no

Font
Theme

လျန်မုလန်အနေဖြင့် လင်းရန်က ကုရှောက်ထင်ကို သဘောကျသည်အား သိရှိထားခဲ့သည်။ လင်းရန်ကလည်း လျန်မုလန်ကို ကုရှောက်ထင်အား သဘောကျကြောင်းကို ကိုယ်တိုင်ကိုယ်ကျပင် ရင်ဖွင့်ခဲ့ဖူးသည်။


လင်းရန်အနေဖြင့် အကယ်၍များ လင်းမိသားစုနှင့် ကုမိသားစုတို့ နှစ်အိမ့်တစ်အိမ်အဖြစ် ပေါင်းစပ်ကြပါက လင်းမိသားစု၏ သမီးအစစ်ကသာ သင့်တော်မည်ကို သိရှိထားခဲ့သဖြင့် ကုရှောက်ထင်အပေါ် ခံစားချက်များ တိုးလာခဲ့ချိန်တွင် သူ(မ)ကိုယ်သူ(မ) ကုရှောက်ထင်၏ ဇနီးလောင်းအဖြစ် လက်ခံထားခဲ့သည်။ ယခုတွင်တော့ လျန်မုလန်က သူ(မ)ပိုင်‌ဆိုင်သောအခွင့်အရေး...သူ(မ)၏အိမ်ထောင်ဖက်လောင်းနှင့် စေ့စပ်မှုအား လင်းနွမ်ထံသို့ အလွယ်တကူပင် ပေးပစ်ခဲ့သည်။


ဘာအကြောင်းကြောင့်...


ထိုအကြောင်းကို ပိုတွေးလေလေ လင်းရန်၏ ‌ဒေါသများက ပိုများလာလေဖြစ်ကာ မြင်မြင်သမျှကို ဖျက်ဆီးပစ်ချင်သလို ခံစားလိုက်ရသည်။ အဓိကအကြာင်းမှာ ကုရှောက်ထင်မဟုတ်ပေ။ လျန်မုလန်၏ စကားများကြောင့်သာ။


လင်းရန်က နားထောင်နေရာမှ ချက်ချင်းထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း လျှောက်လာရင်းနှင့် လှေကားထိပ်သို့ ရောက်လာချိန်တွင် ရုတ်တရက်ဆိုသလို ခြေလှမ်းများအား ရပ်တန့်လိုက်သည်။


အဘယ်အကြောင်းကြောင့် သူ(မ)က ဤနေရာမှ ထွက်သွားရမည်နည်း။ လင်းမိသားစုတွင် သူ(မ)ကသာ သမီးအရင်းဖြစ်သည်။ လင်းနွမ်အား ရှောင်နေစရာရော ကြောက်နေစရာပါ အကြောင်းမရှိပေ။ မည်သည့်ကိစ္စကြောင့် သူ(မ)က ကိုယ့်အိမ်ထဲတွင် ကိုယ်ပြန်ပုန်းနေရမည်နည်း။


လင်းနွမ်က နောက်ဆုံးတွင်တော့ လျန်မုလန်အား စိတ်ငြိမ်သွားအောင် ထိန်းလိုက်နိုင်ပြီဖြစ်သည်။ သူ(မ)က လျန်မုလန်အား သူ(မ)နှင့်လက်ထပ်မည့် သတို့သားလောင်းက ခြံအပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ဒီကနေ့တွင် လင်းအိမ်တော်ကိုလာသည့် တစ်ခုတည်းသော ရည်ရွယ်ချက်က သူ(မ)၏ခင်ပွန်းလောင်းကို လျန်မုလန်နှင့် တွေ့ဆုံပေးရန်ဖြစ်သည်ဟု ရှင်းပြလိုက်သည်။ ထိုမှသာလျှင် လျန်မုလန်၏ မျက်ရည်များက ရပ်တန့်သွားခဲ့သည်။


လျန်မုလန်က စိုရွှဲနေပြီးဖြစ်သော လက်ကိုင်ပဝါနှင့် မျက်လုံးထောင့်စွန်းမှ မျက်ရည်စများကို သုတ်ဖယ်လိုက်သည်။ သူ(မ)က မျက်မှောင်ကြုတ်ထားပြီး စိတ်ကျဉ်းကျပ်နေသော လေသံတိုးတိုးဖြင့် လင်းနွမ်အား ဆူပူလိုက်သည်။


"ဒီကလေးနှယ် ဒီလိုကိစ္စကို ဘယ်လိုလုပ်ပြီး စောစောမပြောရတာလဲ။ လိမ်းထားတဲ့ မိတ်ကပ်တွေဖြင့် ပျက်စီးကုန်ပြီ။ အခုကျမှ မျက်နှာပြောင်ကြီးနဲ့ ဘယ်လိုတင့်တယ်တော့မလဲ။"


လျန်မုလန်၏ ဆူပှုမှုအား ကြာလိုက်ရသည်တွင် လင်းနွမ်က ခပ်ဖျော့ဖျော့လေး ရယ်မောလိုက်ကာ လျန်မုလန်အား စနောက်လိုက်သည်။


"ဘယ်လိုပဲဖြစ်ဖြစ် လှနေပါသေးတယ်။"


ကြည့်ရသည်မှာ အမေနှင့်သမီးက ယခင်တုန်းက အချိန်များအတိုင်း ပြန်လည်ကာ ရင်းနှီးသွားကြပုံပင်။ ဤတစ်ခေါက်က လင်းနွမ်တစ်ယောက် လင်းမိသားစုမှ ထွက်ခွာသွားပြီးနောက်ပိုင်း လျန်မုလန်အား ပထမဆုံးအကြိမ်အဖြစ် ပေါ့ပေါ့ပါးပါး မြှောက်ပင့်ပြောဆိုကာ စနောက်လိုက်ခြင်းပင်။


ဧည်သည့်လုပ်သူက အိမ်တံခါးဝသို့ ရောက်လာမှတော့ မသိချင်ယောင် ဟန်ဆောင်နေရန်ကလည်း မသင့်တော်ချေ။ ဖုဟွိုက်အန်းတစ်ယောက် ခြံပြင်တွင် စောင့်နေရသည်ကို စိတ်အနှောင့်အယှက် မဖြစ်ရန်သာ မျှော်လင့်ရပေမည်။


လျန်မုလန်က လင်းနွမ်၏ ခင်ပွန်းလောင်းနှင့် ပတ်သက်သည်အား ဆက်မမေးတော့ချေ။ သူ(မ)က တစ်ဖက်လူအား အိမ်ထဲသို့ဝင်လာရန် လင်းနွမ်ကို ဖိတ်ခေါ်ခိုင်းလိုက်သည်။


လင်းနွမ် အခန်းထဲမှ ထွက်လာချိန်၌ မနီးမဝေးတွင် လက်ကိုပိုက်လျက် မတ်တတ်ရပ်ကာ သူ(မ)ကိုစောင့်နေပုံရသော လင်းရန်အား တွေ့လိုက်ရသည်။


"လင်းနွမ်...အာ နေပါဦး မဟုတ်သေးဘူး။ ငါနင့်ကို လုနွမ်လို့ ခေါ်သင့်တာမလား။"


လင်းရန်က အေးစက်သောလေသံဖြင့် ခပ်တိုးတိုးရယ်လိုက်သည်။ သူ(မ)၏စကားများကတော့ သရော်လိုမှုများနှင့် ပြည့်နှက်နေသည်ပင်။


လင်းရန်အနေဖြင့် မည်သို့ခံစားရမည်ကို လင်းနွမ် နားလည်ပါ၏။ လင်းရန်မျက်လုံးထဲတွင် လင်းနွမ်က သူ(မ)နေရာနှင့် သူ(မ)၏ဘဝကို နှစ်ပေါင်းနှစ်ဆယ်ကျော် ခိုးယူထားခဲ့သော သူခိုးတစ်ယောက်အနေသာ ရှိလိမ့်မည်ကိုလည်း ရိပ်မိသည်ပင်။


လင်းရန်သည် သူ(မ)ခံစားနေရသော စိတ်ပိုင်းဆိုင်ရာ ဖိအားများအောက်တွင် လဲပြိုမသွားစေရန် ယုံကြည်ချက်တစ်ခုကို ကိုင်ဆွဲထားခဲ့၏။ သူ(မ)ကိုသာ လင်းမိသားစုတွင် ပျိုးထောင်ခဲ့ပါက နေရာတိုင်းတွင် လင်းနွမ်ထက် မသာလျှင်ပင် နောက်မကျဟူ၍ ခံယူထားခဲ့သည်။ သူ(မ)က အချို့နေရာများတွင် လင်းနွမ်ထက်ပင် ပိုသာလွန်နိုင်ကာ ယခုကဲ့သို့ နောက်ကွယ်တွင် အိမ်တွင်အလုပ်လုပ်နေသော အလုပ်သမားများ၏ ရှုတ်ချမှုကို ခံနေရသော တောကြိုအုံကြားမှ မိန်းကလေးဟူသည့် စကားများကို ရင်ဆိုင်ရလိမ့်မည်မဟုတ်ပေ။


သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့သော်လည်း လင်းနွမ်၏ အကြည့်များက ပိုမိုတည်ငြိမ်ကာ ပိုညင်သာနေခဲ့သည်။ လင်းနွမ်က လင်းရန်အပေါ်တွင် အမှန်တကယ်ပင် အားနာနေခဲ့သည်။ သူ(မ) လင်းရန်ကို အသိပေးလိုက်သည်။


"ငါ့မှတ်ပုံတင်က ဒီမှာကျန်ခဲ့လို့လေ။ ဒီနေ့ငါပြန်လာတာက လက်ထပ်မှတ်ပုံတင် ထုတ်ဖို့ဆိုရင် မှတ်ပုံတင်ပါဖို့ လိုအပ်တာမို့လို့ လာပြန်ယူတာ။ နင်ငါ့ကိုထပ်ပြီး မမြင်ချင်ဘူးဆိုရင် ငါဒီကိုထပ်မလာတော့ဘူး။"


လင်းရန်က လက်ပိုက်ထားသည်ကို ပြန်ဖြေလိုက်ပြီး သူ(မ)၏လက်ချောင်းများက တင်းကျပ်သွားခဲ့သည်။ လင်းနွမ်၏ စကားများက လင်းရန်အား စိတ်မပြေစေသည့်အပြင် အာရုံကြောများကိုပါ နှိုးဆွလိုက်သည့်အလား ဖြစ်သွားခဲ့လေသည်။ လင်းရန်က တုန်လှုပ်နေသော ခန္ဓာကိုယ်အား ပြန်ထိန်းလိုက်ပြီး လင်းနွမ်ကို တည့်တည့်ကြည့်လိုက်သည်။


"နင်က လက်ထပ်မှတ်ပုံတင်မှာ...ဘယ်သူနဲ့လဲ။ ကုရှောက်ထင်နဲ့လား။"


လင်းရန်၏ မေးခွန်းကို လင်းနွမ်က ခေါင်းခါလိုက်ကာ အဖြေပြန်ပေးပြီး တောင်းပန်စကားပြောလိုက်သည်။


"ဘယ်လိုပဲဖြစ်ဖြစ် ငါနင့်ကိုအမြဲတမ်း တောင်းပန်ချင်နေခဲ့တာ။ နင့်ဘဝနဲ့သက်ဆိုင်တဲ့ နှစ်ပေါင်းနှစ်ဆယ်ကို ခိုးယူခဲ့တဲ့သူက ငါပါ။ ငါတောင်းပန်ပါတယ်။"


လင်းနွမ်၏အသံက ကြည်လင်သာယာကာ၊ စိတ်ရင်းမှန်လှပြီး နူးညံ့လှပေသည်။ ထိုမျှနည်းပါးသော စကားလေးများက လင်းရန်အား နေရာတွင်ပင် ကြောင်အသွားစေသည်။


ကြည့်ရသည်မှာ လင်းရန်က လင်းနွမ်မှ သူ(မ)အား ရုတ်တရက်ထကာ တောင်းပန်လိမ့်မည်ဟု မျှော်လင့်ထားပုံမရပေ။ မည်သို့ပင်ဆိုစေ ဤကိစ္စကို အစမှစကာ အဖြူအမည်းခွဲပြီး တိတိကျကျ ပြောရလျှင်ဖြင့် လင်းနွမ်၏အပြစ်မှ မဟုတ်ပေဘဲ။ ထို့အပြင်ကို ဤလေးနှစ်တာအတွင်း သူ(မ)တို့နှစ်ယောက်က တစ်ကြိမ်တစ်ခါမှပင် မျက်နှာချင်းဆိုင်ကာ မတွေ့ခဲ့ဖူးသဖြင့် လင်းနွမ်က မည်သို့ရှိသည်ကို လင်းရန်မသိခဲ့။


အပြစ်က...လင်းနွမ်၏ မိဘများတွင်သာရှိပေသည်။


လင်းရန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး လင်းနွမ်အနီးသို့ တဖြည်းဖြည်းချင်း တိုးကပ်လာခဲ့ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။


"နင်နဲ့မဆိုင်တဲ့ ဘဝတစ်ခုမှာ နှစ်ပေါင်းများစွာ သက်ဆိုင်သလိုလိုနဲ့ နေလာခဲ့တာကို နင်ကိုယ်တိုင်လည်းသိပြီးတော့ ဒီကိစ္စအတွက် စိတ်မကောင်းဖြစ်ရတယ်ဆိုရင် ကျေးဇူးပြုပြီး ငါ့အိမ်နဲ့ ငါ့မိသားစုနဲ့ ဝေးဝေးနေပေးပါ။ အထူးသဖြင့် ငါ့အမေနဲ့ ဝေးဝေးနေပေး။"


လင်းရန်၏ မူလအကြံအစည်က လင်းနွမ်အား အထက်စီးမှနေကာ ခြောက်လှန့်ရန်ဖြစ်သော်လည်း အဆုံးတွင်တော့ သူ(မ)၏မျက်လုံးထဲတွင် မျက်ရည်စများ ဝေ့တက်လာခဲ့သည်။ သူ(မ)က မိမိ၏မိသားစု နောက်တစ်ကြိမ်ထပ်ကာ လုယူခံလိုက်ရမည်ကို စိုးရိမ်နေခဲ့သော ကလေးတစ်ယောက်သာဖြစ်သည်။


လင်းရန်၏ မူရင်းစရိုက်က ကုဟန်ရန်ကဲ့သို့ လိမ်ညာလှည့်ဖြားပြီး အကြံအစည်ကြီးသော သူမျိုးမဟုတ်ပေ။ ဤသို့စကားမျိုး ထုတ်ပြောလာသည်ကပင် ဤကိစ္စနှင့်ပတ်သက်ပြီး သူ(မ)မည်မျှအထိ စိတ်မတည်ငြိမ်နိုင်ကြောင်း ပေါ်လွင်နေခဲ့သည်။


လင်းနွမ်မှာ နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့သော နာကျင်မှုအား ခံစားလိုက်ရသည်။ လျန်မုလန်နှင့် သူ(မ)၏သမီးအရင်းတို့အကြား ကိစ္စရပ်များ ရှုပ်ထွေးလာခြင်းမှ ရှောင်ရှားနိုင်ရန် လင်းနွမ်က လင်းရန်၏ တောင်းဆိုမှုအား ခေါင်းညိတ်ပြကာ လက်ခံလိုက်သည်။


"ကောင်းပြီ။"


လင်းနွမ်၏ လေသံဖျော့ဖျော့က လင်းရန်၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။


"လက်ထပ်မှတ်ပုံတင် လုပ်ပြီးတာနဲ့ ငါနဲ့လင်းမိသားစုကြားထဲက ရှိသမျှပတ်သက်မှုတွေကို အကုန်ဖြတ်ပေးမယ်။"


ထိုကိစ္စကို ပြုလုပ်ရန်မှာ ပြောသည့်အတိုင်းပင် ရိုးရှင်းပါသလော။ လင်းရန်၏ အတွင်းစိတ်ကတော့ တုန်ရီနေခဲ့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment