no

Font
Theme

အပိုင်း (၄) - ကြိမ်ဒဏ်သေမိန့် (၂)

ဖန်းရူကွေ့က ရှန်ဇယ်ချွမ်းကိုကြည့်ကာ ပြောလိုက်သည်။ "ဘယ်လိုလုပ်ပြီး အခုလိုဖြစ်နေရတာလဲ။"

ဖန်းရူကွေ့က ရှန်ဇယ်ချွမ်း၏ ညစ်ပတ်ပေရေကာ နံစော်နေသောအခြအနေကို ပြောကြားခြင်းမဟုတ်ဘဲ စစ်ကြောရေး၌ တိုးတက်မှုမရှိသေးသည့်အကြောင်းကို ပြောနေခြင်းဖြစ်ကြောင်း ကျိလေသိပေသည်။

ကျိလေ၏နဖူးပေါ်ကနေ ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာသော်လည်း သူ မသုတ်ရဲဘဲ ဦးညွတ်သည့်အနေအထားအတိုင်း ဆက်နေနေခဲ့၏။ "မသိနားမလည်တဲ့ ဒီကောင်လေးက ကျုံးပေါ်ကနေ ရှုပ်ထွေးတဲ့အခြေအနေနဲ့ရောက်လာပြီး တစ်စုံတစ်ယောက်ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေသလိုမျိုး ဝန်ခံဖို့ကို ငြင်းဆိုနေပါတယ်။"

"ဧကရာဇ်ကိုယ်တိုင် အမိန့်ချထားတဲ့ ကြီးလေးတဲ့ရာဇဝတ်သားဆီကနေ ဘာဝန်ခံချက်မှမရသေးဘူး။" ဖန်းရူကွေ့က ကမ်းပေးလာသောလက်ဖက်ရည်ခွက်ကို လက်မခံသေးချေ။ "နာမည်ကျော်ကြားတဲ့ တော်ဝင်အကျဥ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရတဲ့ ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ကို ကျိသာ့ရန်ကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့ပေမဲ့ အခုချိန်ထိ ဘာမှထူးမလာခဲ့ဘူး။"

ကျိလေက ခါးသီးသောအပြုံးဖြင့် လက်ဖက်ရည်ကိုဆက်သနေဆဲပင်။ "သူက ကြီးလေးတဲ့ရာဇဝတ်သားဖြစ်တာကြောင့် ကျွန်တော် အလွန်အကျွံနှိပ်စက်မှုတွေကို မသုံးဝံ့ပါဘူး။ သူရောက်လာတုန်းက အအေးမိနေခဲ့ပြီး သူသာ တစ်ခုခုဖြစ်သွားရင် ရှန်ဝေ့ရဲ့အမှုက မဖြေရှင်းနိုင်တဲ့အမှုတစ်ခုအဖြစ် ကျန်နေပါလိမ့်မယ်။"

ဖန်းရူကွေ့က ရှန်ဇယ်ချွမ်းကို အခိုက်အတန့်တစ်ခုလောက်ကြည့်နေပြီး ပြောလိုက်သည်။ "ငါတို့အားလုံးက သခင်တွေလက်အောက်က ခွေးတွေပဲ။ ငါတို့ရဲ့သွားစွယ်တွေသာ မထက်တော့ဘူးဆိုရင် အသုံးမဝင်ဖြစ်လာလိမ့်မယ်။ မင်းရဲ့အခက်အခဲကို ငါနားလည်ပေမဲ့ ဒါက မင်းရဲ့တာဝန်ပဲ။ ဧကရာဇ်က အကျဥ်းသားကိုတွေ့ချင်နေတယ်။ ဒါကိုက တော်ဝင်အစောင့်တပ်ပေါ် သက်ညှာမှုတစ်ခုဖြစ်နေပြီ။ မင်း ညည်းညူမနေသင့်ဘူး။"

ကျိလေက သူ့ကို အလျင်အမြန်ဦးညွတ်ကာ ပြောလိုက်သည်။ "ကန်းတျဲပြောသွားတာတွေက သိပ်ကိုမှန်ကန်ပါတယ်။ ကျွန်တော် သင်ခန်းစာရပါပြီ။"

ဖန်းရူကွေ့က လည်ချောင်သံဖြင့် အသံပြန်ပြုကာ ပြောလိုက်သည်။ "သူ့ကို သေသေချာချာသန့်ရှင်းပေးလိုက်။ ဒီလို စုတ်စုတ်ပြတ်ပြတ်ပုံစံမျိုးနဲ့ ဧကရာဇ်ရှေ့တော်မှောက် ဘယ်လိုပို့ဆောင်ပေးနိုင်မှာလဲ။"

ရှန်ဇယ်ချွမ်းကို ဆေးကြောသန့်ရှင်းပေးရန် အစေခံများက ခေါ်ဆောင်သွားခဲ့ကြသည်။ သူ၏ခြေထောက်ဒဏ်ရာများကိုလည်း ပတ်တီးများစည်းပေးခဲ့ကြသလို သန့်ရှင်းသော ချည်ထည်အဝတ်အား လဲပေးခဲ့ကြ၏။ အားနည်းနေသော သူ၏ခန္ဓါကိုယ်ဖြင့် ရထားလုံးပေါ်တက်ခြင်းကတောင် ခက်ခဲသောစိန်ခေါ်မှုဖြစ်ခဲ့သည်။

နောက်ဆုံးတော့ ဖန်းရူကွေ့က ကျိလေ၏လက်ဖက်ရည်ခွက်ကို လက်ခံလိုက်သည်။ သူ၏အကြည့်များက ထွက်ခွာသွားသော ရှန်ဇယ်ချွမ်း၏ပုံရိပ်ပေါ် ကပ်ငြိနေလျက် မေးမြန်းခဲ့သည်။ "ဒါက ရှန်မိသားစုရဲ့အကြွင်းအကျန်အစစ်လား။"

ကျိလေက ပြန်ဖြေခဲ့၏။ "အမှန်ပါပဲ။ သူက ချာရှီမြေတွင်းမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူပါ။ သူ့ကို လီပေမင်းသားရှောင်းကိုယ်တိုင် ဖမ်းဆီးခဲ့ပြီး လီပေမြင်းတပ်ရဲ့ အကျဥ်းထောင်ရထားလုံးထဲမှာ ချုပ်နှောင်ထားခဲ့တာပါ။ ခရီးတစ်လျှောက်လုံးမှာ သူ့ကို ဘယ်သူကမှ မထိခဲ့ပါဘူး။"

ဖန်းရူကွေ့က အေးစက်နေသောလက်ဖက်ရည်ကို တစ်ငုံသောက်ကာ အတုအယောင်အပြုံးတစ်ခုဖြင့် ယာယီတိတ်ဆိတ်နေခဲ့၏။ ထို့နောက်မှာတော့ ယခုလိုပြောလာခဲ့သည်။ "မင်းသားရှောင်းက သတိရှိတဲ့သူပဲ။"

...

ရှန်ဇယ်ချွမ်းတစ်ယောက် ရထားလုံးပေါ်ကနေဆင်းလိုက်ပြီးနောက် ရှည်လျားလွန်းသောလမ်းတစ်လျှောက်၌ သူ့ကို တော်ဝင်အစောင့်များက သယ်ဆောင်ပေးခဲ့ကြသည်။ ထူထဲစွာကျဆင်းနေသောနှင်းများက သူ့မျက်နှာကို ဖြတ်တိုက်သွားပြီး ကုန်းကုန်းများကလည်း မလိုအပ်သည့်စကားတို့ကိုမဆိုဘဲ လျင်မြန်စွာလမ်းပြနေ၏။

မင်လီခန်းမဆောင်ကိုရောက်သောအခါ တံစက်မြိတ်အောက်မှာစောင့်ဆိုင်းနေသော အငယ်တန်းကုန်းကုန်းတစ်ယောက်က အလျင်အမြန်ထွက်လာပြီး ဖန်းရူကွေ့ကို ဂါရဝပြုနှုတ်ဆက်လာ၏။ သူက ဖန်းရူကွေ့၏ဝတ်ရုံကိုချွတ်ပေးကာ ခေါင်းဆောင်းကိုလည်း ပြောင်းလဲပေးခဲ့သည်။ ထို့နောက် ဖန်းရူကွေ့ဆီကနေ လက်အနွေးအိုးကိုယူပြီးနောက် ဧည့်သည်ရောက်ရှိလာကြောင်း ကြေညာလိုက်၏။ အထဲသို့ သတင်းပို့ပြီးနောက် ဖန်းရူကွေ့က တံခါးဝမှာဦးညွတ်ကာ ပြောကြားလိုက်သည်။ "အရှင်ဧကရာဇ်၊ ကျွန်တော်မျိုး လူခေါ်လာခဲ့ပါပြီ။"

ခဏကြာပြီးနောက် တိုးလျဖြည်းညင်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ "အထဲကိုခေါ်လာခဲ့။"

ရှန်ဇယ်ချွမ်း အထဲကိုပို့ဆောင်ခံလိုက်ရသည်နှင့် သူ၏အသက်ရှူသံများက ရပ်တန့်သွား၏။ လေထုထဲမှာ အမွှေးတိုင်ရနံများ ပြည့်နှက်နေသော်လည်း အသက်ရှုကျပ်လောက်တဲ့ထိတော့ မဖြစ်ခဲ့ပေ။ သူ ချောင်းဆိုးသံတချို့ကို ကြားလိုက်ရပြီးနောက် ခန်းမ၏အခြားတစ်ဖက်ရှိ ခြေအစုံကို တစ်ချက်ကြည့်လိုက်သည်။

ရှန်သျယ်ဧကရာဇ်က နက်ပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပိန်လျနေသော သူ၏ခန္ဓါကိုယ်မှာ ပေါ်လွင်နေခဲ့သည်။ သူ၏ကျန်းမာရေးက ချူချာပြီး ထီးနန်းဆက်ခံခဲ့သည့် သုံးနှစ်တာကာလအတွင်း ဖျားနာမှုအမျိုးမျိုးကို ခံစားခဲ့ရသည်။ ကုလားထိုင်ပေါ်မှာထိုင်နေပြီး ပိန်သွယ်သွယ်မျက်နှာထက် သွေးရောင်မရှိသောကြောင့် နူးညံ့သိမ်မွေ့သည့်ပုံပေါ်နေစေ၏။

"ကျိလေ၊ သူ့ကိုစစ်ဆေးမေးမြန်းတာ ဘယ်နှရက်ရှိပြီလဲ။"ရှန်သျယ်ဧကရာဇ်က အနောက်မှာဒူးထောက်နေသော ကျိလေကို တစ်ချက်ကြည့်လိုက်သည်။ "အမှန်တရားကို ဖော်ထုတ်နိုင်ပြီလား။"

ကျိလေက ခေါင်းငုံ့လျက်သားဖြင့် ပြန်လည်လျှောက်တင်ခဲ့၏။ "အရှင်ဧကရာဇ်ကို လျှောက်တင်ပါတယ်။ ဒီကောင်လေးရဲ့သက်သေခံချက်တွေက ကွဲလွဲနေပြီး ရှေ့နောက်မညီဖြစ်နေပါတယ်။ သူ အရင်ရက်တွေတုန်းက ထွက်ဆိုခဲ့တာတွေဟာ ဆန့်ကျင်ဘက်တွေဖြစ်နေတာကြောင့် ယုံကြည်လို့မရနိုင်ပါဘူး။"

ရှန်သျယ်ဧကရာဇ်က ပြောလာ၏။ "ဝန်ခံချက်တွေကို တင်ပြစမ်း။"

ကျိလေက သေချာပြုစုထားသော သက်သေခံချက်များကို သူ၏ရင်ဘတ်ထဲကနေ ထုတ်ယူလိုက်ပြီး ဖန်းရူကွေ့အား လက်နှစ်ဖက်ဖြင့်ပေးလိုက်၏။ ထို့နောက် ဖန်းရူကွေ့က ရှေ့သို့တက်ကာ ရှန်သျယ်ဧကရာဇ်ထံ လေးလေးစားစားနှင့် ဆက်သလိုက်သည်။

ရှန်သျယ်ဧကရာဇ်က တင်ပြချက်များကို ဖတ်လိုက်ပြီး ချာရှီမြေတွင်းနှင့်ပတ်သက်သည့်အပိုင်းကိုရောက်သော် သူ၏ပါးစပ်ကိုအုပ်ကာ ချောင်းဆိုးလိုက်၏။ ထို့နောက် သူ၏နှုတ်ခမ်းထက်မှာ သွေးများစီးကျလာခဲ့သည်။ သူက ဖန်းရူကွေ့၏အကူအညီကို ငြင်းဆန်လိုက်ပြီး ထိုအစား သူ၏လက်ကိုင်ပဝါဖြင့် သွေးများကို ကိုယ်တိုင်သုတ်လိုက်သည်။ ထို့နောက်မှာတော့ တည်ကြည်သောလေသံဖြင့် သူက ပြောလာ၏။ "အဲ့ဒီမြေတွင်းထဲမှာ စစ်သည်တော်သုံးသောင်း အသက်ဆုံးရှုံးခဲ့ပေမဲ့ ရှန်ဝေ့ကတော့ အသက်ရှင်ခဲ့တယ်။ ဒါ ကောင်းကင်ဘုံအတွက်ရော၊ ပြည်သူတွေအတွက်ပါ ဒေါသထွက်စရာပဲ!"

ရှန်ဇယ်ချွမ်းက မျက်လုံးများကိုမှိတ်ထားရင်း သူ၏ရင်ဘတ်ထဲမှာ လျင်မြန်စွာခုန်ပေါက်နေကြောင်း ခံစားမိလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ရှန်သျယ်ဧကရာဇ်က ထပ်ပြောလာ၏။

"ခေါင်းမော့စမ်း!"

ရှန်ဇယ်ချွမ်း ကြမ်းပြင်ပေါ်ထောက်ထားသည့် လက်ဖဝါးများက အေးစက်လာပြီး သူ၏အသက်ရှူသံများကလည်း မြန်ဆန်လာခဲ့သည်။ သူ ဖြည်းဖြည်းချင်းခေါင်းမော့ကာ ဧကရာဇ်၏ဖိနပ်တို့ကို သတိထားပြီးစိုက်ကြည့်လိုက်၏။

ဧကရာဇ်ထျန်းသျယ်က သူ့ကိုစိုက်ကြည့်ကာ မေးမြန်းလာခဲ့သည်။ "မင်းက ရှန်ဝေ့ရဲ့သား၊ ချာရှီမြေတွင်းမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ။ မင်းမှာ ဘာဝန်ခံစရာရှိလဲ။"

ရှန်ဇယ်ချွမ်း၏မျက်လုံးများထဲ မျက်ရည်တို့ပြည့်နှက်လာပြီး ခန္ဓါကိုယ်ကလည်း တုန်ယင်လာခဲ့သည်။ သူက အသံတိတ်နေဆဲဖြစ်ကာ ပျော့ပျောင်းစွာ ငိုရှိုက်လိုက်၏။

ရှန်သျယ်ဧကရာဇ်က အမူအရာမပြောင်းလဲဘဲ အမိန့်ပေးလိုက်သည်။ "ပြန်ဖြေစမ်း!"

ရှန်ဇယ်ချွမ်းက ရုတ်ခြည်းမော့ကြည့်ကာ သူ၏မျက်ရည်များက ပါးပြင်ထက်စီးကျနေလေပြီ။ သူက ခေါင်းမော့လိုက်ပြီးနောက် သူ့နဖူးကို အားပြင်းပြင်းဖြင့် ကြမ်းပြင်နှင့်တိုက်ချလိုက်၏။ သူ၏ပခုံးများနှင့် လက်တို့ကလည်း တုန်ယင်နေပြီး လည်ချောင်းထဲမှ ငိုရှိုက်သံများက အဖော်ပြုလျက်။

"အရှင်ဧကရာဇ်... အရှင်ဧကရာဇ်! ကျွန်တော့်အဖေက တိုင်းပြည်ရဲ့အကျိုးကို နှလုံးသွင်းခဲ့သူပါ။ သူ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ကျွန်တော်တို့တိုင်းပြည်နဲ့ ပြည်သူတွေကို မျက်နှာချင်းဆိုင်ဖို့ရှက်ရွံ့တာကြောင့် သူ့အပြစ်တွေအတွက် သူ့ကိုယ်သူမီးရှို့ခဲ့တာပါ!"

ရှန်သျယ်ဧကရာဇ်က ပြစ်တင်ရှုတ်ချလိုက်သည်။ "မင်းက အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ! သူသာ တိုင်းပြည်ကိုဂရုစိုက်တယ်ဆိုရင် ဘာဖြစ်လို့ ထပ်တလဲလဲဆုတ်ခွာခဲ့ရတာလဲ။"

ရှန်ဇယ်ချွမ်း၏အသံက ငိုရှိုက်သံများကြောင့် ပြတ်တိပြတ်တောင်းဖြစ်နေ၏။ "ကျွန်တော့်အဖေက သူ့သားတွေအားလုံးကို စစ်မြေပြင်ဆီပို့ဆောင်ခဲ့ပါတယ်။ ကျွန်တော့်အကြီးဆုံးအစ်ကို ရှန်ကျိုးကျိဆို ပျန်းရှားတွေဆီကနေ မြင်းမှာချည်နှောင်ခံရပြီး ချာရှီမြစ်ကမ်းမှာ မသေမချင်းနှိပ်စက်ခံခဲ့ရတာပါ! သူသာ သစ္စာမရှိရင် ဘယ်လိုလုပ်ပြီး အဲ့လိုအဖြစ်ခံမှာပါလဲ။"

ရှန်သျယ်ဧကရာဇ်က တုံ့ပြန်လိုက်သည်။ "ချာရှီတိုက်ပွဲအကြောင်းကို ဘယ်လိုတောင် ပြောဝံ့တာလဲ။ ရှန်ကျိူးကျိက မတိုက်ခိုက်ဘဲ စစ်မြေပြင်ကနေထွက်ခွာသွားခဲ့တာကြောင့် သူ့အပြစ်တွေဟာ ခွင့်လွှတ်နိုင်စရာမရှိဘူး။"

ရှန်ဇယ်ချွမ်းတစ်ယောက် မျက်ရည်စီးကြောင်းများနှင့် ရှန်သျယ်ဧကရာဇ်ကို မော့ကြည့်လိုက်သည်။ "ချာရှီတိုက်ပွဲမှာ သွေးတွေက မြစ်တစ်ခုလိုစီးဆင်းခဲ့ရပါတယ်။ ကျွန်တော့်အစ်ကိုကြီးက အရည်အချင်းမရှိပေမဲ့ ရှေ့တန်းမှာ သုံးရက်သုံးညလုံး ထိန်းထားခဲ့တာပါ။ အဲ့ဒီသုံးရက်အတွင်းမှာ စစ်ပွဲအခြေအနေ ထောက်လှမ်းချက်က ချီသုန်းနဲ့ လီပေကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီသုံးရက်ကြောင့်သာမဟုတ်ရင်..."

သူက စိတ်ခံစားချက်များပြီး ချောင်းဆိုးသွားကာ စကားဆက်မပြောနိုင်ခဲ့ချေ။

ရှန်သျယ်ဧကရာဇ်က သူ့လက်ထဲကဝန်ခံချက်ကို အသံတိတ်ဖတ်ရှုနေ၏။ ရှန်ဇယ်ချွမ်း၏ငိုရှိုက်သံများမှအပ ခန်းမထဲမှာ တိတ်ဆိတ်နေခဲ့သည်။ အဆုံးမရှိသော တိတ်ဆိတ်မှုများကြား ရှန်ဇယ်ချွမ်း၏လက်ချောင်းထိပ်များက သူ့အသားထဲကို စိုက်ဝင်နေလေပြီ။

ထိုစဥ် ရုတ်တရက်ဆိုသလို ရှန်သျယ်ဧကရာဇ်က သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ "ရှန်ဝေ့က ရန်သူတွေနဲ့ ပူးပေါင်းခဲ့တာလား။"

ရှန်ဇယ်ချွမ်းက အခိုင်အမာပြန်ဖြေခဲ့၏။ "မဟုတ်ပါဘူး။"

အံ့အားသင့်စရာကောင်းစွာဖြင့် ရှန်သျယ်ဧကရာဇ်က ဝန်ခံချက်ကို ပြန်ချလိုက်ပြီး သူ၏လေသံက အေးစက်သွားခဲ့သည်။ "ကောက်ကျစ်တဲ့ကောင်လေး၊ မင်းက ဧကရာဇ်ကို လှည့်စားဖို့ကြိုးစားနေတာပဲ။ မင်းကို သက်ညှာပေးလို့မဖြစ်တော့ဘူး! ဖန်းရူကွေ့၊ သူ့ကိုခေါ်သွားပြီး သွမ်းချန်ဂိတ်မှာ မသေမချင်း ကြိမ်ဒဏ်ပေးလိုက်!"

"အမိန့်တော်အတိုင်းပါ!" ဖန်းရူကွေ့က အမိန့်ကိုလက်ခံကာ အရိုအသေပေး၍ ပြန်လည်ဆုတ်ခွာခဲ့သည်။

ရှန်ဇယ်ချွမ်း သူ၏ဦးခေါင်းထက်ကနေ ရေခဲရေဖြင့်လောင်းချခံလိုက်ရသလို အံ့သြထိတ်လန့်မှုကြောင့် ထုံထိုင်းသွား၏။ သူက အပြင်းအထန်ရုန်းကန်နေခဲ့သော်လည်း တော်ဝင်အစောင့်များဆီကနေ ပါးစပ်အပိတ်ခံလိုက်ပြီး မင်လီခန်းမထဲကနေ အလျင်အမြန် ဆွဲထုတ်ခံခဲ့ရလေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment