လင်းမိသားစုတွင် လင်းနွမ်၏ မိခင်ဖြစ်သော လင်းကတော်က လင်းနွမ်အား နူးညံ့သိမ်မွေ့လှသော မင်းသမီးလေးတစ်ပါးကို ကာကွယ်စောင့်ရှောက်သည့်အတိုင်း အလိုလိုက်ကာ အကြိုက်ဆောင်ထားခဲ့ပြီး မည်သူကမှလင်းနွမ်ကို စိတ်မကျေနပ်အောင် မလုပ်ရဲသည်အထိ ဖြစ်ခဲ့လေသည်။
လင်းနွမ်က ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး ထွမ်းထွမ်းလေးကို ချိုင်းအောက်ဘက်မှ ချီမလိုက်ကာ ဖက်ထားလိုက်သည်။ ဤနေ့လယ်တွင် ဖုဟွိုက်အန်းနှင့်အတူ လင်းမိသားစုအိမ်သို့ သွားရောက်မည်ဟု ချိန်းဆိုထားပေရာ ထိုအချိန်အတွက် ထွမ်းထွမ်းလေးနှင့် ပတ်သက်ပြီး မည်သို့လုပ်ရမည်ကို လင်းနွမ်အနေဖြင့် ကြံဆနေခဲ့သည်။
ဖုဟွိုက်အန်း၏ အကျင့်စရိုက်အရ သူ၏သားအား အခြားလူများနှင့် အပ်ထားခဲ့ရမည်ကို လုံးဝဥဿုံပင် အယုံအကြည်ရှိပုံမရပေ။ ထိုသို့မဟုတ်ပါက ပိုင်ရှောင်းနျန်အား ထွမ်းထွမ်းကို အချိန်ခဏခန့် ထိန်းပေးထားရန် အပူကပ်၍ ရလောက်ပေသည်။
သို့သော်လည်း ပိုင်ရှောင်းနျန်အား ကလေးထိန်းပေးရန် အကူအညီမတောင်းခင် ဤကိစ္စအား အုပ်ထိန်းသူဖြစ်သော ဖုဟွိုက်အန်းနှင့် ပထမဦးစွာ ဆွေးနွေးရန်မှာ သေချာပေါက်ကို လိုအပ်ပေလိမ့်မည်။
ထွမ်းထွမ်းလေးက သတိရှိပြီး ဉာဏ်ကောင်းသော ကလေးဖြစ်ရာ ဖုဟွိုက်အန်း၏ ဖုန်းနံပါတ်အား သေသေချာချာပင် မှတ်မိနေခဲ့သည်။ လင်းနွမ်က ဖုဟွိုက်အန်း၏ ဖုန်းနံပါတ်ကို သိသလားဟု မေးကြည့်လိုက်ချိန်တွင် ထိုပေါက်စလေးက သူ့ပါးပါး၏ ဖုန်းနံပါတ်နှစ်ခုစလုံးကို ပြောပြလာလေ၏။
ပိုင်ရှောင်းနျန်က အသံလွှင့်ခန်းထဲမှ ရေသန့်ဘူးများနှင့် ပစ္စည်းများကို နေရာတကျ ပြန်သိမ်းပြီးသည့်နောက် လင်းနွမ်၏ လက်များကြားမှ ချစ်စရာကောင်းလှသော ပူတင်းလုံးလေးကို မြင်လိုက်ရသဖြင့် လင်းနွမ်အား မေးလိုက်လေသည်။
"ဒီကလေးက ဘယ်ကနေလာတာလဲ။"
"ငါ့ကိုကူပြီးတော့ သူ့ကိုခဏလောက် ကြည့်ထားပေးပါလား။ ငါသိပ်မကြာပါဘူး။ ဖုန်းတစ်ကောလ်လောက် ဆက်ရုံလေးပဲ။"
လင်းနွမ်က ပိုင်ရှောင်းနျန်ကို အကူအညီတောင်းလိုက်ပြီး ထွမ်းထွမ်းလေးအား ငုံ့ကြည့်လိုက်ပြီး မှာလိုက်လေ၏။
"အန်တီပိုင်နဲ့ ခဏလောက်လေး ကျန်နေခဲ့နော် ဟုတ်ပြီလား။"
"ငါ့ကိုအန်တီပိုင်လို့ မခေါ်နဲ့။"
ပိုင်ရှောင်းနျန်က လင်းနွမ်ထံမှ ထွမ်းထွမ်းလေးကို လက်လွှဲယူလိုက်ပြီး အရှက်မဲ့စွာဖြင့် ကလေးပေါက်စအား ဦးနှောက်ဆေးလိုက်သည်။
"မမလို့ခေါ်။"
"..."
လင်းနွမ်မှာ ပိုင်ရှောင်းနျန်အား ပြောစရာမဲ့စွာနှင့် ပြန်ကြည့်လိုက်မိသည်။ ပိုင်ရှောင်နျန်းက ထွမ်းထွမ်းလေးကို လက်တွင်ပိုက်ကာ စားကောင်းသည့်အရာကို ရှာဖွေရန်အတွက် စားသောက်ခန်းသို့ ထွက်သွားခဲ့ပြီး လင်းနွမ်က လူသူရှင်းလင်းသော လှေကားရှိရာဘက်သို့ လျှောက်သွားလိုက်ကာ ဖုဟွိုက်အန်းထံ ဖုန်းခေါ်လိုက်လေသည်။ လင်းနွမ်က အခြေအနေကို ရှင်းပြလိုက်ချိန်တွင် ဖုဟွိုက်အန်းက အတည်ပြုသည့်အနေဖြင့် ထပ်မေးလာခဲ့သည်။
"အခုထွမ်းထွမ်းက ဘယ်နေရာမှာလို့ ပြောလိုက်တာလဲ။"
"သူကအခု ကျွန်မသူငယ်ချင်းနဲ့ အတူရှိနေတယ်။"
လင်းနွမ်က ဖုဟွိုက်အန်း၏ မေးခွန်းအား ပြန်ဖြေလိုက်သည်။ တစ်ဖက်တွင်တော့ ဖုဟွိုက်အန်းမှာ ထိုအဖြေစကားကြောင့် အံ့ဩသွားရသည်။ ထွမ်းထွမ်းအကြောင်းကို နောကြေဆုံးသူက သူပင်ဖြစ်ရာ သူ့သားပေါက်စ၏ ထူးဆန်းသော အမူအကျင့်များကို သူသိထားသည်ပင်။ ထွမ်းထွမ်းက သူစိမ်းများနှင့် အနီးကပ်နေရသည်ကို မကြိုက်ပါချေ။
'မဟုတ်မှလွဲရော လင်းနွမ် သူ့ကို သဘောကျအောင်လို့ လိမ္မာပြနေတာလား။'
ဖုဟွိုက်အန်းမှာ မနေနိုင်တော့ဘဲ သက်ပြင်းတစ်ချက်ကို ကြိတ်ချလိုက်မိသည်။ ထွမ်းထွမ်းက လင်းနွမ်အား သူ၏မားမားအဖြစ် အမှန်တကယ်ကို လိုချင်နေသည်မှာ သံသယဝင်စရာမရှိပေ။
"လင်းမိသားစုဆီ သွားဖို့ကိစ္စကို အခက်တွေ့နေတာဆိုရင် ကိုယ်မင်းတို့ကို ရေဒီယိုဌာနမှာ လာကြိုပေးလို့ရတယ်။ ထွမ်းထွမ်းကို ကိုယ်တို့အစား ခဏထိန်းထားပေးဖို့ ကိစ္စကိုတော့ ကိုယ့်လက်ထောက်ကို အပ်လိုက်မယ်။"
'ဆိုတော့သူက အခြားသူတစ်ယောက် ထွမ်းထွမ်းကို ကြည့်ပေးမှာမျိုးကို မကြိုက်ဘူးပေါ့။'
လင်းနွမ်က ထိုသို့တွေးမိလိုက်သဖြင့် ဖုဟွိုက်အန်း၏ စီစဉ်မှုအား လက်ခံလိုက်သည်။
"ကောင်းပြီလေ။ ဒါဆို လူကြီးမင်းဖုက ကျွန်မတို့ကို ဘယ်တော့လောက် လာခေါ်ဖြစ်မလဲ။"
"သုံးနာရီနှစ်ဆယ်။"
ဖုဟွိုက်အန်း၏ ပြန်ဖြေသံက တိကျလှပြီး နည်းနည်းလေးမှ တုံ့ဆိုင်းမှုမရှိပေ။ လင်းနွမ်က သဘောတူလိုက်ပြီး ဖုဟွိုက်အန်း၏စကားကို အတည်ပြုလိုက်သည်။
"ကောင်းပြီလေ။ ဒါဆိုရင် သုံးနာရီနှစ်ဆယ်ကျ ကျွန်မနဲ့ထွမ်းထွမ်း ရေဒီယိုဌာနရဲ့ ဝင်ပေါက်နားမှာ ရှင့်ကိုစောင့်နေမယ်။"
"အင်း။"
ဖုဟွိုက်အန်းက လင်းနွမ်အား ခပ်ပြတ်ပြတ်ပင် အဖြေပြန်ပေးလာပြီး ဖုန်းချသွားခဲ့သည်။
ဖုန်းခေါ်ဆိုမှုအပြီး စားသောက်ခန်းရှိရာသို့ လင်းနွမ်ရောက်လာချိန်တွင် ထွမ်းထွမ်းလေး၏ ဖြူဖြူအုအု မျက်နှာလေးနှင့် သူ့ကိုပတ်လည်ဝိုင်းကာ အမျိုးမျိုးချော့မော့ပြီး စနောက်နေကြသော လုပ်ဖော်ကိုင်ဖက်တစ်သိုက်ကို တွေ့လိုက်ရလေသည်။ သူတို့မည်မျှပင် စနောက်နေပါစေ ထွမ်းထွမ်းလေးက စကားပြန်ပြောရန် ငြင်းဆန်နေမြဲသာ။
အခန်းအတွင်းသို့ လင်းနွမ်ဝင်လာသည်ကို မြင်လိုက်သည်နှင့် ထွမ်းထွမ်းလေးက ထိုင်ခုံပေါ်မှ ခုန်ဆင်းလိုက်ကာ လင်းနွမ်ဆီသို့ ပြေးသွားခဲ့သည်။ သူက လင်းနွမ်နှင့် လူကြီးခြေတစ်လှမ်းခန့် အကွာအဝေးတွင် ရပ်တန့်လိုက်ပြီး လင်းနွမ်အား မော့ကြည့်လိုက်သည်။ ကလေးပေါက်စ၏ ရွှန်းလဲ့နေသော အပြစ်ကင်းစင်လှသည့် မျက်လုံးလေးများထဲတွင် လင်းနွမ်အတွက်သာ သီးသန့်တည်ရှိသော တောက်ပမှုတစ်မျိုးက ကိန်းအောင်းနေခဲ့သည်။
လင်းနွမ်မှာ သူ၏သတိတကြီးဖြင့် ပြုမူနေပုံကိုကြည့်ကာ အမှန်တကယ်ပင် ချစ်စရာကောင်းလှသည်ဟု အသံတိတ်မှတ်ချက်ပြုလိုက်သည်။ သူ(မ)က ကိုယ်ကိုကိုင်းကာ ထွမ်းထွမ်းလေး၏ ပါးဖောင်းဖောင်းလေးများကို ခပ်ဖွဖွလေး ဆွဲလိုက်လေသည်။
"ပါးပါးက တို့နှစ်ယောက်ကို သုံးနာရီနှစ်ဆယ်မှာ လာကြိုမယ်တဲ့။ ဒီလိုလုပ်ကြမလား။ ပြောကြတာတော့ အရမ်းကောင်းတဲ့ ရေခဲမုန့်ဆိုင်တစ်ဆိုင် အောက်ထပ်မှာရှိတယ်တဲ့။ ပါးပါးမလာသေးခင် တို့တွေအတူတူ ရေခဲမုန့်စားရင်း ပါးပါးကိုစောင့်ကြရင်ရော ဘယ်လိုလဲ။"
လင်းနွမ်၏ အကြံပြုချက်ကို ကြားလိုက်ချိန်တွင် ထွမ်းထွမ်းလေးက သဘောကျစွာဖြင့် ပြုံးရယ်လိုက်ပြီး အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလာသည်။ ပိုင်ရှောင်းနျန်က သူတို့အနီးသို့ လျှောက်လာခဲ့ပြီး လင်းနွမ်အား ပြောလိုက်လေသည်။
"ဒီကလေးကြည့်ရတာ နင့်ကိုတော်တော်လေး ခင်နေတဲ့ပုံပဲ။"
ထွမ်းထွမ်းက ဖုမိသားစု၏ ဗီလာတုန်းကကဲ့သို့ လင်းနွမ်အား မားမားချင်းထပ်အောင် မခေါ်နေသော်လည်း သူ၏အပြုအမူများကို ကြည့်ပြီးနောက်တွင် လင်းနွမ်နှင့်သူ၏ ဆက်ဆံရေးက မည်သို့ဖြစ်သည်ကို လူအများအပြားအား သံသယဝင်လာစေသည်။
လက်ရှိအချိန်တွင် လင်းနွမ်၏ ဂုဏ်သတင်းက အတော်များများပင် ထိခိုက်နေပြီးဖြစ်ရာ ပိုင်ရှောင်းနျန်မှ ပြောလိုက်သောစကားက လင်းနွမ်နှင့် ထွမ်းထွမ်းကြားတွင် မည်သည့်တော်စပ်မှုမျှ မရှိဟူ၍ လူအုပ်ကြီးအား တစ်ဖက်လှည့်နှင့် ရှင်းပြလိုက်ခြင်းဖြစ်သည်။
.....
ရေဒီယိုဌာန အောက်ဆုံးထပ်ရှိ ရေခဲမုန့်ဆိုင်တွင်ဖြစ်၏။
ထွမ်းထွမ်းလေးက ရေခဲမုန့်ဆိုင်မှ သူ့အရပ်ထက် အနည်းငယ်ခန့် ပိုမြင့်နေသော ထိုင်ခုံပေါ်တွင် နေရာယူထားပြီး သူ၏လက်တစ်ဖက်က ရေခဲမုန့်ခွက်ကို ထိန်းကိုင်ထားကာ ကျန်လက်တစ်ဖက်က ၎င်းရေခဲမုန့်ကို တစ်ဇွန်းပြီးတစ်ဇွန်း ခပ်စားနေလေသည်။
*****
Aurora Novel Translation Team