no

Font
Theme

အပိုင်း (၆၃) - တောင်ပေါ်မှညတစ်ည (၁)

ရေမျက်နှာပြင်ပေါ်မှာ မြူခိုးများရစ်သိုင်းနေပြီး မိုးရေစက်သံများက လေထုထဲပျံ့လွင့်နေသည်။

ရှန်ဇယ်ချွမ်းက ရေပူစမ်းထဲဝင်ရန် ကွေးညွတ်လိုက်သည်နှင့် ရှောင်းချီရယ်တစ်ယောက် တစ်ဖက်လူ ခါးနှင့် တင်ပါးများ လှုပ်ရှားလိုက်တိုင်း ပို၍ထင်ရှားလာသော ကောက်ကြောင်းများကို ရှင်းလင်းစွာမြင်တွေ့လိုက်ရ၏။ ကြွက်သားတောင့်တင်းသန်မာသော်လည်း သိသိသာသာမဟုတ်ပေ။ သူက သိုင်းပညာလေ့ကျင့်ခဲ့သူနှင့် မတူသလို ရှောင်းချီရယ်၏အမြင်မှာလည်း သူက ခြိမ်းခြောက်နိုင်သည့်ပုံမပေါ်ချေ။

ရှန်ဇယ်ချွမ်းက သူ့ဘာသာသူ ရေပူစမ်းထဲဝင်သွားပြီး မိုးရေကြောင့် အေးခဲနေသော သူ၏ခြေထောက်များက တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။ ရှောင်းချီရယ်က ရေထဲဆင်းလိုက်ပြီး တစ်ဖက်လူနှင့် အဝေးဆုံးရောက်နိုင်သည့်နေရာမှာ မှီလိုက်၏။

"ခင်ဗျား ဘာလို့ အဲ့ထိရောက်သွားတာလဲ။" ရှန်ဇယ်ချွမ်းက မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။

"ငါနေချင်လို့ပေါ့။" ရှောင်းချီရယ်က ရေစိုလက်ကိုင််ပဝါတစ်ထည်ကို အကြမ်းဖျင်းခေါက်ကာ မျက်လုံးများကိုဖုံးအုပ်လိုက်ပြီး ရေပူစမ်း၏ဘောင်ပေါ် လက်မောင်းနှစ်ဖက်တင်၍ ရှန်ဇယ်ချွမ်းကို မြင်ကွင်းကနေပိတ်ဆို့လိုက်သည်။ သို့သော် အခိုက်အတန့်တစ်ခုကြာပြီးနောက် သူက တစ်စုံတစ်ခုမှားယွင်းသည်ဟု ခံစားလိုက်ရပြီး လက်ကိုင်ပဝါကိုဖယ်ရှားကာ ရှန်ဇယ်ချွမ်းကို စူးစိုက်ကြည့်လိုက်သည်။ စောစောက ရှန်ဇယ်ချွမ်း၏အမြင်မှာ ရှောင်းအာ့သည် သူ၏သိမ်းငှက်နှင့် အလွန်တူပေ၏ - သာသာလေးပွတ်သပ်လျှင်တောင် ခြေသည်းများထွက်လာတော့မလိုပင်။

"ခင်ဗျားက ဘာကိုကြည့်ချင်တာလဲ။" ရှန်ဇယ်ချွမ်း၏အမူအရာက နွေဦးလေပြည်ကဲ့သို့ ပျော့ပျောင်းနေ၏။ လမ်းပေါ်မှာ သကြားလုံးစားနေသောကလေး၏ မြှောက်ပင့်ပြောဆိုနေသော လေသံကဲ့သို့ ပြောလိုက်သည်။ "ကျွန်တော့်ကိုပြောလေ၊ ကျွန်တော် ပြမှာပေါ့။"

ရှောင်းချီရယ်က ခြေထောက်တစ်ဖက်ကွေးညွတ်ကာ ခါးမှာကျန်သည့် တစ်ခုတည်းသောအဝတ်အား လုံခြုံအောင်ဆွဲဖုံးလိုက်၏။ "ငါ ခံစားကြည့်ပြီးသွားပြီ။"

ရှန်ဇယ်ချွမ်းက ရေထဲသို့ ခပ်နက်နက်နစ်မြုပ်ထားပြီး ရေမျက်နှာပြင်ပေါ်မှာ သူ၏မျက်လုံးတစ်စုံကိုသာချန်ကာ သူ့ကိုစောင့်ကြည့်နေခဲ့သည်။

စေ့စေ့စပ်စပ်စစ်ဆေးခြင်းက ရှောင်းချီရယ်ကို ပိုလို့တောင်် ကသိကအောက်ဖြစ်စေခဲ့သည်။

သူ၏မေးစေ့ကို ရေမျက်နှာပြင်ပေါ် အနည်းငယ်ဖော်လိုက်ပြီး ရှန်ဇယ်ချွမ်းတစ်ယောက် ပြောလိုက်၏။ "စောစောက ခင်ဗျား တော်တော်လေး စိတ်အခြေအနေကောင်းနေခဲ့တာပါ။ ဘာလို့ ရုတ်တရက်ကြီးပြောင်းလဲသွားတာလဲ။"

"ငါ စိတ်အခြေအနေ ကောင်းနေတုန်းပဲ။ အဲ့ဒါကြောင့် မင်း ပါးစပ်ပိတ်ပြီး ရေစိမ်လို့ရတယ်၊ စကားပြောစရာမလိုဘူး။" ခဏကြာပြီးနောက် သူက ထပ်ပြောလိုက်သည်။ "ငါ့ကို အဲ့လိုမော့ကြည့်နေတာကို ရပ်လိုက်လို့ရမလား။"

ရှန်ဇယ်ချွမ်းက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ ရေစက်များက သူ့ရင်ဘတ်ကောက်ကြောင်းပေါ် စီးကျနေပြီး သူ၏ဆံနွယ်များက ရေထဲမှာ မင်ကဲ့သို့ ပြန့်ကျဲနေသည်။ ထူထဲသိပ်သည်းသော မြူခိုးများကြားမှ ထွက်ပေါ်လာသော တံတိုင်းမွှေးပန်းကဲ့သို့ပင်။

ရှောင်းချီရယ်တစ်ယောက် ထပ်ပြီးသည်းမခံနိုင်တော့ပေ။ သူ အဘယ့်ကြောင့် ပန်းတစ်ပွင့်ကို တွေးမိသွားသနည်း။ သူက မျက်လုံးကျယ်ကျယ်ဖွင့်ကာ စောင့်ကြည့်နေစဥ် ရှန်ဇယ်ချွမ်းက တဖြည်းဖြည်းနီးကပ်လာခဲ့သည်။ သူ(ရှန်) သူ့နံဘေးမှာ ဝင်ထိုင်လိုက်သည့်အခါ ရှောင်းချီရယ်တစ်ယောက် သူ၏ရနံ့ကို ရလိုက်သည်။

ပျော့တယ် - အရမ်းမမွှေးဘူး။ သူ ထပ်ပြီးအနံ့ခံချင်တယ်။

ရှောင်းချီရယ်က အနောက်ဘက်ကို လက်ဆန့်လိုက်ပြီး အဝတ်ချိတ်စင်မှ အဝတ်ကိုဆွဲယူကာ သူ၏ပေါင်ကိုဖုံးအုပ်လိုက်သည်။ သူက ရှန်ဇယ်ချွမ်းကို တည်ငြိမ်စွာကြည့်လိုက်၏။ "ဘာလဲ။ အံ့အားသင့်သွားတာလား။ အာ့ကုန်းကျစ်ရဲ့ ဆွဲဆောင််မှုရှိတဲ့မြင်ကွင်းကိုမြင်ပြီး မင်း ရယ်စရာကောင်းတဲ့အတွေးတွေဝင်လာမှာစိုးလို့ ငါ အုပ်ပေးလိုက်တာ။"

ရှန်ဇယ်ချွမ်းက မျက်နှာအောက်သိုးသိုးဖြင့် ပြောလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်..."

ရှောင်းချီရယ် ငုံ့ကြည့်လိုက်သောအခါ သူ စိတ်ပျံ့လွင့်နေချိန် ရှန်ဇယ်ချွမ်း၏ဝတ်ရုံကို မှားပြီးဆွဲယူလာမိကြောင်း သတိပြုမိလိုက်သည်။

"...ကျွန်တာ့်အဝတ်တွေကို လျှော်ပေးလို့။" ရှန်ဇယ်ချွမ်းက အဆုံးသတ်လိုက်၏။ "ကျွန်တော် မနက်ဖြန်အထိ ဒီထဲမှာစိမ်နေရတော့မယ်ထင်တယ်။" အမျိုးသားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း ကိုးရိုးကားရားနိုင်သော တိတ်ဆိတ်မှုက လေထုထဲပြည့်နှက်သွား၏။ အပြင်မှာ ဆောင်းဦးမိုးကိုဖြတ်သန်း၍ လေပြင်းများလည်း တိုက်ခတ်နေသည်။

အချိန်အတော်ကြာပြီးနောက် ရှောင်းချီရယ်က ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် စိုသွားပြီပဲ။ မာန်က ချန်းယန်ကို သွားခေါ်လို့ရတယ်။"

သူက ခေါင်းမော့ကာ လေချွန်လိုက်၏။ ရေပူစမ်းထဲမှာ ခဏတာငြိမ်သက်သွားခဲ့သည်။ ငွေနှင်းဖြူရော၊ မာန်ပါ ပေါ်မလာခဲ့ပေ။ ရှောင်းချီရယ်က ထပ်မံပြီးလေချွန်လိုက်သည်။

အပြင်ဘက်တွင် မာန်က သူ၏အတောင်ပံအောက် ခေါင်းကိုမြှုပ်ထားပြီး ရှောင်းချီရယ်၏ခေါ်သံကို လျစ်လျူရှုထားခဲ့သည်။ သူ မိုးရေထဲမှာ မပျံသန်းချင်ပေ။

တိတ်ဆိတ်မှုက ရှည်ကြာသွား၏။

"ကျွန်တော် ရေညှစ်လိုက်မယ်။" နောက််ဆုံးတော့ ရှန်ဇယ်ချွမ်းက ပြောလိုက်ပြီး အဝတ်ကိုလှမ်းယူလိုက်သည်။

ရှောင်းချီရယ်က အဝတ်ကို မြဲမြံစွာဖိထားပြီး အံကြိတ်ကာပြောလိုက်၏။ "ခဏလေး!"

...

အဆုံးသတ်မှာတော့ နှစ်ဦးသား ရေပူစမ်းထဲမှာ တစ်ညလုံးစိမ်နေခဲ့ရသည်။ ၎င်းတို့၏အဝတ်များ ခြောက်သွားချိန်၌ မိုးသောက်ချိန်နီးနေလေပြီ။ နောက်ဆုံးတော့ ရှန်ဇယ်ချွမ်းက သူ့အဝတ်အစားများကိုဝတ်လိုက်ပြီး သူ့ခါးပတ်ကိုချည်လိုက်ချိန်၌ သားကောင်ကိုကြည့်နေသော ကျားရဲကဲ့သို့ စူးရှသောအကြည့်အား ခံစားမိနေ၏။ သို့သော် သူက လျစ်လျူရှုကာ ဘာမှမပြောခဲ့ပေ။

ရှောင်းချီရယ်က ကန့်လန့်ကာကို မ'လိုက်၏။ ၎င်းက မှောင််နေဆဲဖြစ်ပြီး လေထုထဲ မြူခိုးများဖြင့်ပြည့်နှက်ကာ မိုးရနံလေးသင်းနေ၏။ ကျောက်လှေကားထစ်များပေါ်မှာ ရေခဲပါးတစ်လွှာဖုံးလွှမ်းနေပြီး ယခု တောင်အောက်ဆင်းရန် အချိန်ကောင်းတော့မဟုတ်ပေ။

၎င်းတို့က ရှေ့တစ်ယောက်၊ နောက်တစ်ယောက်လမ်းလျှောက်လာခဲ့သည်။

"လေ့ကျင့်ရေးကွင်းက ဖန်းတောင်ရဲ့အနောက်တောင်နယ်မြေကို သိမ်းပိုက်ထားတာပဲ။" ရှန်ဇယ်ချွမ်းက တောင်အောက်ကိုကြည့်လိုက်သည်။ "ချွိတူးနဲ့နီးပေမဲ့ တောင်က လုံးလုံးလျားလျားပိတ်ဆို့ထားတယ်။ မဟာတပ်ရင်းရှစ်ခုရဲ့ လှည့်ကင်းတွေက ဒီလောက်ဝေးဝေးထိ ရောက်လာနိုင်မှာမဟုတ်ဘူး။ ခင်ဗျားက နေရာကောင်းကို ရွေးခဲ့တာပဲ။"

"ဖန်းတောင်ကြောင့်သာမဟုတ်ရင် ဒီနေရာကို ရွေးချယ်ခဲ့မှာမဟုတ်ဘူး။" ရှောင်းချီရယ်က မေပယ်သစ်ကိုင်းကိုတွန်းဖယ်ကာ ရှန်ဇယ်ချွမ်းအား သူ့လက်မောင်းအောက်ကနေ ဖြတ်သန်းသွားဖို့ လက်ဟန်ပြလိုက်သည်။

ရှန်ဇယ်ချွမ်းက ဖြတ်သန်းသွားလိုက်ပြီးနောက် သစ်ပင်နှင့် မြူခိုးများကင်းစင်သွားသောအခါ ရုတ်တရက်ဆိုသလို သူ့အရှေ့မှမြင်ကွင်းက ရှင်းရှင်းလင်းလင်းပေါ်လာခဲ့သည်။ သူ တော်ဝင်စစ်တပ်၏လေ့ကျင့်ရေးကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့၏။ ယခုလိုအစောပိုင်းအချိန်မှာ လေ့ကျင့်နေသည့် တပ်ဖွဲ့များရှိနေလေပြီ။

သူက ၎င်းတို့ကို အခိုက်အတန့်တစ််ခုလောက် လေ့လာလိုက်သည်။ "တော်ဝင်စစ်တပ်က ဆောင်းဦးအမဲလိုက်ပွဲအတောအတွင်း အင်အားအပြည့် ထုတ်မသုံးရသေးဘူးပဲ။ ဒါပေမဲ့ သူတို့တွေ လက်နက်အပြည့်အစုံတပ်ဆင်ထားတယ်ဆိုတာကို ကျွန်တော်တွေ့ရတယ်။ ဟွားစစ်ချန်းက သေပြီ။ သူ့ရဲ့ပိုင်ဆိုင်မှုတွေ သိမ်းယူပြီးစီးတဲ့အချိန်မှာ စောင့်ကြပ်စိစစ်ရေးဌာနက ခင်ဗျားဆီရောက်လာလိမ့်မယ်။"

ရှောင်းချီရယ်တစ်ယောက် တော်ဝင်စစ်တပ်၏ စစ်သည်တော်နှစ်သောင်းကို သူ့လစာနှင့် အစားအသောက်များ မကျွေးမွေးနိုင်သလို လက်နက်များကိုလည်း တပ်ဆင်မပေးနိုင်ချေ။ ထို့အပြင် လီပေသံချပ်ကာမြင်းတပ်၏ ရိက္ခာများကို မောင်ပိုင်စီးလို့မရပေ။ သို့သော် သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ရုံနှင့် ဆောင်းဦးအမဲလိုက်ပွဲမတိုင်ခင် အခွန်ဘဏ္ဍာဌာနမှ ခွဲဝေပေးခဲ့သော နှစ်စဥ်လစာနှင့် တော်ဝင်စစ်တပ်မှာ ယခုလောက်ထိတိုးချဲ့ဖို့ ငွေကြေးမရှိချေ။ ရှီးကုအန်းက သူ၏ရန်ပုံငွေကို ရှင်းရှင်းလင်းလင်းမလုပ်သောကြောင့် သေဆုံးခဲ့ရပြီး ယခု စာရင်းကိုင်များက ရှောင်းချီရယ်ဆီ ရောက်လာကြလိမ့်မည်ပင်။

"လာကြပါစေ။" ရှောင်းချီရယ်က ပြောလိုက်သည်။ သူက ငွေများမည်သည့်နေရာမှလာကြောင်း ထပ်မပြောသလို ရှန်ဇယ်ချွမ်းကလည်း မမေးခဲ့ပေ။

ခဏရပ်တန့်ပြီးနောက် ရှောင်းချီရယ်က သနားသည့်စိတ်ဝင်လာခဲ့ပုံပင်။ "အလုပ်ရေးရာဌာနက အလုပ်တော်တော်များများကို တော်ဝင်စစ်တပ်ကိုပဲ တာဝန်ပေးတယ်။ လွန်ခဲ့တဲ့ငါးနှစ်လုံး တော်ဝင်စစ်တပ်ကိုပေးတဲ့ ငွေပမာဏကို အဖြူ၊ အမည်း မှတ်တမ်းစာအုပ်တွေနဲ့ မှတ်တမ်းတင်ခဲ့တယ်။ စောင့်ကြပ်စိစစ်ရေးဌာနက စစ်ဆေးခဲ့မယ်ဆိုရင်တောင် သူတို့ ဘာမှအပြစ်ပြောလို့ရမှာမဟုတ်ဘူး။"

ထို့ကြောင့် ရှောင်းချီရယ်က အခွန်ဘဏ္ဍာရေးဌာန၏ ကျော်ကြားသည့် အကြွေးစုဆောင်းသူဖြစ်လာခြင်းပင်။ သူက ငွေများကို အရက်နှင့် အမျိုးသမီးများအပေါ် သုံးစွဲသည်ဟု လူတိုင်းထင်ကြသော်လည်း အမှန်မှာ သူက အလွန်ချွေတာကာ ငွေများကိုစုထားခဲ့သည်။ သူ့အတွက် ကြီးကြီးမားမား ကုန်ကျစရိတ်မှာ အရက်ဖိုးသာ။ လီကျန်းဟန်က အရိပ်အခြည်နားမလည်သူဖြစ််နိုင်သော်လည်း သူ့သူငယ်ချင်းအပေါ် အလွန်ရက်ရောသည်။ သူ ရှောင်းချီရယ်ကို သုန်းလုံလမ်းဆီ ဖိတ်ကြားချိန်တိုင်း သူ့မိတ်တွေအားလုံးအတွက် အမျိုးသမီးများနှင့် စားသောက်ပွဲများကို သူကပဲဧည့်ခံခဲ့သည်။

ထိုနေ့ရက်များတွင် လီကျန်းဟန်က နန်းတော်ဘဏ္ဍာတိုက်ကို အမှီပြုနေထိုင်ခဲ့ပြီး ဇနီးသည်တစ်ဦးမှမရှိဘဲ သူ့ကို ထိန်းကျောင်းမည့်သူမရှိသည့်အတွက် သူ ငွေကြေးလိုချင်လာသည့်အခါတိုင်း နန်းတော်ကနေ တောင်းယူလေ့ရှိခဲ့သည်။ ကွယ်လွန်သူဧကရာဇ်က သူ့ညီတော်၏သုံးစွဲမှုကို ကန့်သတ်ထားခြင်းမရှိခဲ့ပေ။ သူက လီကျန်းဟန် ငွေလိုလာချိန်တိုင်း သူ၏ကိုယ်ရေးကိုယ်တာ ဘဏ္ဍာတိုက်ကနေ ထုတ်ယူရလျှင်တောင်

အလျဥ်းသင့်သလို သုံးစွဲခွင့်ပေးခဲ့သည်။ ထို့ကြောင့် လီကျန်းဟန်မှာ ငွေကြေးပြတ်လပ်သွားသည်ဟူ၍ မရှိခဲ့ချေ။

ရှောင်းချီရယ်တစ်ယောက် လီပေသို့မပြန်ခဲ့ရသော်လည်း ထိုအတွက်ကြောင့် လီကျန်းဟန်ကို မကျေမနပ်မဖြစ်ခဲ့ပေ။ လီကျန်းဟန်က သူ့သူငယ်ချင်းများကို ညီအစ်ကိုများကဲ့သို့သတ်မှတ်ကြောင်း အခြားသူများထက် သူက ပိုသိပေသည်။

"ဧကရီမယ်မယ်က မင်းရဲ့အသက်ကိုကယ်တင်ပေးခဲ့တော့ သူ(မ)က မင်းကိုအသုံးချဖို့ သေချာပေါက်ကြံစည်နေမှာပဲ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "အားလုံးအဆင်ပြေသွားရင် မင်း တော်ဝင်အစောင့်တပ်မှာ ထိပ်ဆုံးထိ ဖြည်းဖြည်းမှန်မှန် တက်သွားနိုင်လောက်တယ်။ ဒါပေမဲ့ ကွယ်လွန်သူဧကရာဇ်က သူ(မ)ရဲ့ထိန်းချုပ်မှုကို စတင်ခုခံခဲ့တယ်။ ဧကရီမယ်မယ် - သူ(မ)က မင်းဆီကို ခေါင်းလှည့်လာပြီ၊ ဟုတ်တယ်မလား။"

ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်နှင့် အကြည့်ချင်းဆုံလိုက်၏။

သူ ထိုအကြည့်များကို မတစ်ခဏလေးတောင် မရှောင်လွှဲနိုင်ခဲ့ပေ။ ရှောင်းချီရယ်မှာ အနံ့ခံကောင်းသော နှာခေါင်းရှိပေသည်။ ရှန်ဇယ်ချွမ်းသာ အပြစ်ရှိစိတ် အရိပ်အမြွက်ကို ပြသလိုက်ပါက ရှောင်းချီရယ်တစ်ယောက် အနံ့ခံနိုင်လိမ့်မည်ပင်။

"ဟင့်အင်း။" ရှန်ဇယ်ချွမ်း၏အသံက သေချာမှုများဖြင့် ခိုင်မာနေ၏။

အေးမြသောလေက နှစ်ဦးသားကို ဖြတ်တိုက်သွားပြီး ဝတ်ရုံအနားစလေးများကို တဖျပ်ဖျပ်လွင့်သွားစေခဲ့သည်။ ရှောင်းချီရယ်က အဖြူရောင်အငွေ့များကို ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်ပြီး ပြုံးလိုက်လေ၏။ "ဒါဆို မင်းက ကံကောင်းတာပဲဖြစ်ရမယ်။"

၎င်းတို့ ချွိတူးကိုရောက်သွားချိန်၌ နေရောင်ထွက်ပေါ်နေလေပြီ။

"ငါ မနက်ခင်းညီလာခံ သွားစရာရှိတယ်။" နှစ်ဦးသားနန်းမြို့တော်လမ်းမထက် မြင်းစီးသွားရင်း ရှောင်းချီရယ်က ပြောလိုက်သည်။ "မင်း ပြန်လို့ရပြီ။"

ရှန်ဇယ်ချွမ်းက ခေါင်းညိတ်ပြလိုက်ပြီး ရှောင်းချီရယ် မြင်းစီးထွက်ခွာသွားသည်အား ကြည့်နေခဲ့၏။ သူ တော်ဝင်စစ်တပ်ရုံး၏ခြံဝန်းထဲ ပြန်ရောက်သွားသောအခါ ချန်းယန်က မရှိတော့ပေ။ သူက ရှောင်းချီရယ်ကို နန်းတော်ဂိတ်တံခါးမှာ စောင့်ဆိုင်းနေခြင်းဖြစ်လောက်သည်။

ရှန်ဇယ်ချွမ်းက အင်္ကျီလက်ခေါက်ထဲမှ အရှေ့တိုင်းပုလဲကို ဖယ်ရှားလိုက်ပြီး လက်ချောင်းထိပ်လေးများကြားစုကိုင်ကာ မှိန်ဖျဖျအလင်းရောင်အောက်မှာ စစ်ဆေးလိုက်သည်။ သို့သော် သူ အဝတ်စကိုမဖယ်ရှားခင် ခဏရပ်တန့်လိုက်သည်။

သူ အဝတ်များချွတ်ခဲ့တုန်းက အရှေ့တိုင်းပုလဲကို သူ့ဝတ်ရုံ၏ ညာဘက်လက်ခေါက်ထဲ ထည့်ထားခဲ့သော်လည်း ယခု ဘယ်ဘက်လက်ထဲကနေ ရှာတွေ့ခဲ့သည်။

ရှန်ဇယ်ချွမ်းတစ်ယောက် စုတ်သပ်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment