no

Font
Theme

အပိုင်း (၁၄) - ထိုက်ဖူ (၂)

ထိုက်ဖူ၏မျက်နှာထက် မျက်ရည်များစီးကျနေပြီး ရူးသွပ်မှုက သူ့ကို တစ်ဖန်ဝါးမျိုးသွားပုံပင်။ "အရှင့်သားက လွတ်လမ်းမရှိဘဲ ဒီနေရာမှာရှိနေခဲ့တာ! သူတို့တွေ ဘာဖြစ်လို့ ငါ့ကိုမသတ်ခဲ့တာလဲ။ ဒီအမှိုက်လိုတည်ရှိမှုကို ဘာဖြစ်လို့ ဆက်ပြီးရှင်သန်ခိုင်းရတာလဲ။ ဒီလိုဘဝမျိုးက သေခြင်းတရားထက်ဆိုးဝါးပေမဲ့ ငါ အုတ်ဂူဆီသွားဖို့ခြေလှမ်းတွေကို အရှိန်မတင်နိုင်သေးဘူး။"

သူက ရှန်ဇယ်ချွမ်းကိုစိုက်ကြည့်ကာ သူ၏လေသံက သွေးရူးသွေးတန်းဖြစ်လာ၏။ "ငါ ဒါကို လက်သင့်မခံနိုင်ဘူး! နှစ်ပေါင်းများစွာ ဗျူဟာတွေနဲ့ အစီအစဥ်တွေအားလုံး အချည်းနှီးဖြစ်ခဲ့ရတယ်! အရှေ့နန်းဆာင်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ ရဲဘော်ရဲဘက်တွေအားလုံး သေဆုံးခဲ့ရပြီး အရှင့်သားခံစားခဲ့ရတဲ့ တရားမမျှတမှုကိုလည်း နာမည်မရှင်းနိုင်သေးဘူး။ ငါ လက်မခံနိုင်ဘူး!" သူက ရှန်ဇယ်ချွမ်း၏လက်မောင်းကို ဆုပ်ကိုင်လိိုက်သည်။ "မင်းက ငယ်သေးတယ်၊ မင်းမှာ အခွင့်အရေးရှိသေးတယ်!"

"ထိုက်ဖူ..." ကျိကန်းက သူ့ကိုတားဆီးဖို့ ထရပ်လိုက်သည်။

"မင်း သူ့ကို အခုလက်ရှိမှာ ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ သူ့ကို တစ်သက်လုံးကာကွယ်ပေးနိုင်မှာလား။" ချီထိုက်ဖူက ရှန်ဇယ်ချွမ်းကို ပို၍တင်းကျပ်စွာဆုပ်ကိုင်လိုက်၏။ "ဒီနေ့ မင်းအဖေရဲ့ဖခင်မေတ္တာကြောင့် ငါ့အငြိုးတရားတွေကို ဘေးဖယ်ထားနိုင်ခဲ့ပေမဲ့ ဒီလောကမှာရှိတဲ့လူတိုင်းက အတူတူပဲလုပ်နိုင်ပါ့မလား။ သူ့မျိုးရိုးနာမည်က ရှန်ဖြစ်နေသရွေ့ သူ့အသက်ကို လိုချင်တဲ့သူတွေရှိနေမှာပဲ! ကိုယ်ခံပညာတတ်မြောက်တာလေးနဲ့ သူ့ဘဝအတွက် အေးအေးချမ်းချမ်း နေနိုင်မယ်ထင်လား။ ကျိကန်း၊ မင်းအဖေက အဲ့ဒီပညာတွေရဲ့ဆရာတစ်ဆူပါ၊ ဒါပေမဲ့ သူ အထီးကျန်စွာနဲ့ နာမကျန်းဖြစ်ပြီးသေဆုံးသွားရတာပဲ။ အာဏာဒီရေလှိုင်း အတက်အကျများတဲ့ ဒီချွိတူးမှာ မမြင်နိုင်တဲ့လက်တွေက အန္တရာယ်အများဆုံးပဲ။ မင်း ဝံပုလွေတွေကြားထဲ သူ့ကို လက်ဗလာနဲ့လွှတ်ထားပေးတော့မှာလား။"

ကျိကန်းက လက်သီးဆုပ်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

ချိထိုက်ဖူက ဒူးထောက်လိုက်သည်။ ရှန်ဇယ်ချွမ်းကိုဆွဲထားရင်း ရှိုက်သံများကိုဖြိုခွင်း၍ တုန်ယင်နေသောအသံဖြင့် ပြောလာ၏။ "ငါက ယွီကျိုးရဲ့ချီဟွေ့လျန်! ငါဘယ်သူလဲဆိုတာ မင်းမသိလောက်ပေမဲ့ ငါ မင်းကိုပြောပြမယ်။ ငါ... ငါက ယုံယိမင်းဆက်ရဲ့ ဆယ့်ငါးနှစ်မြောက်မှာ အရပ်ဘက်စာမေးပွဲ အဆင့်သုံးဆင့်လုံးကိုအောင်မြင်ခဲ့တဲ့ ထိပ်တန်းပညာရှင်တစ်ယောက်။ သာ့ကျိုးကို စတင်တည်ထောင်ကတည်းက အဆင့်သုံးဆင့်လုံးအောင်မြင်တဲ့ပညာရှင် ငါးယောက်တည်းပဲပေါ်ထွက်ခဲ့ဖူးတယ်။ ငါက အရှေ့နန်းဆောင်ရဲ့လက်အောက်ငယ်သားတစ်ဦးဖြစ်သလို တစ်ချိန်တည်းမှာပဲ ကိုယ်ရေးအမတ်နဲ့ မဟာအုပ်ချုပ်ရေးရဲ့လက်ထောက်အတွင်းဝန်အမတ်လည်းဟုတ်တယ်။ ငါက အိမ်ရှေ့စံမင်းသားကို ပညာသင်ကြားပေးခဲ့တာ။ အခု... အခု မင်းကိုသင်ပေးမယ်! ငါ့တစ်သက်တာသင်ယူခဲ့သမျှကို မင်းကိုသင်ကြားပေးမယ် - မင်း ဘယ်လိုသဘောရလဲ။"

ရှန်ဇယ်ချွမ်းက ထူးထူးဆန်းဆန်း တည်ငြိမ်စွာဖြင့် ချီထိုက်ဖူ၏မျက်လုံးများထဲ စိုက်ကြည့်နေခဲ့သည်။ ခဏတာတိတ်ဆိတ်နေပြီးနောက် သူက ကြမ်းပြင်ပေါ်ဒူးထောက်ချကာ ချီထိုက်ဖူကို သုံးကြိမ်သုံးခါ အရိုအသေပေးလိုက်လေသည်။

"ရှန်းရှုန်းက ကျွန်တော့်ရဲ့ပေလိပ်ဖြစ်ပေးမယ်ဆို ကျွန်တော်က ဓါးတစ်လက်ဖြစ်ပေးပါ့မယ်။"

...

မိုးသောက်မတိုင်ခင် ကောချင်းချင်းက ကျောင်းကျွေ့ဘုရားကျောင်းဆီ ရောက်လာခဲ့သည်။ လေပြင်းများတိုက်ခတ်နေပြီး နှင်းများကလည်း တဖွဲဖွဲကျဆင်းနေ၏။ သူက လက်နှစ်ဖက်ကို အာငွေ့ပေးကာ လမ်းလျှောက်ရင်း ပေါက်စီရောင်းသည့်ဆိုင်ကို လိုက်ရှာနေခဲ့သည်။

ထိုစဥ် မလှမ်းမကမ်းကနေ တစ်စုံတစ်ယောက်က သူ့ကိုခေါ်လိုက်သည့်အသံအား ကြားလိုက်ရသောအခါ အံ့အားသင့်သွား၏။ အနီရောင်ပိုးထီးတစ်လက်က နှင်းများကိုဖြတ်သန်း၍ ၎င်းကိုဆောင်းထားသောပုဂ္ဂိုလ်က သူ့ဆီလှမ်းလာခဲ့သည်။ ချွိတူး၌ ထိုကဲ့သို့အနီရောင််ပိုးထီးကို အဆင့်ငါးနှင့် အဆင့်ငါးအထက်အရာရှိများသာ ဆောင်းခွင့်ရှိသည်။ ဤသည်မှာ ချမ်းသာကြွယ်ဝမှုနှင့် အာဏာရှိသည့်တစ်စုံတစ်ဦးပင်။

ကောချင်းချင်းက လမ်းမဘေးမှာရပ်လိုက်ပြီး လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလိုက်၏။ ထိုလူစိမ်း နီးကပ်လာသည်နှင့်အမျှ အရက်နံ့ပြင်းပြင်းကို အနံ့ရလိုက်သည်။

"တော်ဝင်အစောင့်တပ်။" ထိုလူက ရပ်တန့်ကာ ကောချင်းချင်း၏ခါး၌ ချိတ်ဆွဲထားသောတံဆိပ်ပြားကို ဆွဲဖြုတ်လိုက်သည်။ ၎င်းအား ခဏလောက်လေ့လာပြီး ပြောလိုက်၏။ "စစ်ဆေးရေးမှူးကောက ဒီလောက်အေးခဲနေတဲ့နေ့မှာ ဘယ်ကိုများသွားမလို့လဲ။"

ကောချင်းချင်းက ထိုလူ၏အနက်ရောင်ဖိနပ်များကို စိုက်ကြည့်နေ၏။ "သာ့ရန်၊ ကျွန်တော်မျိုးက ဒီနေ့ ရုံးတော်မှာတာဝန်ကျတာမို့ နန်းတော်ကိုသွားမလို့ပါ။"

ရှောင်းချီရယ်က တစ်ညလုံး အရက်သောက်နေခဲ့ပြီး သူ၏အဝတ်အစားများကလည်း တွန့်ကြေနေ၏။ သူက တံဆိပ်ပြားကိုမြှောက်ကာ ပြောလိုက်သည်။ "ဒီဘက်က နန်းတော်ကိုသွားတဲ့လမ်းမဟုတ်ဘူးလားလို့။"

ကောချင်းချင်းက ခေါင်းမော့ကာ ရှက်ရွံ့သောအပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "ဒုတိယသခင်လေးက ရာထူးရာခံမြင့်တဲ့သူဆိုတော့ ဒီနေရာတစ်ဝိုက်မှာရှိတဲ့ သာမန်လမ်းကြားလေးတွေကို ရင်းနှီးမှာမဟုတ်ပါဘူး။ ဒီကနေ နည်းနည်းလောက်ချိုးကွေ့သွားလိုက်ရင် ရှန်းဝူလမ်းမကြီးကို ရောက်ပါတယ်။ အဲ့ဒီကနေတန်းတန်းသွားမယ်ဆိုယ နန်းတော်ဂိတ်တံခါးဆီ ရောက်သွားပါလိမ့်မယ်။"

"မင်းက ငါ့ကိုသိတယ်?" ရှောင်းချီရယ်က ပြုံးလိုက်ပြီး တံဆိပ်ပြားကို ပြန်ပစ်ပေးလိုက်၏။

ကောချင်းချင်းက တံဆိပ်ပြားကိုဖမ်းကာ မြှောက်ပင့်ပြောဆိုလိုက်သည်။ "လီပေရဲ့ သံချပ်ကာမြင်းတပ်က ရဲရင့်ပြီး အရည်အချင်ရှိတဲ့သူရဲကောင်းတွေပါ။ လီပေရဲ့ဆက်ခံသူနဲ့ ဒုတိယသခင်လေးတို့က ဧကရာဇ်ကိုအကူအညီပေးပြီး အောင်မြင်မှုကိုဆွတ်ခူးပေးခဲ့ကြတဲ့ဟာ ချွိတူးမှာရှိတဲ့လူတိုင်း သခင်လေးကို ဘယ်လိုလုပ်ပြီး မမှတ်မိဘဲနေပါ့မလဲ။ သခင်လေးက အခု အိမ်တော်ကိုပြန်မလို့လား။ ဒီလမ်းက ချောပါတယ် သခင်လေး။ ကျွန်တော်မျိုးက ရဲတင်းလို့ လိုက်လံပို့ဆောင်ပေးဖို့လိုအပ်မလားဆိုတာကို မေးမြန်းပါရစေ။"

ရှောင်းချီရယ်က မျက်ခုံးပင့်လိုက်၏။ "ငါက အရက်မူးတဲ့ပုံပေါက်နေလို့လား။ သွားတော့။"

ကောချင်းချင်းက ဦးညွတ်ကာ ထွက်ခွာသွားခဲ့သည်။

ကျောင်းဟွေးရောက်လာသောအခါ ရှောင်းချီရယ်က အနီရောင်ပိုးထီးကိုပိတ်သိမ်းကာ မြေပြင်ပေါ်ထောင်ထားပြီး ပေါက်စီဆိုင်ပိုင်ရှင်အား မြန်မြန်လုပ်ပေးဖို့ တွတ်ထိုးနေခဲ့၏။

"အိမ်တော်မှာ မနက်စာပြင်ထားတယ်လေ။ ဒုတိယသခင်လေးက ဒီနားမှာ ဘာရပ်လုပ်နေတာလဲ။"

"အရမ်းဗိုက်ဆာလွန်းလို့ လမ်းလျှောက်ပြီးပြန်လာဖို့တောင် အားမရှိတော့ဘူး။" ရှောင်းချီရယ်က ပြန်ဖြေလိုက်သည်။

ကျောင်းဟွေးက ခြုံထည်ကိုခါ၍ဖြန့်လိုက်သည်။ "အရက်နဲ့ လိင်မှုကိစ္စတွေက သခင်လေးကို ထိခိုက်စေနိုင်တယ်။ လာပါ၊ မြန်မြန်ပြန်ကြစို့။"

ရှောင်းချီရယ်က သားမွေးခြုံထည်ကို ခြုံလိုက်သော်လည်း ထိုနေရာကနေမရွှေ့ခဲ့ချေ။ သူက ပေါက်စီကို တစ်ကိုက်ကိုက်ကာ ၎င်းတို့ကိုကြည့်နေသူများအား အာရုံထဲထည့်မနေခဲ့ပေ။ "ဒီကနေသွားရင် ရှန်းဝူလမ်းကိုရောက်လား။" သူက ကျောင်းဟွေးကိုမေးလိုက်၏။

"ရောက်တော့ရောက်နိုင်ပေမဲ့ သွားရတာ လွယ်မှာမဟုတ်ပါဘူး။ လမ်းကြိုလမ်းကြားလေးတွေမှာ ရေဆိုးမြောင်းတွေရှိတယ်။ လမ်းကျဥ်းလေ ရေညစ်တွေစုလာပြီး ပိုညစ်ပတ်လေပဲ။ ချွိတူးရဲ့ရေဆိုးမြောင်းတွေကို ကောင်းကောင်းမထိန်းသိမ်းတာ နှစ်တော်တော်ကြာပြီလေ။ ပြီးတော့ ဒီနယ်မြေကလည်း မမှတ်မိနိုင်လောက်အောင် ဆုတ်ယုတ်နေတာ။ ရာသီဥတုပူနွေးလာပြီး နှင်းတွေအရည်ပျော်၊ မိုးတွေရွာတာနဲ့ ရေညစ်တွေက လမ်းမတွေပေါ်လွှမ်းသွားလိမ့်မယ်။ အဲ့လိုလမ်းမျိုးက သွားရတာချောမွေ့နေမယ်လို့ထင်ပါသလား။"

"ငါ မင်းကို မေးခွန်းတစ်ခုတည်းမေးလိုက်တာလေ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "အဖြေက ဘာဖြစ်လို့ အဲ့လောက်ထိ ရှည်လျားထွေပြားနေရတာလဲ။"

"ကျွန်တော်ဆိုလိုတာက သခင်လေး လမ်းကြောင်းမှန်ကနေ လျှောက်ဖို့ပြောချင်တာပါ။" ကျောင်းဟွေးက ပြောလိုက်၏။ "သခင်လေး၊ အရက်သောက်ဖို့က ဆိုင်းငံ့ထားလို့ရပါတယ်။ တကယ်လို့ သခင်လေးသာ ဖြတ်လမ်းကသွားမယ်ဆို အဆုံးသတ်မှာ ပိုပြီးတောင် မြန်မြန်ရောက်နိုင်တယ်။"

"ထူးဆန်းတယ်။ ကောချင်းချင်းလို့ခေါ်တဲ့တစ်ယောက် ဒီနေ့ ရုံးတော်ဆယ့်နှစ်ခုမှာတာဝန်ကျလားဆိုတာ သွားစုံစမ်းလိုက်။" ရှောင်းချီရယ်က လက်သုတ်ကာ ကျောင်းဟွေးကို ငွေပေးချေရန်အချက်ပြလိုက်သည်။ "ဟေး၊ လူအိုကြီး၊ ခင်ဗျား လုပ်ငန်းအသစ်ပြောင်းရင် ပိုကောင်းမယ်။ ခင်ဗျားရဲ့ပေါက်စီတွေက အရသာဆိုးဝါးလွန်းတယ်။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment