တိကုဆေးရုံတွင် မှိုလုံးလေးကို လင်းနွမ်သွားကြည့်နေချိန်၌ ဖုဟွိုက်အန်း၏ လက်ထောက်ကောင်လေးက ထွမ်းထွမ်းလေးအား မကြာခင်အချိန်အတွင်း ဖုဟွိုက်အန်းနှင့် လင်းနွမ်တို့နှစ်ဦးသား လက်ထပ်မှတ်ပုံတင် လုပ်ပြီးသွားပါက ထွမ်းထွမ်းလေးတွင် အခြားကလေးများနည်းတူ အမေတစ်ယောက် ရှိလာတော့မည်ဟု ပြောထားသည်ပင်။
ထွမ်းထွမ်းလေးအတွက် လင်းနွမ်က သူ၏မားမားဖြစ်သလို အခြားသူများ၏ အမေများထက်လည်း အများကြီးပိုကာ လှပနေသည့် အလှဆုံးသော တည်ရှိမှုပင်ဖြစ်သည်။
ဖုဟွိုက်အန်းက လင်းနွမ်၏ လှပသောမျက်နှာနဲ့ တောင့်တင်းနေသော အမူအရာကိုကြည့်ကာ တည်ငြိမ်သောအသံဖြင့် ပြောလိုက်လေသည်။
"သွားကြစို့။"
လင်းနွမ်က ဖုဟွိုက်အန်းအား ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း ဖုဟွိုက်အန်းနှင့် တွဲထားခဲ့သော သူ(မ)၏လက်တစ်ဖက်က ချွေးစို့လုဖြစ်နေသည်ကို လင်းနွမ်သိနေပါ၏။
ကားပါကင်နှင့် ပြည်သူ့ရေးရာဗျူရို၏ ဂိတ်ပေါက်ဝက ထင်ထားသလောက် အလှမ်းမကွာပေ။ ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက် လင်းနွမ်နှင့် ဖုဟွိုက်အန်းတို့က ခဏတွင်းချင်းပင် ဂိတ်ပေါက်ဝဆီသို့ ရောက်ရှိသွားကြသည်။
ဖုဟွိုက်အန်း၏ လက်ထောက်ဖြစ်သူက အပြည့်အစုံ ဖြည့်ထားပြီးသားဖြစ်သော စာရွက်စာတမ်းများနှင့် လျှောက်လွှာဖောင်များအား လင်းနွမ်နှင့် ဖုဟွိုက်အန်းထံသို့ ကမ်းပေးလာခဲ့သည်။ သူတို့အနေဖြင့် လုပ်ရန်လိုအပ်သည်က လက်မှတ်ထိုးခြင်း တစ်ခုတည်းသာ ကျန်ရှိတော့သည်ပင်။
"ကျွန်မမှာ ဘောပင်မပါလာဘူး။"
လင်းနွမ်က ဖြည့်ထားပြီးသား လျှောက်လွှာဖောင်ကို အသာကိုင်ကာ ဖတ်ကြည့်နေလျက်မှ ပြောလိုက်သည်။ သူ(မ) ထိုသို့ပြောလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ဖုဟွိုက်အန်း၏ လက်ထောက်ကောင်လေးက သူ၏အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး ဘောပင်တစ်ချောင်းကို ဆွဲထုတ်လိုက်ကာ အဖုံးဖွင့်လိုက်ပြီး လင်းနွမ်ထံသို့ ကမ်းပေးလာသည်။
"ကျေးဇူးပဲ..."
လင်းနွမ်က လက်ထောက်လေးဆီမှ ဘောပင်ကိုယူကာ ကျေးဇူးတင်စကား ပြောလိုက်ပြီး ရုံးအတွင်းပိုင်းအား ဝေ့ဝဲကြည့်လိုက်သည်။ ရုံးအတွင်းပိုင်းရှိ စားပွဲများအားလုံးက လျှောက်လွှာဖောင်တင်ရန် စာဖြည့်နေသူများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် လင်းနွမ်က လူရှင်းနေသော နံရံဆီသို့ လျှောက်သွားလိုက်ပြီး သူ(မ)၏ဖောင်ကို နံရံတွင်ကပ်ကာ လက်မှတ်ထိုးရန် ဟန်ပြင်လိုက်လေသည်။
သို့သော်လည်း သူ(မ)ဘောပင်ကို ပြင်ကိုင်လိုက်သည့် အခိုက်အတန့်မှာပင် ဖုန်းမြည်သံက ထွက်ပေါ်လာခဲ့သည်။
အလိုက်အကဲသိသော လက်ထောက်ဖြစ်သူ ရှောင်းလုက ဖုဟွိုက်အန်း၏ နံဘေးနားတွင် မတ်တတ်ရပ်နေရာမှ လင်းနွမ်ဆီသို့ လျှောက်လာခဲ့ပြီး သူ(မ)ဖုန်းဖြေရအဆင်ပြေရန် လက်မှတ်ထိုးရမည့် လျှောက်လွှာဖောင်ကို ကိုင်ထားပေးလိုက်သည်။ လင်းနွမ်က သူ့အားနောက်တစ်ကြိမ် ကျေးဇူးတင်လိုက်သည်။
ဖုန်းခေါ်ဆိုမှုက လင်းချန်ထံမှဖြစ်သည်။ လင်းနွမ်က သူ(မ)နားထောင်နေကြောင်း အသံပေးလိုက်ပြီး လင်းချန်ကို ဆက်ပြောနိုင်ကြောင်း အချက်ပြလိုက်သည်။
လေလှိုင်း၏တစ်ဖက်တွင် လင်းနွမ်အား မည်သို့မည်ပုံနှင့် ရှင်းပြရမည်ကို မသိသည့်အလား လင်းချန်၏အသံက တစ်ခဏတာာခန့် တိတ်ကျသွားခဲ့သည်။ သူ၏လေးနက်သော အသံနေအသံထားနှင့် ရင်ဆိုင်လိုက်ရချိန်တွင် လင်းနွမ်၏ခေါင်းထဲမှ အချက်ပေးသံများ ညံနေအောင်ပေါ်လာခဲ့ကာ စိတ်အစဉ်သည်လည်း မည်သည့်အတွေးမှ မရှိတော့သည်အထိ ပြောင်ရှင်းသွားခဲ့သည်။ လင်းချန်၏အသံက ဒီတစ်ကြိမ်တွင်လည်း ရှင်းလင်းပြတ်သားလှသည်။
"နွမ်နွမ်...မော့ရှန်ပြန်ရောက်လာပြီ။"
ဝိန်မော့ရှန်ကို စောင့်ဆိုင်းနေခဲ့သည့် လေးနှစ်တာဟူသော ကာလအတွင်းတွင် ဤအဖြစ်အပျက်ကို လင်းနွမ်အကြိမ်ကြိမ် မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ကြည့်ဖူးသည်။ တစ်စုံတစ်ယောက်က ဝိန်မော့ရှန်တစ်ယောက် ပြန်လာပြီဖြစ်ကြောင်း သူ(မ)အားအသိပေးလာရန် အကြိမ်ကြိမ်အခါခါပင် မျှော်လင့်မိခဲ့သည်။ သို့သော် ထိုသို့စိတ်ကူးနှင့် ပျော်ရွှင်ပြီးသည့် ခဏတွင်ပင် သူ(မ)၏နှလုံးသားက နာကျင်ခြင်းများနှင့် ရင်ဆိုင်ရပြန်သည်။ လေးနှစ်တာလုံးက ထိုကဲ့သို့ပင် သံသရာလည်နေခဲ့သည်။
သို့သော်လည်း ယခုကဲ့သို့ အပြင်လောကတွင် ဝိန်မော့ရှန် အမှန်တကယ် ပြန်လာပြီဖြစ်ကြောင်း အဆက်အသွယ် ရသည့်အချိန်တွင် လင်းနွမ်၏ မျက်လုံးများက စိုစွတ်လာသော်လည်း သူ(မ)၏စိတ်အစဉ်ကတော့ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် တည်ငြိမ်ကာ တိတ်ဆိတ်နေခဲ့သည်။
"သူ့ကိုပင်လယ်ထဲမှာ ရှာတွေ့တာတဲ့။ လူတွေသူ့ကို သတိမပြုမိခင်အထိ သူရေထဲမှာ မျောနေခဲ့တာ တော်တော်လေးကြာပြီလို့ပြောတယ်။ ဆရာဝန်ကတော့ သူ့မှာအချိန်သိပ်ပြီး မကျန်တော့ဘူးတဲ့။ အခုငါတို့တွေအကုန် ဟိုင်းချန်ဆေးရုံမှာ။ ဒီကိုမြန်မြန်လာခဲ့။ နောက်ကျသွားရင် နင်သူ့ကိုထပ်ပြီးတော့ မတွေ့ရတော့တာလည်း ဖြစ်သွားနိုင်တယ်။"
လင်းနွမ်က သူ(မ)၏လက်ထဲတွင် ဆုပ်ကိုင်ထားမိသော ဘောပင်အား ကျိုးကြေတော့မတတ် ဖျစ်ညှစ်လိုက်မိသည်။
"မင်းသွားသင့်တယ်။"
သူ(မ)၏ကျောဘက်မှ ထွက်ပေါ်လာသော အသံဩဩကြောင့် နောက်လှည့်ကြည့်လိုက်ချိန်တွင် သူ(မ)နှင့်ခြေတစ်လှမ်းအကွာတွင် မတ်တတ်ရပ်နေသော ဖုဟွိုက်အန်းကို တွေ့လိုက်ရသည်။
အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်စားထားသော အနှီအမျိုးသားကို လင်းနွမ် သေချာကြည့်လိုက်သည်။ ထိုယောက်ျား၏ မဟူရာကျောက်သဖွယ် နက်မှောင်ကြည်လင်သော မျက်လုံးများက မည်သည့်အရာကမှ ထူးခြားမှုမရှိသကဲ့သို့ နှိုင်းယှဉ်မရသော ခံစားချက်များကို ထုတ်လွှင့်နေခဲ့ပြီး သူ၏အကြည့်က လူအများ၏ နှလုံးသားထဲမှ အတွေးအကြံများကို ထွင်းဖောက်ကာ မြင်နေရသည့်အလားရှိချေသည်။ သူ၏ပုံစံက လူသားများကြုံတွေ့ရသော ပြဿနာများမှ လွန်မြောက်နေသည့် အမတပုဂ္ဂိုလ်ဟု ထင်မှတ်ရပေသည်။
ဖုဟွိုက်အန်းက လင်းနွမ်ကို ပြောပြီးနောက်တွင် ပြည်သူရေးရာဗျူရို၏ ရုံးအဆောက်အအုံထဲမှ ပြန်ထွက်သွားခဲ့ပြီး ရုံးဝင်ပေါက်ဝရှိ လှေကားထစ်နားတွင် မတ်တတ်ရပ်လိုက်ကာ စီးကရက်တစ်လိပ်ကို ပါးစပ်တွင်တေ့လိုက်သည်။
ရွှေရောင်တောက်နေသော နေရောင်ခြည်အောက်တွင် သူ၏မျက်နှာအမူအရာက ပတ်ဝန်းကျင်နှင့် ဆန့်ကျင်စွာပင် အေးစက်နေခဲ့သည်။
သူက ဘောင်းဘီအိပ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး မီးခြစ်တစ်လုံးကို ဆွဲထုတ်လိုက်ကာ လက်တစ်ဖက်ဖြင့် မီးညွန့်ကိုကာလျက် သူ၏နှုတ်ခမ်းများကြားမှ စီးရက်လိပ်အား မီးညှိလိုက်လေသည်။
ဖုဟွိုက်အန်းက အလွန်ဉာဏ်ကောင်းကာ ထက်မြက်သူဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် သူ၏စိတ်ခံစားချက်များ မည်သို့ဖြစ်နေခဲ့သည်ကို သူကိုယ်တိုင်ပင် မရှင်းပြတတ်တော့ပေ။ သူ၏မျက်လုံးများက ဝေ့ဝဲလွင့်ပျံ့နေသော ဆေးလိပ်မီးခိုးများကြားမှ အဝေးတစ်နေရာသို့ အဓိပ္ပာယ်ဖော်မရသော အကြည့်များဖြင့် ငေးကြည့်နေခဲ့သည်။
အင်္ကျီအိတ်ကပ်ထဲမှ သူ၏ဖုန်းက တုန်ခါလာသည်ကို ခံစားလိုက်ရသဖြင့် ဖုဟွိုက်အန်းက လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ဖုန်းကိုင်လိုက်သည်။ ဖုန်းဆက်လာသူက ထန်ကျန်းပင်ဖြစ်၏။
"လောင်ဖု မင်းတို့မောင်နှံ လက်ထပ်မှတ်ပုံတင် လုပ်ပြီးသွားပြီလား။ လုကျင်းနန်နဲ့ငါက မင်းတို့နှစ်ယောက်ကို ဂုဏ်ပြုဖို့အတွက် ကျေးလက်ကလပ်တစ်ခုလုံးကို အပြတ်ငှားထားတယ်။ ငါတို့မစုဖြစ်တာ ကြာပြီဆိုတော့ လူစုံတက်စုံသွားပြီး အသားကင်လည်းစား ငါးလည်းမျှားရအောင်။ စားသောက်ဆိုင်မှာ ဝိုင်းဖွဲ့ထိုင်ပြီး ဘီယာသောက်တာထက်စာရင် ဒီလိုကပိုကောင်းတယ်လေ။"
ထန်ကျန်းက လာမည့်ခရီးစဉ်ကို မျှော်မှန်းထားသော တက်ကြွသည့်အသံနှင့် ဖုဟွိုက်အန်းအား ဖိတ်ခေါ်လိုက်သည်။ ဖုဟွိုက်အန်းက စီးကရက်မှပြာကို တောက်ထုတ်လိုက်ရင်း ထန်ကျန်းအား ပြောလိုက်သည်။
"ဟင့်အင်း...ငါတို့..."
"အဲ့လိုဆိုရင်လည်း အဆင်ပြေတယ်။ ငါတို့ပဲအရင် ကျေးလက်ကလပ်ကို သွားထားလိုက်မယ်လေ။ မင်းတို့နှစ်ယောက်က လက်ထပ်မှတ်ပုံတင် ယူပြီးတော့မှပဲ အေးအေးဆေးဆေး လိုက်လာကြ..."
ထန်ကျန်း၏ စကားမဆုံးခင်တွင် သူ၏ဘေး၌ ထိုင်နေခဲ့သော လုကျင်းနန်က ထန်ကျန်းလက်ထဲမှ ဖုန်းကိုလုကာ ဖုဟွိုက်အန်းအား စနောက်လိုက်သည်။
"ဘာလို့ဒီလောက်ထိ ကြာနေတာလဲ။ မင်းတို့နှစ်ယောက် အခုဘယ်အပိုင်းမှာ ရောက်နေတာလဲ။ ညွှန်ကြားရေးမှူးကို ငါဖုန်းဆက်ပြီး လောပေးလိုက်ရမလား။"
ဖုဟွိုက်အန်းက လက်တစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲ ထိုးထည့်လိုက်ပြီး ပါးစပ်တွင်ခဲထားသော စီးကရက်အား ဖိကိုက်လိုက်သည်။ လွင့်ပျံနေသော မီးခိုးများကြားတွင် သူ၏မျက်လုံးများက မှေးကျဉ်းနေခဲ့ပြီး တည်ငြိမ်သောအသံဖြင့် တစ်ဖက်လူအား ပြန်ပြောလိုက်လေသည်။
"လုပ်ဖို့မလိုတော့ဘူး။ ငါတို့တွေ လက်ထပ်မှတ်ပုံတင်ကို ယူဖြစ်တော့မှာမဟုတ်ဘူး။"
*****
Aurora Novel Translation Team