no

Font
Theme

လင်းနွမ်က ဆေးရုံဆီသို့ အပြေးအလွှား ရောက်သွားခဲ့ပြီး သူ(မ)ရောက်သွားချိန်တွင် ဝိန်မော့ရှန်က ခွဲစိတ်ခန်းဝင်နေရသည်။


ဆေးရုံ၏အပြင်ဘက်တွင် များပြားလှသော သတင်းထောက်အုပ်စုကြီးက အမဲလိုက်ရန် စောင့်ဆိုင်းနေသော မုဆိုးများနှယ် ဝိန်မော့ရှန်၏အခြေအနေနှင့် ပတ်သက်သော သတင်းများအား ကျီးကန်းတောင်းမှောက် စောင့်ကြည့်နေခဲ့ကြသည်။ လွန်ခဲ့သောလေးနှစ်က လေယာဉ်အမှတ် T-324 နှင့်အတူ လိုက်ပါသွားခဲ့သော လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များက အစပင်ရှာမရသည်အထိ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း လေးနှစ်ကြာမြင့်ခဲ့ပြီးနောက် ယနေ့တွင်တော့ ရုတ်ခြည်းဆိုသလို အဆိုပါလေယာဉ်မှ ခရီးသည်တစ်ဦးအား ငါးဖမ်းလှေတစ်စီးက ပင်လယ်ပြင်တွင် မျောပါနေသော အနေအထားဖြင့် မှော်ဆန်ဆန်ပင် ရှာတွေ့ခဲ့ပေသည်။ ဤသတင်းက အလွန်ပင်အဖိုးတန်လှသည်။ မည်သို့သော သတင်းစာဂျာနယ်တိုက်က ဤကဲ့သို့သတင်းကို ဦးဦးဖျားဖျား မလိုချင်ဘဲရှိလိမ့်မည်နည်း။


ထိုရှာတွေ့ခဲ့သော ခရီးသည်က ဟိုင်းချန်မြို့တွင် လူသိများသည့် ချမ်းသာကြွယ်ဝကာ ရုပ်ရည်ချောမောသော နာမည်ကြီးတစ်ဦး ဖြစ်ရုံသာမကဘဲ ဂုဏ်သိက္ခာကြီးမားပြီး အသိုင်းအဝိုင်းကောင်းသော ဝိန်ကော်ပိုရေးရှင်း၏ ဆက်ခံသူတစ်ယောက်လည်း ဖြစ်နေခဲ့သေးရာ ပြောစရာမလိုတော့ပေ။


ဆေးရုံသို့ လင်းနွမ် တက္ကစီငှားပြီး စီးလာခဲ့သော လမ်းတစ်လျှောက်တွင် ရှိရှိသမျှ ရေဒီယိုလိုင်းများက ဝိန်မော့ရှန်၏ ထူးခြားဆန်းကြယ်စွာ ပြန်လည်ရောက်ရှိလာမှုကို ပြောဆိုနေခဲ့ကြပြီး ယာဉ်မောင်းလုပ်သူကပင် ဟာသပြက်လုံးများ လွှင့်ရမည့်အချိန်တွင် မလွှင့်တော့သဖြင့် စောဒကတက်နေသေးသည်။


ဝိန်မော့ရှန်ကို ပြန်ရှာတွေ့ပြီဟူသော သတင်းကြောင့် ပျောက်ဆုံးသွားသော ခရီးသည်များ၏ မိသားစုဝင်များမှာ မျှော်လင့်ချက်များ တစ်ဖန်ပြန်ကာ ရှင်သန်လာသလို ခံစားနေကြရသည်။ သူတို့အားလုံးက ဝိန်မော့ရှန်တစ်ယောက် အသက်အန္တရာယ်မစိုးရိမ်ရဘဲ ပြန်လည်ထူထောင်နိုင်စေရန် မျှော်လင့်နေခဲ့ကာ ဆုတောင်းပေးနေခဲ့ကြသည်။ သူတို့အားလုံးက မိမိတို့၏ မိသားစုဝင်များက ပင်လယ်ထဲရှိ လူသူကင်းမဲ့သော အမည်မသိရသည့် ကျွန်းတစ်ကျွန်းပေါ်တွင် ဘေးမသီရန်မခ အသက်ရှင်လျက် ကျန်ရှိနေပါသည်ဟူသော ဝိန်မော့ရှန်၏ စကားတစ်ခွန်းကိုကြားရရန် စောင့်ဆိုင်းနေခဲ့ကြသည်။


လင်းချန်က ခွဲစိတ်ခန်းအပြင်တွင် ဟိုင်းချန်ဆေးရုံမှ ဆရာဝန်တစ်ယောက်နှင့် စကားပြောနေခဲ့သည်။ ထိုဆရာဝန်က ဝိန်မော့ရှန်နှင့် လင်းချန်တို့၏ ကျောင်းနေဖက် အတန်းဖော်ဖြစ်ကာ မျိုးရိုးနာမည်က စုန့်ဖြစ်သည်။ ထိုဒေါက်တာစုန့်ကို လင်းနွမ်လည်းမြင်ဖူးသည်။


ဝိန်မော့ရှန်၏ မိဘများနှင့် ညီငယ်ဖြစ်သူ ဝိန်မော့ရှီကလည်း ဝိန်မော့ရှန်၏ အခြေအနေကို ရှင်းပြနေခဲ့သော ဒေါက်တာစုန့်၏အနားတွင် ဝိုင်းအုံကာ မတ်တတ်ရပ်နေကြပြီး ရှင်းပြနေသည်များကို ဂရုတစိုက်နှင့် နားထောင်နေကြသည်။


ဒေါက်တာစုန့်၏ တိုးဖျော့လှသော ရေရွတ်သံအဆုံးတွင် ဝိန်မော့ရှန်၏ မိခင်ဖြစ်သူ ဝိန်ကတော်မှာ မြေဆွဲအားဟန်ချက် ပျောက်ဆုံးသွားသည့်အလား တစ်ဖက်သို့စောင်းကာ ခွေကျသွားခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် ဝိန်အဖေက သူ၏မိန်းမကို ချက်ချင်းဆိုသလို ဖမ်းထိန်းနိုင်လိုက်ပြီး မတ်တတ်ပြန်ရပ်နိုင်ရန် ကူညီပေးလိုက်သည်။


ကမ္ဘာပေါ်တွင် အရက်စက်ဆုံးသော ခံစားချက်ဆိုသည်မှာ ထိုကဲ့သို့သော ခံစားချက်မျိုးပင် ဖြစ်လိမ့်မည်။ ချစ်ခင်ရသူအား ဆုံးရှုံးသွားပြီးနောက် ကျန်ရစ်ခဲ့သော နှလုံးသားထဲမှ နာကျင်မှုများကို ကုသနိုင်တော့မည့် အချိန်တစ်ခုသို့ ရောက်ရှိပြီးချိန်တွင် ထိုသူကပြန်လာခဲ့ပြီး သေဆုံးသွားပြီဖြစ်သော မျှော်လင့်ချက်များကို ပြန်လည်ရှင်သန်စေပြီးမှ ကူကယ်ရာမဲ့သော စိတ်ပျက်အားငယ်မှုများကို နောက်တစ်ကြိမ်ထပ်ကာ ရင်ဆိုင်ရခြင်းက သည်းခံနိုင်ရန် ခက်ခဲလှပေသည်။


လင်းနွမ်က ဓာတ်လှေကားထဲတွင် မတ်တတ်ရပ်နေခဲ့ပြီး တည်ငြိမ်မှုရရှိရန် ကြိုးစားနေခဲ့သည်။ သူ(မ)က လက်သီးကို တင်းတင်းဆုပ်ထားပြီး အားမွေးနေခဲ့သော်လည်း တစ်စက်ကလေးမှပင် မလှုပ်နိုင်ခဲ့ချေ။ ဓာတ်လှေကားတံခါးက ဒုတိယံမ္ပိ ထပ်ပွင့်သွားပြန်သည်။


"နည်းနည်းလောက် ဖယ်ပေးပါ။"


အနောက်ဘက်မှ အခြားသူများက လင်းနွမ်ကိုတိုက်ကာ ကျော်ဖြတ်သွားကြသည်။ လင်းနွမ်က ခန္ဓာကိုယ်ကို ဘေးသို့ယို့လိုက်ပြီး အခြားလူများအတွက် လမ်းဖယ်ပေးလိုက်သည်။ ပိုက်ဆံအိတ်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော သူ(မ)၏လက်များက တုန်ယင်နေခဲ့သည်။


လင်းချန်၏ မျက်လုံးအကြည့်က ဓာတ်လှေကားရှေ့တွင် မတ်တတ်ရပ်နေသော လင်းနွမ်ဆီသို့ ရောက်ရှိလာခဲ့သည်။ သူ၏အကြည့်များက စိတ်ရှုပ်ထွေးမှုများနှင့် နေရာယူထားခဲ့ပြီး ဤပြဿနာကို မည်သို့မည်ပုံ ရင်ဆိုင်ရမည်နည်းဟူသော မေးခွန်းများနှင့် ပြည့်နှက်နေခဲ့သည်။ သူက ဒေါက်တာစုန့်အား စကားအနည်းငယ် ပြောလိုက်ပြီးနောက်တွင် လင်းနွမ်ရှိရာဆီသို့ လျှောက်လာခဲ့သည်။ လင်းနွမ်၏ရှေ့တွင်တော့ သူ၏မျက်နှာအမူအရာ အနည်းငယ်ခန့် ပျော့ပြောင်းသွားခဲ့သည်။


လင်းနွမ်က သူ(မ)၏နှလုံးသားထဲတွင် လှိုင်းတံပိုးထနေသော နာကျင်မှုများအား မဖော်ပြမိစေရန် သတိထားကာ ဆင်ခြင်နေခဲ့သော်လည်း မျက်ရည်များစို့နေသော သူ(မ)၏မျက်လုံးများကတော့ အမူအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ရိုးသားလှပေသည်။


"ရောက်နေမှတော့ ဝင်လာခဲ့တာမဟုတ်ဘူး။ ဒီမှာရပ်ပြီးတော့ ဘာလုပ်နေတာလဲ။"


လင်းနွမ်က တစ်ချက်ရှိုက်လိုက်ပြီး လင်းချန်၏ မြင့်မားသောပုံရိပ်ကို ကြည်လင်ကာ တောက်ပနေသောမျက်လုံများနှင့် မော့ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာ အတူရှိလာခဲ့သော မိသားစုဝင်များ ဖြစ်ကြသည့်အတွက် လင်းချန်အနေဖြင့် ဝိန်မော့ရှန်အပေါ် လင်းနွမ်ထားရှိသော ခံစားချက်များကို သိရှိနေခဲ့သည်မှာ အချိန်ကြာမြင့်နေခဲ့ပြီပင်။


"ဒေါက်တာစုန့်က ဘာတဲ့လဲ။"


သူတို့နှစ်ယောက်သား စကားပြောနေဆဲ အချိန်မှာပင် ခွဲစိတ်ခန်း၏ အချက်ပြမီးလုံးက ပိတ်သွားခဲ့ပြီး ခွဲစိတ်ခန်းတံခါး ပွင့်လာခဲ့သည်။


လင်းချန်က နောက်သို့လှည့်ကာ ကြည့်လိုက်ချိန်တွင် သူနာပြုများက ဝိန်မော့ရှန်၏ကုတင်ကို ခွဲစိတ်ခန်းထဲမှ တွန်းထုတ်လာသည့်အား တွေ့လိုက်ရသည်။ ဒေါက်တာစုန့်က ဝိန်မော့ရှန်၏ နောက်ဆက်တွဲအခြေအနေကို မေးမြန်းရန်အတွက် လူနာကုတင်ဘေးမှ လိုက်ထွက်လာသော ဆရာဝန်အနီးသို့ ချဉ်းကပ်သွားခဲ့သည်။ ဝိန်မော့ရှန်ကို ခွဲစိတ်ပေးရာတွင် ဦးဆောင်ခဲ့သော ခွဲစိတ်ဆရာဝန်ကြီးက မိသားစုဝင်များအား အသိပေးလိုက်သည်။


"လူနာက အသက်ရှင်ချင်စိတ် အရမ်းပြင်းထန်တယ်။"


ပျောက်ဆုံးသွားပြီး လေးနှစ်ကြာမှ မိသားစုဆီသို့ ထူးခြားဆန်းကြယ်စွာ ပြန်ရောက်လာခဲ့သော ဤအမျိုးသားက အမှန်တကယ်ပင် စိတ်ဓာတ်ခိုင်မာသည်မှာ ပြောစရာမလိုပေ။


ဝိန်မော့ရှန်၏ ညီငယ်ဖြစ်သူ ဝိန်မော့ရှီက လူနာအခြေအနေကို ဆက်လက်ဆွေးနွေးရန် ဆရာဝန်ကြီးနှင့်အတူ ရုံးခန်းအတွင်းသို့ လိုက်ဝင်သွားခဲ့သည်။


လေးနှစ်ခန့်ကြာပြီးနောက် ယခုမှသာလျှင် လင်းနွမ်က ဝိန်မိဘများကို သေချာအကဲခတ်ကြည့်မိသည်။ ဤနှစ်များအတွင်း လူကြီးနှစ်ယောက်မှာ အတော်လေးပင် အရွယ်ကျသွားခဲ့သည်။ လေယာဉ်တစ်စင်းလုံး ပျောက်ဆုံးသွားသည့် ထိုအချိန်ကတည်းမှစကာ ယနေ့ထိတိုင် လိမ္မာရေးခြားရှိသော သားရတနာကို ဆုံးရှုံးခဲ့ရသည့် နာကျင်မှုအား ရင်ဆိုင်ခဲ့ရသော ဝိန်မိဘများမှာ ရင်ကွဲမတတ်ပင်။


အထူးကြပ်မတ်ကုသဆောင်ထဲတွင် ဝိန်မော့ရှန်က သတိပြန်မလည်သေးဘဲ အားနည်းဖျော့တော့စွာ လဲလျောင်းနေခဲ့ပြီး သူ၏ခန္ဓာကိုယ်တွင် ပိုက်အသွယ်သွယ်နှင့် ရှုပ်ယှက်ခတ်နေခဲ့သည်။ ဝိန်မော့ရှန်၏ စေ့ပိတ်ထားသော မျက်ခွံများကိုကြည့်ကာ လင်းနွမ်၏နှလုံးသားထဲမှ နာကျင်မှုသည်လည်း တဖြည်းဖြည်းနှင့် ပိုမိုတိုးပွားလာခဲ့သည်။


သူ(မ)၏အတွေးထဲတွင် ဝိန်မော့ရှန်၏ ပြန်လာခြင်းနှင့်ပတ်သက်သော စိတ်ကူးမျိုးစုံ ရှိခဲ့သော်လည်း ဤအခြေအနေမျိုးကိုတော့ တစ်ခါလေးမှပင် မတွေးခဲ့ဖူးချေ။ ဤသို့ပြန်ရောက်လာရန် သူမည်မျှအထိ ခံစားခဲ့ရသနည်းကို မည်သူမှမသိနိုင်ပေ။


"ဒေါက်တာပြောသလိုဆို ခွဲစိတ်မှုက အဆင်ပြေပြေနဲ့ ပြီးသွားတယ်။ အကယ်၍ အစ်ကိုကြီးသာ သုံးရက်အတွင်းမှာ နိုးလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကုသမှုခံယူပြီးရင် အဆင်ပြေသွားလိမ့်မယ်တဲ့။"


ဝိန်မော့ရှီက ဆရာဝန်ကြီးထံမှ အမှာစကားများကို မိဘများအား ပြန်ပြောပြလိုက်သည်။


"သူခံစားနေရတဲ့ လက္ခဏာတွေက သတ်မှတ်ချက်တွေ အရမ်းများလွန်းတယ်။ သူ့ခန္ဓာကိုယ်ကို အတော်လေးထိခိုက်သွားလောက်မှာ။ မော့ရှန်နိုးလာတာနဲ့ ကျွန်မတို့က ကောင်းကောင်းပြန်ပြီး အားမွေးနိုင်အောင် ကူညီပေးရမယ်။"


ဝိန်ကတော်က မှန်ပြတင်းကိုဖြတ်ကာ မြင်နေရသော လေးနှစ်တိတိ ပျောက်ဆုံးနေခဲ့သည့် သားကြီးဖြစ်သူ၏ မျက်နှာလေးကို စိုက်ကြည့်ရင်း ပြောလာခဲ့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment