အပိုင်း (၁၀) - မျှော်လင့်ချက်ရောင်ခြည် (၂)
နောက်တစ်နေ့တွင် ရှန်သျယ်ဧကရာဇ်က စစ်သည်တော်များကို စားတော်ပွဲကြီးကျင်းပပေးကာ ဆုချီးမြှင့်ခဲ့သည်။ မြို့တော်အပြင်မှာစခန်းချသော လီပေသံချပ်ကာမြင်းတပ်နှင့် ချီသုန်းမြို့စောင့်တပ်တို့အပြင် စစ်သေနာပတိချုပ်များနှင့် စစ်သူကြီးများအတွက် ပွဲတော်တစ်ခုကျင်းပပေးကာ အမတ်များပါ တက်ရောက်ခဲ့ကြသည်။
ရုံးတော်ဝတ်ရုံကို ဆင်မြန်းထားသည့် ရှောင်းချီရယ်တစ်ယောက် နေရာယူလိုက်သည်နှင့် နုနယ်သောပညာရှင်များကြား ချွန်ထွက်နေခဲ့သည်။ သူ၏ဝတ်ရုံပေါ်မှာ သားရဲများက တိမ်တိုက်များကိုကုတ်ခြစ်နေသည့်ပုံကို ပန်းထိုးထားပြီး ကြမ်းကြုတ်သည့်လေထုကို ပေးစွမ်းနေ၏။ သို့သော် သူထိုင်လိုက်ပြီး အခြားသူများနှင့်စကားစမြည်ပြောဆိုချိန်မှာတော့ သူ၏လူပေါ်ကြော့ပုံစံက ခေါင်းထောင်လာခဲ့သည်။
အရက်သောက်နေကြသော အရပ်ဘက်ဆိုင်ရာအမတ်များက ရှောင်းချီရယ်ကို ခဏခဏခိုးကြည့်နေခဲ့ကြ၏။ ကျားတစ်ကောင်က ခွေးတစ်ကောင်ကို သန္ဓေတည်လိမ့်မည်မဟုတ်ပေ။ လီပေ၏ဆက်ခံသူက သူ့အဖေခြေရာကိုနင်းခဲ့သော်လည်း အငယ်ဆုံးသားက အဘယ့်ကြောင့် ယခုလိုပုံစံဖြစ်နေရသနည်း။
ပြောစရာမလိုပါဘဲ ထိုအမတ်များက ရှောင်းချီရယ်၏လှုပ်ရှားမှုတိုင်းကို အသေးစိတ် အကဲခတ်နေခဲ့ကြသည်။ သူ့ဆီကထွက်ပေါ်လာသော ရိုင်းစိုင်းသည့်လေထုက ၎င်းတို့ပတ်ပတ်လည်မှာ ဝန်းရံနေ၏။ ဆန့်ကျင်ဘက်အနေဖြင့် ဂုဏ်သရေရှိစွာ ခပ်မတ်မတ်ထိုင်နေသည့် ရှောင်းကျိမင်ကတော့ သူနှင့် မတူညီသောလောကကနေ လာခဲ့ပုံပင်။
"မင်းမပါဘူးလို့ မထင်လိုက်နဲ့ဦး။" ရှောင်းချီရယ်ဘေးမှာရှိနေသော လုကွမ်းပိုင်က မှတ်ချက်ပြုလိုက်၏။ "အရှင်ဧကရာဇ်က မင်းကို ဆုချီးမြှင့်ခဲ့တာဆိုတော့ နောက်ပိုင်းကျရင် မင်းကို သေချာပေါက်ခေါ်လိမ့်မယ်။"
ရှောင်းချီရယ်က ဂရုမစိုက်သည့်ပုံစံဖြင့် သစ်ကြားသီးတချို့ကို အခွံခွာနေ၏။
လုကွမ်းပိုင်က သူ့ကိုလှည့်ကြည့်လိုက်သည်။ "မင်း မနေ့ညက အရက်သွားသောက်သေးတာလား။"
"ဟုန်မန်ပွဲမတိုင်ခင် ပျော်ထားရုံတင်ပါ။" ရှောင်းချီရယ်က သူ၏ထိုင်ခုံမှာ ပျင်းရိလေးတွဲစွာထိုင််နေ၏။ "အခု ကျွန်တော် အဆင်သင့်ဖြစ်ပြီ။ တကယ်လို့ တစ်စုံတစ်ယောက်က ဓါးရေးကနေတုန်း အပြစ်တင်ဝေဖန်လာရင် ကျွန်တော် အရက်မူးသမားလို ဟန်ဆောင်လိုက်လို့ရတယ်လေ။ မကောင်းဘူးလား။"
"သိပ်ကိုကောင်းပါပေတယ်။" လုကွမ််းပိုင်က သူ့ဘာသာသူ အရက်တစ်ခွက်ငှဲ့လိုက်သည်။ "ဒါပေမဲ့ အရက်သောက်တာ ကျန်းမာရေးအတွက်မကောင်းဘူးနော်။ မင်း စစ်သူကြီးတစ်ယောက်အနေနဲ့ မှတ်တိုင်စိုက်ထူချင်ရင် ဒီအကျင့်ကို စွန့်လွှတ်လိုက်သင့်တယ်။"
ရှောင်းချီရယ်က သက်ပြင်းချကာ သစ်ကြားသီးကို လုကွမ်းပိုင်ဆီ ပစ််ပေါက်လိုက်၏။ "ကျွန်တော်က မှားယွင်းတဲ့အချိန်မှာ မွေးဖွားလာတာ။ တိုင်းပြည်တစ်ခွင် နေရာယူထားတဲ့ စစ်သူကြီးလေးဦးရှိနေတော့ ကျွန်တော့်အတွက် သူရဲကောင်းနေရာကနေဖျော်ဖြေဖို့ နေရာမရှိတော့ဘူး။ တကယ်လို့ ခင်ဗျား ဆက်မသွားနိုင်တော့ဘူးဆိုရင် ကျွန်တော့်ကို ကြိုပြီးအသိပေးပေါ့။ အဲ့အချိန်ကျမှ ကျွန်တော် ဒီအကျင့်ကိုဖျောက်လိုက်ရင်လည်း နောက်မကျသေးပါဘူး။"
"အဲ့လိုဆို မင်း စောင့်ပေဦးတော့ပဲ။" လုကွမ်းပိုင်က ထိုသို့ပြောလိုက်ပြီး နှစ်ဦးသား အတူတူရယ်မောခဲ့ကြသည်။
ပွဲအခမ်းအနားကို ဆက်လက်ကျင်းပနေဆဲဖြစ်သည့်အလျောက် စကားဝိုင်းက ကျုံးပေါ်၏ရှန်မိသားစုဆီ ပြောင်းလဲသွားခဲ့သည်။
"အဲ့ဒီကောင်လေး အသက်မရှင်နိုင်လောက်တော့ဘူးလို့ သူတို့တွေ ပြောခဲ့ကြတယ်မလား။" လုကွမ်းပိုင်က မေးလိုက်သည်။ သူက လက်ထဲမှာ သစ်ကြားသီးကိုကိုင်ထားရင်း စိတ်အားထက်သန်စွာနားစွင့်နေခဲ့သည်။
၎င်းတို့နောက်မှကျောင်းဟွေးက အလျင်စလိုလေသံဖြင့် ပြန်ဖြေလာ၏။ "အမှန်ပဲ။ သခင်လေးပဲ အဲ့ဒီကန်ချက်က သူ့ကို အုတ်ဂူထဲပို့ပေးဖို့ရည်ရွယ်တယ်လို့ ပြောခဲ့တာလေ၊ မဟုတ်ဘူးလား။"
"ငါ အဲ့လိုပြောခဲ့လို့လား။" ရှောင်းချီရယ်က ငြင်းဆိုလာသော်လည်း ကျန်နှစ်ဦးက သူ့ကို အသံတိတ်ကြည့်လာခဲ့ကြသည်။ "ဘာလဲ။"
"သူ မသေဘူး။" လုကွမ်းပိုင်က ထုတ်ပြောလာ၏။
"သူ သေမသွားဘူး။" ကျောင်းဟွေ့က သံယောင်လိုက်ပြောခဲ့သည်။
ရှောင်းချီရယ်က ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါဆို သူက တော်တော်မာတာပဲ။ ဒါနဲ့ အဲ့ဒါက ကျွန်တော်နဲ့ဘာဆိုင်လို့လဲ။ ငရဲဘုရင်က ကျွန်တော့်အဖေမှမဟုတ်တာ။"
"ဧကရာဇ်က သူ့အတွက် ဘယ်လိုစီစဥ်ထားလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ အဲ့ဒီကောင်လေးက တကယ့်သတ္တိခဲပဲ။" လုကွမ်းပိုင်က ခန်းမအရှေ့ဘက်ကိုကြည့်ကာ ပြောလိုက်၏။
ကျောင်းဟွေးက ၎င်းတို့ဘေးမှာဒူးထောက်လျက် ခေါင်းငုံ့ကာအစားမပြတ်ပေ။ သူက စားရင်းသောက်ရင်း ပြောလာခဲ့သည်။ "တစ်စုံတစ်ယောက်က သူ့ကို လျှို့ဝှက်ကူညီနေတာဖြစ်ရမယ်။"
"သူ မသေရင်တောင် ကျိုးပဲ့ပြီး ကုသလို့မရတဲ့အထိဖြစ်သွားမှာ။" ရှောင်းချီရယ်က ဟွားမျိုးနွယ်၏စားပွဲဆီသို့ အေးစက်စွာကြည့်လိုက်သည်။ "ဧကရီမယ်မယ်က အသက်ကြီးနေပြီ။ အခု သူ(မ)လုပ်နိုင်တာဆိုလို့ တန်ဖိုးမရှိတဲ့ခွေးတစ်ကောင်ကို ပျိုးထောင်တာပဲရှိတော့တယ်။"
"ယုတ်ညံ့လိုက်တာ။" ကျောင်းဟွေးက ယုန်နံရိုးကင်ကို သူ့ပါးစပ်ထဲထိုးထည့်ရင်း ပလုတ်ပလောင်းပြောခဲ့၏။
အရက်များသောက်ပြီးနောက် လေထုက အတော်လေးပြေလျော့လာပြီး ရှန်သျယ်ဧကရာဇ်က ပြောလာခဲ့သည်။ "ကျိမင်။"
ရှောင်းကျိမင်က ထရပ်ကာ ဦးညွတ်လိုက်ပြီး ဧကရာဇ်၏စကားကို စောင့်ဆိုင်းနေလိုက်၏။
ဧကရာဇ်က အရက်ဒဏ်ကိုမခံနိုင်တော့သည့်နှယ် နဂါးပလ္လင်ကို မှီလိုက်ပြီး ပြောလာသည်။ "ရှန်ဝေ့ရဲ့ကျရှုံးမှုကိစ္စမှာ သူ ရန်သူတွေနဲ့ပူးပေါင်းခဲ့ပါတယ်လို့ ထင်ရှားတဲ့သက်သေမရှိဘူး။ အဲ့ဒီရှန်..."
"ရှန်ဇယ်ချွမ်းပါ၊ အရှင်။" ဖန်းရူကွေ့က ငုံ့ကိုင်းကာ တီးတိုးထောက်ပြလိုက်သည်။
ဧကရာဇ်က ရပ်တန့်သွားပြီး ဆက်ပြောရမည့်အစား ဧကရီမယ်မယ်ဘက်လှည့်ကာ မေးမြန်းလိုက်သည်။ "မယ်မယ်ရော ဘယ်လိုထင်ပါသလဲ။"
ခန်းမထဲမှာ သိပ်သည်းသောတိတ်ဆိတ်မှုက ကြီးစိုးသွားပြီး အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအမတ်များအားလုံး ခေါင်းငုံ့ကာ နားစွင့်နေခဲ့ကြသည်။
ဧကရီမယ်မယ်က သူ(မ)၏ဦးခေါင်းတစ်ဝိုက်မှာ တိမ်တိုက်ထဲတိုးထွက်နေသော နဂါးများ၊ ပုလဲကြိုးများဖြင့် အလှဆင်ထားသော အနက်ရောင်ခေါင်းဆောင်းကို ဝတ်ဆင်ထားသည်။ သူ(မ)၏နားရွက်များမှ ရွှေရောင်ချိတ်များနှင့် ပုလဲကြိုးများက တွဲလောင်းကျနေပြီး ပုလဲလုံးများက သစ်ကြားသီးလောက်ရှိပေသည်။ သူ(မ)က ဣန္ဒြေရှိစွာထိုင်နေပြီး ခွဲကြောင်းညီသော မီးခိုးရောင်ဆံပင်များ ပိပြားသပ်ရပ်နေပုံက ကျော့ရှင်းလှပေ၏။ အခမ်းအနားခန်းမထဲရှိ မည်သူကမှ သူ(မ)ကို မော်မကြည့်ဝံ့ကြပေ။
"ရှန်ဝေ့ အသိစိတ်ပျောက်သွားတာကြောင့် ကျုံးပေါ်တိုက်ပွဲအတွင်းမှာ အားလုံးရဲ့စိတ်ဓါတ်တွေ ပြင်းထန်တဲ့လှုပ်ခတ်မှုတွေကို အလူးအလဲခံခဲ့ကြရတယ်။" ဧကရီမယ်မယ်က ပြောလာ၏။ "ဒါပေမဲ့ သူ့ရဲ့သူရဲဘောကြောင်မှုက သူ့ကိုယ်သူမီးရှို့သက်သေစေခဲ့သလို သူ့ရဲ့မျိုးဆက်တွေအားလုံးကိုလည်း တိုက်ပွဲအတွင်း အကုန်သေဆုံးစေခဲ့ပြီး ဒီမထင်မရှားမွေးလာတဲ့ သားတစ်ယောက်သာ ကျန်နေခဲ့တယ်။ သူ့ရဲ့မျိုးနွယ်ကို အမြစ်ကနေဖြုတ်ချဖို့ဆိုတာ လူသားဆန်မှု၊ ဖြောင့်မတ်မှုတို့နဲ့ သွေဖယ်နေတယ်။ ဒီတော့ သူ့ကို အသက်ချမ်းသာပေးပြီး ကျေးဇူးတရားကိုသင်ပြပေးဖို့က မသင့်တော်ပေဘူးလား။"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
"ကျွန်တော်မျိုးကတော့ မသင့်တော်ဘူးလို့ ထင်မြင်ကြောင်းပါ။" လုကွမ်းပိုင်က ရုတ်တရက် ထပြောလိုက်၏။ သူက ခြေလှမ်းအနည်းငယ်ရှေ့တိုးကာ ခန်းမအလယ်မှာ ဒူးထောက်ချလိုက်သည်။ "ဧကရီမယ်မယ်က သနားညှာတာတတ်ပေမဲ့ ကျုံးပေါ်က ယခင်တိုက်ပွဲတွေနဲ့ မတူပါဘူး။ ရှန်ဝေ့ ရန်သူတွေနဲ့ပူးပေါင်းခဲ့တယ်ဆိုတာ သက်သေမရှိသေမဲ့ သံသယတွေကတော့ ကျန်ရစ်ခဲ့ပါတယ်။ ဒီကောင်လေးက ရှန်ဝေ့ရဲ့နောက်ဆုံးကျန်ရစ်သူမျိုးဆက်ပါ။ သူ့ကို ရှင်သန်ခွင့်ပေးလိုက်မယ်ဆိုရင် သူက ခါးပိုက်ထဲက မြွေပွေးဖြစ်လာနိုင်ပါတယ်။"
ဧကရီမယ်မယ်က လုကွမ်းပိုင်ကို အခိုက်အတန့်တစ်ခုလောက် လေ့လာလိုက်၏။ "နယ်စပ်သဲကန္တာရရဲ့ခေါင်းဆောင်ဖြစ်တဲ့ မင်းရဲ့ဖခင်ကလည်း သဲကန္တာရမှာ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့ပေမဲ့ တိုက်ပွဲတိုင်းကို အနိုင်မရခဲ့ဘူးမဟုတ်လား။"
"ကျွန်တော်မျိုးရဲ့ဖခင်က အနှိုင်းမဲ့သူရဲကောင်းမဟုတ်ပါဘူး။" လုကွမ်းပိုင်က ပြောလိုက်သည်။ "ဒါပေမဲ့ သူအုပ်ချုပ်တဲ့ဆယ်စုနှစ်အတောအတွင်း ပျန်းကျွင့်နယ်စပ်ဒေသတွေမှာ ဘယ်ရန်သူကမှ မထိုးဖောက်နိုင်ခဲ့ပါဘူး။"
ဧကရီမယ်မယ်၏နားရွက်များမှ တွဲလောင်းကျနေသောပုလဲများက ညင်သာစွာ လွှဲယမ်းနေ၏။ "အဲ့ဒီအကြောင်းပြချက်ကြောင့် ငါတို့တွေ ဒီကလေးကို ကျင့်ဝတ်ထုံးတမ်းတွေနဲ့ သူတော်ကောင်းတရားကို သင်ကြားပေးသင့်တာပေါ့။ ဒါမှ သူ ဒီစစ်ပွဲရဲ့အကျိုးဆက်တွေကို နားလည်နိုင်မှာလေ။ လူတစ်ယောက်ကိုသတ်ဖို့က လွယ်ကူတယ်။ ပျန်းရှားမြင်းတပ်က ကျုံးပေါ်နယ်မြေထဲ ဝင်ရောက်လာပြီး သောင်းနဲ့ချီတဲ့ တို့ပြည်သူတွေကို သတ်ဖြတ်သွားခဲ့တယ်။ တို့တိုင်းပြည်ကို စော်ကားခဲ့တဲ့အတွက် သူတို့ဆီကနေ လက်စားပြန်မချေရသေးဘူး။ ဒီအပြစ်မဲ့တဲ့ကလေးက ဘာအပြစ်ကို ခံယူရမှာလဲ။"
"ကျွန်တော်မျိုးလည်း မသင့်တော်ဘူးလို့ထင်ပါတယ်။"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မဟာအုပ်ချုပ်ရေးဌာန၏ လက်ထောက်အတွင်းဝန်အမတ် ဟိုင်လျန်းယိက ပြောလာ၏။ ယခု သူက စားပွဲကနေထကာ ပလ္လင်ရှေ့မှာ ဒူးထောက်လိုက်သည်။
"ဧကရီမယ်မယ်က ကြင်နာပြီး သနားညှာတာတတ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက အသေးအမွှားကိစ္စမဟုတ်ပါဘူး။ ရှန်ဝေ့က ရန်သူတွေနဲ့ မပူးပေါင်းခဲ့ဘူးဆိုရင်တောင် ဒီလိုကျရှုံးမှုအတွက် ခေါင်းဖြတ်ခံရဖို့ထိုက်တန်တုန်းပါပဲ။ ပြီးတော့ ဒီကောင်လေးကို သုံးကြိမ်တိုင်တိုင် စစ်ဆေးမေးမြန်းခဲ့ပေမဲ့ သူ့ရဲ့အဆိုပြုချက်တွေက ယောက်ယက်ခတ်နေပြီး ယုတ္တိမရှိပါဘူး။ သူက ရှန်ဝေ့ကို ရန်သူတွေနဲ့မပူးပေါင််းခဲ့ဘူးလို့ ခံငြင်းနေပါတယ်။ ဒါပေမဲ့ အိမ်တော်နဲ့ဝေးရာမှာ ပျိုးထောင်ခံခဲ့ရတဲ့ မထင်မရှားသားတစ်ယောက်က ရှန်ဝေ့ ဘာလုပ်ခဲ့တယ်၊ ဘာမလုပ်ခဲ့ဘူးဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာပါလဲ။ ဒီကောင်လေးရဲ့သဘာဝက ပါးနပ်ပြီးကောက်ကျစ်တာမို့ သူ့ကို ယုံကြည်လို့မရပါဘူး။ စစ်သူကြီးလုပြောသွားတာ မှန်ကန်ပါတယ်။ ရှန်မျိုးနွယ်ရဲ့ နောက်ဆုံးလက်ကျန်မြွေပွေးကို ဆက်သိမ်းထားမယ်ဆိုရင် တစ်နေ့မှာ သူက သခင်ကိုပြန်ပေါက်လာနိုင်ကြောင်းပါ!"
ဧကရီမယ်မယ်က မတုန်လှုပ်သွားပေ။ "ကျေးဇူးပြုပြီးထပါ၊ အတွင်းဝန်အမတ်ဟိုင်။"
ဖန်းရူကွေ့က ဟိုင်လျန်းယိကို ကူညီထူမပေးလိုက်ပြီး ဧကရီမယ်မယ်က ဆက်ပြောခဲ့သည်။ "အမတ်တွေ ပြောခဲ့သလိုပါပဲ။ တို့ရဲ့အမြင်တွေကို တို့ရဲ့ခံစားချက်တွေက အရောင်ဆိုးလိုက်တဲ့ပုံပဲ။ ဒီကိစ္စကို အရှင့်ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာပါ့မယ်။"
ခန်းမတစ်ခုလုံး၏ စောင့်ကြည့်နေသည့်မျက်လုံးများအောက်မှာ ရှန်သျယ်ဧကရာဇ်က ချောင်းဆိုးခဲ့သည်။ သူက ဖန်းရူကွေ့ပေးလာသော လက်ကိုင်ပဝါကို လက်ခံယူလိုက်ပြီး ပါးစပ်ကိုအုပ်လိုက်၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ စကားပြောလာခဲ့သည်။ "မယ်မယ်ပြောသွားတာက အကျိုးကြောင်းသင့်ပါတယ်။ ဒီကောင်လေးက အပြစ်မရှိဘူး။ ဒါပေမဲ့ ရှန်ဝေ့ရဲ့စစ်တပ်က တာဝန်ကို အောင်မြင်အောင်မဆောင်ရွက်နိုင်ခဲ့ဘဲ နယ်မြေတွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့တယ်။ ဒီကလေးက တစ်ဦးတည်းသောကျန်ရစ်သူအဖြစ် မိသားစုရဲ့အပြစ်တွေကို ထမ်းပိုးထားရတာမို့ ကျန်းတို့ သူ့ကို အပြစ်တွေ ပြန်သုံးသပ်ခွင့်ပေးသင့်တယ်။ ကျိလေ။"
"ကျွန်တော်မျိုး ရှိပါတယ်။"
"ဒီကလေးကို ကျောင်းကျွေ့ဘုရားကျောင်းဆီ ခေါ်သွားပြီး အစောင့်အကြပ်တွေချထားလိုက်။ ကျန်းရဲ့အမိန့်မပါဘဲ ဘုရားကျောင်းကနေ ခြေတစ်လှမ်းမှမထွက်စေနဲ့!"
ရှောင်းချီရယ်က သစ်ကြားသီးအကြေများကို ပန်းကန်ထဲ ပစ်ထည့်လိုက်သည်။
"သခင်လေး အဲ့ဒါကို မစားတော့ဘူးလား။" ကျောင်းဟွေးက မေးလိုက်သည်။
"ကျိုးပဲ့ကြေမွနေပြီး အသုံးမှမဝင်တော့တာ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ဘယ်သူက လိုချင်ဦးမှာလဲ။"
"နှစ်ဖက်စလုံး ကျေနပ်စရာမရှိဘူးမဟုတ်လား။" ကျောင်းဟွေးက ရှောင်းချီရယ်၏ပန်းကန်ကို စိုက်ကြည့်နေရင်း တိုးတိုးလေးပြောလာ၏။ "ကျွန်တော်တို့လိုချင်တာကို မရခဲ့သလို သူတို့လည်း လိုချင်တာရမသွားပါဘူး။"
"အနည်းဆုံးတော့ သူ့ကို လှောင်ပိတ်ထားတာက လွတ်မြောက်ခွင့်ပေးလိုက်တာထက် ပိုကောင်းပါသေးတယ်။" သူ့စားပွဲဆီပြန်လာသော လုကွမ်းပိုင်က ပြောလိုက်၏။
"ဟင့်အင်း။" ရှောင်းချီရယ်က သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။ "ကျွန်တော်ကရော လှောင်ပိတ်ခံထားရတာပဲမဟုတ်ဘူးလား။"
"အဲ့ဒီအတွက်တော့ နတ်ဘုရားတွေကိုကျေးဇူးတင်တယ်။" လုကွမ်းပိုင်နှင့် ကျောင်းဟွေးတို့က တညီတညွတ်တည်း ပြောခဲ့ကြလေသည်။
***
Aurora Novel Translation Team