လင်းနွမ်ကလည်း ဝိန်ကတော်နည်းတူ ဝိန်မော့ရှန်၏ သတိမေ့မျောနေသော မမြင်ရသည်မှာ ကြာပြီဖြစ်သည့် မျက်နှာအား ငေးကြည့်နေခဲ့သည်။ အချိန်ကာလအားဖြင့် လေးနှစ်တာမျှသာဖြစ်သော်လည်း ထာဝရလောက် ကြာမြင့်နေသည်ဟု ထင်မှတ်ရပေသည်။ သူ(မ)၏နှလုံးသားထဲမှ လေးလံလှသော အစိုင်အခဲကြီးကြောင့် အသက်ရှူရန်ပင် ခက်ခဲလှပေသည်။
လင်းချန်က အလုပ်မအားသည့်ကြားမှ ဝိန်မော့ရှန်သတင်းကြောင့် အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်ရာ သူ၏အလုပ်မှ ဖုန်းခေါ်ဆိုမှုများက တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ဝင်လာနေသည်။
"လင်းချန် လင်းနွမ် မင်းတို့နှစ်ယောက်လုံး အလုပ်မအားတဲ့ကြားက မော့ရှန်ကိုလာတွေ့တာ တကယ်ပဲ ကျေးဇူးတင်တယ်။"
ဝိန်မော့ရှန်၏ ဖခင်ဖြစ်သူက လင်းချန်နှင့် လင်းနွမ်တို့မောင်နှမကို ကျေးဇူးတင်စကား ပြောလာခဲ့သည်။ သူ၏အမူအရာက သူ၏ဂုဏ်ပုဒ်နှင့် သင့်တင့်လျောက်ပတ်ကာ အထက်တန်းလွှာမှ မိသားစုဝင်များ၏ ဟိတ်ဟန်ကိုလည်း ထိန်းသိမ်းထားဆဲပင်။
"ရှောင်စုန့်ရောပဲ။ မော့ရှန်အခြေအနေကို သိရအောင်လို့ ခွဲစိတ်ခန်းထဲထိ လိုက်ဝင်ပြီးတော့ စုံစမ်းပေးတာကို တကယ်ပဲ ကျေးဇူးတင်တယ်။ မော့ရှန်နိုးလာလို့ မင်းကူညီပေးတာကို သိသွားရင်လည်း သေချာပေါက်ကို ဝမ်းသာသွားမှာ။ ဒီနေရာမှာတင် အချိန်အရမ်းလင့်နေပြီ။ လုပ်ရမဲ့ကိစ္စတွေရှိရင် အားနာမနေဘဲ သွားလုပ်ကိုင်ကြဦး။ သူနိုးလာရင် မင်းတို့တွေကို အန်ကယ်လ်တို့ ဆက်သွယ်မှာပါ။"
ဝိန်လူကြီးမင်း၏ နှုတ်ဆက်စကားကြောင့် လင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး လင်းနွမ်အား လှမ်းကြည့်လာသည်။
"လေးနာရီတောင် ခွဲနေပြီပဲ။ ငါနင့်ကို အသံလွှင့်ရုံအထိ လိုက်ပို့ပေးမယ်။"
လင်းနွမ်၏ အစီအစဉ်က ညနေခြောက်နာရီတွင် စတင်မည်ဖြစ်သည်။ လင်းနွမ်က လင်းချန်အား ထိုသို့လုပ်ရန် မလိုအပ်ကြောင်း ခေါင်းခါပြလိုက်ပြီး ငြင်းဆန်လိုက်သည်။
"ဒီကထွက်ရင် ငါ့ဘာသာပဲ တက္ကစီငှားလိုက်မယ်။ နင့်အလုပ်နဲ့ ရေဒီယိုရုံက လမ်းလည်းမကြုံဘဲနဲ့။"
လင်းနွမ်၏ ငြင်းဆိုမှုကြောင့် လင်းချန်၏ မျက်ခုံးတန်းများက တွန့်ကွေးသွားကြပြီး သူက သူ(မ)ကိုဆူရန် ဟန်ပြင်လိုက်သော်လည်း ဝိန်မော့ရှီက သူတို့နှစ်ယောက်ကို ကြားဖြတ်လိုက်ပြီး ဝင်ပြောလိုက်သည်။
"အစ်ကိုလင်းချန်...ကျွန်တော်ပဲ နွမ်နွမ့်ကို လိုက်ပို့လိုက်မယ်။ ကျွန်တော်ကလည်း ကုမ္ပဏီကို ပြန်ရဦးမှာလေ။ နွမ်နွမ်တို့ အသံလွှင့်ရုံနဲ့ လမ်းသင့်တယ်။"
ဝိန်လူကြီးမင်းက ခေါင်းညိတ်လိုက်သည်။ သူက လင်းမောင်နှမကို ကျေးဇူးတင်သလို အားလည်းနာနေသည်ပင်။
"လမ်းသင့်တယ်ဆိုရင် မော့ရှီလိုက်ပို့ပါစေ။ မင်းကုမ္ပဏီက မင်းဆီကိုဒီလောက်ထိ ဖုန်းတဂွမ်ဂွမ်ဆက်နေတာ အရေးကြီးကိစ္စရှိမှာပေါ့။"
.....
ဝိန်မော့ရှီ၏ကားထဲတွင် လင်းနွမ်က စကားတစ်ခွန်းမှမပြောဘဲ လိုက်ပါလာခဲ့သည်။
သူ(မ)က ပြတင်းပေါက်မှ မြင်နေရသော အလာလမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ရှုမြင်ကွင်းများကို အသက်မပါစွာ ငေးကြည့်လာခဲ့သည်။ သူ(မ)၏စိတ်များကတော့ ယနေ့တွင် ဆုံးပါးသွားခဲ့ပြီဖြစ်သည့် မှိုလုံးလေးထံတွင် ရောက်ရှိနေခဲ့သည်ပင်။
ဝိန်မော့ရှန်သာ အချိန်အနည်းငယ်စောကာ ပြန်ရောက်လာခဲ့လျှင် မှိုလေးလေးခမျာ မည်မျှအထိပင် ဝမ်းသာလိုက်မည်နည်းဟူသော အတွေးများက လင်းနွမ်၏ ဦးနှောက်ထဲတွင် လူးလာခေါက်တုံ့ ကူးခတ်နေကြသည်။
"နွမ်နွမ်...နွမ်နွမ်..."
ဝိန်မော့ရှီက သူ(မ)နာမည်ကို နှစ်ကြိမ်ခန့်ဆက်တိုက် ခေါ်လိုက်မှသာ လင်းနွမ်က အတွေးလွန်နေရာမှ သတိပြန်ဝင်လာသည်။
"ဟမ်..."
လင်းနွမ်က ပြန်ထူးလိုက်ပြီးမှ သူ(မ)၏လက်ထဲတွင် တုန်ခါနေသောဖုန်းဆီသို့ ကြည့်မိသွားခဲ့သည်။ အချိန်မည်မျှအထိ ကြာသွားပြီဖြစ်သည်ကို လင်းနွမ်မသိသော်လည်း ဖုန်းကိုကိုင်ထားခဲ့သော လက်တစ်ဖက်ကတော့ ထုံကျဉ်နေပြီဖြစ်၏။
ဝိန်မော့ရှီက ကားစတီယာကို ကျွမ်းကျင်စွာနှင့် လှည့်လိုက်ပြီး မျက်လုံးထောင့်မှနေ၍ လင်းနွမ်အား လှမ်းကြည့်လိုက်ကာ ပြောလိုက်လေသည်။
"နင့်ဖုန်းလာနေတာ အတော်လေးကြာနေပြီ။ ဘာတွေအတွေးလွန်နေတာလဲ။"
လင်းနွမ်က ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်လိုက်ရာ ခေါ်ဆိုသူက ပိုင်ရှောင်းနျန်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ဖုန်းကိုင်လိုက်သည်။
"နွမ်နွမ် နင်အသံလွှင့်ရုံကို ရောက်ပြီလား။"
"လိုသေးတယ်။"
"ဒါဆိုရင် နင်လာရင်းနဲ့ ဟိုင်ဝေ့ဆိုင်ကနေ ဒိုးနပ်နှစ်ခုလောက် ဝယ်လာခဲ့ပါလား။ နို့လက်ဖက်ရည် နွေးနွေးလေးလည်း နှစ်ခွက်လောက်ပေါ့။"
ပိုင်ရှောင်းနျန်က အစားအသောက်အကြောင်း စဉ်းစားနေရာမှ ထွက်ပေါ်လာသော ပျော်ရွှင်နေသည့်အသံကို နည်းနည်းလေးမှပင် မဖုံးကွယ်ထားပေ။
"အိုကေလေ။"
လင်းနွမ်က ပိုင်ရှောင်းနျန်၏ တောင်းဆိုမှုအား သဘောတူလိုက်ပြီး ဖုန်းချလိုက်သည်။ ထိုအချိန်တွင် ကား၏ဦးတည်ရာက ပိုင်ရှောင်းနျန်မှာလိုက်သော ဟိုင်ဝေ့ဒိုးနပ်ဆိုင်နှင့် နီးကပ်လာသဖြင့် လင်းနွမ်က ဝိန်မော့ရှီအား လှမ်းပြောလိုက်သည်။
"ဆိုင်ပေါက်ဝရောက်ရင် ကားရပ်လိုက်လေ။ အသံလွှင့်ရုံက ရှေ့တစ်ကွေ့ဆိုရင် ရောက်နေပြီပဲ။ ငါမုန့်ဝယ်ပြီးရင် လမ်းလျှောက်သွားလို့ရတယ်။"
"အဆင်ပြေတယ်။ နင်ပြောတာ ဟိုနားကဆိုင်မဟုတ်လား။"
ဝိန်မော့ရှီက အချက်ပြမီးကို ဖွင့်လိုက်ပြီးနောက် လမ်းဘေးနားကပ်ကာ ကားရပ်လိုက်သည်။
"ငါ့ကိုဒီအထိ လိုက်ပို့တာကို ကျေးဇူးပဲနော်။ ဒီကနေဆို အသံလွှင့်ရုံက နီးနီးလေးပဲရယ်။ ငါလမ်းလျှောက်ပြီး သွားနေကျ။ ငါသွားပြီနော်။"
လင်းနွမ်က ကားတံခါးကိုဖွင့်ကာ အောက်သို့ဆင်းရန် ခြေလှမ်းပြင်လိုက်ပြီး ဝိန်မော့ရှီအား နှုတ်ဆက်စကား ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် ဝိန်မော့ရှီ၏ နှုတ်ခမ်းများက လှုပ်ခါသွားခဲ့ပြီး စကားအနည်းငယ် ပြောချင်သည့်ဟန်မျိုး ပြလိုက်သော်လည်း လင်းနွမ်က ဝိန်မော့ရှီ၏ ပါးစပ်ဖျားမှ မည်သည့်စကားမျှ အထွက်မခံဘဲ ကားတံခါးကို ပိတ်ပစ်လိုက်လေသည်။ ဝိန်မော့ရှီမှာ လင်းနွမ်အား သူနှင့်အတူ ခဏလောက်နေပါဦးဟူ၍ပင် မပြောလိုက်ရပေ။
ဝိန်မော့ရှီက သူ၏ကားထဲမှနေ၍ လှမ်းကြည့်လိုက်ချိန်တွင် လင်းနွမ်က ဟိုင်ဝေ့ဒိုးနပ်ဆိုင်ထဲသို့ ဝင်သွားခဲ့ပြီး လူတန်းရှည်ကြီး၏ နောက်ဆုံးနေရာတွင် ဝင်တန်းစီလိုက်သည်ကို တွေ့လိုက်ရလေသည်။ ခဏတာခန့် တုံ့ဆိုင်းပြီးနောက်တွင် ဝိန်မော့ရှီက သူ၏ကုမ္ပဏီဆီသို့ ဆက်ထွက်ခွာသွားခဲ့သည်။
ဟိုင်ဝေ့ဒိုးနပ်ဆိုင်၏ စီးပွားရေးက ကောင်းမွန်လှပြီး မုန့်ဝယ်လိုပါက အမြဲတမ်းလိုလို လူတန်းရှည်ကြီးနောက်တွင် တန်းစီရသည်သာ။ လင်းနွမ်က အချိုဓာတ်ကဲသော စားစရာများကို သိပ်မကြိုက်ပေ။ သို့သော်လည်း သူ(မ)က ပိုင်ရှောင်းနျန်ကို အဖော်လုပ်ကာ ဤဒိုးနပ်ဆိုင်သို့ မကြာခဏလာနေကြပင်။
လင်းနွမ်က နို့လက်ဖက်ရည်များနှင့် မုန့်ထုပ်များကို လက်ထဲတွင်သယ်ကာ ဒိုးနပ်ဆိုင်ထဲမှ ပြန်ထွက်လာချိန်တွင် ဝိန်မော့ရှီတစ်ယောက် ကားပြင်တွင်ထွက်ကာ စီးကရက်သောက်နေသည်ကို တွေ့လိုက်ရသည်။ အလုပ်ရှိသည်ဟုဆိုပြီး ယခုထိတိုင် မသွားသေးသည်က အံ့ဩစရာပင်။
သူက မုန့်ဆိုင်ထဲမှ ပြန်ထွက်လာသော လင်းနွမ်အား တွေ့လိုက်ချိန်တွင် စီးကရက်မီးကို သတ်ပစ်လိုက်ပြီး လှမ်းပြုံးပြလာသည်။
ဝိန်မော့ရှီက ပထမတုန်းကတော့ အမှန်တကယ်ပင် ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း ဒုတိယမြောက်မီးပွိုင့်သို့ ရောက်သည့်အချိန်၌ ကားကိုပြန်ကာ ကွေ့လာခဲ့ခြင်းပင်။
ဝိန်မော့ရှန်၏ ပြန်လည်ရောက်ရှိလာခြင်းက သူ့အား အမှန်ပင် တုန်လှုပ်သွားစေခဲ့သည်။ အထူးသဖြင့် ဝိနိမော့ရှန်၏ ခန္ဓာကိုယ်တွင် တွေ့ရှိခဲ့သော ပြင်းထန်လှသည့် ကျန်းမာရေးချို့ယွင်းမှု ပြဿနာများကို ဆရာဝန်များက တစ်ခုပြီးတစ်ခု ဖြေရှင်းရန်အတွက် စာရင်းစီကာ ထုတ်ပြလာချိန်တွင်ဖြစ်၏။ ထိုအခိုက်အတန့်တွင် လူသားများ၏ အသက်ရှင်ခြင်းနှင့် ဘဝဆိုသည့်အရာက မည်မျှနုနယ်သည်ကို ဝိန်မော့ရှီအနေဖြင့် ပထမဆုံးအကြိမ် နင့်နင့်နဲနဲ ခံစားမိသွားခဲ့သည်။
အချို့ကိစ္စများကို လုပ်ကိုင်နိုင်သည့် အခွင့်အရေးအား ဆုံးရှုံးသွားသည့် အချိန်သို့ရောက်မှ ထိုကိစ္စကို မလုပ်ခဲ့ရကောင်းလောဟု မိမိ၏ဆုံးဖြတ်ချက်ကို နောင်တရနေမည့် အဖြစ်မျိုးနှင့် သူမကြုံတွေ့ချင်ပေ။ ထို့အတူပင် ပြောလိုခဲ့သော စကားများအား လုံးဝမပြောနိုင်တော့သော အချိန်တစ်ခုသို့ရောက်မှ မပြောခဲ့ရကောင်းလားဟူ၍ ယူကြုံးမရဖြစ်နေရမည့် အဖြစ်အပျက်မျိုးကို မရင်ဆိုင်ချင်ပေ။
ဝိန်မော့ရှီက လင်းနွမ်ဆီသို့ လျှောက်သွားလိုက်ပြီး သူ(မ)အစား မုန့်ထုပ်များကို ကူသယ်ပေးရန် လက်လှမ်းလိုက်သော်လည်း လင်းနွမ်က အချိန်မီ နောက်ဆုတ်လိုက်ပြီး သူ၏လက်များကို ရှောင်လိုက်လေသည်။ ဝိန်မော့ရှီအား စကားပြောနေသော သူ(မ)၏အသံက မပြောင်းလဲသော်လည်း အဓိပ္ပာယ်ကတော့ ရှင်းလင်းလှသည်။
"အသံလွှင့်ရုံက ဒီကနေဆိုရင် လမ်းတစ်ကွေ့စာပဲ။ လမ်းလျှောက်ရင်တောင် သုံးမိနစ်ထက် ပိုမကြာဘူး။ နင်ငါ့ကို လိုက်ပို့ပေးဖို့မလိုဘူး။"
"လင်းနွမ်...ငါနင့်ကိုပြောစရာရှိတယ်။"
လင်းနွမ်မှာ မျက်ခုံးပင့်လိုက်မိသည်။ ဝိန်မော့ရှီက လင်းနွမ်အား မည်သည့်အချိန်ကမှ နာမည်အပြည့်ကို မခေါ်ခဲ့ဖူးချေ။ သူက အမြဲတမ်း သူ(မ)ကို ဝိန်မော့ရှန်ခေါ်သလို နွမ်နွမ်ဟူ၍သာ ခေါ်ခဲ့သည်။
*****
Aurora Novel Translation Team