no

Font
Theme

အပိုင်း (၆၆) - တူဝရီး (၂)

ရှီးဟုန်ရွှမ်းက ဂုဏ်သရေရှိဧည့်သည်များကို ဧည့်ခံရန် ပူအာ့စားသောက်ဆိုင်တစ်ခုလုံးကို ငှားရမ်းထား၏။ သူ ဆီးသွားချင်လာသဖြင့် အိမ်သာရှိရာသို့ ထွက်လာခဲ့သည်။ သူ ကိစ္စရှင်းပြီး အခန်းထဲကို ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်၌ တစ်စုံတစ်ယောက်က သူ့ပခုံးကို လာပုတ်ခဲ့၏။

ရှီးဟုန်ရွှမ်းတစ်ယောက် ထိတ်လန့်သွားပြီး အနောက်လှည့်ကြည့်လိုက်သည်။ "မင်း ဘယ်လို... ဘယ်လိုလုပ်ပြီး အရိပ်လိုမျိုး တိတ်တဆိတ်လှုပ်ရှားနေရတာလဲ!"

"ဒီနောက်ပိုင်း ကိစ္စတွေက အများကြီးဖြစ်ပျက်နေတယ်။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ သူက သူ့ဘာသာသူဝင်လာပြီး သူ၏ခွက်ထဲသို့ လက်ဖက်ရည်အေးကို ငှဲ့လိုက်သည်။ "ဟိုင်လျန်းယိနဲ့ ရွှယ်ရှိုးကျော်တို့ ကျိလေနဲ့ ဖန်းရူကွေ့ဆီကနေ လိုအပ်တဲ့အရာတွေ ထုတ်ပြောအောင်မလုပ်နိုင်သေးလို့ တရားစီရင်ရေးဌာနက သူတို့အတွက် စီရင်ချက်မချရသေးဘူးမလား။"

ရှီးဟုန်ရွှမ်းက လှည့်ပတ်ကြည့်လိုက်ပြီး ထိုင်ချကာ တီးတိုးဆိုလာ၏။ "မင်းက ကျိလေကိုသတ်ချင်ပေမဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ဘယ်လိုလုပ်နိုင််မှာလဲ။ ဟွားမျိုးနွယ်ရဲ့အမှုမှာ လူအများကြီး ပါဝင်ပတ်သက်နေပေမဲ့ အဲ့ဒီနှစ်ယောက်ရဲ့ဝန်ခံချက်ထဲမှာ နောက်ထပ်ပါဝင်ပတ်သက်နေမှာကို တော်တော်များများ ကြောက်နေကြတယ်။ အဲ့ဒါကြောင့် သူတို့ ရုတ်တရက်သေဆုံးသွားတယ်ဆိုပြီး မဖြစ်ရအောင် ဟိုင်လျန်းယိက အစောင့်တွေကို တင်းတင်းကျပ်ကျပ်ချထားတယ်။ မင်း လှုပ်ရှားဖို့အတွက် နေရာမရှိဘူး။"

"ကျွန်တော် မလှုပ်ရှားပါဘူး။" ရှန်ဇယ်ချွမ်းက ရှီးဟုန်ရွှမ်းကို ပြုံးပြလိုက်သည်။ "ဒါပေမဲ့ ကျွန်တော့်မှာ ကျိလေကို စကားပြောလာအောင်လုပ်ဖို့ နည်းလမ်းရှိတယ်။"

ရှီးဟုန်ရွှမ်းက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် လက်ဖက်ရည်အိုးကိုမကာ သူ့အတွက် ငှဲ့လိုက်၏။ "ဘာနည်းလမ်းလဲ။"

ရှန်ဇယ်ချွမ်းက သူ၏လက်ဖက်ရည်ကို သောက်လိုက်သည်။ "ကျွန်တော့်ကို သူနဲ့တွေ့လို့ရအောင်လုပ်ပေး။"

...

ကျိလေတစ်ယောက် ရက်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရသည်။ သူက အကျဥ်းခန်းထဲမှာ သံကြိုးများဖြင့် အချည်ခံထားရပြီး ဆံပင်များရှုပ်ပွကာ ခြေဗလာဖြင့် လဲလျောင်းနေ၏။ သူ တစ်စုံတစ်ယောက်ဝင်လာသည်ကို ကြားလိုက်ရပြီးနောက် သူ၏ဦးခေါင်းကို ဖုံးအုပ်ကာ အခန်းထဲကနေ ဆွဲခေါ်သွားလေသည်။ ထို့နောက် သူ့ကို ရထားလုံးတစ်စီးပေါ် ထိုးထည့်လိုက်ပြီး အချိန်တစ်ခုကြာပြီးနောက် ရပ်တန့်သွားကာ သူ့ကို မြေပြင်ပေါ်ဆွဲချလိုက်သည်။ သူရောက်ရှိနေသောနေရာက မည်သည့်နေရာမှန်းမသိသော်လည်း တိတ်ဆိတ်နေပြီး မလှမ်းမကမ်း၌ ရေကျသံများသာ ရှိနေခဲ့သည်။

သူ၏ဦးခေါင်းပေါ်မှာ အမဲရောင်အိတ်ကြီးက ရှိနေဆဲဖြစ်ပြီး သူက လေးဘက်ထောက်ကုန်းရုန်းထကာ မေးလိုက်သည်။ "ဘယ်သူလဲ။"

ရေတစ်စက်က ပလုံဆိုသည့်အသံနှင့် ကျဆင်းသွားသော်လည်း တုံ့ပြန်သံထွက်ပေါ်မလာခဲ့ပေ။

ကျိလေတစ်ယောက် ကျောရိုးထဲ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူ့ကိုယ်သူ ဒူးထောက်လျက်ထိုင်လိုက်ပြီး စိတ်အားထက်သန်စွာ မှန်းဆနေခဲ့သည်။ "အတွင်းဝန်အမတ်ဟိုင်လား။"

သို့တိုင် မည်သူကမှ ပြန်မဖြေခဲ့ပေ။

သူ၏လည်ချောင်းက ခြောက်ကပ်လာ၏။ သူ အရှေ့ကိုတိုးလိုက်သောအခါ သံတိုင်များကို ဝင်တိုက်မိသွားခဲ့သည်။ သူက စမ်းတဝါးဝါးဖြင့် သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းကာ အော်လိုက်သည်။ "မင်းက အတွင်းဝန်အမတ်ဟိုင်မဟုတ်ရင် ရွှယ်ရှိုးကျော်ပဲဖြစ်ရမယ်! မင်း ဒီကနေ့ ငါ့ကို ဘယ်လိုနှိပ်စက်ဖို့စီစဥ်ထားတာလဲ။ လုပ်လိုက်စမ်းပါ!"

"တစ်ခုခုပြောလေ။ ဘာဖြစ်လို့ ဘာမှမပြောရတာလဲ!"

တိတ်ဆိတ်နေဆဲ။

"မင်းက ဘယ်သူလဲ။ တိတိကျကျ ဘယ်သူလဲ။ မင်း ဘာလိုချင်လို့လဲ! မင်းက တစ်ချိန်လုံးတိတ်ဆိတ်နေတာနဲ့ ငါ့ကို ကြောက်အောင်လုပ်နိုင်မယ်ထင်လို့လား။ ငါ မကြောက်ဘူး - ငါမကြောက်ဘူးကွ!"

ကျိလေက သူ၏ဦးခေါင်းကို လက်မောင်းနှစ်ဖက်ကြားရုန်းကန်ကာ အိတ်ကိုချွတ်ရန် ကြိုးစားလိုက်သည်။ သူက ဘေးသို့စောင်းကြည့်လိုက်ရာ သူ့အရှေ့တည့်တည့်ကထိုင်ခုံမှာ ရှန်ဇယ်ချွမ်းက ထိုင်နေကြောင်း တွေ့လိုက်ရလေသည်။

ရှန်ဇယ်ချွမ်းက လရောင်ကဲ့သို့ အေးစက်သော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေထောက်ချိတ်ထိုင်ကာ ထိုင်ခုံလက်ရန်းပေါ် လက်တစ်ဖက်ထောက်၍ ထိုလက်ဖြင့်မေးထောက်လျက် ကျိလေကို တည်ငြိမ်စွာကြည့်လိုက်သည်။

ကျိလေ၏လည်ချောင်းထဲကနေ ရယ်သံများထွက်ကျလာ၏။ သူက သံတိုင်များကိုဆုပ်ကိုင်ကာ သူ၏မျက်နှာကို သံတိုင်များကြားတိုးဝင်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်။ "အိုး၊ မင်းပဲ။ ကျုံးပေါ်ရဲ့ ခွေးလေခွေးလွင့်။ စက်ဆုပ်ဖွယ်ကောင်းတဲ့ တိရစ္ဆာန်က ရှစ်ရှူး*ဆီကနေ ဘာလိုချင်လို့လဲ။ ကျိကန်းအတွက် လက်စားချေချင်တာလား၊ မင်းကိုယ်မင်းအတွက်လား။"

[TN/ ရှစ်ရှူး - ဂိုဏ်းတူဦးလေး/ ဆရာတူဦးလေး။]

ရှန်ဇယ်ချွမ်းက ဘာမှမပြောခဲ့ပေ။ နူးညံ့သိမ်မွေ့သည့် အနှီမျက်လုံးများထဲမှာ အပြုံးမရှိတော့ချိန်တိုင်း ယင်းက မည်းနက်ကာ လေးလံသောအကြည့်သာ ကျန်နေခဲ့တော့သည်။

ထိုမျက်ဝန်းများထဲ စိုက်ကြည့်လိုက်သောအခါ ကျိလေတစ်ယောက် အမုန်းတရားကိုတောင် ရှာမတွေ့ခဲ့ပေ။ သူ့အရှေ့မှလူက အသွေးအသားများနှင့်တည်ဆောက်ထားသော လူသားမဟုတ်ဘဲ လူသားစားချင်လာသည်အထိ ဆာလောင်နေသော ခွေးဆိုးခွေးရိုင်းတစ်ကောင်ပမာ။ "ကျိမိသားစုမှာ ဆက်ခံသူမရှိဘူး။ ကျိကန်းရဲ့မျိုးရိုးကို ဆက်ခံတဲ့သူက မင်းပဲ။" သူက တံတွေးထွေးလိုက်၏။ "ဒီတော့ မင်းက ငါ့ကို ဘာအတွက်လိုက်ရှာတာလဲ။ ရှန်ဇယ်ချွမ်း၊ မင်းရဲ့ ရှန်မျိုးနွယ်က ကျိမုကိုသတ်ခဲ့တာ။ မင်းရဲ့ရှန်မျိုးနွယ်က ဟွားဖင်းထင်ကို သတ်ခဲ့တာ။ မင်းရဲ့အပြစ်တွေနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အသက်ရှည်ရှည်နေနိုင်ရတာလဲ။ မင်းက အပြစ်မဲ့တဲ့ဝိညာဥ်ပေါင်း သောင်းချီရဲ့အောက်က နတ်ဆိုးတစ်ကောင်ပဲ။ မင်းက ရှန်ဝေ့ရဲ့ဖြစ်တည်မှုအတွက် အသရေမဲ့တဲ့မျိုးဆက်ပဲ။ မင်းကို အပိုင်းပိုင်းခုတ်ထစ်ခံပြီး အချက်တစ်ထောင်ဓါးဒဏ်ရာနဲ့ သေဖို့ထိုက်တတ်တယ်..."

ကျိလေ၏ရယ်သံသဲ့သဲ့က ထွက်ပေါ်လာခဲ့သည်။ သူက ဖရိုဖရဲဖြစ်နေ၏။ "ငါ မင်းကိုကြောက်မယ်လို့ ထင်နေတာလား။ ဘယ်သူမှမလိုချင်တဲ့ အကောင်စုတ်လေး။ ရှောင်းအာ့နောက်ကိုလိုက်ဖို့ မင်းရဲ့ဘောင်းဘီကို ချွတ်လိုက်တာနဲ့ ပိုကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပြီလို့ ထင်နေတာလား။ ဟားဟား!"

ရှန်ဇယ်ချွမ်းကလည်း လိုက်ရယ်လိုက်သည်။

ကျိလေ၏ရယ်သံက တဖြည်းဖြည်း ရပ်တန့်သွားလေ၏။ "အဲ့ဒါကို ရယ်စရာလို့ထင်နေတာလား။ ဒီကနေ့ ငါ့ရဲ့ဒုက္ခက မနက်ဖြန် မင်းရဲ့အကျပ်အတည်းဖြစ်သွားလိမ့်မယ်။" သူ၏အသံက အေးစက်နေ၏။

ရှန်ဇယ်ချွမ်းက ခြေထောက်ကိုဖြည်လိုက်ပြီး ထိုစကားလုံးများကို စဥ်းစားနေသကဲ့သို့ ထိုင်ခုံကိုမှီလိုက်၏။ "အိုး ဟုတ်လား၊ ကျွန်တော် ကြောက်လိုက်တာ။"

သူ၏စကားလုံးများက လှောင်ပြောင်ရိပ်များ ကိန်းဝပ်နေခဲ့သည်။

"နတ်ဆိုး၊ အကောင်စုတ်၊ ခွေးလေခွေးလွင့်၊ စက်ဆုပ်စရာကောင်းတဲ့တိရစ္ဆာန်။" ရှန်ဇယ်ချွမ်းက ထရပ်ကာ သံတိုင်များ၏အပြင်ဘက်မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူက ကျိလေကို စတင်ရယ်မောကာ ရူးသွပ်နေသောလေသံဖြင့် ပြောလိုက်၏။ "ခင်ဗျားပြောတာမှန်တယ်။ ကျွန်တော်က ချာရှီမြေတွင်းထဲကနေ တက်လာခဲ့တဲ့ နတ်ဆိုး၊ ရှန်ဝေ့ သူ့ကိုယ်သူသတ်သေပြီး ချန်ရစ်ခဲ့တဲ့အကောင်စုတ်၊ ပြန်စရာအိမ်မရှိတဲ့ ခွေလေခွေးလွင့်၊ ထောင်ပေါင်းများစွာရဲ့ မုန်းတီးခြင်းကိုခံနေရတဲ့ စက်ဆုပ်စရာကောင်းတဲ့ တိရစ္ဆာန်ကောင်။ ရှစ်ရှူးက ကျွန်တော့်ကိုကောင်းကောင်းသိနေတော့ ကျွန်တော်ဝမ်းသာမိပါတယ်။"

ကျိလေတစ်ယောက် ထိန်းချုပ်လို့မရအောင် တုန်ယင်လာခဲ့သည်။

ရှန်ဇယ်ချွမ်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်က လွန်ခဲ့သောငါးနှစ်ကထက် ပို၍ရက်စက်ကြမ်းကြုတ်နေ၏။ ရင်သပ်ရှုမောဖွယ် အရေပြားအောက်မှာ ရှင်သန်နေသူအမျိုးသားက သေဆုံးသွားပြီး ၎င်းအရေပြားအောက်၌ သားရဲတစ်ကောင်ရှင်သန်နေသကဲ့သို့ပင်။

"လွန်ခဲ့တဲ့ငါးနှစ်က။" ရှန်ဇယ်ချွမ်းက ပျော့ပျောင်းစွာပြောလိုက်ပြီး သံတိုင်များအနီး တိုးကပ်လာကာ ကျိလေ၏ ထိတ်လန့်နေသောအမူအရာကို လေ့လာလျုက်သည်။ "ဒီမှာ ဒူးထောက်နေခဲ့သူက ကျွန်တော်ဖြစ်ခဲ့တာ။ ခင်ဗျား ကျွန်တော့်ကို ကျောင်းကျွေ့ဘုရားကျောင်းဆီပို့တော့ ဘာပြောခဲ့သလဲ။"

ကျိလေ၏လည်ချောင်းက တင်းကျပ်သွား၏။ သူ ပြန်ပြောချင်သော်လည်း သူ၏အသံကို ရှာမတွေ့တော့ပေ။

"ခင်ဗျားရဲ့ကြင်နာမှုကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း သတိရနေခဲ့တာ။" ရှန်ဇယ်ချွမ်းက အရိုးသားဆုံးလေသံဖြင့် ပြောလိုက်သည်။ "နေ့တိုင်း။ ညတိုင်းပဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment