no

Font
Theme

အန်တီလီက ထွမ်းထွမ်းအတွက် အာဟာရပြည့်ဝသော မနက်စာကို ယူလာပေးခဲ့ပြီး ထွမ်းထွမ်းရှေ့တွင် ပြင်ဆင်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်ဖြစ် ထမင်းစားပွဲက ထွမ်းထွမ်လေးထက် ပိုမြင့်နေခဲ့ပြီး စားပွဲခုံအစွန်းကို လက်ကလေးထောက်ကာ ချောင်းကြည့်လျှင်ပင် အပေါ်ဘက်ကိုမြင်ရန် ခက်ခဲနေသေးသည်။


လင်းနွမ်က ထွမ်းထွမ်းအတွက် နွားနို့ခွက်ကို လှမ်းယူပေးလိုက်ပြီး ထွမ်းထွမ်းလေးက နွားနို့ခွက်အား လက်ခံယူလိုက်သည်။ သူက နွားနို့များကို အလျင်အမြန်ပင် အပြောင်ရှင်းလိုက်ပြီး ကြီးမားဝိုင်းစက်ကာ တောက်ပလှသော မျက်လုံးကြီးများနှင့် လင်းနွမ်အား ကြည့်လိုက်လေသည်။


ထွမ်းထွမ်းလေးက စားနေသည့်တစ်လျှောက်လုံး စကားအများကြီးမပြောဘဲ လင်းနွမ်ကိုသာ တကြည့်ကြည့်လုပ်နေခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ သူစကားပြောလိုက်ပါက မားမားဖြစ်သူ စိတ်ဆိုးသွားပြီး သူ့ကိုမလိုချင်တော့မည်ကို ကြောက်ရွံ့နေပုံပင်။


လင်းနွမ်က ကုန်စင်သွားပြီဖြစ်သော နွားနို့ခွက်အား ထွမ်းထွမ်းလေးထံမှ ပြန်ယူလိုက်ပြီး ကြက်ဥစွပ်ပြုတ် ထည့်ထားသော ပန်းကန်လုံးကို လှမ်းယူလိုက်သည်။ ကြက်ဥစွပ်ပြုတ်ပန်းကန်က အတော်လေးပူသဖြင့် လင်းနွမ်က နွားနို့ခွက်တုန်းကလို ထွမ်းထွမ်းထံသို့ ကမ်းမပေးတော့ဘဲ ဇွန်းတစ်ချောင်းဖြင့် ကြက်ဥစွပ်ပြုတ်ကို ခပ်ယူလိုက်ပြီးနောက် ခပ်ဖြည်းဖြည်းမှုတ်ကာ ထွမ်းထွမ်းလေးအား ခွံ့ကျွေးလိုက်လေသည်။


ထွမ်းထွမ်းလေးမှာ သူ့မားမား၏ အပြုအမူကြောင့် အံ့ဩသွားရသလို ဝမ်းလည်းဝမ်းသာသွားခဲ့သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းလေးကိုမော့ကာ ကြက်ဥစွပ်ပြုတ်ကို စားလိုက်လေသည်။ လင်းနွမ်ခွံ့သမျှကို အားပါးတရဖြင့် မနားတမ်းဝါးကာ စားနေရင်းမှ သူ၏လက်ဖောင်ဖောင်းလေးများက ထမင်းစားပွဲခုံစွန်းကို ကျစ်ကျစ်ပါသည်အထိ ဆုပ်ကိုင်ထားသေးသည်။


ဖုဟွိုက်အန်းတစ်ယောက် ဝတ်စားပြင်ဆင်ပြီး၍ အပေါ်ထပ်မှ ဆင်းလာသည့်အချိန်တွင် အဆိုပါမြင်ကွင်းက သူ့အားစောင့်နေခဲ့သည်။ ထွမ်းထွမ်းလေးက သူပုံမှန်ထိုင်နေကျ ခုံမြင့်ပေါ်တွင်မဟုတ်ဘဲ လင်းနွမ်၏ဘေးတွင် နေရာယူထားပြီး စားပွဲခုံပေါ်သို့ လက်ကလေးတင်ကာ လင်းနွမ်ခွံကျွေးသမျှကို သဘောတကျပင် စားသောက်နေလေသည်။ သူက ခေါင်းလေးကိုမော့ကာ လင်းနွမ်ခွံ့မည့်ဇွန်းကိုပင် မျှော်နေသေးသည်။


ဖုဟွိုက်အန်းက ဝတ်စုံလက်မှ ကြယ်သီးများကို အပြီးသတ်တပ်လိုက်ပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် လှေကားပေါ်မှ ဆင်းလာလိုက်သည်။


“ဆရာ...”


အန်တီလီက ထမင်းစားခန်းထဲသို့ ဝင်လာလေသော ဖုဟွိုက်အန်းအား နှုတ်ဆက်လိုက်သည်။ ဖုဟွိုက်အန်းက ထိပ်ဆုံးရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ‘မိသားစုသုံးယောက်’ အေးအေးဆေးဆေးဖြင့် မနက်စာစားနေသည်ကို အနှောင့်အယှက် မဖြစ်စေရန် အန်တီလီက အလိုက်တသိဖြင့် အပြင်ထွက်သွားပေးသည်။


“ပါးပါး။”


ထွမ်းထွမ်းလေးက ဖုဟွိုက်အန်းအား ပျော်ရွှင်စွာဖြင့် လှမ်းခေါ်လိုက်သည်။ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သော ဖုဟွိုက်အန်း၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့ပြီး သူ၏ကိုယ်ဟန်က အမှားရှာမရပေ။ သူက ထမင်းစားပွဲတွင် အန်တီလီတင်ထားပေးခဲ့သော သတင်းစာကို ကောက်ယူလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ဖတ်ရှုလိုက်သည်။ သူ၏အပြုအမူကိုသာ ကြည့်မည်ဆိုပါလျှင် သူ‌၏ရှေ့တွင် ဖြစ်ပျက်နေသမျှက သူနှင့်အသားကျနေသော နေ့စဉ်မြင်ကွင်းဖြစ်ပြီး ထူးဆန်းခြင်းမရှိဘဲ ပုံမှန်ဆန်လှသည်ဟု ထင်ရလောက်ပေသည်။


“ဒီနေ့ညနေ လေးနာရီလောက် ကိုယ် လင်းမိသားစုဆီ အလည်သွားပြီးတော့ မင်းမိဘတွေနဲ့ တရားဝင်တွေ့လိုက်မယ်။ အဲဒါဆိုရင် မနက်ဖြန်မနက်ဆို ကိုယ်တို့တွေ လက်ထပ်မှတ်ပုံတင်လို့ရပြီ။ ကိုယ်က မနက်ဖြန်ညနေဆို စီးပွားရေးကိစ္စနဲ့ နိုင်ငံခြားသွားဖို့ရှိတယ်။ အန်တီလီကလည်း သူ(မ)အိမ်မှာ ကိစ္စတွေရှိတာမို့ ဒီနေ့နေ့လယ်ကစပြီး အိမ်မှာရှိမှာမဟုတ်ဘူး။ ကိုယ်နိုင်ငံခြားရောက်နေတဲ့ ဒီသုံးလေးရက်မှာ ထွမ်းထွမ်းကို စောင့်ရှောက်ပေးဖို့ကို မင်းကိုပဲအပ်ခဲ့မယ်။”


ဖုဟွိုက်အန်း၏ လေသံနှင့်အမူအရာက ပြတ်သားလှပြီး ကိစ္စအများအပြားကို ဝါကျအနည်းငယ်နှင့် စီစဉ်လိုက်ကာ လင်းနွမ်အား သူ၏ဆုံးဖြတ်ချက်ကို အထွန့်တက်ရန် အခွင့်အရေးဟူ၍ လုံးဝဥဿုံပင် ပေးမလာခဲ့ချေ။


လင်းမိသားစုဟု ကြားလိုက်သည်နှင့် လင်းနွမ်၏ ထွမ်းထွမ်းအား ကြက်ဥစွပ်ပြုတ် ခွံ့ကျွေးနေသောလက်သည်လည်း လေထဲတွင်တန့်သွားခဲ့သည်။


ထွမ်းထွမ်းက ပါးစပ်လေးဟကာ လင်းနွမ်မှ သူ့ကို ကြက်ဥစွပ်ပြုတ် ခွံ့ကျွေးလာမည်ကို စောင့်နေသော်လည်း သူ့မားမား၏လက်က လှုပ်မလာသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း သူက ဂျစ်မတိုက်ဘဲ လိမ်လိမ်မာမာဖြင့် ခေါင်းလေးကိုမော့ကာ လင်းနွမ်အား ကြည့်လိုက်လေသည်။


ဖုဟွိုက်အန်း၏ အကြည့်များက သတင်းစာမှ ခွာမလာခဲ့ဘဲ စက္ကူကိုဖြတ်ကာ လင်းနွမ်၏အမူအရာကို မြင်နေရသည့်အတိုင်း ပြောလာခဲ့လေသည်။ သူ၏လေသံက ပကတိပင် ကြည်စင်နေခဲ့သည်။


“မင်းရဲ့ပတ်စ်ပို့က လင်းမိသားစုမှာ ရှိနေတုန်းပဲမလား။ ကိုယ်တို့တွေသာ လက်ထပ်မှတ်ပုံတင် လုပ်ကြမယ်ဆိုရင် လင်းမိသားစုကို ရှောင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။”


လင်းနွမ်က ဖုဟွိုက်အန်းအား ဘေးတိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်လေသည်။


“ရှင်ကျွန်မကို စုံစမ်းခဲ့တာလား။”


ဖုဟွိုက်အန်း၏ အကြည့်များက စိတ်အနှောင့်အယှက် မဖြစ်သည့်အလား တည်ငြိမ်နေခဲ့ပြီး လင်းနွမ်အား စိုက်ကြည့်လိုက်ကာ ပြောလိုက်လေသည်။


“ဟိုင်းချန်မြို့မှာ...ဒါကလျှို့ဝှက်ချက်မှ မဟုတ်တဲ့ဟာ။ လူတိုင်းသိတာပဲကို။”


သူ၏စကားက အမှန်ပင်ဖြစ်သည်။ ဟိုင်းချန်မြို့မှလူတိုင်း ဤကိစ္စကြီးကို သိထားကြပေသည်။


တစ်ချိန်တစ်ခါတုန်းက လင်းနွမ်မှာ လူသိများထင်ရှားသော လူချမ်းသာမိသားစု၏ စံပြမင်းသမီးငယ်လေး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင်တော့ လူတိုင်းပါးစပ်ဖျားမှ အတုအယောင် မင်းသမီးတစ်ပါး ဖြစ်လာခဲ့ရသည်။ ဟိုင်းချန်မြို့တွင် လူတိုင်းနီးပါး လင်းနွမ်အကြောင်းကို ကြားဖူးကြပြီး သူ(မ)၏မိဘများကို သိရှိကြပေသည်။ ရူးနှမ်းနေသော အမေအရင်းနှင့် တစ်ကိုယ်ကောင်းဆန်သော အဖေအရင်း။


ထိုနှစ်များက ဟိုင်းချန်မြို့တွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး လင်းမိသားစု၏ မွေးခါစသမီးလေးက မတော်တဆမှုကြားတွင် ပျောက်ဆုံးသွားခဲ့သည်။ လင်းပါးပါးက သူ၏သမီးငယ်လေး သေဆုံးသွားပြီဟု ထင်ထားခဲ့သော်လည်း လင်းမားမားက ထိုအဖြစ်အပျက်ကို လက်မခံနိုင်သဖြင့် အားတင်းကာ ဆက်လက်ရှာဖွေခဲ့သည်။


ထိုအခိုက်အတန့်တွင် လင်းနွမ်၏ အမေအရင်းက လင်းနွမ်ကို လင်းသခင်မကြီး မီးဖွားသောရက်နှင့် တစ်နေ့တည်းတွင် မွေးဖွားခဲ့သည်။ ငလျင်လှုပ်ချိန်တွင် လင်းနွမ်၏ အဖေအရင်းက ကလေးရေချိုးခန်းမှ သူ၏သမီးဖြစ်သော လင်းနွမ်ကိုသာမက လင်းမိသားစု၏ ကလေးငယ်လေးကိုပါ ကယ်တင်နိုင်ခဲ့သည်။


သုံးလခန့်ကြာပြီးနောက်တွင် လင်းမိသားစုက သူ၏သမီးလေးကို ဆေးရုံတွင် လာရောက်မီးဖွားသော လင်မယားနှစ်ဦးက ကယ်တင်သွားခဲ့သည်ကို သိရှိသွားခဲ့ပြီး ထိုလင်မယားက လင်းနွမ်၏ မိဘအရင်းများပင်ဖြစ်သည်။


လင်းမိသားစုက သူတို့၏သမီးလေးကို ကယ်တင်ပေးခဲ့သော လင်းနွမ်၏မိဘများကို အထပ်ထပ်အခါခါ ကျေးဇူးတင်ခဲ့ကြပြီး ကလေးငယ်ကို လင်းမိသားစုသို့ ပြန်ခေါ်သွားကြသည်။ သို့သော်လည်း မည်သူကထင်ထားလိမ့်မည်နည်း။ လင်းနွမ်၏ အဖေအရင်းက သူတို့၏သမီးကို လင်းမိသားစုတွင် စည်းစိမ်ချမ်းသာ ခံစားနိုင်စေရန် ပို့ပေးလိုက်ကြပြီး လင်းမိသားစု၏ တကယ့်သွေးသားအစစ်ကို သူတို့နှင့်အတူ ဆင်းရဲဒုက္ခများ ခံစားရရန် ဆွဲခေါ်ထားလိမ့်မည်ဟု။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment