no

Font
Theme

အပိုင်း (၉) - မျှော်လင့်ချက်ရောင်ခြည် (၁)

ဆေးရည်များက နှုတ်ခမ်းထောင့်ကနေ စီးကျကာ ရှန်းဇယ်ချွမ်း၏အဝတ်တစ်ခုလုံးကို စိုရွှဲသွားခဲ့သည်။ သမားတော်က ထိတ်လန့်တကြားဖြစ်နေပြီး သူ့နဖူးကချွေးများကို သုတ်လိုက်၏။

"ဆေးက ပါးစပ်ထဲမဝင်ဘူး။" သမားတော်က ပြောလိုက်သည်။ "သူ ကျော်ဖြတ်နိုင််မှာမဟုတ်လောက်တော့ဘူး!"

ကောချင်းချင်းတစ်ယောက် ဓါးကိုကိုင်လျက်ရပ်နေပြီး ရှန်ဇယ်ချွမ်းကို အခိုက်အတန့်တစ်ခုလောက် လေ့လာကာ မေးမြန်းလိုက်၏။ "တခြားနည်းလမ်းမရှိတော့ဘူးလား။"

ဆေးရည်ပန်းကန်လုံးကိုင်ထားသော သမားတော်၏လက်များက တုန်ယင်နေပြီး ဇွန်းနှင့်ပန်းကန်လုံးရိုက်သံက အဆက်မပြတ်ပေါ်ထွက်နေ၏။ သူက ကောချင်းချင်းကို ဦးညွတ်လိုက်သည်။ "အသုံးမဝင်တော့ပါဘူး! သာ့ရန်၊ တတ်နိုင်သမျှမြန်မြန်သာ မြက်ခြောက်ဖျာကို ပြင်ဆင်ထားလိုက်ပါတော့။"

ကောချင်းချင်း၏မျက်နှာက မည်းမှောင်သွားပြီး အခန်းထဲကထွက်မသွားခင် ညွှန်ကြားလိုက်လေသည်။ "သူ့ကို ဆေးဆက်တိုက်နေ။"

ကျိလေက အပြင်မှာစောင့်ဆိုင်းနေပြီး ကောချင်းချင်းက ဦးညွတ်ကာဆိုလိုက်၏။ "သမားတော်ပြောတာတော့ သူ အသက်မရှင်လောက်တော့ပါဘူးတဲ့။"

ကျိလေက လက်ချောင်းများဖြင့် မြေပဲခွံကိုချေမွကာ အမှုန်အမွှားများကို မှုတ်ထုတ်လိုက်သည်။ "သူ သေသွားပြီလား။"

ကောချင်းချင်းက ပြန်ဖြေလိုက်၏။ "သူ နောက်ဆုံးထွက်သက်ကို ဆုပ်ကိုင်ထားဆဲပါ။"

ကျိလေက လက်နောက်ပစ်ကာ ကောချင်းချင်းကိုကြည့်လာခဲ့သည်။ "သူ့ကိုစောင့်ကြည့်ထား။ သူ နောက်ဆုံးထွက်သက်မတိုင်ခင် ဝန်ခံချက်မှာ လက်မှတ်ထိုးခိုင်း။"

ကောချင်းချင်းက ခေါင်းညိတ်ကာ ကျိလေထွက်သွားတာကို ကြည့်နေခဲ့၏။ သူက ခြံဝန်းထဲမှာ အခိုက်အတန့်တစ်ခုလောက်ရပ်နေပြီးနောက် သူ၏လက်အောက်ငယ်သားကို ညွှန်ကြားလိုက်သည်။ "အစေခံတချို့ကို သွားခေါ်လာခဲ့။"

သိပ်မကြာခင် အဝတ်ကြမ်းကြမ်းဝတ်ဆင်ထားသော ခါးကုန်းကုန်းနှင့်အစေခံတစ်ယောက်က တွန်းလှည်းတစ်စီးဖြင့် ရောက်လာခဲ့သည်။ ကောင်းကင်ယံက မည်းမှောင်နေပြီး တော်ဝင်အကျဥ်းထောင်မှာ လုံခြုံရေးများကိုတင်းကြပ်ထား၏။ ကောချင်းချင်းက မီးပုံးတစ်လုံးကိုကိုင်ထားပြီး အစေခံအား သူ့နောက်ကလိုက်ကာ အထဲကိုဝင်စေခဲ့သည်။

သမားတော်က ထွက်ခွာသွားပြီဖြစ်ပြီး အခန်းထဲမှာ ရေနံဆီမီးပုံးတစ်လုံးတည်းသာ တောက်လောင်နေသည်။ ရှန်ဇယ်ချွမ်းက ခုတင်ပေါ်မှာလဲလျောင်းနေပြီး သူ၏မျက်နှာက ဖြူဖျော့ကာ ခြေလက်များကလည်း သက်မဲ့အလောင်းတစ်ခုလို အေးစက်နေခဲ့၏။ ကောချင်းချင်းက အထဲကိုလှမ်းဝင်သွားပြီး အစေခံကို ပြောလိုက်သည်။ "ကျိရှူး*... သူက ဒီမှာပါ။"

[TN/ကျိရှူး - ဦးလေးကျိ။]

အစေခံက မီးလောင်အမာရွတ်ရှိနေသော သူ၏မျက်နှာကို ဖြည်းဖြည်းချင်းဖော်ပြလာသည်။ သူက ရှန်ဇယ်ချွမ်းကိုကြည့်ကာ တွန့်ဆုတ်နေသောခြေလှမ်းများဖြင့် အရှေ့ကိုတက်လာပြီး တုန်ယင်နေသောလက်ချောင်းများဖြင့် ရှန်ဇယ်ချွမ်း၏ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ လူငယ်လေး၏ပိန်ကပ်နေပြီး သွေးထွက်သံယိုခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ မျက်ရည်များကျဆင်းလာခဲ့သည်။

"ချွမ်းအာ။" ကျိကန်းက အက်ရှစွာဖြင့် တီးတိုးခေါ်လိုက်သည်။ "ရှစ်ဖူရောက်လာပြီ!"

ကောချင်းချင်းက မီးပုံးကို ငြိမ်းလိုက်၏။ "စိတ်မပူပါနဲ့ ကျိရှူး။ ထောင်စောင့်တွေ သူ့ကို ကျိရှူးရဲ့တပည့်လို့သိလိုက်ကတည်းက အနီးကပ်စောင့်ကြည့်နေခဲ့ကြတာပါ။ စစ်ကြောရေးက ကြမ်းတမ်းတဲ့ပုံပေါ်ပေမဲ့ သူတို့တွေ အတွင်းဒဏ်ရာရအောင် မလုပ်ခဲ့ကြပါဘူး။ ကြိမ်ဒဏ်ပေးတုန်းကလည်း ကျွန်တော်တို့ညီအစ်ကိုတွေက ကျိရှူးရဲ့မျက်နှာကြောင့် သေချာဂရုစိုက်ခဲ့ကြပါတယ်။ အဲ့ဒီကြိမ်ဒဏ်အချက်နှစ်ဆယ်ကတောင် သူ့ကို မသန်မစွမ်းမဖြစ်စေနိုင်ပါဘူး။ ဒါပေမဲ့ အပြစ်စီရင်တာကို ကုန်းကုန်းတွေက အနီးကပ်စောင့်ကြည့်နေတာမို့ ကျွန်တော်တို့ သိသာအောင်မလုပ်ဝံ့ခဲ့ဘူး။ တတိယသခင်မလေးဟွား အချိန်မီရောက်လာလို့သာပေါ့၊ မဟုတ်ရင် ဖန်းကုန်းကုန်း သံသယဝင်သွားနိုင်ပါတယ်။"

"ဒီကြင်နာမှုကို ငါ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်!" ကျိကန်း၏မျက်နှာထက် မျက်ရည်များစီးကျနေလေ၏။ အချိန်ကုန်ဆုံးခြင်း၏လက္ခဏာရပ်အဖြစ် အရေပြားများတွန့်ကာ သူ၏ဆံပင်များကလည်း တစ်ဝက်လောက် ဖြူဖွေးကုန်လေပြီ။

"ကျိရှူး! ဘယ်လိုလုပ်ပြီး ဒီလိုပြောရတာလဲဗျာ။" ကောချင်းချင်းက အပြစ်တင်လိုက်၏။ "ကျွန်တော်တို့ညီအစ်ကိုတွေ လုပ်ပေးခဲ့တာက ကျွန်တော်တို့က်ိုလမ်းညွှန်ပြသပေးခဲ့တဲ့ ကျိရှူးရဲ့ကြင်နာမှုနဲ့ ကျွန်တော်တို့အသက်တွေကို ကယ်တင်ပေးခဲ့တဲ့ကျေးဇူးကြွေးကို ပြန်ပေးဆပ်ခဲ့ကြတာပါ။" သူက သက်ပြင်းချလိုက်၏။ "ရုတ်တရက်ဆိုသလို မုန်တိုင်းတစ်ခုဝင်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့မိကြဘူး။ ဒုတိယသခင်လေးရှောင်းက သူ့ကို အဲ့ဒီကန်ချက်နဲ့ သူ့အသက်ကိုနှုတ်ယူဖို့ ရည်ရွယ်ခဲ့တယ်။ ကျိရှူး၊ သူ့အတွက် မျှော်လင့်ချက်ရှိသေးရဲ့လား။"

ကျိကန်းက ရှန်ဇယ်ချွမ်း၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး အပြုံးရေးရေးလေးဖြစ်ပေါ်လာခဲ့သည်။ "ကောင်းတယ်။ သူ အားမုသင်ပေးခဲ့တဲ့ကျင့်စဥ်အများစုကို အသုံးချခဲ့တယ်။ သူ ပြန်မလာနိုင်တဲ့အခြေအနေထိ မရောက်သေးဘူး။ မကြောက်နဲ့တော့ ကလေး၊ ရှစ်ဖူရောက်လာပြီ!"

နုနုနယ်နယ် ခုနစ်နှစ်သားအရွယ်မှာ ရှန်ဇယ်ချွမ်းက ကျိမုနှင့်အတူ ကျိကန်းဆီကနေ ကိုယ်ခံပညာကိုသင်ယူခဲ့သည်။ ကျိမိသားစု၏ကျင့်စဥ်များက ကြမ်းကြုတ်ပေ၏။ ၎င်းက ကျိမိသားစု၏ အတွင်းအားကျင့်စဥ်များကို တတ်မြောက်ထားရန်လိုအပ်သလို ပြတ်သားသောဆန္ဒရှိသူများသာ လေ့ကျင့်နိုင်သည်။ ကျိကန်းက သူ့ဘဝအချိန်အများစုမှာ အမူးသမားဖြစ်ခဲ့ပြီး အကြီးဆုံးသားကို သင်ကြားပေးပြီးနောက် အငယ်လေးအတွက် မေ့လျော့နေခဲ့သည်။ သို့သော် ကျိမုက အစ်ကိုကြီးနေရာကနေ သူ၏ညီလေးကို သူသင်ယူထားသမျှလှုပ်ရှားမှုတိုင်းအား ပြန်လည်သင်ကြားပေးခဲ့၏။ အံ့အားသင့်စရာကောင်းစွာဖြင့် နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ ရှန်ဇယ်ချွမ်းက ထိုကျင့်စဥ်များကို ကျွမ်းကျင်လာခဲ့လေသည်။

ကောချင်းချင်းက တစ်ချက်ကြည့်လိုက်၏။ "ဒါပေမဲ့ သူက အရမ်းငယ်သေးတယ်။ ခက်ခဲတဲ့စမ်းသပ်ပွဲအပြီးမှာ သူ့ရဲ့ခန္ဓာကိုယ်က ပျက်စီးသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်။ ကျိရှူး၊ ကျွန်တော် သမားတော်ညွှန်ကြားခဲ့တဲ့ဆေးအညွှန်းအတိုင်း နောက်ထပ်ဆေးတစ်ပန်းကန်ကို ကျိုခိုင်းထားတယ်။ သူ့ကို ထပ်တိုက်ကြည့်လိုက်ရအောင်လား။"

ရှန်ဇယ်ချွမ်း၏နှုတ်ခမ်းနှင့် လည်ချောင်းတို့က ခြောက်ကပ်နေ၏။ သူ၏ခန္ဓာကိုယ်ကလည်း လှည်းများဖြတ်သွားသည့် ချွိတူး၏ပင်မလမ်းပေါ် လဲလျောင်းနေရသလို တစ်ကိုယ်လုံးနာကျင်နေခဲ့သည်။ အဆုံးမဲ့သောနာကျင်မှုက သူ့ခန္ဓာကိုယ််ထဲ မီးမြိုက်ခံနေရသလို ခံစားနေရ၏။ အမှောင်ထုထဲမှာ လမ်းပျောက်နေရင်း သူ နှင်းများကျဆင်းနေပုံ၊ ကျိမု၏သွေးများ၊ အေးခဲနေသော မြေတွင်းကြီးနှင့် ရှောင်ချီးရယ်ဆီမှ ရက်စက်ကြမ်းကြုတ်သောကန်ချက်တို့ကို အိပ်မက်မက်ခဲ့သည်။

ကျိလေပြောတာမှန်ပေ၏ - ယခုအခိုက်အတန့်မှာ အသက်ရှင်နေရခြင်းသည် ညှင်းပန်းနှိပ်စက်မှုတစ်ခုပင်။ သူ့ဘဝကို သူ့အဖေဖြစ်သူ ရှန်ဝေ့ဆီကနေ ရရှိခဲ့ပြီး ယခု သူ့အဖေ၏သေဒဏ်ကို အစားခံယူရပေဦးမည်။ သူ ရှန်ဝေ့၏ယုတ်မာမှုတို့ကို လက်ခံယူပြီး ဤလောက၌ သစ္စာစောင့်သိသောဝိညာဥ်များဆီကနေ အော်ဟစ်ကြိမ်းမောင်းခံရသည့် အပြစ်သားဖြစ်လာခဲ့သည်။ သံကြိုးများဖြင့် ချည်နှောင်ခံရချိန်မှစ၍ သူ လေးလံသောဝန်ကို သယ်ဆောင်ရတော့မည်ဖြစ်၏။

သို့သော် သူ ဆန္ဒမရှိပေ!

ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က သူ၏သွားများကို ဟစေလိုက်ပြီး နွေးထွေးမှုတစ်ခုက သူ၏လည်ချောင်းထဲ စီးဝင်လာခဲ့သည်။ ဆေးရည်၏ခါးသီးမှုက ရှန်ဇယ်ချွမ်း၏မျက်လုံးများထဲ မျက်ရည်များဖြစ်ပေါ်စေခဲ့၏။ သူ ရင်းနှီးနေသောအသံကို ကြားလိုက်ရပြီး မျက်လုံးများဖွင့်ဖို့ ရုန်းကန်လိုက်သည်။

ကျိကန်းက အသားမာတက်နေသောလက်ချောင်းများဖြင့် လူငယ်လေး၏မျက်ရည်များကို သုတ်ပေးလိုက်သည်။ "ချွမ်းအာ၊ ရှစ်ဖူလေ!"

ရှန်ဇယ်ချွမ်း၏လည်ချောင်းထဲကနေ ရှိုက်သံတစ်ခုထွက်လာ၏။ ထွက်ကျလာသောဆေးခါးရည်များက မျက်ရည်များနှင့်အတူ ရောထွေးသွားခဲ့သည်။ သူ အံကြိတ်ကာ အဖျားကြီးပြီးမက်သည့် အိပ်မက်ဖြစ်နေမည်ကို စိုးရွံ့ပြီး ကျိကန်း၏ဝတ်ရုံစကို သူ၏လက်ချောင်းလေးဖြင့် ချိတ်ဆွဲထားခဲ့သည်။

ကျိကန်းက ဒဏ်ရာရထားသောမျက်နှာကို မီးအလင်းရောင်အောင်ကနေ ရှောင်ဖယ်လိုက်သည်။ "ချွမ်းအာ၊ မင်း အသက်ရှင်ရမယ်! ငါ့မှာ မင်းတစ်ယောက်တည်းပဲရှိတော့တာ!"

ရှန်ဇယ်ချွမ်း၏မျက်လုံးများထဲကနေ မျက်ရည်များစီးကျလာ၏။ သူ ပိန်းပိတ်အောင်မည်းမှောင်နေသော မျက်နှာကြက်ကိုမော့ကြည့်ကာ တီးတိုးခေါ်လိုက်သည်။ "ရှစ်ဖူ..."

အပြင်ဘက်မှာ လေပြင်းများတိုက်ခတ်နေပြီး ရှန်ဇယ်ချွမ်း၏အကြည့်တို့က တဖြည်းဖြည်းပြတ်သားလာပြီး ကြမ်းကြုတ်သောအရှိန်အဝါတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"ကျွန်တော် သေမှာမဟုတ်ပါဘူး။" သူက အက်ရှစွာပြောလိုက်သည်။ "ရှစ်ဖူ၊ ကျွန်တော် မသေပါဘူး။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment