no

Font
Theme

လင်းနွမ်ပြောသည့် ကြက်ဥခေါက်ဆွဲက မည်သို့အရာဖြစ်ကြောင်း ထွမ်းထွမ်းလေးက သေချာမသိသော်လည်း သူ၏အဖြေကတော့ ပြတ်သားလှပြီး နည်းနည်း‌လေးမှပင် တုံ့ဆိုင်းမှုမရှိချေ။


ထွမ်းထွမ်းလေး အမှန်တကယ် ဗိုက်ဆာနေသည်ကို တွေ့လိုက်ရသောအခါ လင်းနွမ်မှာ စိတ်ပျော့သွားခဲ့ပြီး ကလေးငယ်အတွက် အစာကြေလွယ်သော ခေါက်ဆွဲတစ်ပွဲ ချက်ပြုတ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။ သူ(မ)က ကလေးအတွက် ချက်ပြုတ်ပေးမည်ဖြစ်သဖြင့် ကလေးအဖေကိုလည်း ယဉ်ကျေးသမှုဖြင့် မေးမြန်းလိုက်သည်။


"လူကြီးမင်းဖုရော စားဦးမလား။"


ချက်ပြုတ်မည်က ရိုးရှင်းလွယ်ကူသော ကြက်ဥခေါက်ဆွဲသာ ဖြစ်လေသဖြင့် လင်းနွမ်က သူ(မ)၏လက်ရာတွင် ယုံကြည်မှုရှိပေသည်။


သူတို့နှစ်ဦးက မနက်ဖြန်ဆိုလျှင် လက်ထပ်မှတ်ပုံတင်ကာ အကြင်လင်မယားအဖြစ် ဘဝခရီးကို လျှောက်လှမ်းကြတော့မည့် သူများဖြစ်သော်လည်း သူတို့နှစ်ယောက်သား ပြောဆိုဆက်ဆံပုံက လုပ်ငန်းတစ်ခုတွင် အတူတူလုပ်နေသော လုပ်ဖော်ကိုင်ဖက်များထက်ပင် ပိုမိုအေးစက်နေသေးသည်။ အထူးသဖြင့် လင်းနွမ်က ဖုဟွိုက်အန်းကို ခေါ်ဆိုလေ့ရှိသည့် အလွန်ယဉ်ကျေးသော စကားအသုံးအနှုန်းများကြောင့် ဖြစ်ပေသည်။


ဖုဟွိုက်အန်းက သူ၏လက်တွင်ပတ်ထားသော လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရာ အမှန်တကယ်ပင် အချိန်မစောတော့သည်ကို တွေ့လိုက်ရလေသည်။ သူ့တွင် ညစာရှောင်သော အကျင့်မျိုးမရှိဘဲ ယနေ့ အန်တီလီက နေ့တစ်ဝက်ကတည်းက ခွင့်ယူသွားလေရာ အစားအသောက်ဆိုလျှင် အလွန်ရွေးတတ်သော ဖုဟွိုက်အန်း၏ အကျင့်စရိုက်အရ ဂရုတစိုက်နှင့် ပြင်ဆင်ပေးမည့်သူ မရှိသည့်အတွက် နေ့လယ်စာမှလွဲကာ တစ်ညနေလုံး ဘာမှမစားရသေးပေ။


လင်းနွမ်မေးလာသော မေးခွန်းကို ကြားလိုက်ရသည်တွင် ဖုဟွိုက်အန်းက တစ်ခဏတာခန့် စဉ်းစားလိုက်ပြီးနောက် အနှီကြက်ဥခေါက်ဆွဲအား စိတ်ဝင်စားဟန် ပြလာခဲ့သည်။


"မင်းကိုပင်ပန်းစေမိရင် တောင်းပန်ပါတယ်။"


ဖုဟွိုက်အန်းက လင်းနွမ်အား အားနာကြောင်းဆိုလိုက်ပြီး ကြက်ဥခေါက်ဆွဲကို စားမည်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ သူ၏စကားများက ယဉ်ကျေးလှသော်လည်း သူ၏လေသံကတော့ ပုံမှန်အတိုင်းပင်ဖြစ်ကာ လင်းနွမ်မှ သူနှင့်ထွမ်းထွမ်းအတွက် ချက်ပြုတ်ပေးမည်ကို အလေ့အကျင့်ရှိပြီးသား ဖြစ်နေကျကိစ္စကဲ့သို့ ပြောဆိုနေသည့်ပုံပင်။


လင်းနွမ်မှာ ဤအမျိုးသားကိုကြည့်ကာ သက်ပြင်းချမိတော့သည်။ ဖုဟွိုက်အန်း၏ ယခုကဲ့သို့ ပြောဆိုဆက်ဆံပုံက သူ(မ)အား တမင်တကာ နှိမ့်ချနေခြင်းမဟုတ်ဘဲ လူအများ၏အထက်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော သူ၏အလေ့အကျင့်အရ အလိုက်ကန်းဆိုးမသိသော အထက်လူကြီးကဲ့သို့ လေသံပေါက်နေခြင်းဖြစ်သည်ကို လင်းနွမ်နားလည်ပါ၏။


"ရပါတယ်။"


လင်းနွမ်က ဖုဟွိုက်အန်း၏ တောင်းပန်စကားကို လက်ခံလိုက်ပြီး ကြက်ဥခေါက်ဆွဲကို ချက်ပြုတ်ပေးရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။


ဖုဟွိုက်အန်းက သူ၏မလှမ်းမကမ်းတွင် ပုံ့ပုံ့လေးထိုင်ကာ လိမ်လိမ်မာမာနှင့် လင်းနွမ်ထည့်ပေးထားသော နွားနို့ကိုသောက်နေသော ထွမ်းထွမ်းလေးအား လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။


"ကြက်‌ဥခေါက်ဆွဲက ဘာလဲဆိုတာ သားကသိလို့လား။"


သူ့ပါးပါး၏အမေးကြောင့် ထွမ်းထွမ်းလေးက မသိထားကြောင်း ခေါင်းခါပြလိုက်သော်လည်း မျက်နှာလေးကတော့ ရွှင်ပြနေဆဲပင်။


မူကြိုကျောင်းတွင် သူ၏အတန်းထဲမှ ကလေးများအားလုံးက သူတို့၏မိခင်ဖြစ်သူ ပြင်ဆင်ပေးလိုက်သော အရသာရှိလှသည့် အစားအသောက်များကို ကြွားဝါကြလေ့ရှိကာ ထွမ်းထွမ်းအနေဖြင့် ထုတ်မပြောဖူးသော်လည်း အမြဲလိုလိုပင် သူ၏သူငယ်ချင်းများကို အားကျနေခဲ့သည်။ ဤအ‌ကြိမ်က သူ၏ဘဝတွင် ပထမဆုံးအဖြစ် မားမားချက်ကျွေးမည့် အစားအစာကို စားရတော့မည့် အကြိမ်ပင်ဖြစ်ရာ ထွမ်းထွမ်းလေးမှာ တွေးကြည့်လေလေ ပိုမိုပျော်ရွှင်လေ ဖြစ်လာခဲ့သည်။ မားမားကမည်သည်ကိုပဲ ချက်ပြုတ်လာပါစေ ထွမ်းထွမ်းလေးကတော့ သဘောကျပြီး ပျော်နေဦးမည်သာ။


တစ်ဖက်တွင်လည်း လင်းနွမ်က ရေခဲသေတ္တာအား နောက်ထပ်တစ်ခေါက် ထပ်ဖွင့်လိုက်ပြီး ခရမ်းချဉ်သီး၊ ကြက်ဥများနှင့် ဟင်းရွက်စိမ်းအချို့ကို ထုတ်ယူလိုက်လေကာ ချက်ပြုတ်ရန်အတွက် လှီးဖြတ်အသင့်ပြင်လိုက်သည်။


ဖုဟွိုက်အန်းထိုင်နေသော နေရာမှဆိုလျှင် မီးဖိုချောင်ထဲတွင် အလုပ်များနေသော လင်းနွမ်၏ပုံရိပ်ကို လှမ်းမြင်ရပေသည်။


လင်းနွမ်က ခပ်စိုစိုဖြစ်နေဆဲ ဆံပင်များကို စည်းနှောင်လိုက်ပြီး ရှည်နေသောအင်္ကျီလက်ကို လိပ်တင်ထားသဖြင့် သူ(မ)၏သွယ်ပြောင်းလှသော လက်ဖျံများကို မြင်နေရပေသည်။ သူ(မ)က အသီးအရွက်များကို ရင်းနှီးကျွမ်းကျင်စွာဖြင့် ကိုင်တွယ်လိုက်ပြီးနောက် သန့်စင်သွားစေရန် ရေပိုက်ခေါင်းမှရေဖြင့် ဆေးကြောလိုက်သည်။


မီးဖိုချောင်တွင် တပ်ဆင်ထားသော မီးလုံးများမှ နွေးထွေးသောအလင်းရောင်က ရေကိုင်နေသော လင်းနွမ်၏လက်များကို ရောင်ပြန်ဟပ်နေစေပြီး ဖြူဖွေးနူးညံ့သော လက်သွယ်သွယ်လေးအား ရှိရင်းစွဲထက် ပိုမိုတင့်တယ်စေခဲ့သည်။


မိန်းကလေးတစ်ဦးတည်း နေထိုင်နေသော အိမ်ဟူသည့်အတိုင်းပင် လင်းနွမ် သူ(မ)၏တိုက်ခန်းကိုပြင်ဆင်ထားသော အပြင်အဆင်များက ရိုးရှင်းမှုကိုသာ အသားပေးထားသော ဖုဟွိုက်အန်း၏ ဖုမိသားစုဗီလာမှ အပြင်အဆင်များထက် ပိုမိုအရောင်အသွေးစုံကာ တည်ငြိမ်မှုရှိပြီး တစ်ချိန်တည်းမှာပင် သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးစွမ်းနေခဲ့သည်။


ဖုမိသားစုဗီလာတွင် ကလေးအခန်းဖြစ်သော ထွမ်းထွမ်းလေး၏ အခန်းမှလွဲပြီး တစ်အိမ်လုံးနီးပါးကို လူကြီးဆန်သော အရောင်မှိုင်းမှိုင်းများနှင့် ခင်းကျင်းပြင်ဆင်ထားသဖြင့် မည်သည့်နေရာကိုကြည့်ကြည့် တိတ်ဆိတ်မှုနှင့် မှုန်မှုန်မှိုင်းမှိုင်းဖြစ်သော အနေအထားကိုသာ တွေ့ရလိမ့်မည်ဖြစ်သည်။


ထို့ကြောင့်ပင်လျှင် ထွမ်းထွမ်းလေးက လင်းနွမ်၏အိမ်အား တစ်စက်ကလေးမှ အလွတ်မပေးချင်သည့်နှယ် နေရာပေါင်းစုံ ထောင့်ပေါင်းစုံအား မျက်လုံးဝိုင်းကြီးများနှင့် လိုက်လံကြည့်ရှုနေခဲ့ပြီး သူ၏အိပ်ချိန်သို့ ရောက်နေပြီဖြစ်သော်လည်း အလွန်ကိုပင် တက်ကြွနေခဲ့ကာ စိတ်လှုပ်ရှားနေခဲ့ပြီး အိပ်ချင်သည့်ပုံစံ လုံးဝမပေါက်နေချေ။


ထိုအခိုက်အတန့်တွင် ဝရံတာ၌ အဖြူရောင်ကြောင်အိိပ်ရာခင်းလေး ချထားသည်ကို မြင်တွေ့သွားသဖြင့် ထွမ်းထွမ်းလေးက အပြေးလေးလှမ်းသွားခဲ့ပြီး ပြတင်းပေါက်အား လက်ဖြင့်ထောက်ကာ အနှီကြောင်အိပ်ရာကို အကဲခတ်လိုက်သည်။


ထိုအခါမှပင် ဝရံတာတွင် ကြောင်အိပ်ရာခင်းသာ ရှိနေသည်မကဘဲ ကြောင်အိမ်သာခွက်နှင့် ကြောင်အရုပ်များပါ သပ်သပ်ရပ်ရပ် ထားထားသည်ကို တွေ့လိုက်ရလေသည်။


ဖုဟွိုက်အန်းက တက်ကြွနေသော ထွမ်းထွမ်းလေးအား ပြတင်းပေါက်ဆီမှ ပြန်ချီမလာပြီး မူလတုန်းကအတိုင်း ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ပြန်ထိုင်ခိုင်းလိုက်သည်။ ထွမ်းထွမ်းလေးအား ပြန်လည်နေရာချထားပြီးနောက် ဖုဟွိုက်အန်း၏ အကြည့်များက အခန်းထောင့်တွင် အလှဆင်ထားသော ဓာတ်ပုံများဆီသို့ ရောက်သွားလေသည်။


ဓာတ်ပုံထဲတွင် လင်းနွမ်က အသက် ၁၇ နှစ်သို့မဟုတ် ၁၈ နှစ်ဝန်းကျင်သာ ရှိဦးမည်ဖြစ်ပြီး ဓာတ်ပုံရိုက်ပြီးချိန်မှဆိုလျှင် ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဟူ၍ ကောက်ချက်ချနိုင်ပေသည်။


ဓာတ်ပုံထဲတွင် လင်းနွမ်၏ လက်မောင်းများကြား၌ မီးခိုးရောင် ဗြိတိန်မွေးတိုကြောင်တစ်ကောင်က နေရာယူထားပြီး မျက်လုံးများကို တစ်ဝက်ခန့်သာဖွင့်ကာ အပျင်းတစ်နေသော ထိုကြောင်လေးအား လင်းနွမ်က ပြုံးရွှင်စွာဖြင့် ဖက်ထားလေသည်။ လင်းနွမ်၏လက်များကြားတွင် ကြောင်လေးက သက်တောင့်သက်သာ အနေအထားဖြင့် လဲလျောင်းနေခဲ့ပြီး သူ၏အမြီးအား ပျင်းရိပျင်းတွဲဟန်ဖြင့် အောက်စိုက်ထားလေ၏။


ဖုဟွိုက်အန်းမှာ သူ၏လက်များကို မထိန်းချုပ်လိုက်နိုင်ဘဲ ထိုဓာတ်ပုံလေးအား မ,ယူလိုက်ပြီး သေချာကြည့်လိုက်ပြီးမှ မူလနေရာသို့ ပြန်ထားလိုက်လေသည်။


စောင့်ရသည့်အချိန်က ကြာမြင့်သွားခဲ့ပြီး လောလောလတ်လတ် နွားနို့တစ်ခွက် ဝင်သွားခဲ့သောကြောင့်လော မပြောတတ်သော်လည်း ထွမ်းထွမ်းလေး၏ မျက်လုံးလေးများက ပင်ပန်းလာပုံရကာ တဖြည်းဖြည်းနှင့် မှေးဆင်းလာကြသည်။ ထွမ်းထွမ်းလေးက သူ၏မှိတ်ကျချင်နေသော မျက်လုံးလေးများကို လက်ခုံလေးဖြင့် ဖိပွတ်လိုက်ပြီး ဆိုဖာကျောမီတွင် ခေါင်းလေးတင်လိုက်သည်။ မားမားချက်ထားသော အရသာရှိလှသည့် အစားအသောက်ကို မစားခင်လေးတွင် သူခဏလောက် အနားလိုက်လျှင် ကောင်းမည်လောဟု ထွမ်းထွမ်းလေးက တွေးနေခဲ့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment