အပိုင်း (၂) - ခါးသီးသောလေအေး (၂)
နာကျင်မှုကြောင့် အသိစိတ်တစ်ဝက်လောက်လွတ်နေပြီဖြစ်သော ကျန်းဇယ်ချွမ်းမှာ ချွေးအေးများစိုရွှဲနေ၏။ စစ်ဆေးမေးမြန်းသူက စက်ဆုပ်စွာဖြင့် ဝန်ခံချက်ကို သူ့ဦးခေါင်းအနောက်သို့ ပစ်ပေါက်လာခဲ့သည်။
"ကျုံးပေါ်လူမျိုးဖြစ်ရတာထက် ခွေးတစ်ကောင်ဖြစ်ရတာကမှ ပိုကောင်းဦးမယ်။ ဒီတစ်ခေါက်မှာ ရှန်ဝေ့က သာ့ကျိုးအတွက် သစ္စာဖောက်တစ်ယောက်ပဲ။ မင်း ငြင်းဦးမှာလား။ ဒါပေမဲ့ မင်းမှာ ဝန်ခံစရာကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး!"
ရှန်ဇယ်ချွမ်းတစ်ယောက် နာကျင်မှုကြောင့် ထုံထိုင်းနေလေပြီ။ သူက ခုံတန်းပေါ်မှာပဲ လဲလျောင်းနေပြီး သူ့မျက်နှာကိုဖုံးနေသော ဝန်ခံချက်ကို စိုက်ကြည့်လိုက်၏။ ထိုအပေါ်မှမင်က ရှင်းလင်းနေပြီး စကားလုံးတစ်လုံးချင်းစီတိုင်းက အရှက်ရဖွယ်အတိဖြစ်စေသလို သူ့ပါးကိုဖြတ်ရိုက်ကာ လောကကြီးအား ယခုလို ကြေညာမောင်းခတ်နေခဲ့သည်။
ရှန်ဝေ့က သူ့တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့ပြီး သူ့ကို ခွေးဟုတောင် မခေါ်ထိုက်ပေ။
သူက ကျုံးပေါ်၏နယ်မြေခြောက်ခု၌ အလောင်းများထပ်စေခဲ့ပြီး ချာရှီမြေတွင်းထဲ မြှုပ်နှံခံခဲ့ရသော အလောင်းများကို ယခုထက်တိုင် မဖော်နိုင်သေးချေ။ သွမ်းကျိုးမြို့များကလည်း လုံးဝပျက်စီးသွားခဲ့သည်။
ရှန်ဝေ့က သူ့ကိုယ်သူ မီးလောင်တိုက်သွင်းခဲ့သော်လည်း အသက်ရှင်လျက်ကျန်ရစ်သူက သွေးကြွေးပြန်ဆပ်ရလိမ့်မည်။ ပျန်းရှားမြင်းတပ်က သွမ်းကျိုးကို သိမ်းပိုက်လိုက်ချိန်၌ သူ့မှာရှိသည့် မရေမတွက်နိုင်သောဇနီးများနှင့် သားများစွာအနက် အပြင်မှာပျိုးထောင်ခံခဲ့ရသော နိမ့်ကျစွာမွေးဖွားလာခဲ့သည့် ရှန်ဇယ်ချွမ်းတစ်ယောက်တည်းကသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
ရှန်ဇယ်ချွမ်းတစ်ယောက် ပြန်ဆွဲခေါ်သွားခံခဲ့ရပြီး သူ့ခြေဖဝါးများကနေ သွေးရာများက အမြီးတန်းလျက်လိုက်ပါသွားခဲ့သည်။ ထို့နောက် နံရံကိုမျက်နှာမူလျက် ကျဥ်းမြောင်းသောပြတင်းပေါက်ကို စိုက်ကြည့်နေခဲ့၏။ တဝေါဝေါတိုက်ခတ်နေသောလေနှင့် တဖွဲဖွဲကျဆင်းနေသောနှင်းတို့က အဆုံးမရှိသောအမှောင်ညကို ဆေးခြယ်ပေးနေသည်။
သူ၏စိတ်များက ထွေပြားနေပြီး လေတိုးသံများအလယ်မှာ သူ ချာရှီမြေတွင်းကြီးဆီ တစ်ဖန်ရောက်ရှိသွားခဲ့လေ၏။
ကျိမုက အသက်ရှူဖို့ကို ရုန်းကန်နေရသည်။ သူ၏ချပ်ဝတ်တန်ဆာများထဲကနေ သွေးများစိမ့်ထွက်နေပြီး ရှန်ဇယ်ချွမ်း၏လည်ကုပ်ပေါ် တတောက်တောက်ကျဆင်းနေရာ သိပ်မကြာခင် အေးစက်လာခဲ့သည်။ ၎င်းတို့၏ပတ်ပတ်လည်မှ ငိုကြွေးသံများက မှေးမှိန်သွားခဲ့ပြီး နာကျင်စွာညည်းညူသံနှင့် လေအေးများ တဟုန်းဟုန်းတိုက်ခတ်သံတို့ကိုသာ ကြားနေရတော့၏။
ရှန်ဇယ်ချွမ်းတစ်ယောက် မည်သူမည်ဝါမှန်းမသိနိုင်တော့သည့် အလောင်းတစ်လောင်းနှင့် မျက်နှာချင်းဆိုင်ဖြစ်နေပြီး သူ၏ခြေထောက်များက လေးလံသောအလောင်းအောက်မှာ အဖိခံထားရသလို သူ၏လက်များက သူ့ခါးနှင့် ဝမ်းဗိုက်တို့ကို ရစ်ပတ်နေသည်။ သူ ရှူရှိုက်လိုက်သောလေက သွေးနံ့ခပ်ပြင်းပြင်းရောပါနေပြီး အံတင်းတင်းကြိတ်ကာ မျက်ရည်တို့ကျဆင်းလာစေကာမူ ကျယ်လောင်စွာ အော်မငိုဝံ့ခဲ့ပေ။ သူ ကူကယ်ရာမဲ့စွာဖြင့် ပျက်စီးနေသောမျက်နှာကို စိုက်ကြည့်လိုက်သော်လည်း ထိုသူက သူအရင်ကမြင်ခဲ့ဖူးသော စစ်သည်တော်ဟုတ်မဟုတ်ကို မမှတ်မိနိုင်ခဲ့ပေ။
"ကော။" ရှန်ဇယ်ချွမ်းက ခပ်တိုးတိုးလေး ရှိုက်လိုက်၏။ "ကျွန်တော်... ကျွန်တော် အရမ်းကြောက်တယ်..."
ကျိမု၏လည်စေ့က လှုပ်ရှားသွားပြီး ရှန်ဇယ်ချွမ်း၏ဦးခေါင်းလေးကို သူ့လက်ဖဝါးဖြင့် ညင်သာစွာပုတ်ပေးကာ သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ "အဆင်ပြေပါတယ်... မကြာခင် အဆင်ပြေသွားမှာပါ။"
လေတဟုန်းဟုန်းတိုက်ခတ်သံများကြား ရှန်ဇယ်ချွမ်း သေခါနီးစစ်သည်တစ်ဦး၏ သီချင်းဆိုသံကို ကြားလိုက်ရသည်။ အေးစက်သောညအလယ်မှာ သံစဥ်က ပြတ်တိပြတ်တောင်းဖြစ်နေခဲ့သည်။
"မြို့တောင်ဘက်က စစ်ပွဲတွေ... မြို့မြောက်ဘက်က သေခြင်းတရားတွေ... မမြှုပ်နှံရသေးတဲ့ အလောင်းတွေကတော့... ကျီးကန်းတွေ စားဖို့အတွက်ပဲပေါ့။"
"ကော။" ရှန်ဇယ်ချွမ်းက သူ့အောက်ကနေ တီးတိုးပြောလိုက်သည်။ "ကျွန်တော် ကောကို ကျောပိုးပြီးသယ်သွားပေးမယ်နော်... ကော။"
ကျိမု၏ခန္ဓါကိုယ်က ပုံပျက်နေသော ဒိုင်းတစ်ခုနှင့်တူ၏။ သူက ပြုံးလိုက်ပြီး သူ၏အသံက အက်ရှနေခဲ့သည်။ "ကော လမ်းလျှောက်နိုင်ပါသေးတယ်။"
"ကော မြားမှန်ထားတယ်မဟုတ်ဘူးလား။"
"ဟင့်အင်း။" ကျိမု၏မျက်ရည်များက ခြောက်သွေ့သွားပြီဖြစ်၏။ သူက ညင်သာစွာပြောလိုက်သည်။ "ပျန်းရှားတွေရဲ့မြားက ပစ်မှတ်မတိကျဘူးလေ။"
ရှန်ဇယ်ချွမ်း၏လက်ချောင်းလေးများကလည်း အသားများလန်နေခဲ့သည်။ သူက ရုန်းကန်ရင်း သူ့မျက်နှာကို ပွတ်သုတ်လိုက်သည်။ "ရှစ်နျန်*က ဖက်ထုပ်တွေလုပ်ထားတယ်။ သူ(မ)က အိမ်မှာ ကောကိုစောင့်နေတာ။ ကျွန်တော်တို့ ဖက်ထုပ်တွေ အများကြီးစားကြမယ်။"
[TN/ ရှစ်ဖူ/ဆရာရဲ့ဇနီးပါ။]
ကျိမုက သက်ပြင်းချလိုက်၏။ "ကောက အစားနှေးတယ်၊ အဲ့ဒါကြောင့်... ကောဆီက မလုရဘူးနော်။"
ရှန်ဇယ်ချွမ်းက သူ့အောက်ကနေ တဆတ်ဆတ်ခေါင်းညိတ်ပြလိုက်သည်။
ဆီးနှင်းများက တဖြည်းဖြည်းနှင့် ကျိမု၏ခန္ဓါကိုယ်ပေါ် ဖုံးလွှမ်းလာခဲ့၏။ သူက အလွန်အားနည်းလာပြီး သူ၏အသံကလည်း မကြားရလုနီးပါးဖြစ်ကာ လက်ချောင်းလေးတစ်ချောင်းကိုတောင် မလှုပ်ရှားနိုင်တော့ပေ။ သီချင်းသံက 'သူရဲကောင်းတို့က အသက်ပေးပြီးတိုက်ခိုက်ခဲ့ကြတယ်' ဆိုသည့်နေရာရောက်သော် ကျိမုတစ်ယောက် မျက်လုံးများမှိတ်သွားခဲ့လေသည်။
ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ကော မရီးနဲ့လက်ထပ်ဖို့အတွက် ကျွန်တော်... ကျွန်တော့်ပိုက်ဆံတွေကို ကောကိုပေးမယ်..."
"ကော။"
"ကော။"
ကျိမုက တိတ်ဆိတ်နေဆဲဖြစ်ကာ စကားပြောရတာ ပင်ပန်းသွားပုံပေါ်ပြီး အိပ်စက်အနားယူသွားလေပြီ။
ရှန်ဇယ်ချွမ်း တစ်ကိုယ်လုံးတုန်ယင်နေခဲ့သည်။ ပျန်းရှားမြင်းတပ် ပြန်လည်ထွက်ခွာသွားချိန်၌ သူ မည်ကဲ့သို့ တွားသွားထွက်လာခဲ့သည်ကိုတောင် သတိမရတော့ပေ။ သူ လက်နှစ်ဖက်ထောက်ကာ သူ့ခန္ဓါကိုယ်ကို မထူလိုက်သောအခါ နှင်းများဖုံးလွှမ်းနေသောမြေပြင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ သူ့ဒူးအောက်မှာ ထပ်နေသောအလောင်းများက ဖျင်ကြမ်းအိတ်များပမာ။
ရှန်ဇယ်ချွမ်း အနောက်ကို လှည့်ကြည့်လိုက်ချိန်၌ အသံတိတ်ငိုကြွေးရုံသာ တတ်နိုင်ခဲ့သည်။
ကျိမု၏ကျောပြင်ထက်မှာ မြားပေါင်းများစွာစိုက်ဝင်နေပြီး သူ့ကို ဖြူကောင်အဖြစ် ပြောင်းလဲသွားစေခဲ့၏။ ကျိမု၏သွေးများသည် ရှန်ဇယ်ချွမ်း၏ကျောပြင်တစ်ခုလုံးပေါ် စိမ့်ဝင်နေခဲ့သော်လည်း သူ သတိမထားမိခဲ့ပေ။
ထိုစဥ် အသံတိတ်မိုးကြိုးမုန်တိုင်းတစ်ခုလို မြင်းခွာသံများ ထွက်ပေါ်လာ၏။ ရုတ်တရက်ဆိုသလို ရှန်ဇယ်ချွမ်းတစ်ယောက် တုန်ယင်သွားပြီး လန့်နိုးလာခဲ့သည်။
သူ အော့အန်ချင်နေသော်လည်း သူ၏လက်ကောက်ဝတ်များကို တင်းကျပ်စွာချည်နှောင်ထားပြီး သူ့ခန္ဓါကိုယ်ပေါ် မြေဆီလွှာအိတ်များဖြင့် ဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရသည်။
အိတ်က ပိုပိုပြီးလေးလံလာကာ သူ့ရင်ဘတ်ကိုဖိထားရာ ရှန်ဇယ်ချွမ်းမှာ အသံမထွက်နိုင်ခဲ့ပေ။ ဤသည်မှာ 'မြေဆီလွှာအိတ်ဖြင့်မြှုပ်နှံခြင်း' ဟု လူသိများကာ ပြင်ပဒဏ်ရာများ မကျန်စေနိုင်သည့် ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုနည်းလမ်းတစ်ခုဖြစ်ပြီး အသက်မရှင်စေချင်သော ရာဇဝတ်သားများအတွက် သီးသန့်ဖြစ်သည်။ ရှန်ဇယ်ချွမ်းသာ ယခုနိုးမလာခဲ့ပါမူ မိုးသောက်ချိန်ဆို သေသွားလောက်ပေမည်။
တစ်စုံတစ်ယောက်က သူ့ကိုသတ်ဖို့ကြိုးစားနေတယ်!
***
Aurora Novel Translation Team