no

Font
Theme

အပိုင်း (၅၅) - လမ်းကြားထဲကအရက်သမား (၁)

ဧကရာဇ်အသစ်နန်းတက်ပြီးနောက် ချွိတူး၌ ဆောင်းဦးမိုးက မရပ်မနားကျဆင်းနေခဲ့သည်။ ဝမ်းနည်းကြောင်း အဖြူရောင်မီးပုံးများကို အိုဟောင်းနေသော အုတ်ကြွပ်အနက်များအောက်၌ ချိတ်ဆွဲထားကြ၏။ တစ်စုံတစ်ယောက်က တံတိုင်းပေါ်ကနေရပ်ကာ နန်းမြို့တော်ကို အပေါ်စီးကနေကြည့်လိုက်ပါက အေးစက်နေသောလေထုကို မြင်တွေ့ရလိမ့်မည်။

ဆောင်းဦးအမဲလိုက်ပွဲပြီးနောက် တော်ဝင်အစောင့်တပ်သားတိုင်း ၎င်းတို့၏တံဆိပ်ပြားများကို အသိမ်းခံခဲ့ရသည်။ ကျိလေနှင့် ချောင်ထျန်းယာတို့လို ပဉ္စမမြောက်အဆင့်နှင့် ၎င်း၏အထက်မှအရာရှိများအားလုံး အကျဥ်းချခံခဲ့ရ၏။ ဟွားစစ်ရှန်နှင့် ဖန်းရူကွေ့တို့နှင့်အတူ ၎င်းတို့ကို တရားစီရင်ရေးဌာနသုံးခုသို့ လွှဲပြောင်းပေးခဲ့သည်။

ရွှယ်ရှိုးကျော်ကို အခွန်ဘဏ္ဍာစိစစ်ရေးဌာနကနေ ပြောင်းရွှေ့ကာ တရားစီရင်ရေးဌာန၌ လက်ထောက်အမတ်အဖြစ် ရာထူးတိုးပေးခဲ့သည်။ ရာထူးအသစ်က အခွန်ဘဏ္ဍာစိစစ်ရေးဌာနမှ အကြီးအကဲထက် လုပ်ပိုင်ခွင့်နည်းသည်ဟုထင်ရသော်လည်း အမှန်မှာ ၎င်းက တရားစီရင်ရေးဌာနသုံးခု၏ ဗဟိုအုပ်ချုပ်ရေးတွင် ဝင်ရောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးလိုက်ခြင်းပင်။

ယခု သူက အမှုကိစ္စတိုင်းကို စစ်ဆေးပိုင်ခွင့်ရှိသည့်အပြင် တရားရေးရာဌာနနှင့် စောင့်ကြပ်စိစစ်ရေးဌာနတို့ဆီမှ အဆိုပြုချက်များကို စုံစမ်းစစ်ဆေးခြင်းနှင့် ငြင်းဆိုခြင်းများ၌လည်း ပါဝင်နိုင်သည့် အခွင့်အာဏာရှိပေသည်။

"ရွှယ်ရှိုးကျော်။"

ဧကရီမယ်မယ်ဟွားက သလွန်ပေါ်မှာ မှီထိုင်နေပြီး ကျောက်စိမ်းနက်ရောင်ဝေးချီကို ဘုတ်ပြားပေါ်ချလိုက်သည်။

"ဒီကလေးရဲ့နာမည်ကို နန်းလင်အမဲလိုက်ကွင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စမတိုင်ခင်က တစ်ခါမှမကြားခဲ့ဖူးဘူး။ ရွှယ်မျိုးနွယ်အတွက် သူက ဘယ်လိုလူမျိုးလဲ။"

အမွှေးအိုးကိုယပ်ခတ်ရင်း လျှိုရှန်းကူးကူ*က ပြန်ဖြေလာ၏။

"အရှင်မ၊ သူက ရွှယ်မျိုးနွယ်ရဲ့ တတိယသားပါ။ ကျွန်တော်မျိုးမလည်း သူ့နာမည်ကို တစ်ခါမှမကြားဖူးတာကြောင့် သူ့အကြောင်းကို အထူးတလှယ် စုံစမ်းခဲ့ပါတယ်။"

[TN/ ကူးကူ - အဖေရဲ့ညီမ၊ အန်တီလေး။ ဒီမှာကတော့ အထိန်းတော်သဘောမျိုးပါ။]

"ရွှယ်မျိုးနွယ်မှာ ထိုက်တန်တဲ့ဆက်ခံသူကို ရှာတွေ့သွားတဲ့ပုံပဲ။" ဧကရီမယ်မယ်က ပြောလာ၏။ "ဒီနှစ်တွေမှာ ယောင်ဝမ်းယွီက ထင်ရှားပေါ်လွင်လာတယ်။ နောက်ဆုံးတော့ အဲ့ဒီမြေခွေးအိုကြီး ဟိုင်လျန်းယိက အဲ့ဒီကောင်လေးကို အတွင်းဝန်အဖြစ် အကြံပြုမယ်လို့ထင်နေခဲ့တာ။ ဒါပေမဲ့ အဲ့ဒီအစား မထင်ရှားတဲ့ရွှယ်ရှိုးကျော်က ရှေ့တက်လာလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်ထားမိမှာလဲ။"

"ဒီရွှယ်ရှိုးကျော်က ကျွယ်ရှီးရဲ့ ပြည်နယ်အုပ်ချုပ်ရေးအမတ် ကျန်းချင်းရှန်းနဲ့ အရင်အင်အားပူးပေါင်းပြီးမှ အတွင်းဝန်အမတ်ဟိုင်ကို တိတ်တဆိတ် လာရောက်ထောက်ပံ့ခဲ့တာ။"

လျှိုရှန်းကူးကူက ပြောလာ၏။

"အခွန်ဘဏ္ဍာရေးဌာနရဲ့ စိစစ်ရေးမှူးချုပ်အနေနဲ့ သူက ဌာနခြောက်ခုမှာ အပြည့်အဝလုပ်ပိုင်ခွင့်ရှိတယ်။ အခု သူ့ကို တရားရီရင်ရေးဌာနရဲ့ လက်ထောက်အမတ်အဖြစ် ရာထူးတိုးပေးလိုက်တော့ သူ အတွင်းဝန်အမတ်ဟွားရဲ့အမှုကို ကိုင်တွယ်ရလောက်မှာပဲ။ သူက စိတ်ပိုင်းဖြတ်ထားပြီး ဒီကိစ္စကို အလွယ်တကူလွှတ်မပေးမှာကို စိုးရိမ်မိပါတယ်။"

"အခုချိန်မှာ ငါ အပြင်ထွက်လို့မရဘူး။"

ဧကရီမယ်မယ်က တွေးတွေးဆဆပြောလာ၏။

"ရွှယ်ရှိုးကျော်က ဒီအမှုကို စုံစမ်းစစ်ဆေးမယ်ဆိုရင်လည်း စစ်ဆေးပါစေ။ ဟွားမျိုးနွယ်က အရေးကြီးတဲ့အခိုက်အတန့်ကို ရောက်နေပြီ။ ငါ့ရဲ့အစ်ကိုကို သွားပြောလိုက်၊ ငါတို့မှာ ပြန်ထလာဖို့ မျှော်လင့်ချက်ရှိသေးတယ်ဆိုရင် သူ့ရဲ့ဆုံးရှုံးမှုတွေကို ဖြတ်တောက်ပစ်ဖို့ အသင့်ပြင်ထားဖို့လိုတယ်။"

လျှိုရှန်းကူးကူက ခေါင်းညိတ်အသိအမှတ်ပြုကာ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။

...

ရှန်ဇယ်ချွမ်းက သူ၏ထီးပေါ်ကနေ မိုးရေစက်များကို ခါချလိုက်ပြီး ခြံဝန်းထဲမှ ပြိုကျလုနီးပါး ယိုယွင်းနေသောစင်ဝင်အောက် ဝင်ထိုင်လိုက်သည်။ တစ်နာရီမပြည့်ခင် ထီးအောက်မှ ရှီးဟုန်ရွှမ်း၏ခပ်ဝဝပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး တံခါး၏အခုံးကနေ ခြေလှမ်းကျဲများဖြင့် ချဥ်းကပ်လာခဲ့သည်။

"ဒီရက်ပိုင်းမှာ သူလျှိုတွေ သိပ်များတာပဲ။ ငါ့မှာ မနည်းလစ်ထွက်လာခဲ့ရတယ်။" ရှီးဟုန်ရွှမ်းက သူ၏အဝတ်စိုများကို ခါလိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလာ၏။ "ငါ့ကိုခေါ်လိုက်တာ အရေးကြီးကိစ္စတစ်ခုခုရှိလို့လား။"

"ရှီးကုအန်းက အကျဥ်းထောင််ထဲမှာ။" ရှန်ဇယ်ချွမ်းကညပြောလိုက်သည်။ "ခင်ဗျားတောင့်တခဲ့တဲ့ဆန္ဒက မျက်စိရှေ့မှာ ရှိနေတယ်ဆိုပေမဲ့ ခင်ဗျားက ဘာမှမလှုပ်ရှားသေးဘူး။ ဘာလဲ၊ သူ ပြန်တိုက်ခိုက်လာပြီး ခင်ဗျားရဲ့အစီအစဥ်တွေကို နှောင့်ယှက်မဲ့အချိန်ထိ စောင့်နေတာလား။"

"သူ့ကို သေဒဏ်ချတော့မှာပဲလေ။" ရှီးဟုန်ရွှမ်းက ပြောလာ၏။ "အခု ထပ်လောင်းလှုပ်ရှားမှုတွေက မြွေတစ်ကောင်ပေါ် ခြေထောက်တွေဆွဲပေးသလို ဖြစ်နေမှာမဟုတ်ဘူးလား။"

"ဒီလောကမှာ ဘယ်အရာကမှ မသေချာဘူး။" ရှန်ဇယ်ချွမ်း၏မျက်နှာပေါ်၌ အရယ်အပြုံးတို့မရှိပေ။ "အခြေအနေက အရေးကြီးလေ၊ ခင်ဗျား သတိလက်လွတ် နေလို့မရလေပဲ။ သူ အသက်ရှင်နေသရွေ့ ဒီအရာကနေ ရှင်သန်နိုင်မဲ့အခွင့်အရေးက ရှိနေဦးမှာ။"

ရှီးဟုန်ရွှမ်းက သူ၏ဘေးတစောင်းပုံရိပ်ကို ကြည့်လိုက်သည်။ "ဟွားမျိုးနွယ်ရဲ့အမှုကို တရားစီရင်ရေးဌာနသုံးခုဆီ လက်လွှဲလိုက်ပြီ။ စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာ လှုပ်ရှားဖို့အတွက် မင်း ဘယ်လိုစီစဥ်မှာလဲ။"

"ကျွန်တော်က ဘာလှုပ်ရှားမှုကိုမှ မလုပ်ဘူး။" ရှန်ဇယ်ချွမ်းက တစ်ချက်ကြည့်လာ၏။ "ရှီးကုအန်းက နှစ်ပေါင်းများစွာတိုင်အောင် ဟွားမျိုးနွယ်ရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့တာ။ သူ တာဝန်ထမ်းဆောင်ခဲ့စဥ်အတွင်း သူ့ရဲ့ပြစ်မှုတွေက ရေတွက်လို့တောင်မနိုင်ဘူး။ ဒါပေမဲ့ တရားရေးရာဌာနဆီ မှန်ကန်တဲ့အရာတွေကို တင်သွင်းတော့မှသာ သူ သေဒဏ်ကျလိမ့်မယ်။"

"ဧကရာဇ်ရှေ့မှာ လက်နက်ကိုင်ဆောင်တာ၊ အိမ်ရှေ့စံကို ဝန်းရံတိုက်ခိုက်တာ - အဲ့ဒီနှစ်ခုနဲ့တင် သူ့ကို သေဒဏ်ချဖို့ လုံလောက်တယ်မဟုတ်ဘူးလား။"

"မဟာတပ်ရင်းရှစ်ခုရဲ့ တပ်မှူးချုပ်အနေနဲ့ သူက ဧကရာဇ်ရှေ့မှာ ဓါးကိုကိုင်ဆောင်ခွင့်ရှိတယ်။ အိမ်ရှေ့စံကို ဝန်းရံတိုက်ခိုက်တဲ့ကိစ္စက သူနဲ့မဆိုင်ဘူး။ သူက တစ်ခုခုမူမမှန်တာကို သိလိုက်ရလို့ နန်းမြို့တော်ကိုပြန်ပြီး တပ်ကူသွားတောင်းတာလို့ ပြောလိုက်နိုင်တယ်။ ဧကရာဇ်အသစ်က တော်ဝင်စစ်တပ်ကို သတိထားနေတာ။ သူက ဟွားမျိုးနွယ်ကို ဖြုတ်ချလိုက်တာ မှန်တယ်။ ဒါပေမဲ့ အဲ့ဒါကိုက သူ တခြားမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး အကူအညီလိုအပ်နေတဲ့အချိန်ပဲ။ အဲ့ဒါနဲ့ပတ်သက်လာရင် သူက ကြောက်တတ်တယ်။ ဒါပေမဲ့ သူ့ကိုစစ်တေးဖို့ အချိန်ပိုကြာလေ ရှီးကုအန်းသေဖို့က ပိုခက်လေပဲဖြစ်လိမ့်မယ်။"

ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။

"ရှီးကုအန်း အသက်ရှင်နေသရွေ့ ခင်ဗျားက ဘယ်တော့မှ အလင်းရောင်ထဲခြေချလို့မရတဲ့ 'ဒုတိယရှီး' ပဲဖြစ်နေမှာ။"

ထိုအခါ ရှီးဟုန်ရွှမ်းက မေးလိုက်သည်။ "မင်း ဘယ်လိုလုပ်ဖို့စီစဥ်ထားလဲ။"

"ရှီးကုအန်းက ရှန်သျယ်စတုတ္ထနှစ်မြောက်မှာ မဟာတပ်ရင်းရှစ်ခုမှာတာဝန်ကျတယ်။ လေးနှစ်အတောအတွင်း မဟာတပ်ရင်းရှစ်ခုက စစ်ရေးထောက်ပံ့ကြေးစုစုပေါင်း ကိုးသန်းကျော်ရခဲ့တယ်။ ဒါပေမဲ့ စာရင်းမှတ်တန်းထဲမှာ ခုနစ်သန်းပဲ အသုံးစရိတ်ရှိတယ်။ ကျန်တဲ့နှစ်သန်းကရော?" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "သူတို့က ရှီးကုအန်းလက်ထဲမှာ ပျောက်ကွယ်သွားတာ။"

"စာရင်းစာအုပ်တွေ စစ်ဆေးရတာက ရွှယ်ရှိုးကျော်ရဲ့အလုပ်ပဲ။"

သူက ဆက်ပြောလိုက်သည်။

"သူ စစ်ဆေးတာနဲ့ ပျောက်နေတဲ့ရန်ပုံငွေတွေကို ပိုလို့တောင်ရှာတွေ့လာနိုင်တယ်။ ဖန်းရူကွေ့နဲ့ ဟွားစစ်ချန်းက လောဘကြီးပြီး အကျင့်ပျက်ခြစားတော့ သူတို့ကိုယ်တိုင်အတွက် ပမာဏအများကြီးကို ယူနိုင်တယ်။ ဒါပေမဲ့ ရှီးကုအန်းက လောဘကြီးဖို့မဖြစ်နိုင်ဘူး။ သူက ချွိတူးကိုကာကွယ်ဖို့နဲ့ ကင်းလှည့်ဖို့ အရေးကြီးတဲ့တာဝန်ယူထားတဲ့ မဟာတပ်ရင်းရှစ်ခုရဲ့ဇတ်ကြိုးကို ဆုပ်ကိုင််ထားတာ။ သူသာ ငွေတွေဘယ်ရောက်သွားလဲ ရှင်းမပြနိုင်ရင် တစ်စုံတစ်ယောက်က သူ့ကို မဟာတပ်ရင်းရှစ်ခုရဲ့ အရင်းအမြစ်တွေကိုအသုံးချပြီး သူ့ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်နေတယ်လို့ သံသယဝင်နိုင်တယ်။"

"ကိုယ်ပိုင်စစ်တပ်?" ရှီးဟုန်ရွှမ်း၏ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများထသွား၏။

"သူက ကောင်းကင်သားတော်ရဲ့နံဘေးမှာ ရပ်ရတယ်။ အဲ့လိုစစ်တပ်တစ်ခုကို ထူထောင်ဖို့အတွက် တခြား ဘာအကြောင်းအရင်းရှိနိုင်မှာလဲ။" ရှန်ဇယ်ချွမ်းက ပြောလိုက်၏။

"မဖြစ်နိုင်တာ!" ရှီးဟုန်ရွှမ်းက ငြင်းဆိုလိုက်၏။ သူက သူ့မျက်နှာပေါ်မှချွေးများကိုသုတ်လိုက်သည်။ "မင်းငါ့ကို အရူးလို့ထင်နေတာလား။ ဟွားမျိုးနွယ်နဲ့ ပူးပေါင်းတာကိုမေးခွန်းထုတ်ရင် သေရမဲ့သူက သူတစ်ယောက်တည်း။ ဒါပေမဲ့ ပုန်ကန်မှုဖြစ်နေရင် ငါ့တစ်မိသားစုလုံး သေရမှာ! ဒါက မျိုးနွယ်တစ်ခုလုံးကို ကွပ်မျက်လိုက်လို့ရတဲ့ ပြစ်မှုနော်!"

ရှန်ဇယ်ချွမ်းက ကျယ်လောင်စွာရယ်လိုက်ပြီး အသံကိုနှိမ့်လိုက်သည်။ "မင်းဆက်အပြောင်းအလဲက အမတ်တွေပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါ ခင်ဗျားအတွက် ဧကရာဇ်အသစ်ရဲ့ရှေ့မှောက်မှာ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်စေနိုင်မဲ့ အဖိုးတန်အခွင့်အရေးတစ်ခုပဲ။ ခင်ဗျား ထင်ပေါ်စေဖို့အတွက် ရှီးကုအန်းက သူ့ဘဝကို ဂုဏ်ပြုလက်ဆောင်အဖြစ် ခင်ဗျားကိုပေးနေတာ။"

"မင်းက ငါ့ကို..." ရှီးဟုန်ရွှမ်းက ရှန်ဇယ်ချွမ်းကိုစိုက်ကြည့်ကာ ရယ်မောလိုက်သည်။ "မင်းက တကယ်ကို ရက်စက်တဲ့သူပဲ။ ဧကရီမယ်မယ်က မင်းအသက်ကို နှစ်ကြိမ်ကယ်ခဲ့ပေမဲ့ မင်းက အဲ့ဒီကြင်နာမှုကို ပြန်ပေးဆပ်ဖို့ အစီအစဥ်မရှိဘူးပဲ။"

"ကြင်နာမှု၊ ဟုတ်လား။" ရှန်ဇယ်ချွမ်းက သူ၏ထီးကိုကောက်ယူလိုက်၏။ "သတ်ပြီးမှ ပြန်ပေးဆပ်ရင်လည်း နောက်မကျသေးပါဘူး။ ပြီးတော့ ဒါက ရှောင်းနဲ့ ဟွားကြားက အာဏာတိုက်ပွဲလေ၊ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။"

ထိုသို့ပြောကာ သူက ထီးဖွင့်လိုက်ပြီး ရှီးဟုန်ရွှမ်းကိုခေါင်းညိတ်ပြ၍ မိုးသည်းညထဲ လျှောက်လာခဲ့လေ၏။ ရှီးဟုန်ရွှမ်းတစ်ယောက်တည်း စင်ဝင်အောက်မှာကျန်နေခဲ့ပြီး ရှန်ဇယ်ချွမ်း ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။ သူ၏နောက်ကျောကို သူ့ဘာသာသူ ထိကြည့်လိုက်ချိန်၌ ချွေးအေးများဖြင့် စိုရွှဲနေကြောင်း တွေ့လိုက်ရသည်။

...

ရက်အနည်းငယ်ကြာပြီးနောက် တရားစီရင်ရေးဌာနက ဆောင်းဦးအမဲလိုက်ပွဲကိစ္စကို ပြန်လည်စစ်ဆေးခဲ့သည်။

တရားစီရင်ရေးဌာန၏ အမတ်ချုပ်ဖြစ်သည့် ကျန်းရှဲ့က သဘာပတိတရားသူကြီးအဖြစ်် ဆောင်ရွက်ကာ ဟိုင်လျန်းယိက ကြီးကြပ်ရေးမှူး၊ ရွှယ်ရှိုးကျော်က လက်ထောက်တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ စောင့်ကြပ်စိစစ်ရေးဌာနကနေ စစ်ဆေးပြီး တိုင်းပြည်ရေးဂိုဏ်းကဏ္ဍခွဲများ ဖွဲ့စည်းခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် တိုင်းပြည်အတွက် ခြိမ်းခြောက်မှုဖြစ်စေခြင်း စသည့်စွဲချက်များဖြင့် တရားစီရင်ရေးဌာနသို့ တင်ပြလာသည့် ကြီးလေးသောအမှုဖြစ်သည်။

၎င်းတို့ထဲမှ တိုင်းပြည်ရေးဂိုဏ်းကဏ္ဍခွဲများ ဖွဲ့စည်းခြင်းစွဲချက်က ဌာနကြီးခြောက်ခုမှ အရပ်ဘက်အမတ်မင်းများကြား ထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဟွားအိမ်တော်သို့ သွားရောက်လည်ပတ်ခဲ့သူများ သို့မဟုတ် ဟွားစစ်ချန်းနှင့် ဖန်းရူကွေ့တို့ဆီကနေ အကြံပြုချက်များရရှိခဲ့သူများမှာ သတိထားနေကြရ၏။ မရေမတွက်နိုင်သော အရာရှိများမှာ ရှေ့တက်ကာ ဟွားစစ်ချန်းနှင့် ဖန်းရူကွေ့တို့အား အပြစ်တင်ဝေဖန်ခဲ့ကြပြီး အားလုံးက ၎င်းတို့၏သစ္စာရှိမှုကို သံသယဝင်ခံရမည့်အရေးကနေ ရှောင်ရှားနိုင်ဖို့ မျှော်လင့်နေကြ၏။

ကံမကောင်းစွာဖြင့် လျှောက်တင်ချက်မျိုးစုံက လီကျန်းဟန်အား ခေါင်းကိုက်ဝေဒနာကို ဖြစ်ပေါ်စေခဲ့သည်။ သူက အချိန်ကြာမြင့်စွာ ငြိမ်ငြိမ်လေးထိုင်နေတတ်သူမဟုတ်ပေ။ သို့သော်လည်း တိုင်းပြည်၏ ဝမ်းနည်းပူဆွေးနေချိန်အတောအတွင်း သူ လျှောက်မလုပ်ရဲပေ။ ထိုနေ့ညက ဟိုင်လျန်းယိ ဟွားစစ်ချန်းနှင့် ထိပ်တိုက်တွေ့ခဲ့ချိန်ကို သူ ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အကျိုးဆက်အနေဖြင့် သူ ထိုလူကြီး(ဟိုင်)ကို အလွန်ကြောက်ပေသည်။

အတွင်းဝန်အမတ်ဟိုင်က စည်းကမ်းတင်းကျပ်ပြီး အလျော့အတင်းမရှိပေ။ သပ်သပ်ရပ်ရပ်ရိတ်သင်ထားသော သူ၏မုတ်ဆိတ်မွေးက သူ့ဝတ်ရုံအရှေ့ရှိ ဒုတိယကြယ်သီးအောက်တွင် အမြဲတမ်းသပ်ရပ်စွာ တွဲလောင်းကျနေပြီး၊ သူ၏ခေါင်းဆောင်းက အမြဲတမ်းနေရာတကျရှိကာ၊ သူ၏ဆံပင်ကိုလည်း သေသပ်စွာဖြီးသင်ထားသည်။ နွေရာသီ၏အပူဆုံးအချိန်များ၌ သူက သူ၏နေအိမ်မှာတောင် ဝတ်ရုံကိုလှပ်မထားတတ်သလို အအေးဆုံးဆောင်းရာသီလများတွင်လည်း ညီလာခံတက်သည့်အခါ သူ၏လက်များကို ဝတ်ရုံလက်ထဲထည့်၍ အနွေးမပေးတတ်ပေ။ သူ မတ်တတ်ရပ်နေချိန်မှာ တောင်ကမ်းပါးပေါ်ရှိ မြင့်မားသော ထင်းရှူးပင်ကဲ့သို့ဖြောင့်တန်းနေပြီး သူလမ်းလျှောက်သောအခါ တိတ်ဆိတ်သော ချိုင့်ဝှမ်းကိုဖြတ်၍ တိုက်ခတ်လာသော လေပြင်းကဲ့သို့ပင်။ သူက အလုပ်မှာ ဘယ်သောအခါမျှ ပေါ့ဆမှုမရှိဘဲ အမှုတစ်ခု၏ အသေးစိတ်အချက်အလက်များကို သုံးရက်သုံးညလုံး ပင်ပန်းနွမ်းနယ်သည့် အရိပ်မယောင်တို့မပြသဘဲ အာရုံစူးစိုက်စွာ နားထောင်နိုင်ပေသည်။

လီကျန်းဟန်က တစ်ရက်တာကို လျှောက်သွားပျော်ပါးကာ အချိန်ဖြုန်းတတ်သူဖြစ်သည်။ သူ့ခမျာ ထိုကဲ့သို့ ဖြောင့်မတ်မှန်ကန်သည့် ပညာရှိအမတ်ကို တွေ့လိုက်ရသောအခါ ဒူးများမခိုင်တော့သည်အထိ ဖြစ်သွားလေ၏။

သို့သော် ဟွားမျိုးနွယ်၏အမှုကြောင့် ဟိုင်လျန်းယိက အမျိုးမျိုးသော အသေးစိတ်အချက်အလက်များကို သူ့ထံသတင်းပို့ရန် အမြဲမပြတ်ရောက်ရောက်လာတတ်သည်။ လီကျန်းဟန်တစ်ယောက် မင်လိခန်းမဆောင်ရှိ နဂါးပလ္လင်က အလွန်မာကြောကာ အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းကြောင့် သူတင်ပါးများ နာကျင်လာသည်ဟု ခံစားနေရသဖြင့် နူးညံ့သောအခင်းများစွာကို ခင်းပေးဖို့ အမိန့်ပေးလိုက်သည်။ ဟိုင်လျန်းယိက ၎င်းကို မြင်လိုက်ရသောအခါ အပြင်းအထန် အပြစ်တင်ခဲ့ပြီး သူ့အား တည်တည်ကြည်ကြည်နေဖို့ အကြံပေးခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment