no

Font
Theme

ဟိုင်းချန်မြို့၏ Sky Imperial Garde က ကျင်းချန်မြို့တွင်ရှိသောတစ်ခုနှင့် အတူတူပင်ဖြစ်သည်။ Sky Imperial Garden က အထက်တန်းလွှာ အသိုင်းအဝိုင်းများကြားတွင် နာမည်ကြီးသော စိတ်အပန်းဖြေသည့် ကလပ်ဖြစ်ပြီး အကောင်းစားလက်ဖက်ရည် သောက်လိုသူများကြားတွင် ထိပ်တန်းပင်ဖြစ်သည်။ သူ၏တည်နေရာ မြေတစ်လက်မကို လိုချင်ပါက ငွေခင်းဝယ်မှရသော ဟိုင်းချန်မြို့၏ အချက်အချာကျကာ လူသွားလူလာများသည့် မြို့လယ်ခေါင်တွင်ဖြစ်ပြီး ကလပ်၏ကားပါကင်တွင် ဈေးကြီးပါပေ့ ရှားလွန်းပါပေ့ဟု အမည်တပ်၍ရသော အကောင်းစားကားများနှင့် တန်းစီနေသည်ကို မြင်ရလိမ့်မည်ဖြစ်သည်။ ဤကလပ်က ဟိုင်းချန်မြို့၏ လူကုံထံများ ရိုးရာလက်ဖက်ရည်ကို သောက်သုံးချင်ပါက မကြာခဏ လာလေ့ရှိသော နေရာပင်ဖြစ်သည်။


ကလပ်အတွင်းရှိ သီးသန့်ခန်းတစ်ခန်းတွင် လက်ဖက်ရည်ဖျော်ခြင်း အနုပညာတွင် ကျွမ်းကျင်သူတစ်ဦးက ချည်မျှင်နှင့်ရက်ကာ ဝါဂွမ်းဖြင့်အနားကွပ်ထားသော အဖြူဆွတ်ဆွတ် ကလပ်ယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ပြီး သူ၏အနှပညာကို ကျော့ရှင်းသွက်လက်စွာ တင်ဆက်နေခဲ့သည်။ လက်ဖက်ရည်ပညာရှင်ဖြစ်သူ အမျိုးသမီးက သူ(မ)၏အနောက်မှ ဆူညံနေသော မာကျောက်ဝိုင်းကို လုံးလုံးလျားလျားပင် သတိမပြုမိသည့်အလား တင်ဆက်နေခဲ့ပြီး သူ(မ)၏လှုပ်ရှားမှုတိုင်းက ကျွမ်းကျင်မှုရှိကာ တိကျလှသည်။


လက်ဖက်ရည်ပညာရှင်က လောလောလတ်လတ် ဖျော်ထားသော လက်ဖက်ရည်ခွက်ကို ထန်ကျန်းထံသို့ ကမ်းပေးလိုက်ပြီး ထန်ကျန်းက လက်ဖက်ရည်ခွက်အား သူ၏နှာသီးဝဆီသို့ မ,ယူလိုက်ပြီး သူ၏မျက်မှန်ကို ရေငွေ့ရိုက်ကာ ဖုံးသွားသည်အထိ လက်ဖက်ရည်ပူပူကို အနံ့ခံလိုက်လေသည်။


ဖုဟွိုက်အန်းက ထန်ကျန်း၏ မျက်နှာချင်းဆိုင်တွင် ခြေချိတ်ထိုင်နေခဲ့သည်။ လက်ဖက်ရည်ပညာရှင်က လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူ့ထံသို့ ကမ်းပေးလာချိန်တွင် ဖုဟွိုက်အန်းကလည်း လက်နှစ်ဖက်ဖြင့်ပင် လက်ခံယူလိုက်သည်။ သူ၏လက်တစ်ဖက်က လက်ဖက်ရည်ခွက်၏ အောက်ခံပန်းကန်ကို ကိုင်ထားခဲ့ပြီး ကျန်လက်တစ်ဖက်က လက်ဖက်ရည်ခွက်၏ ကိုယ်ထည်နေရာကို ထိန်းကိုင်လိုက်သည်။ သူ၏အပြုအမူအရ လက်ဖက်ရည်ပညာရှင်ကို လေးစားကြောင်း ပေါ်လွင်နေခဲ့သည်။


လုကျင်းနန်က စီးကရက်တစ်လိပ်ကို လက်ကြားတွင်ညှပ်ကာ မာကျောက်ကစားပွဲမှ ထလာခဲ့ပြီး ဖုဟွိုက်အန်းနှင့် ထန်ကျန်းရှိရာသို့ လျှောက်လာခဲ့လေသည်။ သူက လက်ဖက်ရည်ပညာရှင်ကို ဆက်မလိုတော့ကြောင်း လက်ဟန်ပြလိုက်သည်။


"ပြီးသွားရင် ထွက်သွားလို့ရပြီ။"


လက်ဖက်ရည်ပညာရှင်က ဖုဟွိုက်အန်းနှင့် ထန်ကျန်းအား ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပြီးနောက် သီးသန့်ခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။


ဖုဟွိုက်အန်းက လက်ဖက်ရည်ကို တစ်ကျိုက်တည်းမော့ကာ သောက်ချလိုက်ပြီး စားပွဲခုံပေါ်သို့ ပြန်ချထားလိုက်ကာ စီးကရက်တစ်လိပ်အား ကျွမ်းကျင်စွာဖြင့် မီးညှိလိုက်ကာ မီးခြစ်အား စားပွဲခုံပေါ်သို့ ပစ်စလက်ခတ်ပင် ပစ်ချလိုက်လေသည်။ ထို့နောက်တွင်တော့ သူက လက်ကြားထဲတွင် စီးကရက်ကို ညှပ်လျက်သားဖြင့် လက်ဖက်ရည်အိုးကို ကောက်ကိုင်လိုက်ပြီး သူ၏ခွက်ထဲသို့ ထပ်ဖြည့်လိုက်လေသည်။


တစ်ဖက်တွင်လည်း ထန်ကျန်းက လက်ဖက်ရည်ခွက်ကို ကိုင်ထားလျက်မှ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သော လုကျင်းနန်အားကြည့်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။


"ဘာလဲ။ ဆက်မဆော့တော့ဘူးလား။"


"လောင်ဖုရောက်ကတည်းက မင်းက မဆော့တော့ဘူးလေ။ မင်းမပါရင် ငါက တစ်ပွဲနိုင်ဖို့ ဘယ်လောက်ခက်လဲဆိုတာ မင်းသိရဲ့သားနဲ့။ ပျော်ဖို့ကိုမကောင်းတော့ဘူး။"


လုကျင်းနန်က သူ၏စီးကရက်မှ ပြာမှုန်များကို ဆေးလိပ်ပြာခွက်ထဲသို့ တဖြည်းဖြည်းချင်း တောက်ချလိုက်ပြီး ဖုဟွိုက်အန်းလက်မှ လက်ဖက်ရည်အိုးကို လှမ်းယူလိုက်ကာ သူ့အတွက်သူ တစ်ခွက်ငှဲ့လိုက်သည်။


"ငါဆက်ကစားရင် မင်းတို့ကောင်တွေဆီ ဘောင်းဘီချွတ်ပေးရတဲ့အထိ ခွက်ခွက်လန်အောင် ရှုံးသွားမှာပေါ့။"


ထန်ကျန်းက အရယ်တစ်ဝက်ဖြင့် လုကျင်းနန်အား ပြန်နောက်လိုက်သည်။ လုကျင်းနန်က လက်ဖက်ရည်ခွက်အား ကောက်ယူလိုက်ပြီး တစ်ငုံငုံကာ အရသာခံလိုက်သည်။ ထို့နောက်တွင်တော့ သူ၏မျက်ခုံးများက တွန့်ကွေးသွားခဲ့ပြီး ထန်ကျန်းနှင့် ဖုဟွိုက်အန်းအား ရူးနေသလားဟူသော အကြည့်များနှင့် ကြည့်လိုက်လေသည်။


"လက်ဖက်ရည်ပညာရှင်ကို လာဖို့ခေါ်ပြီးတော့ ခူတင်းလက်ဖက်ကို ဖျော်ခိုင်းလိုက်တယ်ပေါ့လေ။"


လုကျင်းနန်၏ အမေးစကားကြောင့် ထန်ကျန်းက အကူအညီမဲ့စွာနှင့် ပြန်ဖြေလိုက်ရသည်။


"ငါက လက်ဖက်ရည်ပညာရှင်ကို ထျယ်ကွမ်ရင်လက်ဖက်ရည် သောက်ချင်တာလို့ ပြောလိုက်တာပဲလေ။ ဒါပေမဲ့ သူ(မ)က ရောက်လာတာနဲ့ ငါ့ကိုလျစ်လျူရှုပြီးတော့ လောင်ဖုကိုပဲ ဘာသောက်မလဲလို့မေးတယ်။ လောင်ဖုကလည်း ကြံရာကျပန်း ခူတင်းလက်ဖက်လို့ ပြန်ပြောလိုက်တာနဲ့ ဒီလိုပဲဖြစ်သွားတယ်။ ငါလုပ်နိုင်တာက ခူတင်းကိုသောက်ပြီး နာကျင်မှုတွေကို မျှောချလိုက်တာပဲ။"


(TN/နှစ်ခုစလုံးက တရုတ်ပြည်မှာရော ကမ္ဘာအနှံ့မှာပါ နာမည်ကြီးတဲ့ လက်ဖက်အမျိုးအစားတွေပါ။ ထျယ်ကွမ်ရင်ဆို လက်ဖက်ရွက်ရဲ့ အရည်အသွေးက အရမ်းကောင်းရင် တစ်ခွက်စာအတွက် စတာလင်ပေါင် 8 ပေါင် ပေးရပါတယ်တဲ့။)


လုကျင်းနန်က တည်ငြိမ်နေဆဲဖြစ်သော ဖုဟွိုက်အန်းအား တစ်ချက်ကြည့်လိုက်ပြီး နောက်ပြောင်လိုက်လေသည်။


"ဘာလဲ။ လင်းနွမ်အိမ်ကနေ ဒီကိုရောက်လာတာတောင် စိတ်ဆိုးနေသေးတာလား။ သူ(မ)ကအခုမှ မျက်နှာပြောင်တိုက်ပြီး မင်းကိုထိခွင့်မပေးတော့ဘူးလား။"


"ကျင်းနန်ပြောသလိုဆို ဒီမိန်းကလေးက နားချပြောဆိုဖို့ရော အတူအခြေချဖို့ပါ ခက်မဲ့ပုံမျိုးပဲ။"


ထန်ကျန်းက ဖုဟွိုက်အန်းအား စပ်စုလိုသော မျက်လုံးများနှင့်ကြည့်ကာ မေးမြန်းလိုက်သည်။


"လောင်ဖု ကျင်းနန်ပြောနေတဲ့ အဲဒီမိန်းကလေးကို မင်းကအပျော်လား ဒါမှမဟုတ်ရင် တကယ်ကြီးကို ခံစားချက်တွေ ပါနေတာလား။"


ဖုဟွိုက်အန်း၏ ရှည်သွယ်လှသော လက်ချောင်းများကြားတွင် ညှပ်ကိုင်ထားခဲ့သော စီးကရက်ဆီမှ ‌အခိုးအငွေ့များက လွင့်ပျံ့နေခဲ့ပြီး ထိုအဖြူရောင် မီးခိုးများကြားတွင် ဖုဟွိုက်အန်းက ပါးစပ်ဟကာ အဖြေမမည်သော အဖြေတစ်ခုအား ပေးလိုက်လေသည်။


"ငါတို့မနက်ဖြန် လက်ထပ်မှတ်ပုံတင်ဖို့ သွားကြမှာ။"


ဖုဟွိုက်အန်း၏အသံက မကျယ်သလို ဆူညံနေကြသော မာကျောက်ဝိုင်းဆီမှ ဝိုင်းသစ်စနေသည့် အသံဗလံများကြောင့် သူပြောလိုက်သည်ကို သူ၏နံဘေးတွင် ထိုင်နေခဲ့သော လုကျင်းနန်နှင့် ထန်ကျန်းမှလွဲကာ အခြားသူငယ်ချင်းများက လုံးလုံးလျားလျားပင် မကြားလိုက်ကြချေ။


ဖုဟွိုက်အန်းထံမှ လက်ဆောင်အကြီးကြီး ရသွားခဲ့သော လုကျင်းနန်မှာ ရှော့ရသွားသဖြင့် ငြိမ်ကျသွားခဲ့ပြီး ထန်ကျန်း၏ မျက်နှာထက်တွင်တော့ အံ့အားသင့်နေပုံရသည့် အကြည့်တစ်ခုက နေရာယူထားခဲ့သည်။


မကြာလိုက်ဘဲ လုကျင်းနန်၏ နှုတ်ခမ်းများကြားတွင် ခဲထားဆဲဖြစ်သော စီးကရက်လိပ်မှ ပြာအတောင့်လိုက်က သူ၏လက်ခုံပေါ်သို့ ကျဆင်းသွားသဖြင့် အပူဒဏ်ကြောင့် လုကျင်းနန်မှာ သတိပြန်ဝင်သွားခဲ့သည်။ လုကျင်းနန်မှာ အပူသက်သာသွားစေရန် သူ၏လက်ပေါ်မှ စီးကရက်ပြာများကို အလျင်အမြန်ပင် ခါထုတ်လိုက်ရပြီး ဖုဟွိုက်အန်းအား သေချာသွားစေရန် ပြန်မေးလိုက်လေသည်။


"လောင်ဖု မင်းကလင်းနွမ်ကို အတည်ယူတော့မလို့လား။"


ဖုဟွိုက်အန်းက သူ၏‌စီးကရက်မှပြာများကို ဆေးလိပ်ပြာခွက်ထဲသို့ တောက်ချလိုက်ပြီး လုကျင်းနန်အား မျက်လုံးနက်များနှင့် မော့ကြည့်လိုက်ကာ ပုံမှန်လေသံနှင့်ပင် မေးလိုက်လေသည်။


"ငါကနောက်ပြောင်ပြီး ကစားနေတဲ့ပုံ ပေါ်နေလို့လား။"


သူ၏ထိုစကားများကို ကြားလိုက်ချိန်တွင် ထန်ကျန်းက ပြုံးရယ်လိုက်ပြီး ဖုဟွိုက်အန်းအား လောလိုက်လေသည်။


"ဒါဆိုကောင်းတာပေါ့။ ဒီလိုလုပ်ပါလား။ မနက်ဖြန်ကျလို့ မင်းတို့နှစ်ယောက်သား လက်ထပ်မှတ်ပုံတင် လုပ်ပြီးသွားရင် မရီးကိုခေါ်လာပြီးတော့ ငါတို့နဲ့မိတ်ဆက်ပေးလေ။ ငါတို့အသိုင်းအဝိုင်းက အချင်းချင်းလည်း ပွဲကျင်းပပြီးသားဖြစ်၊ မရီးအနေနဲ့လည်း ငါတို့တွေကို တစ်ခါတည်း သိသွားတာပေါ့။ ငါလည်းငါ့အဖော်လုပ်ဖို့ မိန်းကလေးပါတနာကို ရှာလာခဲ့မယ်။ လုကျင်းနန် မင်းရောပဲ။ မိန်းကလေးအဖော် ရှာပြီးခေါ်လာခဲ့။ မဟုတ်လို့ရှိရင် ယောက်ျားတွေပဲစုနေတဲ့ ဝိုင်းကြီးဖြစ်သွားပြီး မရီးကိုနေရခက်အောင် လုပ်လိုက်သလို ဖြစ်သွားလိမ့်မယ်။"


ထန်ကျန်း၏စကားကြောင့် မာကျောက်ဝိုင်းထဲမှ သူငယ်ချင်းများက မနက်ဖြန်တွင်ပြုလုပ်မည့် စုဝေးပွဲနှင့်ပတ်သတ်ကာ ဆွေးနွေးလိုက်ကြသည်။


"အိုကေလေ။ မင်းကဒီမိန်းကလေးနဲ့ လက်ထပ်တော့မယ်ဆိုမှတော့ သူ(မ)ကငါတို့ရဲ့ တရားဝင်မရီး ဖြစ်သွားပြီပေါ့။ အဲလိုဆိုရင် မျက်နှာချင်းဆိုင်မတွေ့လို့ ဘယ်ဖြစ်ပါ့မလဲ။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment