no

Font
Theme

အစီအစဉ်က သတ်မှတ်ထားသော အချိန်အတိုင်းပင် စတင်လေသည်။ ထွမ်ထွမ်လေးက မုန့်ထုတ်များကို လက်ထဲတွင်ပိုက်လျက် ဆိုဖာပေါ်မှ ခုန်ဆင်းလိုက်ပြီး လင်းနွမ်နှင့် ပိုင်ရှောင်းနျန်တို့ ထုတ်လွှင့်မှုလုပ်နေကြသော မှန်တံခါးပေါက်ရှိရာသို့ ခေါင်းလေးကပ်ကာ သူ၏မားမားဖြစ်သူ အလုပ်လုပ်နေသည်ကို ကြည့်ရန်ဟန်ပြင်လိုက်သည်။


"ဒီနေ့ကတော့ မနေ့တုန်းကထက် ရာသီဥတုသာယာတဲ့ နေ့လေးပါပဲနော်။ မနေ့ကလိုမျိုး သည်းကြီးမည်းကြီး မိုးရွာမနေတော့ဘူးလေ။ ဒီရာသီက ကောက်ရိတ်သိမ်းချိန်ဆိုတော့ လောင်ဖော်က သူ(မ)မွေးရပ်မြေမှာ ကောက်ရိတ်သိမ်းပွဲအမီ ဂျုံခင်းတွေရိတ်ဖို့ အလုပ်ကနေ ခွင့်ယူပြီးတော့ ပြန်သွားတာမို့လို့ ဒီကနေ့ရဲ့ 'နယူးယောက်မြို့သို့ အလည်အပတ်' အစီအစဉ်မှာ နွမ်နွမ်နဲ့ ကျွန်မကပဲ ပရိတ်သတ်ကြီးကို အဖော်ပြုပေးသွားပါ့မယ်နော်။"


အစီအစဉ်စသည်နှင့် ပိုင်ရှောင်းနျန်က လင်းနွမ်လာကာ အစားဝင်ပေးနေရသည့် ခွင့်ယူသွားသော လုပ်ဖော်ကိုက်ဖက်ကို အစဆွဲထုတ်ကာ အရင်စနောက်လိုက်သည်။


"ပရိသတ်ကြီးအားလုံး သာယာလှပတဲ့ နေ့လယ်ခင်းလေး ဖြစ်ပါစေနော်။ ဒီလိုအေးစက်ပြီး မြူဆိုင်းနေတဲ့နေ့မှာ ပရိသတ်ကြီးကို အဖော်ပြုပေးဖို့ နွမ်နွမ်ရောက်လာတာကို ကျေးဇူးတင်ရမှာပဲ။ အခုကစပြီးတော့ မအေးစက်စေရတော့ဘူး။ မအေးတော့တဲ့အပြင် ကျွန်မနာမည်လို နွေးသွားစေမှာနော်။ ချောင်းဆိုးပျောက်ဆေး အခွက်ပေါင်း ၉၉၉ ခွက်ကို သောက်လိုက်သလိုမျိုး ပူစပ်ပူလောင်လေး ခံစားသွားစေရမယ်။"


ပိုင်ရှောင်းနျန်၏ အစီအစဉ်က ပေါ့ပေါ့ပါးပါးနှင့် ဟာသဆန်သော အစီအစဉ်မျိုးဖြစ်ပြီး လင်းနွမ်သည်လည်း သူ(မ)၏တင်ဆက်ပုံနှင့် အလျင်အမြန်ပင် အသားကျသွားခဲ့ကာ ပြန်တုံ့ပြန်နိုင်လာသည်။ သူ(မ)သည်လည်း ပိုင်ရှောင်းနျန်နှင့် ခပ်ဆင်ဆင်ပုံစံကို အသုံးပြုလိုက်ပြီး စနောက်မှုများ ပြုလုပ်လိုက်သည်။ သူ(မ)ပြောလိုက်သည့် မိမိကိုယ်ကိုပြန်ကာ နောက်ပြောင်ထားသော ဟာသများကြောင့် အသံလွှင့်ခန်းအပြင်တွင် ဖုန်းပြန်ဖြေပေးနေကြသော အယ်ဒီတာအချို့ပင် ရယ်မောလိုက်ကြသည်။ ပိုင်ရှောင်းနျန်ကတော့ ပြောစရာပင် မလိုတော့ချေ။ သူ(မ)က အားပါးတရ ရယ်မောနေခဲ့သည်။


"ဟားဟား ကြော်ငြာရှင်တွေကတော့ ဒီအစီအစဉ်မှာ ကြော်ငြာထည့်ရတာကို စိတ်ကျေနပ်နေကြတော့မှာ လုံးဝသေချာနေပြီ။"


"ကြည့်ရတာတော့ ဒီကြော်ငြာရှင်ကမှ နင့်အစီအစဉ်ကို ထောက်ပံ့နေတဲ့ လူအစစ်ဖြစ်နေတဲ့ပုံပဲ။ ငါ့မှာနင့်ကို ခစားဖို့အတွက် ကိုယ့်ကိုကိုယ် အနစ်နာခံထားရတာနော်။"


လင်းနွမ်က ရယ်ချင်စိတ်များ ပြည့်နှက်နေသော မျက်လုံးများနှင့် ပိုင်ရှောင်းနျန်ကိုကြည့်က စနောက်လိုက်လေသည်။


ထွမ်းထွမ်းလေးက အသံလွှင့်ခန်းထဲမှ လင်းနွမ်၏ပုံရိပ်ကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေလေ၏။ လင်းနွမ်တစ်ယောက် ယခုကဲ့သို့ တောက်တောက်ပပ ရယ်မောတတ်သည်ကို ထွမ်းထွမ်းလေးအနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ သူ၏မားမားနှင့်အတူ စကားပြောကာ ပြုံးရယ်နေသော အမျိုးသမီးကိုကြည့်ပြီး အားကျသွားရသည်။ မားမားသာ သူ့အား ထိုအမျိုးသမီးကို ပြုံးပြသကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ပြုံးပြလျှင် မည်မျှကောင်းလိမ့်မည်နည်း။


ပိုင်ရှောင်းနျန်က မှန်ပြတင်းပေါက်ကို လက်ကလေးနှင့်ဖိပြီး ခေါင်းလေးကိုကပ်ကာ အသံလွှင့်ခန်းထဲသို့ လှမ်းကြည့်နေသော ကလေး‌ပေါက်စကို သတိပြုမိသွားသည်။ ထွမ်းထွမ်းလေးက လူကောင်သေးသေးလေးသာ ရှိနေသေးပြီး သူ၏ဝိုင်းစက်ကာ ကြည်လင်လှသော မျက်လုံးဝိုင်းလေးများက လင်းနွမ်လုပ်သမျှ အရာတိုင်းကို လိုက်ကြည့်နေခဲ့သည့် ထိုပုံရိပ်လေးက ချစ်စရာကောင်းလှသဖြင့် မြင်ရသူတိုင်းကို အရည်ပျော်သွားစေသည်။


"ဝိုး ဝေ့ပေါ်က သူငယ်ချင်းတွေ ချန်ထားခဲ့တဲ့ မှတ်ချက်တချို့တောင် ရှိနေပြီပဲ။"


ပိုင်ရှောင်းနျန်က ချစ်စဖွယ်ကောင်းလှသော ထွမ်းထွမ်းလေးထံမှ အကြည့်များကို ပြန်ဖယ်လိုက်ပြီး အလုပ်ထဲတွင် ပြန်အာရုံစိုက်လိုက်ကာ တက်ကြွသောလေသံဖြင့် မှတ်ချက်များအား ဖတ်ရှုလိုက်လေသည်။


"ပထမဆုံးမှတ်ချက်က- 'မထင်မှတ်ထားတဲ့ အံ့အားသင့်စရာပဲ၊ ငါ့ရဲ့နတ်ဘုရားမလေးနွမ်က ဒီအစီအစဉ်ကို လာတယ်ပေါ့လေ။' အဟမ်း အသုံးပြုသူအမည် 'ငှက်ဦးနှောက်သူဌေးကြီိး'ရေ နင့်မှတ်ချက်က ဘာအဓိပ္ပာယ်လဲ ဟေ။ ငါတို့အစီအစဉ် အကောင်းစားလေးကို အဆင့်နိမ့်တယ်လို့ ပြောလိုက်တာများလား။ နွမ်နွမ်က သံသယဝင်စရာမလိုဘဲ သေချာပေါက်ကို ဆယ်မှတ်အပြည့်ရတဲ့ အလန်းလေးဆိုရင် ငါကလည်း ဆယ်မှတ်တစ်ဝက်လောက်တော့ ရပါတယ်နော်။ နွမ်နွမ်ရေ ငါတို့ကိုတရားမျှတမှု ရှာပေးတဲ့အနေနဲ့ ငါတို့အစီအစဉ်က ဘယ်လောက်ထိကို ခမ်းနားတယ်ဆိုတာ ဒီအတန်းဖော်လေး နားလည်သွားအောင် ရှင်းပြပေးပါဦး။"


"အင်း...ပြောရမယ်ဆိုရင်..."


လင်းနွမ်က နက်နက်နဲနဲ တွေးတောနေသယောင် ပြုမူလိုက်ပြီး ပိုင်ရှောင်းနျန်ကို ကလိလိုက်သည်။


"ငါစတူရီယိုထဲ ဝင်လာတုန်းက ဒီအစီအစဉ်ကို ငါလာတာနဲ့ ပတ်သက်ပြီးတော့ ငါ့အယ်ဒီတာနဲ့ နင်စကားပြောနေတာကို အမှတ်မထင် ကြားလိုက်တာလေ။ ယဲ့ယဲ့က ငါ့ကို ဒီလိုမျိုးသေးကွေးတဲ့ အစီအစဉ်လေးကိုလာပြီး ကိုယ့်ပုံရိပ်ကိုကိုယ် ပြန်ချနေလို့ ငါဦးနှောက်ပျက်သွားတာ ဖြစ်ရမယ်ဆိုပြီး ပြောတယ်မလား။"


"ကိုင်း ဒါဆိုရင်တော့ ယဲ့ယဲ့အနေနဲ့ ဒီလအတွက် ဘောနပ်စ်ကို ဆုံးရှုံးသွားပါပြီ။"


ပိုင်ရှောင်းနျန်က အော်ရယ်လိုက်ပြီး ယဲ့ယဲ့ကိုပါ တစ်ပါတည်းစနောက်လိုက်သည်။ မှန်ပြတင်းပေါက်၏ တစ်ဖက်ခြမ်းမှ ယဲ့ယဲ့က ပိုင်ရှောင်းနျန်အား လျှာထုတ်ပြလာသည်။ လင်းနွမ်က ပိုင်ရှောင်းနျန်၏ စကားကိုဆက်ကာ ထပ်ပြောလိုက်သည်။


"ငါ့အမြင်အရဆို နင်ငါ့ကို ဘောနပ်စ်ပေးသင့်တယ် မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ငါ့မှာဒီလိုမျိုး မကောင်းမကန်း အစီအစဉ်လေးကိုလာပြီး ငါ့ပုံရိပ်လေးကို အပျက်စီးခံလိုက်ရတာလေ။"


"အိုက်ယိုး နတ်ဘုရားမလေးနွမ် စိတ်ကိုထိန်းပါဦး။ ငွေမျက်နှာကိုပဲ မကြည့်ရဘူးလေ။ အရှုံးမပေးနဲ့။"


ဤသို့ဖြင့် ပိုင်ရှောင်းနျန်နှင့် လင်းနွမ်က တစ်ဦးကိုတစ်ဦး စကားနာထိုးကာ စနောက်လိုက်ကြပြီး အစီအစဉ်ကို ရှေ့ဆက်သွားကြသည်။ သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ သိကျွမ်းခင်မင်ကာ ရင်းနှီးလာသူများဖြစ်ရာ လုပ်ဖော်ကိုင်ဖက်များ အနေဖြင့်လည်း ပြောပေါက်ဆိုပေါက်များ အလွန်ကိုပင် အချိတ်အဆက်မိပြီး အဆင်ပြေလေသည်။


တစ်နာရီနီးပါး ကြာမြင့်သော အသံလွှင့်အစီအစဉ်က နောက်ဆုံးတွင်တော့ အပြီးသတ်ခဲ့ပြီဖြစ်သည်။ လင်းနွမ်က ပိုင်ရှောင်းနျန်နှင့်အတူ ပရိတ်သတ်အား နှုတ်ဆက်လိုက်ပြီးနောက် ညနေခြောက်နာရီတွင် ထုတ်လွှင့်မည်ဖြစ်သော သူ(မ)၏အစီအစဉ်ကို လာရောက်နားထောင်ကြရန် ပရိသတ်များနှင့် အချိန်းအချက် ပြုလုပ်လိုက်သည်။ နားကြပ်ကို နားရွက်မှ ဖယ်ခွာလိုက်သည်နှင့် ပိုင်ရှောင်းနျန်က လင်းနွမ်ကို အသိပေးလိုက်သည်။


"အဲဒီကလေးလေး ငါတို့အသံလွှင့်နေတဲ့ ဒီတစ်လျှောက်လုံး တံခါးဝမှာကပ်ပြီး နင့်ကိုလိုက်ကြည့်နေတာ။ တစ်နာရီလုံးနီးပါးနော်။"


သူ(မ)၏စကားကြောင့် လင်းနွမ် ထိုင်နေရာမှ ခေါင်းလှည့်လိုက်ပြီး မှန်ပြတင်းပေါက်ရှိရာသို့ လှမ်းကြည့်လိုက်မိသည်။ ထင်ထားသလိုပင် ထွမ်းထွမ်းလေးက ပြတင်းပေါက်နားတွင် မတ်တတ်လေးရပ်ကာ လင်းနွမ်အား မျက်လုံးဝိုင်းများနှင့် ကြည့်နေလေသည်။ လင်းနွမ်က နားကြပ်ကိုချွတ်ကာ စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။


ထွမ်းထွမ်းလေးက သူ့ဆီလျှောက်လာသော လင်းနွမ်ကို မော့ကြည့်လိုက်သည်။ သူကမားမား၏ အနားဆီသို့ ကပ်သွားချင်သော်လည်း အနည်းငယ်ခန့် စိတ်ပူပန်နေသဖြင့် နေရာတွင်သာရပ်ကာ ချစ်စဖွယ်ကောင်းလှသော အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။ ထိုအခိုက်အတန့်တွင် ထွမ်းထွမ်း၏ အပြုံးလေးကို မြင်လိုက်ရသော လင်းနွမ်မှာ ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ သူ၏မိခင်ဖြစ်သူ မရှိတော့သော ဤကလေးလေးကား အမှန်ကိုပင် ငယ်ရွယ်လွန်းနေသေးသည်။


လင်းနွမ်ကိုယ်တိုင်လည်း လင်းမိသားစုနှင့် သွေးသားမတော်စပ်သည့်တိုင် ထိုအဖြစ်မှန်များကို မသိရသေးခင်ကတော့ လင်းမိသားစု၏ စောင့်ရှောက်မှုအောက်တွင် ပျော်ရွှင်ခဲ့ရသည်သာ။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment