ဤနှစ်များအတွင်း မှိုလုံးလေးက လင်းနွမ်နည်းတူပင် ဝိန်မော့ရှန်အား သတိရနေခဲ့မည်ကို လင်းနွမ်သိနေပါ၏။
မှိုလုံးလေး၏ ပို၍ပို၍ အားနည်းလာသော အသက်ရှူသံက လင်းနွမ်၏နှလုံးသားကို အပ်ပေါင်းများစွာ ထိုးစိုက်လိုက်သလို နာကျင်လာစေသည်။ သူ(မ)က ရှိုက်သံများကြားမှ မှိုလုံးလေးကို နောက်ဆုံးအကြိမ်အဖြစ် နှစ်သိမ့်လိုက်သည်။
"မှိုလုံးလေး အများကြီးခံစားခဲ့ရပြီ။ ပင်ပန်းနေပြီဆိုရင် ကောင်းကောင်းမွန်မွန် အနားယူပြီး အိပ်လိုက်တော့နော်...အဲဒီလူက...ပြန်မလာတော့တာလည်း ဖြစ်နိုင်တယ်လေ။"
လင်းနွမ်မှာ သူ(မ)၏တစ်ကိုယ်လုံးတွင် ရှိရှိသမျှ သတ္တိများအား စုစည်းလိုက်ပြီးမှသာ ထိုစကားများကို ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ သူ(မ)က မှိုလုံးလေးကို တင်းတင်းကျပ်ကျပ် ထွေးဖက်လိုက်ပြီး မျက်ရည်များကျလာပြန်သည်။ ဤအခိုက်အတန့်တွင် သူ(မ)၏နှလုံးသားက အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသကဲ့သို့ နာကျင်လွန်းလှသည်။
မှိုလုံးလေးက လျှာလေးကိုထုတ်ကာ နှစ်သိမ့်သည့်အနေဖြင့် လင်းနွမ်၏လက်ကို ညင်ညင်သာသာလေး လျက်လိုက်သည်။
ခဏခန့်အကြာတွင် မှိုလုံးလေး၏ အသက်ရှူသံက တိုးဖျော့နေရာမှ တဖြည်းဖြည်းချင်း မကြားရတော့ကြောင်း လင်းနွမ်အာရုံခံမိလိုက်သည်။ အနည်းငယ်ခန့် မော့နေခဲ့သော မှိုလုံးလေး၏ ခေါင်းလေးသည်လည်း ညွတ်ကျသွားခဲ့ပြီဖြစ်သည်။
လင်းနွမ်၏ မျက်ရည်ပေါက်များက အရှိန်အဟုန်နှင့် စီးဆင်းနေသော ရေတံခွန်ကဲ့သို့ သူ(မ)၏ပါးပြင်တစ်လျှောက် တသွင်သွင်စီးကျလာခဲ့သည်။ သူ(မ)က မှိုလုံးလေး၏ အသက်မဲ့နေပြီဖြစ်သော ခန္ဓာကိုယ်အား တင်းတင်းဖက်ကာ ငိုသံမထွက်အောင် ထိန်းချုပ်နေခဲ့သော်လည်း သူ(မ)၏တစ်ကိုယ်လုံးကတော့ ရှိုက်သံများကြားတွင် တုန်ယင်နေခဲ့သည်။
မှိုလုံးလေးက ထွက်ခွာသွားခဲ့ပြီး လင်းနွမ်သည်လည်း ယနေ့တွင်ပင် အခြားသူတစ်ဦးနှင့် လက်ထပ်ရတော့မည်။ ဤကမ္ဘာပေါ်တွင် ဝိန်မော့ရှန်ပြန်အလာကို စောင့်ဆိုင်းနေသော အခြားသူများ အမှန်တကယ်ရော ကျန်ရှိပါဦးမည်လော။
သို့တည်းမဟုတ်။ မှိုလုံးလေးက လင်းနွမ်ကပါ မရှိတော့ဘဲ သူတစ်ဦးတည်းသာ ဝိန်မော့ရှန်ပြန်လာမည့်နေ့အား ဆက်လက်စောင့်ဆိုင်းနေရမည်က ခက်ခဲလွန်းသည်ကို သိနေခဲ့သဖြင့် ဤနေ့မျိုးတွင် ထွက်သွားရန် ရွေးချယ်ခဲ့သည်များလော။
အချိန်မည်မျှအထိ ကြာသွားသည်ကို လင်းနွမ်လည်း မသိတော့ပေ။ သူ(မ)ကမှိုလုံးလေး၏ အသက်မဲ့နေသော ကိုယ်ခန္ဓာအား ဖက်ထားလျက်သားနှင့် မတ်တတ်ထရပ်လိုက်ပြီး သူနာပြုဆရာမလေးကို ပြောလိုက်လေသည်။
"ကျေးဇူးပြုပြီး ဒေါက်တာချင်ကို သူ ကျွန်မကို ပြောထားတဲ့အတိုင်း မှိုလုံးလေးရဲ့ နောက်ဆုံးခရီးကို စီစဉ်ပေးဖို့ အသိပေးပေးပါ။"
လင်းနွမ်တွင် မှိုလုံးလေးအား ကိုယ်တိုင်ကိုယ်ကျ မြေမြှုပ်ပေးရန် သတ္တိမရှိသလို လုပ်လည်းမလုပ်နိုင်ပေ။ ထိုအခိုက်အတန့်တွင် နာကျင်မှုက လင်းနွမ်တောင့်ခံရန် မတတ်နိုင်သည့်အထိ ပြင်းထန်ပေလိမ့်မည်။ သူနာပြုဆရာမက နားလည်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး လင်းနွမ်အား ပြန်ဖြေလာသည်။
"ကောင်းပါပြီ။"
လင်းနွမ်က ကျဆင်းနေဆဲဖြစ်သော မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး စိတ်ဖြတ်ကာ ဆေးရုံထဲမှ ပြန်ထွက်လာချိန်တွင် သူ(မ)၏မျက်နှာပေါ်၌ ငိုကြွေးထားသော အရိပ်အယောင်များ မမြင်ရတော့ပေ။ သို့သော်လည်း ထောင့်စွန်းများ နီရဲနေသော မျက်လုံးများကတော့ သူ(မ)၏အမူအရာကို သစ္စာဖောက်နေခဲ့သည်။
ထွမ်းထွမ်းလေးက အလျင်အမြန်ပင် ကားပေါ်မှဆင်းကာ လင်းနွမ်ရှေ့သို့ အပြေးလေးရောက်လာခဲ့ပြီး ခေါင်းလေးမော့ကာ သူ(မ)ကိုကြည့်လိုက်သည်။
ကလေးငယ်များက လူကြီးများထက်စာလျှင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်အတက်အကျကို အာရုံခံနိုင်စွမ်း ပိုမိုမြင့်မားပေရာ ထွမ်းထွမ်းလေးက လင်းနွမ်၏ ဝမ်းနည်းမှုအား ချက်ချင်းဆိုသလိုပင် သတိပြုမိခဲ့သည်။ သူက လင်းနွမ်အား ဝမ်းမနည်းတော့စေရန် နှစ်သိမ့်ပေးချင်သော်လည်း မည်သို့ပြုလုပ်သင့်ကြောင်း နားမလည်သေးပေ။
ကားထဲတွင်တော့ ဖုဟွိုက်အန်းက ဘေးဘက်သို့လှည့်ကာ ကားပြတင်းပေါက်ကိုဖွင့်ပြီး လင်းနွမ်၏ အမူအရာကို အကဲခတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ(မ)ကအပြုံးတစ်ခုနှင့် ထွမ်းထွမ်းလေးရှေ့တွင် ဒူးထောက်ချလိုက်သည်ကို သူမြင်လိုက်ရသည်။
လင်းနွမ်က ထွမ်းထွမ်းလေးအား ညင်ညင်သာသာလေး ပွေ့ဖက်လိုက်သည်။ ထွမ်းထွမ်းလေး၏ လက်ဖောင်းဖောင်းလေးက လင်းနွမ်၏ ဆံပင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး သူနေမကောင်းဖြစ်နေချိန်တွင် ဖုဟွိုက်အန်းက သူ့အားချော့မြှူလေ့ရှိသည့် အပြုအမူကို အတုခိုးလိုက်ကာ သူ၏ကလေးသံလေးနှင့်ပင် လင်းနွမ်အား ချော့လိုက်သည်။
"အင်း...အင်း...စိတ်မပူနဲ့။ မားမားက အဆင်ပြေသွားမှာပါ။"
လင်းနွမ်က ထွမ်းထွမ်းလေးအား မလွှတ်တမ်းပင် ဖက်တွယ်ထားခဲ့ပြီး ထွမ်းထွမ်းလေး၏ ကိုယ်လုံးလေးမှ ထုတ်လွှတ်နေခဲ့သော နွေးထွေးမှုနှင့် ကြင်နာမှုအား သူ(မ)၏နှလုံးသားထဲသို့ ထည့်သိမ်းလိုက်သည်။ သူ(မ)က ညင်သာသော အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့ပြီး တောက်ပနေသော နေရောင်ခြည်အောက်တွင် သူ(မ)၏လှပကျော့ရှင်းသော မျက်နှာအစိတ်အပိုင်းများက နူးညံ့သွားခဲ့သည်။
ကားထဲတွင်တော့ ဖုဟွိုက်အန်းက စိတ်ရှည်သည်းခံမှုအပြည့်နှင့် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ပြီး လင်းနွမ်၏ လှိုင်းထနေသော စိတ်အစဉ်အား တည်ငြိမ်သွားစေရန် အချိန်ပေးထားခဲ့သည်။
ပြည်သူ့ရေးရာဗျိုရိုသို့ ဆက်လက်မောင်းနှင်သွားသည့် လမ်းတစ်လျှောက်တွင် လင်းနွမ်သည်လည်း မည်သည့်စကားမှ ဆိုမလာခဲ့ချေ။ သူ(မ)၏မျက်လုံးများက အပြင်ဘက်မှ ရှုခင်းများကိုသာ ကြည့်နေခဲ့ပြီး မျက်နှာအမူအရာက စိတ်သက်သာရာ ရနေခဲ့သည်လော သို့တည်းမဟုတ် မည်သည့်အရာမှပင် ဖတ်မရသည်အထိ ဗလာကျင်းနေခဲ့သည်လော မည်သူမှမသိပေ။
ပြည်သူ့ရေးရာဗျူရို၏ ဝင်ပေါက်ဂိတ်တွင် လင်းနွမ်က မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် လိုအပ်မည်ဖြစ်သော စာရွက်စာတမ်းများကို နောက်ဆုံးအကြိမ်အဖြစ် အသေအချာပြန်ကာ စစ်ဆေးလိုက်ပြီးနောက် ဖုဟွိုက်အန်း၏ လက်ထောက်ဖြစ်သူထံ ကမ်းပေးလိုက်သည်။
သူတို့နှစ်ယောက်သား ကားပေါ်မှဆင်းလာသည့် အခိုက်အတန့်တွင် ဖုဟွိုက်အန်းက မပြောမဆိုနှင့်ပင် လင်းနွမ်၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။ သူက တကယ်ပင် မည်သည့်စကားမှ ပြောမလာခဲ့ပေ။ သူ၏အပြုအမူကြောင့် လင်းနွမ်မှာ ထိတ်လန့်သွားခဲ့ပြီး မသိစိတ်အရ လက်ကိုခါထုတ်ရန် ကြိုးစားလုနီးပါး ဖြစ်သွားခဲ့သော်လည်း စိတ်ကိုထိန်းကာ ငြိမ်သက်လိုက်ရသည်။
ဖုဟွိုက်အန်း၏ ကြံ့ခိုင်သန်မာသော လက်တစ်ဖက်က လင်းနွမ်၏ ရှည်လျားသွယ်လျသော လက်ချောင်းများကို ဆုပ်ကိုင်ထားခဲ့ပြီး သူတို့၏လက်များဆီမှ ပျံ့နှံလာခဲ့သော နွေးထွေးမှုက လင်းနွမ်အား ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားစေသည်ပင်။
သူ(မ)က ခေါင်းကိုမော့ကာ ဖုဟွိုက်အန်းကို ကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် လင်းနွမ်မှာ နေရောင်ခြည်များ နောက်ခံထားကာ မြင်နေရသော ဖုဟွိုက်အန်း၏ ထင်ရှားပြတ်သားသော မျက်နှာသွင်ပြင်က ယခင်နေ့များထက် ပိုမိုခံ့ညားနေသည်ဟု ခံစားမိလိုက်သည်။
ကိုယ်တိုင်းအတိုင်း သပ်သပ်ရပ်ရပ် ချုပ်လုပ်ထားသော အနောက်တိုင်းဝတ်စုံက ဖုဟွိုက်အန်း၏ မြင့်မားသောအရပ်နှင့် တောင့်တင်းသန်မာသော ကိုယ်ကာယအား လိုက်ဖက်စွာပင် လွှမ်းခြုံထားခဲ့ပြီး သူ၏နဂိုကတည်းက ရှည်လျားပြီးသော ခြေထောက်များအား ပိုမိုရှည်သွားစေသယောင် မြင်ရစေသည်။
ကားပေါ်မှ ဆင်းလာခဲ့သည့် အချိန်ခဏတွင်ပင် ဖုဟွိုက်အန်းက လူအတော်များများ၏ အကြည့်များကို ဆွဲဆောင်ထားခဲ့သည်။ ဖုဟွိုက်အန်းကဲ့သို့ ညှို့ဓာတ်ရှိကာ ထည်ဝါခံ့ညားသော တည်ရှိမှုမျိုးက မည်သည့်နေရာသို့ သွားရောက်ပါစေ လူအများ၏ အာရုံစိုက်မှုကို အားထုတ်စရာမလိုဘဲ အလိုလိုနေရင်း လက်ခံရရှိနေမည်ဖြစ်သည်။
ထိုသို့သော ဖုဟွိုက်အန်း၏လက်ကို ဆုပ်ကိုင်ထားရသည်က လင်းနွမ်အား စိတ်မသက်မသာ ခံစားရစေပြီး အိုးတိုးအမ်းတန်း ဖြစ်စေသည်ပင်။ ထို့ကြောင့် အာရုံလွှဲသည့်အနေနှင့် ကျဆင်းနေသော ဆံစများအား နားရွက်နောက်သို့ သပ်တင်လိုက်သည်။ လင်းနွမ်မှာ ထိုသို့သပ်တင်လိုက်မှသာ သူ(မ)၏နားရွက်များက ပူထူနေခဲ့သည်ကို သတိပြုမိသွားခဲ့သည်။
ဖုဟွိုက်အန်းနှင့် လင်းနွမ်တို့၏ လက်ချင်းတွဲထားသော ပုံရိပ်များက အာရုံစိုက်မှု အတော်များများကို ရရှိခဲ့လေသည်။
ကားပေါ်တွင် ယာဉ်မောင်းလုပ်သူနှင့် အတူထိုင်နေခဲ့သော ထွမ်းထွမ်းလေးက ကားပြတင်းမှန်ဆီသို့ သူ၏မျက်နှာလေးကို ကပ်လိုက်ပြီးနောက် သူ၏ပါးပါးနှင့် မားမားတို့၏ ချိတ်တွယ်လျက်ရှိသော လက်နှစ်ဖက်အား လှမ်းကြည့်လိုက်သည်။ ထိုမြင်ကွင်းကြောင့် သူ၏ချစ်စဖွယ်ကောင်းသည့် မျက်နှာလေးထက်တွင် တောက်ပလှသော အပြုံးတစ်ခုက ပေါ်လာခဲ့လေသည်။
*****
Aurora Novel Translation Team