အပိုင်း (၄၅) - သည်းထန်စွာရွာသောမိုး (၁)
အမဲလိုက်ကွင်း၏မြက်ခင်းပြင်တစ်လျှောက် လေပြင်းများတိုက်ခတ်လာ၏။ မီးတောက်ကြီးများ တဖျပ်ဖျပ်တောက်လာသည်နှင့်တစ်ပြိုင်နက် ဓါးသွားချင်းတိုက်ခတ်သံတို့ ထွက်ပေါ်လာခဲ့သည်။
စားသောက်ပွဲက ကမောက်ကမဖြစ်သွား၏။ ဟိုင်လျန်းယိက မြေပြင်ကနေ ကုန်းရုန်းထလိုက်သည်။ မမျှော်လင့်ထားသော စွမ်းအင်များနှင့်အတူ သူက ဖန်းရူကွေ့ကို ခေါင်းဖြင့်ဝင်တိုက်ကာ အော်ပြောလိုက်သည်။
"ဝှေးသင်းထားတဲ့သစ္စာဖောက်ကောင်! ငါ့အရှင်ကို မထိနဲ့!"
လီကျန်းဟန်က မြင်းပေါ်ရောက်သွားပြီး အေးစက်သောသံမဏိဓါးများ၏ တဖျပ်ဖျပ်အလင်းတန်းများကိုကြည့်ရင်း တစ်ကိုယ်လုံးတုန်ယင်နေလေ၏။ သူက မြင်း၏လည်တိုင်ကိုပွေ့ဖက်ထားရင်း မျက်လုံးစုံမှိတ်ကာ အော်ခေါ်လိုက်သည်။
"ချဲ့အန်း၊ ချဲ့အန်း၊ ငါ့ကိုကယ်ပါဦး!"
ရုတ်တရက်ဆိုသလို ရှောင်းချီရယ်က ကျိလေ၏ကျောကိုကန်ကာ ဆုတ်ခွာလိုက်၏။ သူက အနောက်ကိုတောင်လှည့်မကြည့်ဘဲ သူ့အနောက်ကနေ ချောင်းမြောင်းတိုက်ခိုက်လာသော တော်ဝင်အစောင့်တပ်သားကို လက်နောက်ပြန် ဓါးဖြင့်ထိုးသွင်းကာ တစ်ဖက်လူ၏အသက်ကို နှုတ်ယူလိုက်သည်။ ပူနွေးနွေးသွေးများက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းအနှံ့ ပန်းထွက်လာ၏။ သူက လန်လိဓါးကို ပြန်ဆွဲထုတ်လိုက်ပြီး ရှေ့ကို ခြေနှစ်လှမ်းလောက်ဆက်လှမ်းကာ သူ့ဆီကိုပြေးဝင်လာသော မဟာတပ်ရင်းရှစ်ခု၏တပ်သားကို မြေပြင်ပေါ်လှဲသိပ်လိုက်သည်။
ချန်းယန်က မြင်းပေါ်ကို တက်လိုက်ပြီး လီကျန်းဟန်ကို အားဖြင့်ဆွဲထူ၍ လေချွန်ကာ ချူးဘုရင်၏အစောင့်များကို အော်ပြောလိုက်သည်။
"အရှင့်သားကိုကာကွယ်ဖို့ ငါ့နောက်လိုက်ခဲ့။ ငါတို့ အရှေ့ဘက်ကနေ ဖောက်ထွက်ကြမယ်!"
မြင်းများ မလှုပ်ရှားနိုင်ခင် ကျိလေက အေးစက်သောအသံဖြင့် ပြောလိုက်သည်။
"သူ့ကို တားကြ-"
ကျိလေ၏စကားအဆုံးမသတ်ခင် သူ့ဆီကို ဓါးသွားတစ်လက်ရောက်လာကြောင်း မြင်လိုက်ရ၏။ သူက ထိုဓါးသွားကိုတားဆီးရန် သူ၏ဓါးကို အလျားလိုက်မြှောက်လိုက်သည်။ ရှောင်းချီရယ်၏တိုက်ကွက်ကြောင့် နောက်အခိုက်အတန့်၌ သူ၏လက်မောင်းနှစ်ဖက်လုံး နာကျင်ကာ ထုံထိုင်းလာပြီး လေးလံစွာနစ်မြုပ်သွားခဲ့သည်။ ဖိအားအောက်မှာ သူ၏ခြေထောက်များက တုန်ယင်လာပြီး ကျိလေ၏လည်ချောင်းကနေ ညည်းတွားသံများ ထွက်ပေါ်လာခဲ့သည်။ သူက အံ့အားသင့်စွာဖြင့် သူ့အရှေ့ကိုသာ စိုက်ကြည့်နေခဲ့မိသည်။
ရှောင်းအာ့!
[TN/ ရှောင်းချီရယ်ကို ကုန်းကျစ်မထည့်ဘဲ ရှောင်းအာ့လို့လည်း ခေါ်ကြပါတယ်။]
"မင်းက အဆုံးသတ်မှာ အခြေအနေတွေကိုစွန့်စားဖို့အတွက် တုံးအချင်ယောင်ဆောင်နေတာပဲ။"
ကျိလေက ရုတ်တရက်ဆိုသလို ခြေထောက်ကိုကားလျက် ထိုင်ချလိုက်ပြီး ဓါးကို အားဖြင့်မြှောက်လိုက်သည်။ သူက ဒေါသတကြီးပြောလာ၏။
"ငါ မင်းကို အကဲဖြတ်မှားခဲ့တယ်!"
ဘေးတစ်ဖက်ကနေ လေပြင်းတစ်ချက်ဝှေ့တိုက်သွားပြီး ရှောင်းချီရယ်က တိုက်ကွက်ကိုရှောင်ရန် ဦးခေါင်းကိုလှည့်လိုက်သည်။ သူက သူ၏ဓါးသွားကို ညာဘက်သို့ ထောင့်ဖြတ်အတိုင်း လှုပ်ရှားလိုက်ရာ တောက်ပသောသွေးစီးကြောင်းတစ်ခုက ထိုလှုပ်ရှားမှုအတိုင်း လိုက်ပါလာခဲ့၏။ ထို့နောက် တစ်ဆက်တည်းဆိုသလို သူ၏ဓါးသွားက ကျိလေ၏ဓါးနှင့် တစ်ဖန်တိုက်မိသွားပြန်သည်။
ထိုစဥ် ငွေနှင်းဖြူက ပြေးဝင်လာပြီး စားပွဲများကိုဝင်တိုက်ကာ စားပွဲခင်းစတစ်ခုကို ကိုက်စွဲလျက် မီးပုံကိုဖြတ်၍ ဒုန်းစိုင်းနှင်လာ၏။ ထိုအခိုက်အတန့်၌ မီးတောက်ကြီးက တစ်ဟုန်ထိုးမြင့်တက်လာပြီး တဲများနှင့် မြက်ခြောက်များမှာ မီးစွဲသွားခဲ့သည်။ ငွေနှင်းဖြူက သူ့ကိုကျော်ဖြတ်သွားချိန်မှာပင် ရှောင်းချီရယ်တစ်ယောက် ၎င်း၏ကျောပေါ်သို့ ခုန်တက်လိုက်သည််။ သူ့ဓါးနှောင့်ဖြင့် ချူးဘုရင်စီးနင်းထားသောမြင်း၏တင်ပါးကို ပုတ်ကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
"သွားတာ့!"
"အရှင်မင်းမြတ်ကို ကာကွယ်ကြ!"
ရွှယ်ရှိုးကျော်က ခြေလှမ်းကျဲများဖြင့်သွားကာ ဟိုင်းလျန်းယိကိုဆွဲခေါ်လိုက်သည်။
"အကြီးအကဲဟိုင်! ကျွန်တော်တို့ အရှင်မင်းမြတ်ကို ကာကွယ်ဖို့သွားရအောင်!"
ရှန်သျယ်ဧကရာဇ်က မောဟိုက်နေ၏။ သူ၏နှုတ်ခမ်းနှင့် မျက်နှာက သွေးရောင်မရှိတော့ပေ။ ရွှယ်ရှိုးကျော်က ဆောင့်ကြောင့်ထိုင်ကာ ရှန်သျယ်ဧကရာဇ်ကို သူ့ပခုံးပေါ်တင်၍ ထိတ်လန့်တကြားဖြစ်နေသော အရပ်ဘက်အမတ်များနှင့်အတူ မီးထဲကနေထွက်ပြေးခဲ့သည်။
ရှီးကုအန်းက ၎င်းတို့နောက်ကိုလိုက်ချင်သော်လည်း ဟွားစစ်ချန်းက ချူးဘုရင်ကိုလက်ညှိုးထိုးကာ ပြောလိုက်သည်။
"အရှင်မင်းမြတ်ရဲ့ကံကြမ္မာက အဆုံးသတ်ကို မြင်နေရပြီးသား၊ ဒီတော့ သူ့ကို သတ်သတ်၊ မသတ်သတ် အရေးမကြီးဘူး။ ဒါပေမဲ့ ချူးဘုရင်ကတော့ ဒီနေ့ည သေမှဖြစ်မယ်! သူ လွတ်မြောက်သွားရင် မင်းနဲ့ငါက သစ္စာဖောက်တွေအဖြစ် နာမည်တပ်ခံရလိမ့်မယ်! ကျိလေ၊ တော်ဝင်အစောင့်တပ်ကို စုစည်းပြီး အမဲလိုက်ကွင်းကိုဝန်းရံဖို့ ထွမ်းချန်မြို့က မြို့စောင့်တပ်နှစ်ထောင်နဲ့ အင်အားပူးပေါင်းလိုက်။ မင်း ချူးဘုရင်ကို သေချာပေါက်သတ်မှဖြစ်မယ်! ရှီးကုအန်း၊ မင်းက နန်းမြို့တော်ကို အမြန်ဆုံးပြန်သွား! မဟာတပ်ရင်းရှစ်ခုနဲ့ ချွိတူးကိုကာကွယ်ဖို့ ဦးဆောင်လိုက်!"
ထိုအချက်ကို ပြောကြားနေသည့်အချိန်မှာ သူက စိတ်တည်ငြိမ်သွားပြီဖြစ်၏။
"ငါတို့လက်ထဲမှာ တော်ဝင်ဆက်ခံသူရှိသလို ဧကရီမယ်မယ်ကလည်း အမိန့်အာဏာကို ကိုင်ဆောင်ထားတယ်။ ချွိတူး ကမောက်ကမ'မဖြစ်သရွေ့ ချူးဘုရင် ဆုံးပါးသွားတယ်ဆိုရင်တောင် ချီကျူးယင်းက သူ(မ)သဘောအတိုင်း လက်လွတ်စပယ်လုပ်လို့ရမှာမဟုတ်ဘူး! ရှောင်းမျိုးနွယ်အတွက်ကတော့၊ အနာဂတ်မှာ သူတို့နဲ့ရင်ဆိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိလာဦးမှာပဲ!"
ရှောင်းချီရယ်၏ကိုယ်ပေါ်မှ သွေးနံများက ပို၍သိပ်သည်းလာ၏။ သူက သူ့လမ်းမှာရှိသမျှလူများအား သတ်ဖြတ်ရင်း နှုတ်ခမ်းများကို တင်းတင်းစေ့ပိတ်ထားခဲ့သည်။ သူ့လမ်းကို ပိတ်ဆို့ဝံ့သူမျှန်သမျှ မည်သည့်အဖွဲ့ကပဲဖြစ်နေပါစေ လန်လိဓါးက အဆုံးသတ်ပေးလိုက်မည်သာ!
လီကျန်းဟန်၏အစာအိမ်ထဲ ဗြောင်းဆန်လာ၏။ သို့သော် သူ နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး အန်မချလိုက်ရဲပေ။
ဘေးပတ်ပတ်လည်မှာရှိသော ကျန်နေသေးသည့်အစောင့်လေးဆယ်က ရှောင်းချီရယ်၏ ကိုယ်ပိုင်အစောင့်များဖြစ်သည်။ သူ့အောက်မှမြင်းကြီးက တစ်ခဏလေးတောင် ရပ်တန့်ခြင်းမရှိဘဲ ဒုန်းစိုင်းနင်လျက်ရှိသည်။ ၎င်းတို့အနောက်မှာ တော်ဝင်အစောင့်များက အပူတပြင်းလိုက်နေကြ၏။
၎င်းတို့၏အဖွဲ့ တောအုပ်၏အရှေ့သို့ ရောက်သွားချိန်၌ ရှောင်းချီရယ်က ရုတ်တရက် အမိန့်ပေးလိုက်သည်။ "လူစုခွဲမယ်!"
ထိုအစောင့်လေးဆယ်က ၎င်းတို့၏အစောင့်ဝတ်ရုံများကိုချွတ်လိုက်ရာ လီကျန်းဟန် လက်ရှိဝတ်ထားသောဝတ်ရုံနှင့် တူညီသောအဝတ်အစားများကို တညီတညွတ်တည်း တွေ့လိုက်ရလေ၏။ ထို့နောက် ကျယ်လောင်သောခွာသံများနှင့် အတန်းလိုက်အဖွဲ့ကြီးက ပျောက်ကွယ်သွားပြီး အမျိုးမျိုးသောဦးတည်ချက်များဖြင့် တောအုပ်ထဲ တိုးဝင်သွားခဲ့ကြသည်။
လပြည့်ဝန်းကို တိမ်မည်းများက ဖုံးကွယ်ထားသည့်အလျောက် ထိုကဲ့သို့အမှောင်ထုနှင့် အကွာအဝေးတစ်ခုခြာနေရာ ချူးဘုရင် မည်သည့်အရပ်သို့ထွက်ခွာသွားကြောင်းကို မည်သူမှ မပြောနိုင်ပေ။
ကျိလေက တောအုပ်အပြင်ဘက်၌ မြင်းဇတ်ကြိုးကိုဆွဲကာ ဦးခေါင်းကိုစောင်းငဲ့၍ တံတွေးထွေးလိုက်သည်။ ထို့နောက် သူက ကြမ်းကြုတ်စွာပြောလိုက်၏။
"အမဲလိုက်ကွင်းကို ဝိုင်းမယ်! နက်နက်နဲနဲတူးဆွပြီး သေချာရှာကြ! တကယ်လို့ မင်းတို့ ရှောင်းအာ့နဲ့တွေ့ခဲ့ရင် တစ်ယောက်ချင်းစီမတိုက်ကြနဲ့။ အနည်းဆုံး လူလေးယောက်နဲ့ သူ့ကိုဝိုင်းပြီးမှတိုက်ခိုက်ကြ!"
သစ်ကိုင်းများက သူ၏မျက်နှာကို အဆင်မပြတ်ရိုက်ခတ်နေပြီး လီကျန်းဟန်တစ်ယောက် နာကျင်လွန်းသဖြင့် သူ၏လက်မောင်းဖြင့် သူ့မျက်နှာကိုကွယ်ထားရသည်။ ပတ်ပတ်လည်မှ အစောင့်များက ပျောက်ကွယ်သွားပြီး သူ့နံဘေးမှာ ရှောင်းချီယယ်နှင့် ချန်းယန်တို့သာကျန်တော့သည်။
"မြင်းပေါ်ကဆင်းတော့။" ရှောင်းချီရယ်က လီကျန်းဟန်ကိုမကာ မြေပြင်ပေါ်ပစ်ချလိုက်ပြီး ချန်းယန်ထံလက်လွှဲလိုက်၏။
လီကျန်းဟန်တစ်ယောက် မြေကြီးများဖြင့်ပေကျံနေပြီး ငိုသံကြီးဖြင့် ပြောလိုက်သည်။ "ချဲ့အန်း၊ ချဲ့အန်း၊ မင်းဘာလုပ်မလို့လဲ။"
"အရှင့်သား၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကလိုက်ခဲ့ပါ။"
ချန်းယန်က လီကျန်းဟန်ကို ဆွဲထူပေးလိုက်၏။
"တောထဲမှာ မြင်းနဲ့ခရီးသွားတာက ထင်သာမြင်သာရှိလွန်းပါတယ်! တော်ဝင်အစောင့်တပ်သားတွေက ပိတ်ဆို့တဲ့နေရာနဲ့ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတွေပါ။ မြင်းစီးပြီးသွားတာက လှုပ်ရှားနေတဲ့ ပတ်မှတ်နဲ့မခြားပါဘူး။ ကျွန်တော်တို့ အဲ့ဒါကို မစွန့်စားနိုင်ပါဘူး!"
"ငါ မသွားဘူး!" လီကျန်းဟန်က ကြောက်ရွံ့စွာဖြင့် သူ့လက်ကိုဆွဲကာ တောင်းဆိုလာခဲ့သည်။ "ချဲ့အန်း၊ မင်းတစ်ယောက်တည်းကပဲ ငါ့ကို ကာကွယ်ပေးနိုင်မှာပါ!"
ရှောင်းချီရယ်ပြောလိုက်သည်။ "သူ့ကို သတိလစ်သွားအောင်လုပ်ပြီး သယ်သွားလိုက်!"
ထိုသို့ပြောကာ လီကျန်းဟန်၏အဖြေကို စောင့်မနေဘဲ သူ၏မြက်ူကိုပြန်လှည့်၍ တောနက်ထဲသို့ဝင်သွားခဲ့လေသည်။
***
Aurora Novel Translation Team