ဝိန်မော့ရှီနှင့် ဝိန်မော့ရှန်တို့က အမွှာများကဲ့သို့ ရုပ်ချင်းဆင်ကြပြီး အဝေးမှကြည့်ပါက ရုတ်တရက်ဆိုလျှင် လူမှားနိုင်ပေသည်။ သူတို့နှစ်ယောက်လုံးက တစ်ဖက်လူအား နွေးထွေးစေသော အပြုံးများကို ပိုင်ဆိုင်ကြပေသည်။ သို့သော်လည်း အစ်ကိုကြီးဖြစ်သော ဝိန်မော့ရှန်က ပိုမိုပြတ်သားသော မျက်နှာသွင်ပြင်ရှိကာ အငယ်ဖြစ်သည့် ဝိန်မော့ရှီ၏ မျက်နှာသွင်ပြင်က ဝိန်ကတော်ကဲ့သို့ သိမ်မွေ့သည့်ပုံပေါက်သည်။
လင်းနွမ်ကိုယ်တိုင်က တစ်စုံတစ်ယောက်ကို နှစ်ပေါင်းများစွာ တိတ်တခိုးကြိတ်ကာ စွဲလမ်းလာခဲ့သဖြင့် ဝိန်မော့ရှီ၏ လောင်ကျွမ်းလုမတတ် အကြည့်များအား မိမိ၏မျက်လုံးမှ ထွက်လာသည့်အလား ရင်းနှီးလှသည်ပင်။
မလှမ်းမကမ်းရှိ လမ်းဘေးအခွေဆိုင်မှ လွင့်ပျံ့လာခဲ့သော Harpo၏ 'only you' သီချင်းသံစဉ်က ပိုမိုကျယ်လောင်လာခဲ့ပြီး သီချင်းတီးလုံးက ဝိန်မော့ရှီ၏ နှလုံးသားကို မူးနောက်သွားစေရန် ဖန်တီးနေကြသည်။ သူ စိတ်လှုပ်ရှားနေသလို တစ်ချိန်တည်းမှာလည်း ရင်ခုန်နေခဲ့သည်။ ဝိန်မော့ရှီက သူ၏လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး စိတ်ဂနာမငြိမ် ဖြစ်နေကြောင်းကို ပေါ်သွားစေသည်။
သူ၏ပုံစံကို မြင်လိုက်သည်နှင့် လင်းနွမ်၏ မျက်နှာအမူအရာက အနည်းငယ်တင်းမာသွားခဲ့သည်။ သူ(မ)က လက်ကိုပင့်ကာ နာရီကြည့်သလို ဟန်ဆောင်လိုက်ပြီး စကားပိတ်ပြောလိုက်သည်။
"ငါ့သူငယ်ချင်းက နို့လက်ဖက်ရည်နဲ့ ဒိုးနပ်တွေကို စောင့်နေလောက်ပြီ။ နင်ပြောစရာရှိရင် နောက်နေ့မှပဲ ပြောကြတာပေါ့..."
ဘောင်းဘီအိတ်ကပ်ထဲမှ ဝိန်မော့ရှီ၏ လက်သီးဆုပ်က ပိုမိုတင်းကျပ်သွားခဲ့ပြီး သူကဘေးနားမှ ဖြတ်သွားခဲ့သော လင်းနွမ်၏လက်ကို လှမ်းဆွဲလိုက်ကာ ပြောလိုက်သည်။
"ငါပြောမှာက အချိန်သိပ်မကြာဘူး။"
လင်းနွမ်က သူ(မ)၏လက်ကောက်ဝတ်ကို ဝိန်မော့ရှီ၏လက်ထဲမှ ဆွဲထုတ်ကြည့်ရန် ကြိုးစားလိုက်သော်လည်း သူ၏ဆုပ်ကိုင်မှုက ပိုမိုတင်းကျပ်သွားသည်သာ အဖတ်တင်သည်။
ဝိန်မော့ရှီက လင်းနွမ်၏ ဆံပင်ရှည်များကို ငေးကြည့်နေရင်း စိတ်ဆုံးဖြတ်ထားသည့် လေးနက်လှသော လေသံပြတ်ပြတ်နှင့် ပြောလာခဲ့သည်။
"လင်းနွမ်...ဒီနှစ်ဆိုရင် ငါ့အသက်က ၂၆ နှစ်ရှိပြီ။ ဒါပေမဲ့ ငါက ဒီအသက်အရွယ်အထိ ဘယ်သူနဲ့မှ မတွဲဖူးခဲ့ဘူး။ ငါ့မားစီစဥ်ပေးတဲ့ ဘလိုင်းဒိတ်တွေနဲ့ အောင်သွယ်တော်တွေကို ငါမတွေ့ခဲ့တာက ငါ့မားကို ငါဆင်ခြေပေးခဲ့သလို အစ်ကိုကြီးလိုမျိုး တော်တဲ့လူဖြစ်အောင် ငါ့အလုပ်ထဲမှာပဲ အာရုံစိုက်ချင်လို့မဟုတ်ဘူး။ ငါ မားစီစဥ်သလို မလုပ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းက ငါသဘောကျတဲ့လူက ရှိနေပြီးသားမို့ပဲ။ ဒါပေမဲ့ ငါ့မှာ သူ(မ)ကို သဘောကျပါတယ်လို့ ဖွင့်ပြောရဲတဲ့သတ္တိမျိုး မရှိခဲ့ဘူး။ ငါတို့ရဲ့ခင်မင်မှုကို ငါဖျက်ဆီးလိုက်မိမှာကို ကြောက်နေခဲ့တာ။"
"ရှစ်နှစ်တိတိ ကြာခဲ့ပြီ လင်းနွမ်။ နင်အစ်ကိုကြီးကို သဘောကျတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ နင်မသိခဲ့တာက ငါကနင့်ကို ဒီတစ်ချိန်လုံး သဘောကျနေခဲ့တယ်ဆိုတာပဲ။"
လင်းနွမ် သူ(မ)၏လက်ထဲမှ မုန့်ထုပ်အိတ်အား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ ကြည့်ရသည်မှာ သူ(မ)၏ဝိန်မော့ရှန်အပေါ် ခံစားချက်များကို လူအားလုံးနီးပါး သိထားကြသည့်ပုံပင်။
.....
လူကူးမျဉ်းကျားမှ မီးနီတစ်ဖြတ်က လက်ဖြာသွားခဲ့သည်။
မီးပွိုင့်မိနေသဖြင့် လုကျင်းနန်က သူ၏ကားအား ခဏစက်သတ်လိုက်ပြီး နောက်ကြည့်မှန်မှ တစ်ဆင့်ကြည့်ကာ ထွမ်းထွမ်းလေးကို အကဲခတ်လိုက်သည်။ ကလေးပေါက်စ ဖုဟွိုက်အန်း၏ပေါင်ကို ခေါင်းအုံးအဖြသုံးကာ အိပ်ပျော်နေခဲ့သည်။ ကားအဲယားကွန်းမှ လေအေးများကြောင့် ဖုဟွိုက်အန်းက သူ၏အပေါ်ထပ်အား စောင်သဖွယ်လုပ်ကာ ထွမ်းထွမ်းလေးကို ခြုံပေးထားပေသည်။ ထွမ်းထွမ်းလေး၏ မြင်နေရသော မျက်နှာလုံးလုံးလေးက ချစ်စရာပန်းသီးလေးကဲ့သို့ ပန်းရောင်ပြေးနေခဲ့သည်။
လုကျင်းနန်က ထွမ်းထွမ်းလေးကိုကြည့်ကာာ သူ့ကိုယ်သူပင် သတိမပြုမိဘဲ ပြုံးလိုက်မိသည်။ သူက ကားနောက်ခန်းရှိ သားအဖထံမှ အကြည့်လွှဲလိုက်ချိန်တွင် လမ်းဘေးဘက်ရှိ ဒိုးနပ်ဆိုင်၏ အဝင်အဝတွင် မတ်တတ်ရပ်ကာ ပြဿနာတက်နေသော လင်းနွမ်နှင့် ဝိန်မော့ရှီတို့ နှစ်ယောက်သားထံ အကြည့်ရောက်သွားခဲ့သည်။
လုကျင်းနန်က စပ်စုလိုစိတ်အပြည့်နှင့် ကားပြတင်းပေါက်ကို အမြန်ချလိုက်ပြီး သေချာသွားစေရန် တစ်ချက်ကြည့်လိုက်သည်။ အမှန်ပင်။ သူအမြင်မမှားပေ။ တစ်ဖက်လူက လင်းနွမ်ဖြစ်သည်။
သေချာပေါက်ပင် သူ၏ကောင်းမွန်လှသော အမြင်အာရုံက လင်းနွမ်၏လက်ကို ဖမ်းဆွဲထားသော ဝိန်မော့ရှီ၏လက်ကို တွေ့လိုက်ရသည်ပင်။ လုကျင်းနန်က ဖုဟွိုက်အန်းအား အပြုံးတစ်ခုနှင့် စကားနာထိုးလိုက်သည်။
"ရုံးရောက်တော့မှ သူ(မ)စိတ်ပြောင်းသွားတာ မဆန်းတော့ဘူးပဲ။ မင်းထက်စာရင် သူ(မ)က ငယ်ရွယ်တဲ့လူချောလေးတွေကို ပိုသဘောကျမှာပေါ့။"
လုကျင်းနန်၏ ဖင်မှန်းခေါင်းမှန်း မသိရသော အဆက်အစပ်မရှိသည့် စကားများကြောင့် ဖုဟွိုက်အန်းက ခေါင်းကိုမော့ကာ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ လုကျင်းနန်က အိပ်ပျော်နေသည့် ထွမ်းထွမ်းလေး မနိုးသည်မှာ သေချာသလားဟု တစ်ချက်ကြည့်လိုက်ပြီး ဖုဟွိုက်အန်း၏အကြိုက်ကို နားမလည်သည့်ဟန်ဖြင့် အချွန်နှင့်မကာ ဆက်ပြောလိုက်သည်။
"မင်းအတွက် ညအိပ်ဖို့အတွက် အဖော်တစ်ယောက်လောက် လိုချင်တာဆိုရင် ဘာကိစ္စနဲ့ လက်ထပ်မှတ်ပုံတင် သွားလုပ်တဲ့အထိ အလုပ်ရှုပ်ခံနေရတာလဲ။ ဒီလိုမိန်းမမျိုးက ဒီအတိုင်းကြည့်ရင် မာနကြီးပြီးတော့ ထိလို့မလွယ်တဲ့ ပုံစံပေါက်ပေမဲ့ သူ(မ)ကိုလိုချင်ရင် မင်းသုံးလို့ရတဲ့ နည်းလမ်းတွေမှ တစ်ပုံကြီးပဲနော်။ မင်းမသိဘူးလို့တော့ ငါ့ကိုမပြောနဲ့။ မင်းအနေအထားနဲ့ဆို ဒီလောက်ကြီးအထိ အားထည့်နေစရာမလိုတာကို။ အလွယ်ဆုံးသော ဖြေရှင်းနည်းက ရိုးရှင်းပြီးတော့ ကြမ်းတမ်းတယ်။ မင်းစိတ်ပါရင် ငါ့ကိုအချိန်တစ်ပတ်ပဲပေး။ တစ်ပတ်အတွင်းမှာ မင်းအတွက်အဆင်ပြေသွားအောင် ငါပုံစံပေးလိုက်မယ်။"
"ဒီကိစ္စကို ဝင်မပါနဲ့။"
ဖုဟွိုက်အန်းက လုကျင်းနန်၏ စကားများကို မကြားရသည့်အတိုင်း လျစ်လျူရှုလိုက်ပြီး အေးတိအေးစက် ပြန်ပြောလိုက်သည်။
ဖုဟွိုက်အန်းက လမ်းဘေးတွင်ရပ်ကာ သူ့အား သွေးတိုးစမ်းနေသော လူနှစ်ယောက်ထံမှ အကြည့်လွှဲလိုက်ပြီး သူ၏ပေါင်ပေါ်တွင် ခေါင်းတင်အိပ်နေသော ထွမ်းထွမ်းလေးအား လက်တစ်ဖက်နှင့် ညင်ညင်သာသာလေး ပုတ်ပေးလိုက်သည်။ သူက လွတ်နေသော ညာဘက်လက်နှင့် မီးခြစ်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းတွင်တေ့ထားသော စီးကရက်အား မီးညှိလိုက်လေ၏။ သူ၏ရှည်သွယ်သော လက်ချောင်းများက ခလုတ်ကိုနှိပ်ကာ ကားပြတင်းမှန်ကို အောက်ချလိုက်ပြီး သူရှိုက်သွင်းထားသော စီးကရက်ငွေ့များကို အပြင်ဘက်သို့ မှုတ်ထုတ်လိုက်သလို စီးကရက်ပြာကိုလည်း တစ်ခါတည်း တောက်ချလိုက်သည်။
သူ၏နက်မှောင်သော မျက်လုံးများနှင့် အဓိပ္ပာယ်ဖော်မရသည့် အကြည့်များကတော့ စီးကရက်ငွေ့များကို ဖြတ်ကျော်လျက် လင်းနွမ်ထံတွင် ကျောက်ချနေခဲ့သည်။
သောကြာနေ့များတွင် ကျောင်းလွှတ်ချိန်များက စောတတ်သည်ပင်။ အလယ်တန်းကျောင်းသား ကလေးတစ်သိုက်က စက်ဘီးကိုယ်စီနှင့် လူသွားလမ်းပေါ်တွင် နင်းလာခဲ့လေသည်။ ပုံမှန်အတိုင်းဆိုလျှင် ထိုအပြုအမူက ပြဿနာမရှိသော်လည်း ဤမျောက်ကလေးများက စက်ဘီးစီးလျက်သားနှင့် စိန်ပြေးလိုက်တိုင်း ဆော့နေကြသည်ပင်။ ပလက်ဖောင်းပေါ်တွင် သွားလာနေကြသော လူကြီးများက သူတို့အုပ်စုအား မျက်စောင်းတခဲခဲနှင့် ရှိနေချေ၏။ ရှေ့ဆုံးမှနေ၍ ဦးဆောင်ပြေးနေသော ခေါင်းဆောင်ဖြစ်ဟန်ရသည့် ကောင်လေးက လင်းနွမ်၏ နောက်ကျောဘက်မှကပ်ကာ ဖြတ်သန်းရချိန်တွင် ပြေးတမ်းလိုက်တမ်း ဆော့နေကြသော သူ့အပေါင်းအသင်းများ ပါလာသေးသလားဟု ခေါင်းကိုလည်ပြန်လှည့်ကာ ကြည့်လိုက်မိလေသည်။
"သတိထား။"
ဝိန်မော့ရှီက လင်းနွမ်အား အမြန်လှမ်းကာ ဆွဲလိုက်ရသည်။ မဟုတ်ပါက ထိုကလေးရော လင်းနွမ်ရော နှစ်ယောက်စလုံး တစ်ခုခုဖြစ်သွားနိုင်သည်။ သူတို့သတိဝင်ကာ ရန်တွေ့ရန်ပြင်ချိန်၌ ထိုကလေးတစ်သိုက်က လှမ်းခေါ်လျှင်ပင် မကြားလောက်မည့် အကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
လင်းနွမ်မှာ သူ(မ)၏လက်ကောက်ဝတ်အား ယခုထက်ထိ မလွှတ်သေးသော ဝိန်မော့ရှီကြောင့် မျက်မှောင်ကြုတ််နေပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ(မ)၏အကြည့်များက ရင်းနှီးနေပြီဖြစ်သော မီးခိုးငွေ့များကြားမှ မျက်လုံးနက်တစ်စုံကို လှမ်းတွေ့လိုက်ရလေသည်။ လင်းနွမ်မှာ သူ(မ)၏ရင်ဘတ်ထဲမှ နှလုံးတစ်ခုလုံး ထွက်ကျလာတော့မတတ် ထိတ်လန့်သွားခဲ့ပြီး လေထဲရှိကြိုးတန်းပေါ်တွင် တန်းလန်းကြီး ရပ်နေရသလို ခံစားလိုက်ရသည်။ ထိုခဏလေးတွင် သူ(မ)က မသိလျှင် ဖောက်ပြန်နေသည်ကို လူမိသွားသည့်အလား ရှက်ကြောက်စိတ်များ ဝင်ရောက်လာပြီး ထူပူသွားခဲ့သည်။
ထိုမျက်လုံးများ၏ ပိုင်ရှင်ဖြစ်သူက နှစ်ယောက်မရှိသော ဖုဟွိုက်အန်းပင်။
*****
Aurora Novel Translation Team