လုကျင်းနန်က စီးကရက်ကို သွားဖြင့်ဖိကိုက်ကာ ခဲထားလျက်မှ လမ်းတစ်ဖက်တွင် ကြောင်အအဖြင့် မတ်တတ်ရပ်နေသော လင်းနွမ်အား အကြည့်စူးစူးများဖြင့် ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီးနောက် သူ၏အမြင်များကို ဖုဟွိုက်အန်းထံသို့ ဖွင့်ဟလာလေသည်။
“မိန်းမတွေဆိုတာ ကားတစ်စီးလောက်ပေးပြီး ပန်းနည်းနည်းပို့လိုက်ရုံပဲ။ အဲ့ထက်ပိုလုပ်ပေးချင်ရင် နာမည်ကြီးတဲ့ အိတ်တစ်လုံးနဲ့ ငွေအပြည့်ပါတဲ့ ကတ်တစ်ကတ်လောက် ပေးထားလိုက်။ အဲဒီလောက်ဆိုရင် အိပ်ရာထဲကို လိုက်လာအောင်လို့ နှစ်ခွန်းသုံးခွန်းထက် ပိုတောင်မပြောရဘူး။ မင်းဒီလောက်ထိကြီးတဲ့ အစီအစဉ်ကြီးကို ပြင်ဆင်ထားစရာ တကယ်လိုလို့လား။”
“သူ(မ)က မင်းပြောနေတဲ့ မိန်းမတွေနဲ့မတူဘူး။”
ဖုဟွိုက်အန်း၏ နက်ရှိုင်းတည်ကြည်သော အသံဩရှရှက ဝေ့ဝဲပျံ့လွင့်နေသည့် ဆေးလိပ်မီးခိုးငွေ့များနှင့်အတူ ထွက်ပေါ်လာခဲ့ပြီး သူ၏နှုတ်ခမ်းထက်တွင် အပြုံးမမည်လှသော ဖျော့တော့လှသည့် မျဉ်းတန်းလေးက နေရာယူထားလေသည်။ လုကျင်းနန်က ဖုဟွိုက်အန်းအား အမှုမထားဘဲ စိတ်အချဉ်ပေါက်နေပုံရသော စိမ်းသက်သက်လေသံဖြင့် ပြန်ပြောလိုက်သည်။
“သူ(မ)က တကယ်ကို မတူဘူးဆိုတာတော့ ငါလက်ခံပါတယ်။ ဒီလင်းနွမ်ကို ငါအရင်တုန်းက စုံစမ်းဖူးသေးတယ်။ ရေဒီယိုဌာနတစ်ခုလုံးမှာ ဘယ်သူကမှ အပိုင်မသိမ်းနိုင်ဘဲ ညှိုးနွမ်းအောင်လုပ်လို့မရတဲ့ ပန်းပွင့်လေးတဲ့လေ။ သူ(မ)ကိုရအောင်လိုက်ဖို့ တကယ်ခက်တယ်ဆိုပဲ။ အရမ်းလည်ပြီးတော့ ဟန်ဆောင်ကလည်း အတော်ကောင်းတယ်တဲ့။ ဆိုတော့ မင်းက ရဖို့ခက်တာလေးကိုမှ ကြိုက်တဲ့အထဲကပေါ့ ဟုတ်လား။ ဒါမှမဟုတ်ရင် သူများထက်ပိုပြီးတော့ ခေါင်းမာတဲ့မိန်းမတွေ မင်းခြေရင်းမှာ ဝပ်ဆင်းသွားတာကို သဘောကျလို့လား။”
ဖုဟွိုက်အန်းက လုကျင်းနန်၏ မေးခွန်းများအား မကြားချင်ယောင်ဆောင်ကာ သူ၏မျက်ခုံးနှစ်ခုကြားမှ နေရာလွတ်အား စီးကရက်ကိုင်ထားဆဲဖြစ်သော လက်တစ်ဖက်နှင့် ဖိနှိပ်နေလိုက်သည်။ သူ လုကျင်းနန်းအား ဘာမှပြန်မပြောဘဲ အဝေးကိုသာ ငေးကြည့်နေလိုက်သည်။ သူ၏မျက်လုံးထဲမှ အကြည့်များက ပတ်ဝန်းကျင်နှင့် အစေးမကပ်ဘဲ အဓိပ္ပာယ်မရှိသယောင် ဗလာဆန်နေခဲ့သည်။
တက္ကစီကားတစ်စီးက ရုတ်တရက်ဆိုသလို ဖြတ်သွားချိန်တွင် လင်းနွမ်က ကားလမ်းဘေးရှိ ရေအိုင်များကို လျစ်လျူရှုကာ ပလက်ဖောင်းပေါ်မှ ဆင်းလိုက်ပြီးနောက် လက်ကိုဆန့်တန်းကာ ၎င်းတက္ကစီကားအား လှမ်းတားလိုက်သည်။
“လင်းနွမ်။”
ကုဟန်ရန်က သူ(မ)နာမည်အား လှမ်းခေါ်လိုက်သည်ကို ကြားလိုက်သော်လည်း လင်းနွမ် ပြန်လှည့်မကြည့်ဖြစ်ခဲ့။ ရွှံ့စက်များနှင့် ရေခဲတမျှ အေးစက်နေသော မိုးရေစက်များက လင်းနွမ်ဝတ်ထားသော အဖြူဆွတ်ဆွတ် အားကစားဖိနပ်ကို ရွှဲရွှဲစိုနေစေသော်လည်း လင်းနွမ်၏အာရုံက ထိုကိစ္စပေါ်တွင် ရှိမနေခဲ့သလို သတိလည်းမထားမိချေ။ သူ(မ)က ဖုဟွိုက်အန်း၏ မျက်စိအောက်မှ ထွက်ပြေးလာရန်သာ စိတ်စောနေခဲ့သဖြင့် တက္ကစီကားထဲရောက်ပြီး နွေးထွေးသောလေထုနှင့် ထိတွေ့မိမှသာလျှင် သူ(မ)၏ခြေထောက်များ အေးခဲနေပြီဖြစ်ကြောင်း သထိပြုမိသွားခဲ့သည်။
....
လင်းနွမ်က လက်ထဲမှထီးကို တင်းတင်းဆုပ်လိုက်ပြီး ဖုဟွိုက်အန်း၏ ဗီလာရှေ့တွင် မတ်တတ်ရပ်ကာ အထဲဝင်ရနိုး မဝင်ရနိုးဖြင့် ချီတုံချတုံဖြစ်နေခဲ့သည်။
ကုဟန်ရန်၏ နောက်ဆုံးစကားကြောင့် လင်းနွမ်မှာ သူ(မ)၏အိမ်ကို ပြန်ရောက်ပြီဖြစ်သော်လည်း တက္ကစီယာဉ်မောင်းအား ဖုဟွိုက်အန်း၏ အိမ်လိပ်စာကို အသိပေးလိုက်ပြီး ပြန်ထွက်လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ညကိုသာ လွန်မြောက်ပြီးသွားပါက ဖုဟွိုက်အန်းအား သူ(မ)ဘက်ကအရင် ဆက်သွယ်ပြောဆိုရန် သတ္တိမရှိတော့မည်ကို ကြောက်ရွံ့သွားခဲ့သဖြင့် ချက်ချင်းဆိုသလို လာတွေ့ခြင်းလည်းဖြစ်သည်။
“လင်းမမလေး။”
သူ(မ)အားနှုတ်ဆက်သံကို ကြားလိုက်သဖြင့် လင်းနွမ် မော့ကြည့်လိုက်ချိန်တွင် ဖုဟွိုက်အန်း၏ အိမ်တော်ထိန်းက အပြင်ဘက်တွင် မတ်တတ်ရပ်နေသော သူ(မ)ကိုတွေ့သွားပြီး ခြံဝင်းတံခါးကို ဖွင့်ပေးလာသည်ကို မြင်လိုက်ရလေသည်။ အမျိုးသမီးကြီးက ထီးတစ်ချောင်းကိုကိုင်ကာ လင်းနွမ်ရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။
တစ်ကြိမ်တစ်ခါက ဖုဟွိုက်အန်း၏ သားဖြစ်သူကို ဤဗီလာသို့ လင်းနွမ်ကိုယ်တိုင် အိမ်ပြန်လိုက်ပို့ဖူးသဖြင့် အိမ်တော်ထိန်းအမျိုးသမီးက လင်းနွမ်ကို မြင်ဖူးထားပေရာ မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိနေခဲ့ခြင်းပင်။ အိမ်တွင်းမှထွက်လာသော မီးရောင်နွေးနွေးအောက်တွင် ကောင်းကင်ယံမှ ကျဆင်းလာသည့် မိုးစက်မိုးပေါက်များကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသည်။
“အိမ်အပြင်ဘက်မှာ လူတစ်ယောက်က အချိန်အကြာကြီး တုပ်တုပ်မလှုပ်ဘဲ မတ်တတ်ရပ်နေတာ မြင်လိုက်လို့ ဘယ်သူလဲဆိုပြီး ထွက်ကြည့်လိုက်တာ။ လင်းမမလေး ဖြစ်နေလိမ့်မယ်လို့ မထင်မိလိုက်ဘူး။”
အိမ်တော်ထိန်းအမျိုးသမီးက ဖော်ရွေလှသော အပြုံးတစ်ခုဖြင့် လင်းနွမ်အား နှုတ်ဆက်လာသည်။
“လင်းမမလေး။ ဒီနေ့လာတာက ထွမ်းထွမ်းကို လာတွေ့တာလား။ ထွမ်းထွမ်းကလေ လင်းမမလေးကို အရမ်းသတိရနေတာ။ လင်းမမလေးအကြောင်းကို နေ့တိုင်းလိုလိုကို ပြောနေတော့တာပဲ။ လင်းမမလေးက သူ့ဆီကိုလာလည်မယ်လို့ ကတိပေးထားတယ်လို့ ခဏခဏပြောတယ်။”
မိုးစက်မိုးပေါက်များ ထီးရွက်ပေါ်သို့ ရိုက်ခတ်ရာမှ ထွက်ပေါ်လာခဲ့သော အသံများကပင် အန်တီလီ၏ ပျော်ရွှင်နေသောလေသံကို မဖုံးလွှမ်းစေနိုင်ခဲ့ပေ။ သူ(မ)က လင်းနွမ်ကို အိမ်ထဲဝင်ရန် အလျင်အမြန်ပင် ဖိတ်ခေါ်လိုက်သည်။
“အပြင်မှာ မိုးတွေဒီလောက်တောင် သည်းနေတာကို လင်းမမလေးရဲ့။ အိမ်ထဲအမြန်ဝင်ရအောင်။”
“ဟိုလေ လူကြီးမင်းဖု ပြန်ရောက်ပြီလား။”
(TN/ဝတ္ထုနာမည်ကအတိုင်းဆို ဖုရှန်းရှန်လို့ခေါ်ပါတယ်။ ဖုဟွိုက်အန်းကို လေးစားသမှုနဲ့ လူကြီးလူကောင်းအဖြစ် သတ်မှတ်ပြီးတော့ ခေါ်တဲ့နာမ်စားပါ။ နောက်ပိုင်းကျရင်တော့ ချစ်စနိုးနဲ့ ဖြစ်သွားမှာပေါ့လေ။ ;)
ထိုမေးခွန်းကို ထုတ်မေးလိုက်သည့်ခဏတွင် လင်းနွမ်၏နှလုံးသားမှာ ခံစားချက်မျိုးစုံတို့ ရောထွေးယှက်ကာ တုန်လှုပ်နေခဲ့ပြီး ထီးလက်ကိုင်ကို ဆုပ်ကိုင်ထားသော သူ(မ)၏လက်များက တင်းကျပ်လွန်းလှသဖြင့် ဖြူဖျော့နေသည့် လက်ဆစ်များကိုပင် မြင်နေရပေသည်။ လင်းနွမ်၏အသံက သေချာမကြားရသည်အထိ တိုးဖျော့နေသဖြင့် အန်တီလီမှာ ထိုမေးခွန်းအား အချိန်အနည်းငယ်ယူကာ စဉ်းစားလိုက်ရပြီး နားလည်သွားချိန်တွင် အပြုံးတစ်ခုနှင့် ရိုးရိုးရှင်းရှင်းပင် အဖြေပြန်ပေးလာသည်။
“ဆရာက ပြန်မလာသေးပါဘူး။”
ထိုအခိုက်အတန့်မှာပင် စူးရှလှသည့် ကားမီးအရောင်က လင်းနွမ်ကိုယ်ပေါ်သို့ ဖြာကျလာခဲ့ပြီး လင်းနွမ်မှာ အလင်းတန်းအောက်တွင် မှိုင်းမိသွားသော သမင်တစ်ကောင်အလား အေးခဲသွားရကာ လှမ်းလက်စခြေလှမ်းကိုပင် ဆက်မလှမ်းနိုင်ခဲ့ချေ။
ကားထဲတွင်တော့ ဖုဟွိုက်အန်း၏ လက်ထောက်ဖြစ်သူက ကားမီးရောင်အောက်မှ လင်းနွမ်နှင့် သူ(မ)တစ်ဝက်ခန့်အထိ စိုရွှဲနေပြီဖြစ်သော ဘောင်းဘီကိုပါ တွေ့လိုက်ရပေသည်။ သူ(မ)က အနည်းငယ်ခန့် ဖြူဖျော့နေသော မျက်နှာအမူအရာဖြင့် ဖုမိသားစုဗီလာ၏ အိမ်တော်ထိန်းဖြစ်သူ အန်တီလီနှင့်အတူ မတ်တတ်ရပ်နေသည်ကို သတိပြုမိသွားသည်။ လက်ထောက်ဖြစ်သူက ဖုဟွိုက်အန်းအား နောက်ကြည့်မှန်မှ လှမ်းကြည့်လိုက်ပြီး သတင်းပေးလိုက်သည်။
“ဘောစ့် လင်းမမလေးပါ။”
ဖုဟွိုက်အန်းက ဖုန်းစခရင်ကိုသာ အာရုံစိုက်နေသဖြင့် မော့မကြည့်ဖြစ်သေး။ သူ၏နက်မှောင်သော မျက်လုံးအစုံက ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေခဲ့ပြီး ဖုန်းစခရင်မှ ပြန်ဟပ်နေသော အလင်းရောင်ကြောင့် ဖုဟွိုက်အန်း၏ ရေခဲစိုင်အလားအေးစက်ကာ အနွေးဓာတ်တစ်စက်မှ မရှိလေသော မျက်နှာအစိတ်အပိုင်းများကို ခပ်ဝါးဝါးလေး မြင်နေရပေသည်။ ဖုဟွိုက်အန်းက သူ၏မျက်လုံးများကို ဖုန်းမှခွာလိုက်ပြီး ခေါင်းမော့ကြည့်လိုက်ချိန်တွင် ကားရှေ့မှသူက အမှန်တကယ်ပင် လင်းနွမ်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
လင်းနွမ်က လူတည့်တည့်ကို ထိုးထားသော စူးရှလှသည့် ကားမီးရောင်ကြောင့် မျက်လုံးများအား ကာလိုက်ရသည်။ သူ(မ)ရင်ဘတ်ထဲမှ နှလုံးကတော့ဖြင့် ထွက်ကျတော့မတတ် ခုန်နေခဲ့သည်ပင်။
ကားစက်သတ်သံက ပေါ်ထွက်လာခဲ့ပြီး ဖုဟွိုက်အန်း၏ လက်ထောက်လေးက ကားပေါ်မှဆင်းလာချိန်တွင် လင်းနွမ်အား အတိုချုံးကာ နှုတ်ဆက်လိုက်ပြီး ကားတစ်ဖက်ခြမ်းသို့ အပြေးလေးသွားကာ ဖုဟွိုက်အန်းအတွက် တံခါးဖွင့်ပေးလိုက်သည်။ လက်ထောက်လေးက ဖုဟွိုက်အန်းအား ချက်ချင်းဆိုသလို ထီးမိုးပေးလိုက်သည်။
ဖုဟွိုက်အန်းက အကောင်းစားကားပေါ်မှ ဆင်းလာခဲ့ပြီး သူ၏တန်ဖိုးကြီးသော အနက်ရောင်ဝတ်စုံက အတွန့်အကြေပင် တစ်စက်မှမရှိပေ။ သူ၏တောင်ပြောင်နေသော သားရေရှုးဖိနပ်သည်လည်း သန့်ရှင်းနေခဲ့ကာ ရေစက်အနည်းငယ်သာ တွဲခိုနေပေသည်။ သူ၏အပြစ်အနာအဆာ ရှာမရသောပုံရိပ်နှင့် လင်းနွမ်၏ ကိုယ်လုံးတစ်ဝက်ခန့် ရွှဲရွှဲစိုနေပုံက တွဲကြည့်ရန်ပင် မဖြစ်နိုင်ချေ။ လင်းနွမ်မှာ မသိလိုက်မသိဘာသာဖြင့် ကျောကိုမတ်လိုက်မိသည်။ အန်တီလီက ပြုံးရွှင်စွာဖြင့် ဖုဟွိုက်အန်းကို ကြိုဆိုလိုက်သည်။
“ဆရာပြန်လာပြီပဲ။”
“အပြင်မှာ မိုးသည်းနေတယ်။ မင်း အိမ်ထဲကို အရင်ဝင်လိုက်ဦး။”
ဖုဟွိုက်အန်းက လင်းနွမ်အား ခပ်နိမ့်နိမ့်လေသံဖြင့် ပြောလိုက်လေ၏။ လင်းနွမ်က ဖုဟွိုက်အန်း၏ စကားအတိုင်း သူနှင့်အတူတူ အိမ်ထဲလိုက်ဝင်လာပြီး အန်တီလီက သူ(မ)အား ရေချိုးရန်ပြင်ဆင်ပေးကာ သန့်ရှင်းခြောက်သွေ့သော အဝတ်တချို့ကို ရှာဖွေပေးလိုက်သည်။
“လင်းမမလေး မိုးကအရမ်းသည်းနေတော့ ကျင်းအာလမ်းတစ်ခုလုံး ရေတွေလျှံနေပြီ။ ဒီညတော့ ဘယ်လိုမှ အိမ်ပြန်ဖို့အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဆရာကပြောတယ်။ လင်းမမလေး ဒီနေ့ညတော့ ဒီဗီလာမှာပဲ ညအိပ်လိုက်ပြီး မနက်ကျမှပဲ အိမ်ပြန်ပေါ့တဲ့။”
အန်တီလီက လင်းနွမ်လက်ထဲသို့ အဝတ်သန့်အချို့ ထည့်ပေးလိုက်ပြီး ဖုဟွိုက်အန်း၏ စကားများကို တစ်ဆင့်ပြောလာသည်။
“ဒါကမနေ့ကမှ ဆရာဝယ်လာတဲ့ ညအိပ်ဝတ်စုံအသစ်လေ။ လျှော်ပြီးသားပေမဲ့ မဝတ်ရသေးဘူး။ လင်းမမလေးရဲ့ အဝတ်အစားတွေက အကုန်စိုရွှဲနေပြီဆိုတော့ ဒီတစ်ညလောက် သည်းခံပြီးတော့ ဒါလေးကိုဝတ်လိုက်ပါ။ ညစာကိုလည်း အောက်ထပ်မှာ ပြင်ထားပြီးသားမို့ ရေချိုးပြီးရင် ဆင်းလာပြီးတော့ ညစာစားလို့ရပြီနော်။”
“ကျေးဇူးတင်ပါတယ်။”
လင်းနွမ်က ညအိတ်ဝတ်စုံကို လှမ်းယူလိုက်ပြီး အန်တီလီအား ကျေးဇူးတင်လိုက်သည်။ ထို့နောက်တွင်တော့ သူ(မ)က ဖုမိသားစုဗီလာ၏ ဧည့်သည်အခန်းတွင် ရေနွေးနွေးဖြင့် စိမ်ချိုးလိုက်ပြီး အဆင်မပြေဖြစ်နေသော ခံစားမှုများကို ဖြေဖျောက်လိုက်သည်။
*****
Aurora Novel Translation Team