ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်ထားခဲ့သော လင်းချန်၏လက်များက တင်းကျပ်သွားပြီး သူ၏အားက ပြင်းလွန်းလှသဖြင့် ရှည်သွယ်နူးညံ့သော လက်ချောင်းများက ကွဲအက်သံများကိုပင် ထုတ်လွှတ်နေခဲ့သည်။ သို့သော် ချက်ချင်းဆိုသလို လက်သီးဆုပ်ထားသည်ကို ပြန်ဖြည်လိုက်ပြီး မျက်လုံးများထဲတွင်တည်ငြိမ်သောအကြည့်များ ရရှိသွားသည်အထိ မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ လင်းချန်က ရှုပ်ထွေးသွားသော ခံစားချက်များကို သေသေသပ်သပ် ပြန်လည်ပုံသွင်းလိုက်ပြီး အင်္ကျီအိတ်ထဲမှ စီးကရက်တစ်ဘူးကို ဆွဲထုတ်လိုက်လေသည်။
"နင့်ရဲ့သတို့သားလောင်း ဟုတ်လား။ ဘယ်သူလဲ။ ကုရှောက်ထင်လား။"
လင်းချန်က စီးကရက်တစ်လိပ်ကို ပါးစပ်တွင်ခဲလိုက်ပြီး ကုတ်အင်္ကျီထဲသို့ လက်နှိုက်လိုက်ကာ ဆေးလိပ်မီးညှိရန် မီးခြစ်ရှာလိုက်သည်။
လင်းနွမ်က သူ့အားခေါင်းခါပြကာ သူ(မ)နှင့်ပါလာသူက ကုမိသားစုမှ ကုရှောက်ထင်မဟုတ်ကြောင်း ငြင်းဆန်လိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းနွမ်မှာ ကားပေါ်တွင်နေခဲ့ကာ သူ့(မ)အားစောင့်နေသော ထိုအမျိုးအသားကို သတိရသွားခဲ့ပြီး သူ(မ)ထံတွင် မိသားစုဝင်များကို အသိပေးရန်အတွက် မိနစ် ၂၀ နီးပါးသာ အချိန်ရသည်ကို ပြန်လည်သတိပြုမိသွားခဲ့သည်။ ထို့အပြင် လင်းချန်ကလည်း ယခုထက်ထိ ဆေးလိပ်မီးညှိရန် မီးခြစ်ရှာမတွေ့သေးရာ လင်းနွမ် သူ့အား လောလိုက်သည်။
"အစ်ကို ငါတို့တွေအထဲရောက်မှ စကားပြောရအောင်ပါ။ ခြံအပြင်မှာ မတ်တတ်ရပ်နေတာက အဆင်မပြေဘူး။"
လင်းချန်က အသံတိတ်သွားခဲ့ပြီး လင်းနွမ်ကို စိုက်ကြည့်လိုက်ကာ သူ၏နှုတ်ခမ်းဝတွင် နေရာယူထားခဲ့သော စီးကရက်လိပ်ကို ပြန်ဖယ်လိုက်သည်။ သူက လင်းနွမ်နှင့် အချိန်ခဏတာခန့် ပိုရှိချင်သေးသော်လည်း လင်းနွမ်က သူ(မ)၏သတို့သားလောင်းကို လင်းမိသားစုဝင်များနှင့် မိတ်ဆက်ပေးရန် အိမ်သို့ခေါ်လာကြောင်း ကြားလိုက်ရသည်နှင့် သူ၏တည်ငြိမ်သော ကိုယ်ဟန်အမူအရာများ ပျက်ပြားသွားခဲ့ရသည်။
"ဝင်လာခဲ့။"
လင်းချန်က သူ၏ကားဟွန်းကို နှစ်ချက်တီးလိုက်ပြီး ကားဟွန်းသံအဆုံးတွင် လင်းမိသားစုအိမ်တော်၏ ခြံဝင်းတံခါးက ပွင့်ဟသွားခဲ့သည်။
လင်းချန်က ခြံဝင်းပြင်ပမှ မိသားစုအိမ်တော်ဆီသို့ မောင်းဝင်သွားရသည့် လမ်းတစ်လျှောက်၌ အိမ်မကြီးဆီသို့လှမ်းကာ ဖုန်းဆက်လိုက်လေသည်။ လင်းမိသားစု၏ အိမ်တော်ထိန်းက ဖုန်းပြန်ဖြေလာခဲ့သည်။ လင်းချန်က လင်းနွမ်တစ်ယောက် လင်းမိသားစုအိမ်တော်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း အသိပေးလိုက်သည်။
ဤသတင်းက လင်းမိသားစုကို ပွက်လောရိုက်သွားစေပြီး အထူးသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သူက နောက်တစ်လတွင် ကျင်းပမည်ဖြစ်သော အဘွားလင်း၏ မွေးနေ့မင်္ဂလာတွင်ဝတ်ရန် ပွဲတက်ဝတ်စုံကို ရွေးချယ်နေခဲ့သော လင်းရန်ပင်ဖြစ်သည်။
လင်းရန်အနေဖြင့် သူ(မ)၏ဘဝကို နှစ်ပေါင်းများစွာ ခိုးယူထားခဲ့ကာ သူ(မ)၏နေရာတွင် မိဘများထံမှ ချစ်ခင်ကြင်နာမှုများကို ရရှိထားခဲ့သူတစ်ဦးအား ဖေးဖေးမမ၊ နားလည်မှုအပြည့်နှင့် ဆက်ဆံပေးရန်မပြောနှင့် သင့်တင့်လျောက်ပတ်စွာ ဆက်ဆံရန်ပင် မဖြစ်နိုင်ပါချေ။
"သူ(မ)က ဒီကိုဘာလာလုပ်တာလဲ။"
လင်းရန်က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ ထိုအခိုက်အတန့်တွင် သူ(မ)၏ရင်ထဲမှ ဆန်တက်လာသော ဒေါသများက ပြောမပြနိုင်အောင်ပင် များပြားလွန်းလှသည်။
လျန်မုလန်က လင်းရန်ကိုကြည့်ကာ ကောင်းကောင်းမွန်မွန် မနေခဲ့ရ၍ သေးကွေးနေခဲ့သော သူ(မ)သမီးငယ်၏ လက်ကလေးများကို ဆုပ်ကိုင်ထားလိုက်သည်။ သူ(မ)မျက်လုံးများက မျက်ရည်များဖြင့် စိုစွတ်လာခဲ့သည်။
လျန်မုလန်မှာ လင်းရန်အား လင်းမိသားစုထဲတွင် လင်းနွမ်ကို ပြန်လက်ခံပေးရန် နားချလိုခဲ့သည်။ အတွင်းစိတ်ထဲတွင် လျန်မုလန်က လင်းနွမ်တစ်ယောက် အိမ်ပြန်လာမည်ကို အမြဲတမ်းပင် မျှော်လင့်နေခဲ့ပြီး ထိုသို့ပြန်လာခြင်းက လင်းမိသားစုထဲတွင် လင်းနွမ်၏ ရပ်တည်မှုအား အခြားအမည်တစ်ခုအဖြစ် ပြောင်းလဲသွားလျှင်ပင် သူ(မ)က သဘောတူနေမည်ဖြစ်သည်။ လျန်မုလန်က လင်းရန်အား ချော့လိုက်သည်။
"ရန်ရန်...ကျေးဇူးပြုပြီးတော့ မားအတွက်လို့ သဘောထားပြီး သည်းခံပေးပါလား။ သမီးရော နွမ်နွမ်ရောက မားရဲ့ကလေးတွေပဲလေ။ မားတကယ်ကို_..."
"မား...မားဝမ်းနဲ့လွယ်ပြီးတော့ မွေးခဲ့တဲ့ သမီးမိန်းကလေးက တစ်ယောက်တည်းပဲ။ သမီးလား သူ(မ)လားလို့ ရွေးလိုက်။ မားအနေနဲ့ လင်းနွမ်အိမ်ပြန်လာပြီး အမေနဲ့သမီးလို ဆက်သရုပ်ဆောင်တာကို လိုချင်တယ်ဆိုလည်း သဘောပဲ။ ဒါပေမဲ့ အဲဒါဆိုရင်တော့ သမီးက ဒီအိမ်ကနေ ပြန်ထွက်သွားမှာ။ မား စဉ်းစားကြည့်လိုက်ပေါ့။"
လင်းရန်က ဝတ်စုံကြည့်နေသော မဂ္ဂဇင်းအား ပိတ်ပစ်လိုက်ပြီး အိမ်အပေါ်ထပ်သို့ ပြန်တက်သွားခဲ့သည်။
"ရန်ရန်..."
လျန်မုလန်က ထိုင်နေရာမှထကာ လင်းရန်ကို လှမ်းခေါ်လိုက်သော်လည်း လင်းရန်က ခြေလှမ်းများကို မရပ်ခဲ့ဘဲ သူ(မ)၏အခန်းဆီသို့ ပြန်သွားခဲ့သည်။
လင်းရန်က ကျလုဆဲဆဲဖြစ်နေသော မျက်ရည်စများကို အမှန်တကယ် စီးကျမလာစေရန် အားတင်းလိုက်သည်။ လင်းမိသားစု၏ သမီးအရင်း သွေးသားရင်းချာက လင်းရန်ဆိုသော သူ(မ)ပင်ဖြစ်ကာ လင်းနွမ်မဟုတ်ပေ။ နှစ်ပေါင်းများစွာ မိသားစုအစစ်နှင့် ကွဲကွာသွားခဲ့ပြီးမှ အိမ်ပြန်ရောက်လာခဲ့ချိန်တွင် သူ(မ)ကို အမှန်တကယ် ချစ်ခင်လိုလားသူများနှင့် ပြန်လည်ဆုံတွေ့ရပြီး ကြင်နာမှုများကို ခံစားရလိမ့်မည်ဟု မျှော်လင့်နေခဲ့မိသည်။
သို့သော်လည်း အစ်ကိုဖြစ်သူက အမြဲလိုလို သူ(မ)အား အေးတိအေးစက် ဆက်ဆံခဲ့ပြီး ထိုအပြုအမူများက မိသားစုဆီသို့ သူ(မ)ပြန်ရောက်လာခြင်းက အိမ်၏စည်းချက်ကို ပျက်စီးစေသကဲ့သို့ ထုတ်မပြောရုံတမယ်ပင်။
နေ့စဉ်အတိုင်း လျန်မုလန်ပြောသမျှ ကိစ္စရပ်များက လင်းနွမ်နှင့်သာ ပတ်သက်နေခဲ့ပြီး လင်းနွမ်က ဤအရွယ်တုန်းက ဤသို့လုပ်ခဲ့သည်၊ ထိုအရွယ်တုန်းက ထိုသို့လုပ်ခဲ့သည်ဟူသော စကားများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး လင်းနွမ်တစ်ယောက် လင်းမိသားစုတွင် ရှိခဲ့စဉ်တုန်းက အသိုင်းအဝိုင်းကြီးများကြားတွင် မည်မျှဝင်ဆံ့ခဲ့သည်၊ ပြင်ပ၌ လင်းမိသားစုအား မျက်နှာမပျက်စေလိုပါက လင်းရန်အနေဖြင့် လင်းနွမ်ထံမှ ပြုမူပြောဆိုပုံများကို အနည်းငယ်သင်ယူသင့်ကာ ကြိုးစားသင့်သည်ဟူ၍ ပြောလိမ့်မည်။
ထိုစကားများက မသိလျှင် နောက်ကွယ်၌ အိမ်တော်မှဝန်ထမ်းများ ကဲ့ရဲ့ရှုတ်ချသော စကားသံများကို လင်းရန်အနေဖြင့် လုံးဝမသိသည့်အလား ရှိပေ၏။ သူ(မ)အား မည်မျှအထိပင် လင်းမိသားစု၏ သွေးသားဖြစ်နေပါစေ သာမန်မိသားစုတွင် ကြီးပြင်းလာခဲ့သဖြင့် ကလေးဘဝထဲက နှစ်ပေါင်းများစွာတိုင် လင်းမိသားစု၏ ပြုစုပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာခဲ့သော လင်းနွမ်အား ယဉ်ကျေးသိမ်မွေ့မှုတွင်ဖြစ်စေ၊ နူးညံ့ပျော့ပျောင်းမှုတွင်ဖြစ်စေ မယှဉ်နိုင်ဟူ၍ အတင်းအဖျင်းများ ပြောကြသည်သာ။
ဤလေးနှစ်တာအတွင်း လင်းနွမ်ဟူသော အမည်နာမတစ်ခုက လင်းရန်၏ နှလုံးသားကို အကြိမ်ပေါင်းများစွာ ထိုးစိုက်နေခဲ့သော ဓားတစ်လက်ဖြစ်ခဲ့သည်။ တစ်စုံတစ်ယောက်က ထိုအချက်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ထိုထိုးစိုက်မှုတိုင်းက လင်းရန်၏နှလုံးသားကို သွေးစိမ်းရှင်ရှင်ကျစေပြီး သူ(မ)၏ဒဏ်ရာကို ထက်သည်ထက်နက်ကာ သေမတတ်နာကျင်စေသည်။
လင်းရန်က လင်းနွမ်ကိုရော လင်းနွမ်၏ မိဘများကိုပါ မုန်းတီးလွန်းလှသည်။ မုန်းလွန်းလှသဖြင့် သူ(မ) သူတို့အား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်အထိကို တစ်စစီဆွဲဖြဲပစ်လိုက်ချင်သည်။
လင်းချန်က မိသားစုအိမ်တော်၏ ဆင်ဝင်ရှေ့တွင် ကားကိုရပ်လိုက်ပြီး လင်းနွမ်က ထိုင်ခုံခါးပတ်ကိုဖြုတ်ကာ ကားပေါ်မှဆင်းရန် ဟန်ပြင်လိုက်လေသည်။
"နွမ်နွမ်...မား နင့်ဆီကို အလည်လာတုန်းက နင့်ကိုသူ(မ)ပြောထားဖူးတာကို စဉ်းစားကြည့်သေးလား။"
လင်းချန်က ဘေးတိုက်မြင်နေရသော လင်းနွမ်၏ လှပချောမွေ့သော မျက်နှာလေးကိုကြည့်ကာ မေးမြန်းလာခဲ့သည်။ သူက တမင်ပင် လေသံကိုဖျော့ကာ ပြောလိုက်ခြင်းဖြစ်ပြီး သူ၏စိတ်ထဲတွင် ဖြတ်ပြေးနေခဲ့သော စိတ်ရှုပ်ထွေးမှုများအား လင်းနွမ်သတိမပြုမိအောင် ထိန်းသိမ်းထားခဲ့သည်။
လင်းနွမ်က ကားတံခါးလက်ကိုင်ကို လက်လှမ်းနေလျက်မှ လင်းချန်အား လှည့်ကြည့်လိုက်သည်။
*****
Aurora Novel Translation Team