no

Font
Theme

"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး။ ဒါဆိုရင် ခွင့်ပြုပါဦး။"


နီမြန်းနေသော မျက်နှာလေးနှင့် ယာဉ်မောင်းကောင်လေးမှာ မကောင်းဆိုးဝါးလက်မှ ထွက်ပြေးနေသည့်အတိုင်း ပျံသန်းသွားလုမတတ် လျင်မြန်သွက်လက်သော ခြေလှမ်းများနှင့် ဓာတ်လှေကားဆီသို့ ပြန်ပြေးသွားလေသည်။


လင်းနွမ်က အရပ်မပုသလို ပိုင်ရှောင်းနျန်၏ ခန္ဓာကိုယ်သည်လည်း လေးသည်မဟုတ်ပေ။ သို့သော်လည်း ယာဉ်မောင်းကောင်လေး ထွက်သွားသည်နှင့် လင်းနွမ်မှာ သူ(မ)ပေါ်သို့ ယိမ်းယိုင်နေသော ပိုင်ရှောင်းနျန်အား ထိန်းမထားနိုင်ခဲ့ချေ။ မည်မျှပင် မတ်မတ်ရပ်နိုင်အောင် ကြိုးစားပါသော်လည်း တည့်မတ်စွာမရပ်နိုင်ဘဲ လင်းနွမ်၏ကျောမှာ တံခါးနှင့်ကပ်သွားရသည်။ လင်းနွမ်မှာ မတတ်သာဘဲ နာကျင်မှုကြောင့် ညည်းညူလိုက်ရသည်။


"နွမ်နွမ်လေး...ဘာအတွက်ကြောင့် အရမ်းလှနေရတာလဲ။ ငါ့ကိုယ်ငါ တော်တော်လှနေပြီလို့ ထင်ထားတာတောင် နင်ကငါ့ထက်ပိုပြီး လှနေသေးတယ်။ နင်ကြောင့်နဲ့ ငါကွေးတော့မလို့။ အဲလိုဆိုရင် ငါဘာလုပ်သင့်လဲ..."


ပိုင်ရှောင်းနျန်က အခြေအနေကို အခွင့်ကောင်းယူကာ လင်းနွမ်ကို တံခါးနှင့်သူ(မ)၏ကြားတွင် ဖိကပ်ထားလိုက်ပြီး မည်သည့်နေရာမှ ပေါ်လာသည်မသိရသော သူ(မ)သွယ်လျလှပသည့် လက်ချောင်းများက လင်းနွမ်၏ ရင်ဘတ်ရှေ့သို့ ရောက်လာကြလေသည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက်ဆိုသလို ပေါ်လာခဲ့သော ဝမ်းနည်းမှုကြောင့် ပိုင်ရှောင်းနျန်က နေရာမှာပင် မူးငိုငိုတော့သည်။


"ငါ့ကိုပြော...လုကျင်ပေ့...အဲဒီခွေးကောင်က ဘာကိစ္စနဲ့ ရင်သားကြီးမှ ကြိုက်ရတာလဲ။ ဒီအသက်အရွယ်အထိ နို့မပြတ်သေးလို့လား။ ရင်သားကြီးတာကိုပဲ အမြဲရှာနေတယ် သူတောင်းစား။"


ပိုင်ရှောင်းနျန်မူးကာ အော်ဟစ်နေသော လုကျင်ပေ့ဆိုသည့် အမည်နာမက တက္ကသိုလ်တက်စဉ်က တွဲဖြစ်ခဲ့သော ပိုင်ရှောင်းနျန်၏ ချစ်သူပင်ဖြစ်သည်။ လုကျင်ပေ့က ပိုင်ရှောင်းနျန်၏ ရည်းစားဦးဖြစ်ခဲ့သည်။ သူတို့သမီးရည်းစားဖြစ်ပြီး တက္ကသိုလ်စတုတ္ထနှစ်တွင် ထိုသတ္တဝါက အထီးကျန်သည်ဟုဆိုကာ ပိုင်ရှောင်းနျန်၏ နောက်ကွယ်တွင် ခြေရှုပ်နေခဲ့ကာ ပိုင်ရှောင်းနျန်က ကံကောင်းထောက်မစွာပင် ထိုအချင်းအရာကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့လေသည်။


လုကျင်ပေ့နှင့် လမ်းခွဲပြီးနောက်တွင် ပိုင်ရှောင်းနျန်က အပြင်ပန်းတွင် မည်သို့မျှမဖြစ်သယောင် ဟန်ဆောင်နေခဲ့သော်လည်း သူ(မ)၏နှလုံးသားထဲတွင်တော့ ထိုအဖြစ်အပျက်အား မကျော်သွားနိုင်ခဲ့ချေ။ အရက်မူးသည့်အခါတိုင်း တွေ့သည့်လူကို ပရောပရည်လုပ်ပြီး လုကျင်ပေ့၏ တစ်မိသားစုလုံးရှိ ဆွေခုနစ်ဆက်မျိုးနှစ်ဆက်ကို ကျိန်ဆဲတတ်ခြင်းက ပိုင်ရှောင်းနျန်၏ အကျင့်ပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပို၍ဆိုးကာ အပျိုရည်ပျက်ချင်သည်ဟုပင် ‌ပေါက်တက်ကရများ ရေရွတ်ပြောဆိုပြီး ပြဿနာရှာသေးသည်။


တင်....


မလှမ်းမကမ်းရှိ ဓာတ်လှေကားပွင့်သံကို ကြားလိုက်ရသည်တွင် လင်းနွမ်မှာ မျက်မှောင်ကြုတ်သွားခဲ့ပြီး သတိဝင်သွားခဲ့ကာ အခြားသူများ ဤထူးဆန်းသောမြင်ကွင်းကို တွေ့မြင်သွားမည်စိုးသဖြင့် သူ(မ)ရင်ဘတ်နားတွင် ရစ်ဝဲနေသော ပိုင်ရှောင်းနျန်ကိုလက်ကို ဆွဲယူလိုက်ပြီးနောက် အိမ်ထဲဝင်ရန် ချော့မော့လိုက်သည်။


"အရင်အိမ်ထဲဝင်ရအောင်။ ပြီးတော့မှပြောကြမယ်။"


ပိုင်ရှောင်းနျန်က လင်းနွမ်၏ လည်ကုပ်နေရာကို လက်တစ်ဖက်ဖြင့် တွယ်ချိတ်လိုက်ပြီး သူ(မ)၏ကျန်လက်တစ်ဖက်က လင်းနွမ်၏ နူးညံ့အိစက်သော ရင်သားများထံသို့ ထပ်ရောက်သွားလေကာ သန္တာကျောက်များကဲ့သို့ နီရဲနေကြသော သူ(မ)၏နှုတ်ခမ်းသားများက အနမ်းပေးချင်သလို ဆူထွက်လာကြပြီး လင်းနွမ်၏မျက်နှာနှင့် တဖြည်းဖြည်းချင်း ပိုမိုနီးကပ်လာကြသည်။


"ငါရဲ့ချစ်စရာနွမ်နွမ်လေး လိမ်လိမ်မာမာနဲ့ ဒီမမကိုပေးကိုင်လိုက်ပါ ဟုတ်ပြီလား။ နင်ကလွဲပြီးတော့ ငါကိုင်လို့ရတဲ့ ရင်သားကြီးကြီးတွေကို ဘယ်နေရာမှာ သွားရှာရမှာလဲ။ လိမ်မာစမ်းပါ။ မမကနင့်ကို အနမ်းကြီးကြီးပေးမယ်လေ။"


ပိုင်ရှောင်းနျန်၏ ကျူးကျော်လှသော လက်ချောင်းများအား လင်းနွမ်က ရိုးနေပြီဖြစ်သော အကွက်များနှင့် ရှောင်ရှားလိုက်သည်။ သူ(မ)က ပိုင်ရှောင်းနျန်၏ နှုတ်ခမ်းများအား လက်ဖြင့်လှမ်းကာ အုပ်လိုက်ပြီးနောက် တွန့်ကွေးနေသော မျက်ခုံးတန်းများဖြင့်ပင် ပိုင်ရှောင်းနျန်ကို ထပ်ချော့မော့လိုက်သည်။


"ဘာပဲဖြစ်ဖြစ် အထဲရောက်မှပဲ ဖြေရှင်းကြတာပေါ့။ အိမ်ထဲအရင်ဝင်။"


ပိုင်ရှောင်းနျန်ကို ဖေးမကူညီပြီး အိမ်ထဲသွင်းရန် ဟန်ပြင်နေစဉ်မှာပင် ဓာတ်လှေကားဝတွင် ထွမ်းထွမ်းကိုချီကာ မတ်တတ်ရပ်နေသော ဖုဟွိုက်အန်းနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ ဖုဟွိုက်အန်းက လက်တစ်ဖက်နှင့် ထွမ်းထွမ်းလေးကို ချီမထားခဲ့ပြီး ကျန်လက်တစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်ထားလေသည်။ သူက အရောင်မှိုင်းသော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ကော်ရစ်ဒါတွင် ဖွင့်ထားပေးသည့် ဝါကျင့်ကျင့်မီးရောင်၏ ပံ့ပိုးမှုအောက်၌ သူ၏ပုံရိပ်က ရှိရင်းဆွဲထက်ပင် ပိုမိုကြီးမားနေသယောင် ထင်မှတ်ရပေသည်။ ဤသို့အခြေအနေနှင့် ပက်ပင်းအတိုးခံရရာ လင်းနွမ်၏မျက်နှာမှာ တမဟုတ်ချင်းပင် ရဲတွတ်သွားခဲ့သည်။


"မွ မွ...နွမ်နွမ်လေးရယ် မရှက်ပါနဲ့။ အခုလောက်ဆိုရင် နင်လည်း ဒီမမရဲ့ အပြုအမူတွေနဲ့ ရင်းနှီးသင့်နေပြီပဲကို။"


ယစ်ထုပ်လုပ်နေသော ပိုင်ရှောင်းနျန်က ပတ်ဝန်းကျင်အား သတိလုံးဝမရှိဘဲ လင်းနွမ်၏ မျက်နှာအနီးသို့ ထပ်တိုးလာပြန်သည်။ လင်းနွမ်မှာ ထိုအခိုက်အတန့်တွင် မည်သည့်ကိစ္စအား မည်သို့ဖြေရှင်းရမည်ကို မတွေးတတ်တော့ချေ။ သူ(မ)၏တစ်ကိုယ်လုံးက တောင့်တင်းသွားရသည်။


ထွမ်းထွမ်းလေး၏ ကြည်လင်တောက်ပသော မျက်လုံးလေးများက သူ(မ)နှင့်ပိုင်ရှောင်းနျန်တို့ ဖရိုဖရဲဖြစ်နေသည်ကို စိုက်ကြည့်နေချိန်တွင် လင်းနွမ်မှာ အပြစ်ရှိများ တောင်ကြီးတစ်လုံးကဲ့သို့ ဝင်ဆောင့်လာသည်ကို ခံစားလိုက်ရသည်။ ထိုမျက်လုံးလေးများက အပြစ်ကင်းကာ ဖြူစင်လှသဖြင့် လင်းနွမ်မှာ ကလေးအရှေ့တွင် ဤသို့ဖြစ်နေသည်ကို ပိုရှက်သွားရသည်။


ထွမ်းထွမ်းလေး မသင်ယူသင့်သည်များကို သင်ယူသွားမိမည်ကို စိုးရိမ်သွားသဖြင့် လင်းနွမ်မှာ ပိုင်ရှောင်းနျန်၏ မနားစတမ်း စကားများနေသော ပါးစပ်ပေါက်ကို အလျင်အမြန်ပင် လှမ်းပိတ်လိုက်ရသည်။ ထို့နောက် ရှက်တက်တက်ဖြစ်နေသော မျက်နှာနှင့်ပင် ပိုင်ရှောင်းနျန်အား မနိုင်မနင်းဖြင့် အိမ်ထဲဆွဲခေါ်သွားရသည်။


ဤသို့ဖြင့် အသည်းအသန်ကြိုးစားကာ အမူးသမလုပ်နေသော ပိုင်ရှောင်းနျန်ကို အိပ်ရာပေါ်တွင် နေရာချထားပြီးချိန်၌ လင်းနွမ်မှာ မောနေပြီဖြစ်ကာ ရေချိုးပြီးစဖြစ်သော်လည်း သူ(မ)၏ကိုယ်ပေါ်တွင် ချွေးများစို့နေပြီဖြစ်သည်။


ဧည့်ခန်းသို့ ပြန်ထွက်လာချိန်တွင် ဖုဟွိုက်အန်းက ထွမ်းထွမ်းလေးကိုခေါ်ကာ ခွင့်မတောင်းဘဲ အိမ်ထဲတွင်ပင် ဝင်ထိုင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။


လက်ရှိအချိန်တွင် ထွမ်းထွမ်လေးက လင်းနွမ်၏ အိမ်ခန်းတံခါးအနီး၌ မတ်တတ်ရပ်နေခဲ့ပြီး သူ၏အပြုအမူများက လိမ္မာယဉ်ကျေးလှသည်။ မည်သို့မျှပင် ဂျီကျခြင်းမရှိသလို ဆူညံသံလည်းမထွက်ပေ။ ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် လင်းနွမ်လုပ်သမျှကို လိုက်ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းက အမှန်တကယ်ပင် ချစ်စရာကောင်းလှပြီး တွေ့လိုက်ရသူများအား အသည်းထဲမှပင် နာကျင်သွားလောက်စေသည်။


ထွမ်းထွမ်းလေးက အနက်ရောင်ခေါင်းစွပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီပြာကို ဝတ်ဆင်ထားခဲ့ပြီး သူ၏အားကစားဖိနပ် အဖြူလေးကိုတော့ ဖိနပ်စင်ပေါ်တွင် တင်ထားခဲ့သည်။ လင်းနွမ်၏အိမ်တွင် ထွမ်းထွမ်းလေးအရွယ် အိမ်စီးဖိနပ်က ရှိမနေခဲ့ရာ ထွမ်းထွမ်းလေးက ခြေအိတ်အဖြူကိုသာ ဝတ်ဆင်ထားသော ခြေထောက်လေးများနှင့် အိပ်ခန်းဝအထိ လျှောက်လာခဲ့ခြင်းဖြစ်သည်။


လင်းနွမ်၏အကြည့်များ သူ၏ခြေအိတ်ဆီသို့ ရောက်လာချိန်တွင် ထွမ်းထွမ်းလေးမှာ စိတ်လှုပ်ရှားသွားခဲ့ပြီး ရှက်ကိုးရှက်ကန်းဖြင့် သူ၏ဘယ်ခြေအားဖုံးရန် ညာခြေထောက်ကို ရှေ့သို့ပို့ကာ ကာကွယ်လိုက်လေသည်။ ထိုသို့အလုပ်ကောင်းပြီး ဟန်ချက်ပျက်ကာ မှောက်ရက်မလဲသည်က ကံကောင်း၍ပင်။


ထွမ်းထွမ်းလေးက အမြဲလိုလိုဆူညံကာ မေးခွန်းများကို လှိုင်လှိုင်ထအောင် မေးမြန်းတတ်သော သူ၏ရွယ်တူများနှင့် ကွာခြားလှသည့် တိတ်ဆိတ်မှုကို သဘောကျသော ကလေးလေးဖြစ်သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment