လင်းနွမ် မနေ့တုန်းက အဖြစ်အပျက်များကို ပြန်တွေးလိုက်သည်။ ကြည့်ရသည်မှာ သူ(မ)နှင့်ကုဟန်ရန်တို့ စကားပြောနေခဲ့သည်ကို ဖုဟွိုက်အန်းက မြင်ထားပြီးသား ဖြစ်သည့်ပုံပင်။ လှည့်ပတ်နေလျှင် ထူးမည်မဟုတ်သဖြင့် လင်းနွမ် မဖုံးကွယ်တော့ဘဲ အမှန်အတိုင်းပင် ပြောရန်ဆုံးဖြတ်လိုက်ပြီး ဖုဟွိုက်အန်းအား ခေါင်းညိတ်ပြလိုက်လေသည်။
ဖုဟွိုက်အန်းက ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့ပြီး လင်းနွမ်အား လှမ်းခေါ်လိုက်သည်။
“ဒီကိုလာကြည့်။”
လင်းနွမ်က သူ့အားခေါင်းလှည့်ကာ ကြည့်လိုက်ချိန်တွင် ဖုဟွိုက်အန်းက လူတစ်ရပ်စာမြင့်သော ပြတင်းပေါက်ဘေးတွင် မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ထိုအမျိုးသား၏ဘေးသို့ လျှောက်သွားခဲ့လေသည်။ သူ(မ) ဖုဟွိုက်အန်း၏နံဘေးတွင် မတ်တတ်ရပ်လိုက်ပြီး သူ့အားမော့ကြည့်ကာ စကားသမ်းလိုက်သည်။
“ရှင် ကုဟန်ရန်ကို ဖိအားမပေးတော့ဘူးမလား။”
တစ်ညတာကို အတူဖြတ်သန်းပြီးနောက်တွင် လင်းနွမ်က ဖုဟွိုက်အန်းအား အလွန်ယဉ်ကျေးသော လေသံမျိုးဖြင့် စကားမပြောတော့ချေ။ ဖုဟွိုက်အန်းကလည်း ဤအပြောင်းအလဲကို သဘောကျသည့်ပုံပင်။ လင်းနွမ်၏ ပေါ့ပါးသောလေသံကို ကြားလိုက်ရချိန်တွင် ပြုံးသွားခဲ့လေသည်။ ဖုဟွိုက်အန်း၏ နက်မှောင်နေသော မျက်လုံးများက ပြတင်းပေါက်အပြင်ဘက် တစ်နေရာအား စိုက်ကြည့်နေခဲ့ပြီး သူကရုတ်တရက်ဆိုသလို လင်းနွမ်အား ဆွဲဖက်လိုက်လေသည်။
လင်းနွမ်မှာ ထိတ်လန့်တကြားဖြင့် သူ(မ)ကိုဆွဲကာ ဖက်ထားလေသော ဖုဟွိုက်အန်းကို အူကြောင်ကြောင်ဖြင့် မော့ကြည့်လိုက်သည်။ သူ မည်သည့်အကြောင်းဖြင့် သူ(မ)အား ရုတ်တရက် လှမ်းဖက်လိုက်သည်ကို လင်းနွမ် နားမလည်ဖြစ်သွားရသည်။
“မင်းညာဘက်မှာ ရပ်ထားတဲ့ ကားအဖြူကိုမြင်လား။”
ဖုဟွိုက်အန်း၏ သံလိုက်ဓာတ်ပါသော အသံဩဩက လင်းနွမ်၏နားထဲသို့ ရောက်ရှိလာခဲ့ပြီး သူ၏ပူနွေးသောထွက်သက်က လင်းနွမ်၏ပါးပြင်ကို တို့ထိနေခဲ့သည်။ အရှက်တရားကြောင့် လင်းနွမ်၏မျက်နှာကရော နားရွက်ဖျားများပါ နီမြန်းလာခဲ့သော်လည်း ဖုဟွိုက်အန်း ညွှန်ပြသည့်အတိုင်း ညာဘက်အခြမ်းသို့ လှမ်းကြည့်လိုက်သည်။
“ကုဟန်ရန်က မင်းနောက်ကိုလိုက်ဖို့ လူလွှတ်ထားတယ်။”
ဖုဟွိုက်အန်း၏လေသံက အလေးအနက်မရှိဘဲ မလောက်လေးမလောက်စား ကိစ္စတစ်ခုကို ဖြေရှင်းနေရသည့်အလား ပေါ့ပါးနေပေ၏။ လင်းနွမ်မှာ သူ၏စကားများကို ကြားလိုက်ရသဖြင့် လက်ချောင်းများကို တင်းကျပ်နေသည်အထိ ဆုပ်လိုက်မိသည်။ ဖုဟွိုက်အန်းက သူ(မ)၏အားနည်းချက်ကို လွယ်လွယ်ကူကူပင် ရိပ်မိသွားသည့်အတွက် အနည်းငယ်လည်း အိုးတိုးအမ်းတန်းတော့ ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း သူ(မ)က ခေါင်းမာစွာပင် စကားလုံးအချို့ကို အတင်းညှစ်ထုတ်ပြီး ဖုဟွိုက်အန်းအား ပြန်ပက်လိုက်သည်။
“ကျွန်မသိတယ်။”
ကြည့်ရသည်မှာ ကုဟန်ရန်က ဖုဟွိုက်အန်းနှင့် လင်းနွမ်တို့နှစ်ယောက် အိမ်ထဲမှအတူတွဲကာ ထွက်လာမည့်အချိန်ကို ဓာတ်ပုံရိုက်ရန် လူလွှတ်ထားပြီး စောင့်ဆိုင်းနေသည့်ပုံပင်။ ဓာတ်ပုံများနှင့် သက်သေနှင့်ဆိုပါက ကုဟန်ရန်အနေဖြင့် ဤကိစ္စကို သတင်းဖြန့်လိုက်ပြီး ဖုဟွိုက်အန်းက အခြားမိန်းမနှင့် ညိစွန်းနေသည်ဟု သက်သေပြကာ ဖုဟွိုက်အန်းနှင့် သူ(မ)တို့၏ လက်ထပ်ပွဲကို ဖျက်သိမ်းရာတွင် အကြောင်းပြချက် ခိုင်လုံသွားပြီး သူ(မ)ဘက်မှအသာစီးရလိမ့်မည်။
သို့သော်လည်း ကုဟန်ရန်က ဤကိစ္စထဲတွင် လင်းနွမ်၏နေရာကို ထည့်မတွက်ခဲ့ချေ။ အခြားသူများကို အကူအညီပေးရန် တောင်းဆိုပြီးနောက် ထိုသူအားပြန်ကာ ချောင်ပိတ်ခြင်း... ဤသို့သောနည်းလမ်းက အမှန်တကယ်ပင် ရွံစရာကောင်းလှသည်။ သို့သော်လည်း... ကုဟန်ရန်လုပ်သမျှက ဝိန်မော့ရှန်အတွက် ဆိုပါလျှင် လင်းနွမ်အနေဖြင့် ကုဟန်ရန်၏ လုပ်ရပ်များကို သည်းခံပေးနိုင်သည်။
ဤသို့သော အခြေအနေအထိ ဖြစ်လာမှတော့ လင်းနွမ် ရုတ်တရက်ပင် အားတက်လာခဲ့ပြီး ဖုဟွိုက်အန်းအား မေးလိုက်လေသည်။
“လူကြီးမင်းဖု အခုလောက်ဆိုရင် ကျွန်မကို ကုဟန်ရန်နေရာမှာ အစားထိုးလို့ရပြီလား။”
“မင်းကဘယ်လိုမျိုး အစားထိုးချင်လို့လဲ။”
ဖုဟွိုက်အန်းက လင်းနွမ်၏ ပခုံးစွန်းများကို ဖက်ထားသည်အား ပြန်မလွှတ်ပေးဘဲ လင်းနွမ်ကို ငုံ့ကြည့်လိုက်သည်။ ဖုဟွိုက်အန်းက အရယ်အပြုံးဟူ၍ မရှိသလောက်နည်းသည့် လူမျိုးဖြစ်သော်လည်း လင်းနွမ်အား သူပြုံးပြလိုက်သည့် ထိုအခိုက်အတန့်တွင် မနက်ခင်း၏ ရွှေရောင်အလင်းတန်းများ အကူအညီဖြင့် သူ၏နက်မှောင်သော မျက်လုံးများထဲမှ စကားလုံးများနှင့် မဖော်ပြနိုင်သော နက်ရှိုင်းမှုတစ်မျိုး ကိန်းအောင်းနေခဲ့သည်ကို မြင်နေရပေသည်။
“ကုဟန်ရန် ဆန္ဒရှိတဲ့အတိုင်းလား။ ဒါမှမဟုတ်ရင် သေသေချာချာလေး အစားထိုးချင်တာလား။”
ဖုဟွိုက်အန်းက လင်းနွမ်အတွက် ရွေးချယ်စရာလမ်းကြောင်းကို ပေးလာခဲ့သည်။ လင်းနွမ်ကဲ့သို့ ရုပ်ဆင်းပြေပြစ်သော အမျိုးသမီးတစ်ဦးက မည်သည့်အမျိုးသားနှင့် တွဲသွားတွဲလာလုပ်ပါစေ လူအများအပြား၏ အာရုံစိုက်မှုကို ရရှိနေလိမ့်ဦးမည်သာ။ ဤအရာကပင် ကုဟန်ရန်က လင်းနွမ်ကို အသုံးချချင်သော အကြောင်းအရင်းဖြစ်သည်။ သို့သော်လည်း လင်းနွမ်က ကုဟန်ရန်၏ ဤကိစ္စပေါ်တွင် ကိုင်တွယ်ပုံအား သဘောမကျပေ။
လက်ရှိအချိန်တွင် လင်းနွမ်က အိမ်ထောင်မကျသေးဘဲ လင်းမိသားစု၏ ရင်သွေးအဖြစ်သာ ရှိနေသေးပေသည်။ လင်းနွမ်က အမြဲတမ်းလိုလို သူ(မ)၏အပြုအမူအား ဂရုစိုက်ခဲ့ပြီး လူသိများသော မိသားစုတစ်ခုမှ ဗိုင်းကောင်းကျောက်ဖိ မိန်းမပျိုတစ်ဦးအဖြစ် ရပ်တည်လာခဲ့သည်။ အကယ်၍ လင်းနွမ်ကသာ အခြားတစ်ယောက်၏ သတို့သားလောင်းကို ဖြတ်ခုတ်ပါသည်ဟူသော အတင်းအဖျင်းများ ထွက်လာခဲ့ပါက သူ(မ)၏မိသားစုနှင့် သူ(မ)မည်သို့ မျက်နှာချင်းဆိုင်နိုင်တော့မည်နည်း။
ဤကိစ္စများက ကုဟန်ရန်အနေဖြင့် လင်းနွမ်အတွက် တစ်ခါလေးမှပင် ထည့်မတွေးခဲ့သော ကိစ္စများဖြစ်ကြသည်။ ဖုဟွိုက်အန်းက ရွေးချယ်စရာကို မပေးခဲ့ခင်တွင် လင်းနွမ်ကိုယ်တိုင်လည်း သူ(မ)၏ဆုံးဖြတ်ချက်နှင့် အပြုအမူများ၏ နောက်ဆက်တွဲများကို မတွေးဖြစ်ခဲ့သေးချေ။ ယခု ကုဟန်ရန်၏ ဖုဟွိုက်အန်းကို လက်မထပ်လိုသောဆန္ဒက အတည်ဖြစ်သွားမှတော့ လင်းနွမ်က မည်သည့်အကြောင်းဖြင့် ကုဟန်ရန်ဆင်ထားသော လမ်းကိုသာ ဆက်လျှောက်နေရမည်နည်း။
လင်းနွမ်က လမ်းတစ်ဖက်ခြမ်းတွင် ပါကင်ထိုးထားသော ကားအဖြူလေးကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းများကိုဟကာ ဖုဟွိုက်အန်းအား ပြန်ဖြေလိုက်လေသည်။
“သေသေချာချာပေါ့။”
ဖုဟွိုက်အန်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားခဲ့ပြီး သူက လင်းနွမ်ကို ပြောလာခဲ့သည်။
“မင်းအတွက် ကိုယ်လက်ဆောင်တစ်ခုပေးမယ်။”
“ဟမ်...”
လင်းနွမ်မှာ သူ၏အပြုံးကို မြင်လိုက်ရချိန်တွင် အံ့ဩသွားခဲ့သဖြင့် အူကြောင်ကြောင်ဖြင့် ပြန်မေးလိုက်မိသည်။
“မင်းက ဝိန်မော့ရှန်ရဲ့ ချစ်လှစွာသော အမျိုးသမီးက တခြားသူနဲ့ လက်ထပ်သွားမှာကို မမြင်ချင်မှတော့ ကိုယ်ကပဲကူပြီးတော့ အခုအချိန်ကစပြီး ဝိန်မော့ရှန်ရဲ့ အမျိုးသမီးကို အခြားဘယ်သူနဲ့မှ လက်ထပ်လို့မရတော့အောင် လုပ်ပေးမယ်လေ။ သူ(မ)က လိမ်လိမ်မာမာနဲ့ ဝိန်မော့ရှန်ပြန်လာမှာကို စောင့်နေရလိမ့်မယ်။”
လင်းနွမ်မှာ ပြန်ပြောစရာပင် မကျန်တော့။ ဤလက်ဆောင်က မည်သို့သော လက်ဆောင်မျိုးနည်း။ လင်းနွမ် သူ(မ)၏ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး ဖုဟွိုက်အန်း၏ ဤသို့တုံ့ပြန်ပုံအရ ကုဟန်ရန်၏ အပြုအမူက သူ၏ယောကျ်ားမာနကို ပါးပါးလာပုတ်သလို ခံစားရသောကြောင့် ဖြစ်မည်ဟူ၍ ကောက်ချက်ချလိုက်သည်။
ဖုဟွိုက်အန်းက လင်းနွမ်၏ပခုံးကို ပြန်လွှတ်ပေးလိုက်ပြီး အဝတ်ဗီရိုဆီသို့ လျှောက်လှမ်းသွားကာ ရေချိုးသဘက်ကိုဖယ်၍ သူ၏ဝတ်စုံကိုထုတ်ကာ လင်းနွမ်ရှေ့တွင်ပင် အဝတ်လဲလိုက်လေသည်။ လင်းနွမ်မှာ မျက်စိကျိန်းလှသော အနှီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သဖြင့် အယောင်ယောင်အမှားမှားနှင့် နောက်သို့လှည့်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်လေသည်။
“ကျွန်မ ဧည့်သည်ခန်းကို အရင်ပြန်လိုက်ဦးမယ်။”
လင်းနွမ် ဖုဟွိုက်အန်း၏ အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် အိပ်ချင်မူးတူးဖြင့် သမ်းဝေနေသော ထွမ်းထွမ်းလေးအား အန်တီလီက သူ၏အခန်းထဲမှ ချီထုတ်လာသည်ကို တွေ့လိုက်ရလေသည်။
ထွမ်းထွမ်းလေးက ကာတွန်းဝက်ဝံရုပ်လေးများပါသော ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူ၏ခေါင်းလုံးလုံးလေးတွင် ဝက်ဝံခေါင်းစွပ်လေးက နေရာယူထားပေသည်။ ထွမ်းထွမ်းလေးက အန်တီလီအား လက်မလွှတ်စတမ်း ဖက်ထားခဲ့ပြီး သူ၏ဖြူဖွေးကာ နူးညံ့လှသော မျက်နှာလေးကို အန်တီလီ၏ ပခုံးပေါ်တွင် အပ်ထားလေသည်။ သူ၏ညာဘက်ပါးပြင်က တစ်စောင်းအနေအထားဖြင့် အဖိခံထားရရာ ဆူပွပွလေးဖြစ်နေခဲ့သည်။
*****
Aurora Novel Translation Team