရချိန်တိုင်း လင်းနွမ်ထံတွင် မှိုလုံးလေးကိုအပ်ထားခဲ့သည်မှာ ထုံးစံတစ်ခုလို ဖြစ်လာခဲ့သည်ပင်။


ဝိန်မော့ရှန်အနေဖြင့် မှိုလုံးလေးအား လင်းနွမ်ထံတွင် အပ်ထားခဲ့သမျှ ကာလတစ်လျှောက်၌ ဤတစ်ခေါက်က အကြာဆုံးဖြစ်သည်။ မည်မျှအထိ ဆက်ကြာလိမ့်မည်ကို လင်းနွမ်မသိသော်လည်း ဝိန်မော့ရှန်ရော မှိုလုံးလေးပါ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်စကားပြောရန် အခွင့်မသာတော့ပေ။ ဝိန်မော့ရှန်တွင် မှိုလုံးလေးအား လာပြန်ခေါ်ရန် အခွင့်အရေးမရှိတော့သလို မှိုလုံးလေးသည်လည်း ဝိန်မော့ရှန်ကို နောက်ဆုံးအကြိမ်အဖြစ် ထပ်မြင်ရရန် မဖြစ်နိုင်တော့ချေ။


လင်းနွမ်၏ စိုနေဆဲဖြစ်သော ဆံပင်ရှည်များမှ ရေစက်များက တစ်စက်ပြီးတစ်စက် ကျဆင်းနေခဲ့သည်။ လင်းနွမ်က တံခါးနားတွင် အူကြောင်ကြောင်နှင့် မတ်တတ်ရပ်နေခဲ့ပြီး မည်သည်ကိုရှာရန် အခန်းအပြင်သို့ ထွက်လာခဲ့သည်ကိုပင် သတိမရတော့ချေ။


လင်းနွမ်မှာ ဦးနှောက်တစ်ခုလုံး မည်သည့်အတွေးမှမရှိဘဲ အမှောင်ကျသွားသလို ခံစားလိုက်ရပြီး ဗလာကျင်းသော မျက်လုံးများဖြင့် ထိုအတိုင်းကြီး တစ်နေရာတည်းတွင်သာ မတ်တတ်ရပ်နေခဲ့သည်။ ခဏအကြာတွင် သူ(မ)က အခန်းထဲသို့ ပြန်ဝင်သွားခဲ့ပြီး ရေချိုးခန်းထဲမှ လေမှုတ်စက်ကိုယူကာ ဆံပင်အခြောက်ခံရန် ဟန်ပြင်လိုက်သည်။


လေမှုတ်စက်မှ ထွက်ပေါ်လာသော ဆူညံ့သံများက အခန်းထဲတွင် ပြည့်နှက်သွားခဲ့ပြီး လင်းနွမ်၏ မျက်လုံးများထဲတွင် မျက်ရည်စများ ဝေ့တက်လာခဲ့သည်။


ဤနှစ်များထဲတွင် လင်းနွမ်အ‌နေဖြင့် မှိုလုံးလေးက သူ(မ)ကိုအဖော်ပြုကာ ဝိန်မော့ရှန်ပြန်လာမည်ကို သူ(မ)နှင့်အတူတူ စောင့်ဆိုင်းနေခဲ့သည်ဟု ခံစားခဲ့ရသည်ပင်။ အကယ်၍များ မှိုလုံးလေးသာ မရှိတော့ပါက လင်းနွမ်ဘဝထဲမှ ဝိန်မော့ရှန်၏ နောက်ဆုံးသော အမှတ်သင်္ကေတလေး ပျောက်ကွယ်သွားသည်နှင့် အတူတူပင်ဖြစ်သည်။


မှိုလုံးလေးအနေဖြင့် ဝိန်မော့ရှန်က သူ့အားပြန်လာခေါ်မည့် အချိန်အထိ ဆက်လက်စောင့်ဆိုင်းရန် မတတ်သာတော့ပေ။


ထိုအတွေးကို တွေးလိုက်မိသည်နှင့် လင်းနွမ်မှာ ခေါင်းငုံ့လိုက်မိပြီး မျက်ရည်များက တာကျိုးသလို စီးကျလာခဲ့သည်။


ဆံပင်ရှည်များ ခြောက်သွေ့သွားပြီးနောက် လင်းနွမ်က မျက်နှာပေါ်မှ မျက်ရည်စများကို သုတ်ဖယ်လိုက်သည်။ သူ(မ)က ဆံပင်ကို မြင်းမြီးပုံစံ ချည်နှောင်လိုက်သည်။


လင်းနွမ်တစ်ယောက် အကုန်ပြင်ဆင်ကာ အဝတ်အစားလဲပြီး အခန်းအပြင်သို့ ပြန်ထွက်လာချိန်တွင် ထွမ်းထွမ်းလေးက ပိုင်ရှောင်းနျန်၏ အကူအညီနှင့် မနက်စာစားနေပြီဖြစ်သည်ကို တွေ့လိုက်ရလေသည်။


ထွမ်းထွမ်းလေး၏ လက်ကလေးတစ်ဖက်က ဆန်ပြုန်ပန်းကန်ကို ထိန်းကိုင်ထားပြီး နောက်လက်တစ်ဖက်က ဇွန်းအသေးလေးကို ကိုင်ထားလေသည်။ သူက ဆန်ပြုတ်ဇွန်းကို ငြိမ်ငြိမ်လေး မကိုင်နိုင်သဖြင့် တစ်ဇွန်းစားလိုက်တိုင်း မျက်နှာပေါ်တွင် တစ်ခါပေဖြစ်နေခဲ့သည်။


ပိုင်ရှောင်းနျန်က ချက်ပြုတ်ခြင်းအမှုနှင့် ပတ်သက်လာလျှင် မိမိကိုယ်တိုင်၏ အခြေအနေကို သေချာသိထားသူဖြစ်ရာ မနက်စာမချက်ဘဲ အပြင်စာအချို့ မှာယူလိုက်သည်ပင်။ ထွမ်းထွမ်းလေး၏ ဆန်ပြုတ်အား အားရပါးရ စားသောက်နေသော ပုံရိပ်လေးကိုကြည့်ကာ ပိုင်ရှောင်းနျန်မှာ သူ(မ)သည်လည်း ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment