လင်းနွမ်၏အမည်ကို ခေါ်ဆိုလိုက်သော ဖုဟွိုက်အန်း၏ လေသံတိုးတိုးက အလွန်ကိုပင် နူးညံ့နေခဲ့ပြီး လင်းနွမ်က ထိုအမျိုးသား၏ အန္တရာယ်ကြီးလှသော နှုတ်ခမ်းလွှာများ သူ(မ)၏နားရွက်ဘေးမှ ဖယ်ခွာသွားစေရန် ခေါင်းကိုစောင်းကာ မော့ကြည့်လိုက်သည်။
ထိုအပြုအမူကြောင့် ဖုဟွိုက်အန်းမှ ရှုထုတ်လိုက်သော ပူရှိန်းစီးကရက်နံ့များ ရောထွေးနေသည့် လေထုနွေးနွေးက လင်းနွမ်၏မျက်နှာထက်သို့ တိုက်ရိုက်ထိတွေ့မိသွားခဲ့ပြီး လင်းနွမ်မှာ အလိုလိုပေါ်လာခဲ့သော မသိစိတ်အရ သူ(မ)၏မျက်နှာကို ဖုဟွိုက်အန်းနှင့် တည့်တည့်ရှိနေရာမှ အခြားတစ်ဖက်သို့ ပြန်လွှဲလိုက်မိသည်။ ထိုကြောင့်ပင်လျှင် နဂိုကတည်းက ဗွင်းဗွင်းရှင်းရှင်း ပေါ်နေခဲ့ပြီဖြစ်သော လည်တိုင်ဖြူဖြူလေးက ဖုဟွိုက်အန်း၏ အကြည့်များရှေ့တွင် အကာအကွယ်မဲ့သွားရသည်။
လင်းနွမ်၏ ရုတ်တရက်ဆိုသလို ဦးတည်ရာပြောင်းလိုက်မှုကြောင့် ဖုဟွိုက်အန်းနှင့် သူ(မ)၏နှုတ်ခမ်းလွှာများက ပုစဉ်းလေးတစ်ကောင်နှင့် ကန်ရေပြင်တို့ ထိတွေ့မိသည့်အတိုင်း လျင်မြန်လှစွာပင် ပွတ်တိုက်မိသွားခဲ့သော်လည်း အဆုံးတွင်တော့ သူတို့မနမ်းဖြစ်လိုက်ကြချေ။
လင်းနွမ်၏ မျက်နှာတစ်ပြင်လုံးက ရဲရဲတောက်သွားခဲ့ပြီး မျက်လုံးထောင့်များကပါ ရဲတက်လာကြသည်။ လင်းနွမ်မှာ ရှက်လွန်းသဖြင့် ဤအခြေအနေမှထွက်ပြေးကာ အော်ငိုပစ်လိုက်ချင်စိတ်များ ပေါ်လာရပေသည်။
မည်သည့်အကြောင်းကြောင့် သူ(မ)က ဤအနေအထားကို ဖန်တီးခဲ့ရသနည်း။ မည်သည့်အကြောင်းကြောင့် အခြားသူက သူ(မ)အားဆန္ဒရှိသည့်အတိုင်း ဤသို့အနိုင်ကျင့်ကာ ကစားနေသည်ကို သည်းခံနေရသနည်း။ ထိုခဏတာတွင် လင်းနွမ်၏ အတွေးများက ဗလာဖြစ်သွားပြီး ပထမတုန်းက သူ(မ)ကိုယ်တိုင် ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များကို မမှတ်မိတော့ချေ။
“လင်းနွမ်...မိန်းမတွေကို ဖိအားပေးတာမျိုးက ကိုယ့်အကြိုက်မဟုတ်ဘူး။ ဒီကိစ္စမှာ မင်းအနေနဲ့ မတော်မတရားခံနေရတယ်လို့ ခံစားနေရတယ်ဆိုရင် မင်းအခန်းကို မင်းပြန်သွားလိုက်လို့ရတယ်။”
လင်းနွမ်ကဲ့သို့ နှစ်ပေါင်းများစွာအတွင်း အတွေ့အကြုံမရှိသည့် အမျိုးသမီးတစ်ဦးနှင့် ယှဉ်ကြည့်လိုက်လျှင် ဖုဟွိုက်အန်းက သူ၏စိတ်ဆန္ဒနှင့် အမူအရာများကို ထိန်းချုပ်သည့်နေရာတွင် အပုံကြီးသာပေသည်။ သူက ထိုစကားများကို ပြောလိုက်ရင်းမှ လင်းနွမ်ကျောနောက်ရှိ ဆိုဖာလက်ရန်းပေါ်တွင် တင်ထားခဲ့သော စီးကရက်ကိုင်ထားသည့် သူ၏လက်ကို ပြန်ရုပ်လိုက်ကာ လင်းနွမ်၏ ခန္ဓာကိုယ်ပေါ်မှ အုပ်မိုးထားခြင်းကိုလည်း ဖယ်ပေးလိုက်ပြီး သူ၏နဂိုမူလ လူကြီးလူကောင်းပုံစံအဖြစ် ပြန်ကူးပြောင်းသွားခဲ့သည်။
လင်းနွမ်မှာ စိတ်လှုပ်ရှားမှုကြောင့် ဆွဲဆုပ်ထားမိသော ညအိတ်ဝတ်စုံ၏ အနားစွန်းများကို ပြန်လွှတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် လင်းနွမ်၏ ရင်ဘတ်ထဲ၌ အတော်လေးကို ဆန့်ကျင်ဘက်ရှိလှသော ခံစားချက်နှစ်ခုက လွန်ဆွဲနေကြသလို ခံစားလိုက်ရသည်။ ဖုဟွိုက်အန်း၏ အပြုအမူကြောင့် စိတ်သက်သာရာ ရသွားခဲ့သလို တစ်ချိန်တည်းမှာလည်း သူ(မ)ကိုယ်သူ(မ)ပြန်ကာ စိတ်ပျက်နေခဲ့သည်။
သူ(မ)၏ခန္ဓာကိုယ်ကို စတေးမည်ဟူ၍ ဆုံးဖြတ်ချက်မျိုးကို သူ(မ)ကိုယ်တိုင်ပင် ချလိုက်ပြီးခါမှ အဘယ်အကြောင်းကြောင့် မတော်မတရား ပြုမူခံရသဖြင့် ဂုဏ်သိက္ခာများ ပျက်စီးသွားခဲ့ပြီး အပျိုစင်ဘဝကို ဆုံးရှုံးရခြင်းထက် မိမိကိုယ်ကိုသာ သတ်သေပစ်လိုက်ရန် ရွေးချယ်တော့မည့် အမျိုးသမီးကဲ့သို့ ပြုမူနေရသနည်းကို သူ(မ)ကိုယ်တိုင်လည်း နားမလည်တော့ပေ။ လင်းနွမ်မှာ မိမိ၏အပြုအမူကို ပြန်စဉ်းစားမိလိုက်ပြီး မသင့်တော်သလို ခံစားလိုက်ရသည်။
ဖုဟွိုက်အန်းကို ကြည့်ရသည်မှာ ဤကိစ္စအား ဆက်မပြောတော့ဘဲ လက်လွှတ်ပေးလိုက်ပုံပင်။ လင်းနွမ်မှာ စိတ်ထဲမှနေ၍ သူ(မ)ကိုယ်သူ(မ)ပြန်ကာ ဆူပူလိုက်ပြီး ကိစ္စများက ဤသို့သော အနေအထားအထိ ရောက်လာပြီးမှတော့ သိက္ခာတရားနှင့် မာနကိုဘေးချိတ်ကာ သူ(မ)ဘက်မှအရင် တစ်စုံတစ်ခုကို အစပြုလိုက်သင့်သည်ဟု သတ္တိမွေးလိုက်သည်။
သူ(မ)က အခြားအရာများကို ကြိုးစားကြည့်ရန် သတ္တိမရှိသော်လည်း ဖုဟွိုက်အန်းအား သူ(မ)ဘက်မှ အရင်ဦးဆုံးချဉ်းကပ်ကာ နမ်းတော့နမ်းရဲသည်။ ထိုမျှလောက်တော့ သတ္တိရှိပါသေး၏။
လင်းနွမ်၏ လက်ချောင်းများက လက်သီးဆုပ်အသွင်သို့ တင်းကျပ်သွားကြပြီး သူ(မ)က ခေါင်းစောင်းကာ ဖုဟွိုက်အန်း၏ မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်လေ၏။ သူ(မ)၏မျက်နှာထက်တွင် ထီမထင်သော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ပြီး လင်းနွမ်က ဖုဟွိုက်အန်း၏ လည်ကုပ်ကို လက်ဖြင့်လှမ်းချိတ်လိုက်ကာ ထိုအမျိုးသား၏ နှုတ်ခမ်းစွန်းတစ်ဖက်ကို နမ်းလိုက်လေသည်။
လင်းနွမ်၏ မစို့မပို့အနမ်းကို ခံစားမိသော်လည်း ဖုဟွိုက်အန်းက တောင်ကြီးတစ်တောင်အလား မြဲမြံစွာဖြင့် တစ်စက်ကလေးမှပင် လှုပ်မလာခဲ့ချေ။ သူက စိတ်လှုပ်ရှားမှုများ ကင်းမဲ့နေခဲ့သည်။ လင်းနွမ်နှင့်ပတ်သက်လာလျှင် သူက အမြဲတမ်းပင် ဤကဲ့သို့များပြားလှသော စိတ်ရှည်မှုများရှိကာ သူ(မ)၏အပြုအမူများကို နားလည်ပေးနေလိမ့်မည်သာ။
သူ၏တုပ်တုပ်မလှုပ်သော အနေအထားကိုကြည့်ကာ လင်းနွမ်သည်လည်း အကြပ်ရိုက်သွားခဲ့သည်။ ဖုဟွိုက်အန်းက သူ(မ)ကိုမထိသည်မှာ သူ(မ)၏မျက်နှာပေါ်တွင် ရှင်းရှင်းလင်းလင်းကြီး မြင်နေရလောက်သော မနှစ်မြို့သည့် အမူအရာများကြောင့် ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ၊ ဖုဟွိုက်အန်းကလည်း မိန်းမရှားသူမျိုး ဟုတ်မနေပေ။ ထိုသို့ဆိုသော်ငြား လင်းနွမ်သည်လည်း ယခုထက်ပိုကာ ရှေ့မဆက်နိုင်တော့ချေ။ သူတို့နှစ်ယောက်က ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဖြင့် အနေရခက်နေမှုတွင် ပိတ်မိနေကြသည်။
လင်းနွမ်က ရှေးရိုးအနည်းဆန်သော မိန်းကလေးဖြစ်သည်။ သူ(မ)၏မကြီးသော်လည်း မငယ်လှတော့သော အသက်အရွယ်တွင် ပိုးပန်းသူများစွာ ဝိုင်းဝိုင်းလည်နေသော်လည်း တစ်စုံတစ်ဦးနှင့်မှ စုံတွဲမခုတ်ခဲ့ဖူးချေ။
လင်းမိသားစု၏ သတ်မှတ်ပေးမှုအရ လင်းနွမ်ထံတွင်လည်း လက်ထပ်ရန်အတွက် ရည်ရွယ်ထားသော ခင်ပွန်းလောင်းတစ်ဦးရှိသည်။ သို့သော်လည်း တစ်နှစ်လုံးတွင် သူ(မ)တို့နှစ်ယောက်အတူ ထမင်းစားဖူးသော အကြိမ်ရေအား လက်တစ်ဖက်နှင့်ပင် ရေတွက်နိုင်ပေသည်။ သူတို့နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦး စိတ်မဝင်စားကြသဖြင့် အကယ်၍သာ လက်ထပ်ဖြစ်ခဲ့လျှင်လည်း ထိုချည်နှောင်မှုတွင် အချစ်ဟူ၍မပါဘဲ နှစ်ဖက်မိသားစု၏အလိုကျ လက်ခံခဲ့ကြခြင်းသာ ဖြစ်ပေလိမ့်မည်။
အနီးကပ်ထိတွေ့ခြင်းက သိရှိလာခဲ့သော သက်တမ်းတစ်လျှောက်တွင် သူတို့နှစ်ယောက်သား တစ်ခါလေးမှပင် မလုပ်ဖြစ်ခဲ့သော အရာဖြစ်သည်။
ထို့ကြောင့်ပင် လင်းနွမ်က ဖြစ်နိုင်ခြေများကို လိုက်လံစဉ်းစားပြီး စိတ်ကိုအမျိုးမျိုး ပြင်ဆင်ထားခဲ့ကာ လေ့ကျင့်ထားခဲ့သော်လည်း သူ(မ)ဘက်မှစတင်မှုကို မျှော်လင့်နေသည်ဟူသည့် ဖုဟွိုက်အန်း၏ တကယ့်အခြေအနေနှင့် ရင်ဆိုင်တွေ့ချိန်တွင် ထိုလေ့ကျင့်ထားသမျှက အကူအညီအဖြစ်ခဲ့ချေ။ လင်းနွမ်မှာ တောင့်တင်းနေဆဲဖြစ်သော ခန္ဓာကိုယ်ကြောင့် ကြွက်သားများပင် နာကျင်လာသည်ဟု စတင်ခံစားလာရသည်။ သူ(မ)က ဖုဟွိုက်အန်းကို မေးခွန်းထုတ်လိုက်သည်။
“အနမ်းပေးတာကိုရော အစပျိုးတယ်လို့ သတ်မှတ်လို့ရလား။”
ဖုဟွိုက်အန်း၏ လည်ပင်းကိုချိတ်ထားသော လင်းနွမ်၏ လက်ဖဝါးများက ချွေးများစို့နေခဲ့သည်။ ဖုဟွိုက်အန်းဘက်က လှုပ်မလာပုံကို မြင်လိုက်ရသဖြင့် လင်းနွမ်မှာ သူ(မ)လက်ကိုပြန်ကာ ရုပ်လိုက်ရမည်လောဟု တွေးလိုက်မိသည်။
“မင်းက ဝိန်မော့ရှန်ကို ချစ်နေမှတော့ ဘာကိစ္စနဲ့ ကိုယ့်အိပ်ရာပေါ်ကို တက်လာရတာလဲ။”
သူ၏စကားများကို ကြားလိုက်ရချိန်တွင် လင်းနွမ်က မျက်လုံးများဝင့်ကာ ဖုဟွိုက်အန်းအား မော့ကြည့်လိုက်လေသည်။ သူတို့နှစ်ဦး၏ အကြည့်များက ဆုံတွေ့သွားခဲ့ပြီး ဖုဟွိုက်အန်း၏ တည်ငြိမ်မှုများနှင့် ပြည့်နှက်နေသော နက်ရှိုင်းလှသည့် မျက်လုံးအစုံကို တွေ့လိုက်ရလေသည်။
ဖုဟွိုက်အန်းထံမှ တစ်စုံတစ်ခုအား ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပါချေ။ ကိစ္စများကို ဖုံးကွယ်ထားပြီး သူ့အရှေ့တည့်တည့်တွင် ရှိနေခဲ့ပါက သာ၍ဆိုးပေသည်။ သူ၏ဉာဏ်ကောင်းကာ ထက်မြက်ပုံအရ ကုဟန်ရန်နှင့် စေ့စပ်ထားသည်ကို ဖျက်သိမ်းပေးပါဟု တောင်းဆိုလိုက်ကတည်းက လင်းနွမ်က ဝိန်မော့ရှန်အပေါ်တွင် ခံစားချက်ရှိနေသည်ကို ဖုဟွိုက်အန်းက သဘောပေါက်ပြီးသား ဖြစ်ပေလိမ့်မည်။
ဤသို့ရှင်းလင်းစွာ ဝေဖန်ခံလိုက်ရချိန်တွင် လင်းနွမ်၏ ခံစားချက်များမှာ မလုပ်လိုသောအရာကို လုပ်နေရပြီး အနိုင်ကျင့်ခံနေရသည်မှ အရှက်ရသည်ဟူ၍ ကူးပြောင်းသွားခဲ့သည်။ ဖုဟွိုက်အန်းက သူ(မ)၏အကြောင်းကို ထိုသို့ရှင်းရှင်းလင်းလင်း ဖော်ထုတ်လိုက်မည်ဟု လင်းနွမ်မထင်ထားခဲ့။ သူ(မ)က ဖုဟွိုက်အန်းကို ပြန်ပြောလိုက်သည်။
“ဝိန်မော့ရှန်ရဲ့ အမျိုးသမီးက ရှင်နဲ့စေ့စပ်ဖြစ်သွားမှာကို ကျွန်မလက်မခံနိုင်လို့။"
“အချစ်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်လာပြီး စတေးခံတယ်ပေါ့လေ။
ဖုဟွိုက်အန်းက စီးကရက်လိပ်ကို ပါးစပ်ထဲတွင်ကိုက်ကာ ခြေချိတ်ထိုင်လိုက်သည်။ လွင့်ပျံ့နေသော အခိုးအငွေ့များကြား၌ သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ သူ၏အကြည့်များက သူ့လည်ပင်းကို တွယ်ချိတ်ထားဆဲဖြစ်သော လင်းနွမ်၏ သွယ်လျသောလက်များဆီသို့ ရောက်ရှိသွားခဲ့ပြီး အနည်းငယ်လည်း ရင်ထဲထိသွားသလို ခံစားလိုက်ရသည်။ ဤမိန်းကလေးက တစ်စုံတစ်ယောက်ကို ဤမျှလောက်အထိ ချစ်မြတ်နိုးနေလိမ့်မည်ဟု သူမထင်ထားခဲ့။ ဤသို့သောအချစ်က...
တစ်ဖက်တွင်တော့ လင်းနွမ်မှာ သူ(မ)နှင့်ဖုဟွိုက်အန်း၏ ညစ်ညမ်းလှသော သဘောတူညီမှုကို ကောင်းသောအရာဟု မယူဆထားချေ။ ဤကိစ္စထဲတွင် အချစ်ဆိုသောစကားကို ထည့်ပြောနေသည်ကပင် စကားလုံးအား တန်ဖိုးမဲ့အောင် ပြုလုပ်နေခြင်းဟု လင်းနွမ်က ယူဆထားသဖြင့် ဤသဘောတူညီမှုနှင့် ထိုစကားလုံးကို ဆက်နွယ်သည်အား ရင်ထဲအသည်းထဲမှပင် လင်းနွမ်မုန်းလှသည်။
“ဒါကို မင်းက နမ်းတယ်လို့ခေါ်တာလား။"
ပါးစပ်ထဲတွင် စီးကရက်ကို ငုံထားဆဲဖြစ်ရာ သူပြောလိုက်သော စကားလုံးများက သိပ်တော့မရှင်းလှချေ။ သို့သော်လည်း လင်းနွမ်၏ မျက်နှာတစ်ခုလုံးက ရဲတက်သွားခဲ့သည်။ သူ(မ)တကယ်ကိုပင် မည်သူ့ကိုမှ မနမ်းဖူးသေးချေ။
လင်းနွမ်၏ ပြန်ဖြေစရာမရှိဘဲ ဆွံ့အနေပုံကြည့်ကာ ဖုဟွိုက်အန်းက စိတ်ဖတ်နိုင်သည့်အလား လင်းနွမ်၏အတွေးများကို ချက်ချင်းဆိုသလိုပင် ရိပ်မိသွားခဲ့သည်။ သူက လင်းနွမ်ကို အတည်ပြုသည့်သဘောဖြင့် မေးကြည့်လိုက်သည်။
“ပထမဆုံးနမ်းဖူးတာလား။”
လက်သီးဆုပ်ထားမိသည်မှာ တင်းကျပ်လွန်းသဖြင့် လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်လုနီးပါးအထိ ဖြစ်နေခဲ့ရာ ဖုဟွိုက်အန်း၏ နောက်ကျောတွင်ရှိနေသော လင်းနွမ်၏ လက်နှစ်ဖက်စလုံးက နာကျင်နေပြီဖြစ်သည်။ သို့သော်လည်း သူ(မ)ကခေါင်းကိုမော့ကာ ဖုဟွိုက်အန်းအား ပြန်ကြည့်လိုက်သည်။ အတွေ့အကြုံမရှိဟူသော စကားကိုပြောကာ မိမိရှုံးနိမ့်ကြောင်း လက်ခံရမည့်အစား လင်းနွမ်က ခေါင်းမာစွာပင် ပေကပ်နေခဲ့ပြီး ဖုဟွိုက်အန်းအား အသံတိတ်စိန်ခေါ်နေခဲ့သည်။ သူ(မ)က လူကြီးလူကောင်း အတုအယောင်ကြီး ဖုဟွိုက်အန်း၏ အနိုင်ကျင့်မှုကို ခံလိုက်ရသဖြင့် စိတ်ဆိုးစိတ်ကောက်နေသော မနူးမနပ်အရွယ် ကောင်မလေးဟူ၍ အမြင်မခံချင်ပေ။
တောင်းဆိုချက်ကို ပြုလုပ်လိုသူက သူ(မ)ဖြစ်နေသဖြင့် လင်းနွမ်က သူ(မ)၏ဆူးချွန်လေးများကို လိမ်လိမ်မာမာပင် သိမ်းဆည်းထားသော်လည်း သတိမထားမိချိန်တွင် ထိကိုင်သူအား စူးစေလိမ့်မည်သာ။
"ဘယ်လောက်တောင် ဖြူစင်လိုက်တဲ့ မိန်းကလေးလဲ။"
ဖုဟွိုက်အန်းက ရှိုက်ထားသော စီးကရက်ငွေ့များကို ပါးစပ်မှနေ၍ မှုတ်ထုတ်လိုက်ပြီး စီးကရက်အား မီးသတ်လိုက်လေသည်။ သူက စီးကရက်နံ့ ကပ်ငြိနေသော သူ၏လက်မဖြင့် လင်းနွမ်၏ နှုတ်ခမ်းထောင့်စွန်းကို အသာလေးပွတ်လိုက်သည်။ သူ၏လည်စလုတ်က မသိမသာဖြင့် အထက်မှအောက်သို့ ရွေ့လျားသွားခဲ့ပြီး သူ၏ဩရှရှနှင့် ဆွဲဆောင်မှုရှိသောအသံက ညှို့ငင်နိုင်စွမ်းများ လျှံကျနေခဲ့သည်။ သူက လင်းနွမ်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"တကယ့်အနမ်းအစစ်က ဘယ်လိုမျိုးလဲဆိုတာ ကိုယ် မင်းကိုသင်ပေးမယ်။"
ဖုဟွိုက်အန်း၏ ကြီးမားထွားကြိုင်းသော ခန္ဓာကိုယ်ကြီးက လင်းနွမ်ရှိရာသို့ တိုးကပ်လာခဲ့ပြီး ပြင်းပြလှသော အပူဓာတ်များကို ထုတ်လွှင့်နေခဲ့သည်။ ယောကျ်ားပီသသော ကိုယ်သင်းနံ့နှင့် ကိုယ်ရောင်ကိုယ်ဝါက လင်းနွမ်၏ နှလုံးသားထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး သူ(မ)၏တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။
*****
Aurora Novel Translation Team