no

Font
Theme

"ငါ သူ(မ)ကိုနာမည်တောင် မသိထားဘူး။ ငါမှတ်မိတာဆိုလို့ ဟိုင်းချန်ရဲ့ ရေဒီယိုအသံလွှင့်ရုံက တင်ဆက်သူဆိုတာပဲ မှတ်မိတယ်။ အဲ့ဒါသူ(မ)မဟုတ်လား။"


"အင်း သူ(မ)နာမည်က လင်းနွမ်။ ငါသိသလောက်ဆို သူ(မ)အစီအစဉ်က ညနေ ၆ နာရီကနေ ၈ နာရီအထိပဲ။ အသံလေးကတော့ တော်တော်ကောင်းတယ်။"


"ငါကြားတာတော့ သူ(မ)က အလှပဂေးဆို..."


သူ၏စကားအား ပြန်ဖြေသံမလာသဖြင့် ထန်ကျန်းက လုကျင်းနန်ကို စားပွဲအောက်မှ လှမ်းကန်လိုက်ကာ မျက်လုံးပြူးပြလိုက်သည်။


"ငါပြောလိုက်တာကို ကြားရဲ့လား။"


လုကျင်းနန်က နာသွားသောခြေထောက်ကို အသာပွတ်လိုက်ပြီး စီးကရက်လိပ်အား နှုတ်ခမ်းများကြားသို့ ပြန်ထည့်လိုက်ကာ တစ်ချက်ရှိုက်လိုက်သည်။ သူကမီးခိုးငွေ့များကို တဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး ထန်ကျန်းအား ပြန်ဖြေလိုက်လေသည်။


"ငါနားမကန်းနေဘူး။ ဒီအတိုင်းပဲ လောင်ဖုအတွက်ဆို လင်းနွမ်ထက်စာရင် ချူရွှမ်းက ပိုသင့်တော်မယ်လို့ စဉ်းစားမိလို့။"


မာကျောက်ဝိုင်းမှ စကားများနေသူများက ချူရွှမ်းဟူသော အမည်နာမကို ကြားလိုက်ကြသဖြင့် လုကျင်းနန်အား အပြုံးများဖြင့် လှည့်ကြည့်လာကြလေသည်။


"လောင်ဖုက လင်းနွမ်နဲ့ ယူယူမယူယူပေါ့။ မင်းကဘာကိစ္စနဲ့ ဟိုပြောဒီပြော စကားများနေရတာလဲ လုကျင်းနန်ရဲ့။ မင်းယူမှာလည်း မဟုတ်ဘဲနဲ့ကို။"


"သူငယ်ငယ်တုန်းက လောင်ဖုကိုကြိတ်ပြီး သဘောကျခဲ့တာလေ။ ဒီလောက်တော့ရှိမှာပေါ့။"


ထန်ကျန်းက လုကျင်းနန်ကို အားရပါးရပင် နောက်ပြောင်လိုက်ပြီး ဖုဟွိုက်အန်းဘေးမှ စီးကရက်ဘူးအား လှမ်းယူလိုက်ကာ သူ၏အိပ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်လေသည်။


"မနက်ဖြန် မင်းတို့နဲ့တွေ့ဖို့ အချိန်ဖယ်ထားလို့ရအောင် ငါ့ကောင်မလေးကို ဖုန်းဆက်ပြီးတော့ ကြိုပြောထားလိုက်မယ်။"


နောက်တစ်နေ့မနက်တွင် အမူးပြေသွားပြီဖြစ်သော ပိုင်ရှောင်းနျန်က ရေဆာနေသဖြင့် လင်းနွမ်၏ ဧည့်သည်အခန်းမှ ဒယီးဒယိုင်နှင့် ထွက်လာလိုက်ပြီး မီးဖိုချောင်ရှိရာသို့ လျှောက်လာခဲ့ကာ ရေခဲသေတ္တာကို လာဖွင့်လေသည်။ သူ(မ)က ယမန်နေ့ညမှ အယ်လ်ကိုဟော အကြွင်းအကျန်များကို ရေဖြင့်မျှောချလိုက်ပြီး ဧည့်ခန်းဘက်သို့ လှမ်းကြည့်လိုက်ချိန်၌ ဆိုဖာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ထွမ်းထွမ်းလေးနှင့် လင်းနွမ်တို့၏ ချစ်စရာပုံရိပ်လေးအား တွေ့လိုက်ရလေသည်။


ပိုင်ရှောင်းနျန်မှာ အမှန်တကယ်ပင် အံ့သြသွားခဲ့ရသည်။ လင်းနွမ်က ကော်ဇောပေါ်တွင် ထိုင်နေခဲ့ပြီး လက်ပေါ်ခေါင်းအုံးသော အနေအထားဖြင့် ရှိနေခြင်းဖြစ်သည်။ သူ(မ)က ထွမ်းထွမ်းလေး၏ လက်သေးသေးလေးကို ဆုပ်ကိုင်ထားခဲ့ပြီး ဆိုဖာကိုမှီကာ အိပ်ပျော်နေခဲ့သည်။


မနက်ခင်း၏ နေရောင်ခြည်များက ခန်းစီးစများကြားမှ ဖြတ်ကျော်လာကာ အခန်းအတွင်းသို့ ဝင်ရောက်နေခဲ့သည်။ တောက်ပသော ရွှေရောင်အလင်းများက လင်းနွမ်နှင့် ထွမ်းထွမ်းတို့ကို လွှမ်းခြုံထားခဲ့ပြီး သူတို့နှစ်ဦးအား ‌ရွှေရည်စိမ်ထားသကဲ့သို့ ထင်မှတ်ရပေသည်။


ပိုင်ရှောင်းနျန်က လက်ထဲတွင် ရေဘူးကိုင်ကာ ထမင်းစားပွဲကို ခါးဖြင့်မီလိုက်ပြီး သူ(မ)၏အရှေ့မှ ယနေ့တွင် မိသားစုဖြစ်တော့မည့် လူကြီးနှင့်ကလေးအား ကြည့်လိုက်လေသည်။ ပိုင်ရှောင်းနျန်အနေဖြင့် ထွမ်းထွမ်းလေးက မည်သည့်အိမ်တော်မှ ကလေးဖြစ်သည်ကို သိပြီးသားပင်။


သို့သော်လည်း လင်းနွမ်က ဖုဟွိုက်အန်းအား အမှန်တကယ်ပင် ချစ်မြတ်နိုး၍ အရာအားလုံးကို ကျော်ဖြတ်ပြီး လက်ထပ်ခြင်းမဟုတ်ရာ သူ(မ)အနေဖြင့် လင်ပါသားဖြစ်မည့် ကလေးအပေါ်တွင် ဂရုတစိုက်နှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေရန် သိပ်မလိုအပ်ပေ။


နေရောင်ခြည်က လင်းနွမ်၏ ဖြူဖွေးနူးညံ့ကာ အပြစ်အနာအဆာကင်းသော မျက်နှာလှလှလေးနှင့် မျက်တောင်ရှည်များပေါ်တွင် ကျရောက်နေခဲ့ပြီး လင်းနွမ်က သူ(မ)၏မျက်လုံးများကို တဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။


"နင်တစ်ညလုံး ဒီမှာအိပ်နေတာလား။"


ပိုင်ရှောင်းနျန်၏ အက်ကွဲနေသော အမေးသံက ဧည့်ခန်းထဲတွင် ပျံ့နှံသွားခဲ့သည်။ လင်းနွမ်က မျက်နှာပေါ်သို့ တိုက်ရိုက်ထိုးနေသော အလင်းတန်းများကြောင့် မျက်လုံးများကိုကျဥ်းကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ(မ)က အသံလာရာဆီသို့ လှမ်းကြည့်လိုက်သော်လည်း ရှင်းရှင်းလင်းလင်း မတွေ့ရဘဲ အစိမ်းရောင်အရိပ်များကိုသာ မြင်နေရပေသည်။


ပိုင်ရှောင်းနျန်က မီးဖိုချောင်ထဲမှ လျှောက်ထွက်လာပြီး အနီးကပ်လာမှသာ လင်းနွမ်မှာ အစောပိုင်းတုန်းက စကားပြောလိုက်သော တစ်ဖက်လူက မည်သူဖြစ်ကြောင်းကို သတိရသွားခဲ့သည်။ ပိုင်ရှောင်းနျန်က ရေဘူးကိုကိုင်ကာ လင်းနွမ်ကို ငုံ့ကြည့်လိုက်သည်။


ထွမ်းထွမ်းလေးက လင်းနွမ်၏လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ လက်လွှတ်ပေးမည့် အရိပ်အယောင်မျိုး လုံးဝမရှိသလို နိုးလာမည့်ပုံလည်း မပြသေးပေ။


လင်းနွမ်က ထွမ်းထွမ်းလေး အိပ်ပျော်နေရင်းမှ ကန်ထုတ်ထားသော စောင်အပါးလေးကို လှမ်းယူလိုက်ပြီး တစ်ကိုယ်လုံး လုံသွားသည့်အထိ ပြန်ခြုံပေးလိုက်သည်။ လင်းနွမ်က ထွမ်းထွမ်းလေး၏ လက်သေးသေးလေးဖြင့် ဆုပ်ကိုင်ထားခဲ့သော သူ(မ)၏လက်ချောင်းများကို သတိအပြည့်နှင့် ဆွဲထုတ်လိုက်ပြီး ကလေးလေး၏ လက်ကလေးအား စောင်အောက်ထဲသို့ ထည့်ပေးလိုက်သည်။


ထွမ်းထွမ်းလေးက လက်ထဲတွင် ဘာမှမကိုင်ထားဘဲ လက်ဗလာဖြင့် အိပ်ရသည်ကို အကျင့်သိပ်မရှိချေ။ သူက လူးလွန့်လိုက်ပြီး လင်းနွမ်အား ကျောပေးလိုက်ကာ ခန္ဓာကိုယ်လေးကို ကွေးလိုက်ပြီးနောက် ပြန်အိပ်ပျော်သွားခဲ့သည်။


ပိုင်ရှောင်းနျန်က လင်းနွမ်လက်ထဲသို့ နွားနို့တစ်ခွက်ကို ထည့်ပေးလိုက်ပြီး လင်းနွမ်အား ခေါင်းအစခြေအဆုံး အကဲခတ်လိုက်လေသည်။ သူ(မ)က တစ်ညလုံး ခေါင်းတင်အိပ်ထားသဖြင့် လင်းနွမ်၏ ညာဘက်ပါးတွင် ထင်ကျန်နေခဲ့သော ခေါင်းစွပ်အင်္ကျီမှ ရှုံ့ကြိုးအရာကို သတိပြုမိသွားခဲ့ပြီး ဆူပူ‌ချင်နေသော အကြည့်များဖြင့် လင်းနွမ်ကိုရော ထွမ်းထွမ်းကိုပါကြည့်ကာ ဂရုဏာဒေါသဖြင့် ပြောလိုက်လေသည်။


"တစ်ညလုံးအပြင်မှာ ဘာလုပ်နေတာလဲ။"


"ဘယ်နှနာရီရှိပြီလဲ။"


လင်းနွမ်က ပိုင်ရှောင်းနျန်အား မနက်စောစောတွင် မဆူပူစေချင်သဖြင့် ဖြတ်မေးလိုက်လေသည်။ သူ(မ)က တစ်ညလုံး တစ်ပုံစံတည်းသာ အိပ်ပျော်နေခဲ့သဖြင့် လည်ပင်းနှင့်ခါးက ကိုက်ခဲနေခဲ့ကာ ပခုံးကြွက်သားများလည်း တောင့်တင်းနေခဲ့သည်။ ထို့ကြောင့် အကြောလျှော့လိုက်ပြီး လည်ပင်းသားများကို နှိပ်နယ်လိုက်သည်။


"၆ နာရီခွဲ။"


ပိုင်ရှောင်းနျန်က လက်ပတ်နာရီိအား တစ်ချက်ကြည့်ကာ ပြန်ဖြည့်လိုက်ပြီး ထွမ်းထွမ်းလေး၏ ခြေရင်းနားတွင် ဝင်ထိုင်လိုက်သည်။ သူ(မ)က ကြမ်းပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော လင်းနွမ်ကိုကြည့်ကာ ဆက်ပြောလိုက်သည်။


"နင်မနေ့ကတစ်နေ့လုံး ဒီကလေးကို စောင့်ရှောက်ပေးနေရတာတော့ မဟုတ်ဘူးမလား။"


"မဟုတ်ဘူး။ မနေ့ညကမှ သူ့အဖေလာပို့လို့။"


"သူကတကယ်ကြီး နင့်ကိုသူ့အမေလို့ ထင်နေတာပဲ။"


ပိုင်ရှောင်းနျန်က လင်းနွမ်အား အပြုံးတစ်ခုဖြင့်ကြည့်ကာ စနောက်လိုက်သည်။ လင်းနွမ်က ပိုင်ရှောင်းနျန်အား အသံလျှော့ပြောရန် အမူအရာလုပ်ပြလိုက်သည်။


"နင့်အသံကို တိုးတိုးပြော။ ကလေးမနိုးစေနဲ့။"


လင်းနွမ်က အသံတိုးတိုးဖြင့် ပိုင်ရှောင်းနျန်ကို ပြောလိုက်သည်။ ယခုမှ ၇ နာရီပင် မထိုးသေးသည်ဖြစ်ရာ ထွမ်းထွမ်းလေးအနေဖြင့် တစ်နာရီခန့် ဆက်အိပ်နိုင်သေးသည်။


မနေ့ညတုန်းက လင်းနွမ်တစ်ယောက် ခေါင်းခြောက်အောင် မသုတ်ရသေးခင်မှာပင် ထွမ်းထွမ်းလေးက သူ(မ)၏လက်အား ခပ်တင်းတင်းဆုပ်ကာ အိပ်ပျော်သွားခဲ့သဖြင့် ယနေ့မနက်တွင် လင်းနွမ်မှာ ခေါင်းတခြမ်းကိုက်ခဲကာ နိုးလာခဲ့ရသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment