အပိုင်း (၆) - ကြမ်းကြုတ်တဲ့အမဲလိုက်ငှက် (၂)
ရှန်ဇယ်ချွမ်းတစ်ယောက် အဖျားကြီးပြီး မူးဝေနေသည်။ သူ့မျက်စိရှေ့မှာ ကျိမု၏သေလုမျောပါးအသွင်အပြင်ကို မြင်လိုက်ရပြီး ထို့နောက်မှာတော့ သွမ်းကျိုးမှာနေထိုင်ခဲ့စဥ်က သူ၏ပုံရိပ်များကိုလည်း မြင်တွေ့လိုက်ရသည်။
သွမ်းကျိုးမှလေများက ဆိုင်းဘုတ်များကိုတောင် လှုပ်ခတ်သွားစေ၏။ ထိုစဥ် သူ့ရှစ်နျန်က ဂျုံပါးပါးဖြင့်ထုပ်ထားပြီး အဆာပလာများဖောင်းကားနေသည့် ဖက်ထုပ်များပြည့်နှက်နေသော ကြွေပန်းကန်လုံးအဖြူကိုကိုင်လျက် ကန့်လန့်ကာကိုတွန်းဖယ်လိုက်သည်။
"မင်းရဲ့ကောကို ခေါ်လိုက်ဦး!" သူ(မ)က အော်လိုက်သည်။ "သူက အမြဲတမ်း လျှောက်သွားနေတော့တာပဲ။ သူ့ကို ညစာစားဖို့ မြန်မြန်ပြန်လာခဲ့လို့ပြောလိုက်!"
ရှန်ဇယ်ချွမ်းက လက်ရမ်းပေါ်ကနေ ခုန်ချလိုက်ပြီး ရှစ်နျန်ဆီပြေးကာ သူ၏တူဖြင့် ဖက်ထုပ်တစ်ခုကိုယူ၍ ပါးစပ်ထဲထည့်လိုက်သည်။ ဖက်ထုပ်က အလွန်ပူသဖြင့် လေများကို တဟူးဟူးမှုတ်ထုတ်နေရ၏။ ထို့နောက် အပြင်ကိုထွက်လိုက်ချိန်၌ သူ့ရှစ်ဖူက လှေကားနားမှာထိုင်နေကြောင်း တွေ့လိုက်ရသဖြင့် ကျိကန်း၏ဘေးမှာ ဆောင့်ကြောင့်ဝင်ထိုင်လိုက်သည်။
ကျိကန်းက ကျောက်တုံးတစ်တုံးကို အရောင်တင်နေပြီး ရှန်ဇယ်ချွမ်းဘက်သို့ လှည့်ကြည့်လာ၏။ "ကောင်စုတ်လေး၊ ဖက်ထုပ်တွေက ဘယ်လောက်တန်မှာမို့လဲ။ မင်းက သိပ်ကိုကြိုက်နေတယ်ပေါ့! သွား၊ မင်းကောကို သွားခေါ်လိုက်။ ငါတို့သုံးယောက် ယွမ်ယန်မျှော်စင်မှာ စားတော်ပွဲသွားတည်ကြမယ်!"
ရှန်ဇယ်ချွမ်း မတုံ့ပြန်ခင် ရှစ်နျန်က ကျိကန်း၏နားရွက်ကိုဆွဲကာ ပြောလိုက်သည်။ "ရှင်က ဖက်ထုပ်စားဖို့အတွက် သိပ်ကို တော်နေတယ်ပေါ့လေ? တကယ် တစ်ခုခုတော့ တစ်ခုခုပဲ! ရှင် အရမ်းချမ်းသာနေရင် ဘာဖြစ်လို့ ဇနီးတစ်ယောက်လောက်မယူရတာလဲ။ ပြီးရင် ဒီကောင်စုတ်လေးနှစ်ယောက်ကိုပါ ရှင်နဲ့အတူခေါ်သွားချည်!"
ထိုမြင်ကွင်းကြောင့် ရှန်ဇယ်ချွမ်းက ရယ်မောလိုက်သည်။ ထို့နောက် လှေကားပေါ်ကနေခုန်ဆင်းကာ သူ့ရှစ်ဖူနှင့် ရှစ်နျန်တို့ကို လက်ပြနှုတ်ဆက်၍ သူ့အစ်ကိုဖြစ်သူ ကျိမုကိုရှာဖို့ ထွက်လာခဲ့လိုက်၏။
လမ်းတစ်လျှောက်မှာ နှင်းများ သိပ်သည်းစွာကျဆင်းနေရာ ရှန်ဇယ်ချွမ်းအတွက် တစ်စုံတစ်ယောက်ကိုရှာဖို့ ခက်ခဲလာခဲ့သည်။ သူ လမ်းလျှောက်ရင်းလျှောက်ရင်း၊ ပိုပိုအေးလာခဲ့၏။
"ကော။"
ရှန်ဇယ်ချွမ်းက နေရာအနှံ့ အော်ခေါ်နေခဲ့သည်။
"ကျိမု! ညစာစားဖို့ အိမ်ပြန်လာခဲ့တော့!"
ထိုစဥ် မြင်းခွာသံများက တဖြည်းဖြည်းနှင့် သူ့ဆီချဥ်းကပ်လာ၏။ ရှန်ဇယ်ချွမ်းတစ်ယောက် မြင်းခွာသံများကြားနစ်မြုပ်နေပြီး ဆီးနှင်းများက သူ၏အမြင်ကို ပိတ်ဆို့ထားသည်။ သူ့နားထဲ တိုက်ပွဲသံများထွက်ပေါ်လာပြီး ပူပူနွေးနွေးသွေးများကလည်း သူ့မျက်နှာထက် ပက်ဖြန်းလာ၏။ သူ့ခြေထောက်များဆီကနေ မခံမရပ်နိုင်သောနာကျင်မှုကြောင့် သူ မြေပြင်ပေါ်လဲကျသွားခဲ့ရသည်။
ထို့နောက် သူ့မျက်စိရှေ့မှာ အသက်မဲ့ခန္ဓာတစ်ခုကို မြင်လိုက်ရသည်။ လေထုကိုဖြိုခွင်းနေသည့် မြားသံများလည်း ထွက်ပေါ်နေပြီး သူ့ကျောပေါ်မှအလေးချိန်တစ်ခုက သူ့ကိုဖိထား၏။ ထိုစဥ် နွေးထွေးသောအရည်ပျစ်ပျစ်တို့က သူ့လည်ပင်းနှင့် ပါးပြင်များထက် စီးကျနေခဲ့သည်။
ယခုတစ်ကြိမ်မှာတော့ ထိုအရာကို သူသိလိုက်သည်။
ရှန်ဇယ်ချွမ်း တုန်တုန်ယင်ယင်နှင့် နိုးလာခဲ့သည်။ သူ့တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသည့်အတွက် အအေးဒဏ်ကြောင့် တုန်ယင်လာ၏။ အိပ်ရာထဲမှာလဲလျောင်းနေရင်း သူ၏မျက်လုံးများက ခပ်မှိန်မှိန်အလင်းရောင်နှင့် အသားကျဖို့အတွက် ရုန်းကန်နေရသည်။
အကျဥ်းထောင်အခန်းထဲမှာ အညစ်အကြေးများမရှိတော့ဘဲ ရေနံဆီမီးအိမ်ကို ထွန်းညှိထား၏။
ရှန်းဇယ်ချွမ်း၏လည်ချောင်းက ခြောက်ကပ်နေသည်။ ထောင်စောင့်က သူ၏အဆင်မပြေမှုကို သတိထားမိဟန်တူပြီး အိပ်ရာပေါ်သို့ ရေအေးတစ်ပန်းကန်တင်ပေးလာ၏။ ပူလိုက်၊ အေးလိုက် တစ်လှည့်စီခံစားနေရသော ရှန်ဇယ်ချွမ်းက ပန်းကန်လုံးအနီးသို့ ဖြည်းဖြည်းချင်းရွှေ့သွားလိုက်ပြီး ရေတစ်ဝက်လောက် သောက်လိုက်သည်။
အကျဥ်းထောင်အခန်းထဲမှာ တိတ်ဆိတ်ခြင်းတို့ ကြီးစိုးနေ၏။ ထောင်စောင့်ထွက်သွားပြီးနောက် ရှန်ဇယ်ချွမ်းတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ သူ သတိလစ်သွားလိုက်၊ ပြန်နိုးလာလိုက်ဖြစ်နေခဲ့ပြီး ညတာက အဆုံးမရှိရှည်လျားလွန်းကာ မိုးသောက်ချိန်ကို ဘယ်တော့မှမရောက်နိုင်တော့သည့်နှယ်။
ရှန်ဇယ်ချွမ်း၏ပတ်တီးများကိုလဲဖို့ ထောင်စောင့် ပြန်ရောက်လာသောအခါမှာ သူ အသိစိတ်တချို့ပြန်ရလာပြီဖြစ်၏။ ကျိလေက သံတိုင်များအနောက်ကနေ စောင့်ကြည့်နေပြီး အေးစက်သောလေသံဖြင့် ပြောလာခဲ့သည်။ "မင်း ဒီတစ်ခေါက် သိပ်ကိုကံကောင်းတယ်။ မကောင်းတဲ့သူတွေက သက်ဆိုးရှည်ကြတာပဲ။ ဧကရီမယ်မယ်က မင်းကိုသက်ညှာပေးလိုက်ပေမဲ့ ဘာလို့လဲဆိုတာကိုတော့ မင်း သိမယ်မထင်ဘူး။"
ရှန်ဇယ်ချွမ်းက ငြိမ်သက်နေဆဲဖြစ်ပြီး ခေါင်းကိုငုံ့ထားလျက်ပင်။
ကျိလေက ဆက်ပြောလာ၏။ "မင်းရဲ့ဆရာက ကျိကန်းဆိုတာ ငါသိတယ်။ နယ်လှည့်ဓါးသမား ကျိကန်းပေါ့။ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်တုန်းက ငါတို့တွေ ကျောင်းတော်တစ်ခုတည်းမှာ အတူတူတက်ခဲ့ကြတာ။ ငါတို့နှစ်ယောက်လုံး ချွိတူးမှာ တော်ဝင်အစောင့်တွေအဖြစ် အမှုထမ်းခဲ့ကြတယ်။ မင်းကတော့ သိလောက်မှာမဟုတ်ဘူး။ တစ်ချိန်တုန်းက သူ တတိယအဆင့်တပ်မှူးဖြစ်ခဲ့သလို ကျိမိသားစုရဲ့သိုင်းပညာကိုလည်း တတ်မြောက်ခဲ့တယ်။ ငါလည်း အတူတူပါပဲ။"
ရှန်ဇယ်ချွမ်းက ခေါင်းမော့ကာ ကျိလေကိုကြည့်လိုက်၏။
ကျိလေက အကျဥ်းခန်းတံခါးကိုဖွင့်ကာ ထောင်စောင့်ထွက်သွားသည့်အချိန်ထိ စောင့်နေပြီး မည်သူမှမရှိတော့မှ ရှန်ဇယ်ချွမ်း၏နံဘေးမှာ ဝင်ထိုင်ခဲ့သည်။
"နောက်တော့ သူ ကြီးလေးတဲ့ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်။ ကွယ်လွန်သူဧကရာဇ်က ကြင်နာတရားကြီးမားတဲ့အတွက်ကြောင့် သူ့ကို မကွပ်မျက်ခဲ့ဘူး။ အဲ့ဒီအစား သူ့ကို ကွမ်းမာလမ်းအလွန်ထိ နယ်နှင်ဒဏ်ပေးခဲ့တယ်။" ကျိလေက မှိန်ဖျဖျအလင်းရောင်ထဲမှာ အပြုံးတစ်ခုကို လစ်ဟပြခဲ့သည်။ "မင်းရဲ့ဆရာက အရည်အချင်းမရှိပေမဲ့ ကံကတော့ မယုံကြည်နိုင်လောက်အောင်ကောင်းတာ။ သူ ဘယ်လိုကြောင့် အသက်ဆက်ရှင်နိုင်ခဲ့တာလဲ မင်းသိလား။ ဒီနေ့ မင်းလိုပဲ၊ သူက မင်းရဲ့ရှစ်နျန်ကို အားကိုးခဲ့ရတာ။ မင်း သူ(မ)ဘယ်သူဆိုတာကို ကောင်းကောင်းသိလောက်မှာမဟုတ်ဘူး။ ငါ ပြောပြမယ်။ သူ(မ)နာမည်က ဟွားဖင်းထင်။ ချွိတူးမှာ တောင်ပိုင်းမြို့ရှစ်မြို့ရှိတယ်၊ အဲ့ဒီထဲက တိချောင်းမြို့ရဲ့ဟွားမိသားစုဆိုတာ ဧကရီမယ်မယ်ရဲ့ ကိုယ်ပိုင်မျိုးနွယ်စုပဲ။ ဒါ့ကြောင့် ဧကရီမယ်မယ်က မင်းရဲ့ရှစ်နျန်မျက်နှာကိုထောက်ပြီး မင်းကို အသက်ချမ်းသာပေးလိုက်တာ။"
ကျိလေက ခေါင်းငုံ့ကာ ပျော့ပျောင်းညင်သာစွာ ပြောကြားနေခဲ့သည်။
"ဒါပေမဲ့ မင်းရဲ့ရှစ်နျန်က စစ်ပွဲအလယ်မှာ အသက်ပေးလိုက်ရမယ်လို့ ဘယ်သူကသိမှာလဲ။ ငါပြောမယ်၊ ကျိကန်းက ဘာမှအသုံးမကျဘူး၊ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်တုန်းက သူ့အဖေကို ဆုံးရှုံးခဲ့တယ်။ အခုကျတော့ သူ့ဇနီးနဲ့ သား။ ဒီကိစ္စတွေအားလုံးရဲ့တရားခံက ဘယ်သူလဲ။ ဒါကို မင်းရဲ့နှလုံးသားထဲမှာ ကောင်းကောင်းသိပါတယ် - တရားခံက ရှန်ဝေ့ပဲ!"
ရှန်ဇယ်ချွမ်း၏ဝင်သက်ထွက်သက်များက တုန်လှုပ်သွားခဲ့သည်။
"ရှန်ဝေ့က ချာရှီမြစ်ရဲ့ခံတပ်ကို လမ်းဖွင့်ပေးပြီး ပျန်းရှားမြင်းတပ်ကို အရှိန်အဟုန်နဲ့ ဝင်ရောက်စေခဲ့တယ်။ သူတို့ရဲ့ဓါးကောက်တွေနဲ့ မင်းရဲ့ရှစ်နျန်ရဲ့လည်မျို အဖြတ်ခံလိုက်ရတာ။ နောက်ပိုင်းအဖြစ်အပျက်တွေက သေဆုံးရတာထက်တောင် ပိုပြီးဆိုးရွားလွန်းလို့ ကျိကန်းလည်း ခံနိုင်ရည်မရှိခဲ့ဘူးလေ။"
"သွမ်းကျိုး'ကျတော့ မင်းအစ်ကိုက မင်းကိုကယ်ခဲ့တယ်လို့ ပြောခဲ့တယ်နော်။" ကျိလေက ထိုင်ခုံကိုမှီကာ သူ့လက်ကိုသူ ကြည့်နေခဲ့၏။ "မင်းက ကျိကန်းရဲ့အတောင်အောက်မှာ ကြီးပြင်းလာခဲ့ရတာဆိုတော့ ကျိမုက မင်းအတွက် အစ်ကိုတစ်ယောက်ဖြစ်ခဲ့မှာပေါ့။ သူက ကျိကန်းရဲ့ တစ်ဦးတည်းသောသား၊ ကျိမျိုးဆက်ရဲ့ တစ်ဦးတည်းသောဆက်ခံသူ။ ဒါပေမဲ့ ရှန်ဝေ့ကြောင့်၊ မင်းကြောင့် သူလည်း သေဆုံးခဲ့ရတယ်။ မရေမတွက်နိုင်တဲ့မြားတွေနဲ့ ထိုးဖောက်ခံခဲ့ရပြီး သူ့အလောင်းက ပျန်းရှားမြင်းတပ်ရဲ့ မြင်းခွာတွေနဲ့ အနင်းခံရဖို့ ချာရှီမြေတွင်းထဲမှာပဲကျန်နေခဲ့ရတယ်။ ကျိကန်းသာ အသက်ရှင်နေသေးရင် သူ့သားရဲ့အလောင်းကိုတောင် ပြန်သယ်ခွင့်မရတဲ့အတွက် သူ ဘယ်လိုခံစားနေရမလဲ။"
ရှန်ဇယ်ချွမ်းက ရုတ်တရက်ကုန်းထလိုက်သော်လည်း ကျိလေက အားမစိုက်ရဘဲနှင့် သူ့ကို ပြန်တွန်းလှဲလိုက်၏။
"ရှန်ဝေ့က သူ့တိုင်းပြည်ကို သစ္စာဖောက်ပြီး ရန်သူနဲ့ပူးပေါင်းခဲ့တာ၊ သူ့လုပ်ရပ်ရဲ့အကျိုးဆက်ကို မင်းက ခံယူရမှာ။ မင်း ဒီနေ့မှာ အသက်ရှင်နိုင်ခဲ့ရင်တောင် ကျုံးပေါ်က အပြစ်မဲ့ဝိညာဥ်တွေရဲ့ငိုကြွေးသံတွေက ပိုပြီးကျယ်လောင်လာလိမ့်မယ်။ မင်း ညဘက်အိပ်စက်တဲ့အချိန် ဘယ်သူက မင်းရဲ့ရှစ်ဖူ၊ ဘယ်သူက မင်းရဲ့ရှစ်နျန်လဲဆိုပြီးတော့ ပိုင်းခြားဖို့ခက်လာလိမ့်မယ်! အခု မင်းရဲ့ဘဝက သေရတာထက်တောင် ပိုနာကျင်လာရလိမ့်မယ်။ မင်း သူ့ကိုခွင့်လွှတ်ပြီး၊ သူ့အပြစ်ကို ငြင်းဆန်နေမယ်ဆိုရင် မင်းရဲ့ရှစ်ဖူတို့တစ်မိသားစုလုံးကို သစ္စာဖောက်လိုက်တာပဲ။ မင်းက ကျိကန်းရဲ့အတောင်အောက်မှာ ကြီးပြင်းလာခဲ့ပြီး ဘယ်လိုလုပ် ဒီလိုသစ္စာမဲ့တဲ့လုပ်ရပ်ကို လုပ်နိုင်ရတာလဲ။"
"ပြီးတော့ မင်း ဒီလမ်းကိုဆက်လျှောက်နေရင်တောင် ဒီလောကမှာ ဘယ်သူကမှ မင်းကိုစာနာပေးမှာမဟုတ်ဘူး။ ချွိတူးကိုရောက်လာတယ်ဆိုကတည်းက မင်းက ရှန်ဝေ့ဖြစ်သွားပြီ။ အခု ပြည်သူတွေရဲ့အမုန်းတရားတွေက ကြီးထွားနေပြီး မင်းကို အသည်းထဲထိမုန်းတီးနေတဲ့သူတွေက ဒုနဲ့ဒေးပဲ။ မင်း သေခြင်းတရားကို ရှောင်လွှဲလို့မရတော့မဲ့အတူတူ ယုတ်ညံ့စွာနဲ့သေရမဲ့အစား ဧကရာဇ်ကို အရိုးသားဆုံးဖွင့်ဟပြီး ရှန်ဝေ့ရဲ့အပြစ်တွေကို ဖော်ထုတ်လိုက်ပါ။ ဒါဆို မင်းရှစ်ဖူရဲ့ဝိညာဥ်လည်း ကောင်းကင်ဘုံမှာ အေးချမ်းနိုင်လိမ့်မယ်။"
အိပ်ရာထက် အဖိခံထားရသော ရှန်ဇယ်ချွမ်း၏မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာကြောင်း သတိထားမိလိုက်ရာ ကျိလေက ရုတ်တရက်ရပ်တန့်လိုက်သည်။ လူငယ်လေး၏ ဖြူဖျော့နေသောမျက်နှာက အေးစက်သောအသွင်ကိုဆောင်နေ၏။
"ရှန်ဝေ့က ရန်သူတွေနဲ့ မပူးပေါင်းခဲ့ဘူး။" ရှန်ဇယ်ချွမ်းက တစ်လုံးချင်းစီကို ပြတ်ပြတ်သားသားပြောလိုက်သည်။
"ရှန်ဝေ့က သစ္စာဖောက်မဟုတ်ဘူး!"
ကျိလေက ရှန်ဇယ်ချွမ်းကို ကော်လံကနေဆွဲမကာ နံရံသို့ပစ်ပေါက်လိုက်၏။ ကျယ်လောင်သောအသံနှင့်အတူ ဖုန်အနည်းငယ်ထသွားပြီး ရှန်ဇယ်ချွမ်းတစ်ယောက် ထိန်းမနိုင်စွာဖြင့် ချောင်းဆိုးလာခဲ့သည်။
"မင်းရဲ့အသက်ကို အဆုံးသတ်ပေးဖို့ နည်းလမ်းတွေအများကြီးရှိတယ်။" ကျိလေက ပြောလိုက်သည်။ "ကျေးဇူးကန်းတဲ့အမှိုက်ကောင်၊ ဒီတစ်ခေါက် လွတ်မြောက်သွားတာနဲ့ပဲ အသက်ရှင်နိုင်ပြီလို့ထင်နေတာလား။ ဒါဆို မင်းမှားသွားပြီ။"
သူက အကျဥ်းထောင်တံခါးကို ကန်ဖွင့်လိုက်ပြီး ရှန်ဇယ်ချွမ်းကို တရွတ်တိုက်ဆွဲထုတ်သွားခဲ့သည်။
"ငါက သမာသမတ်ကျကျနဲ့ ဧကရီမယ်မယ်ရဲ့အမိန့်ကို လိုက်နာနေတာ။ ဒါပေမဲ့ ဒီသာ့ကျိုးမှာ မဆင်မခြင်ပြုလုပ်တဲ့သူတွေ အများကြီးရှိတယ်။ မင်းက သိပ်ကိုမိုက်ရူးရဲဆန်ချင်နေမှတော့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ မင်းက အသတ်ခံချင်တာလား။ ကောင်းပြီလေ၊ မင်းကိုကွပ်မျက်ပေးမဲ့သူ ရောက်နေပြီ!"
ချွိတူးဂိတ်တံခါးက ပွင့်သွားပြီး လေးလံသောချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် မြင်းတပ်တစ်ဖွဲ့က လျှပ်စီးမိုးကြိုးအတိုင်း ဝင်ရောက်လာခဲ့သည်။
ရှန်ဇယ်ချွမ်းတစ်ယောက် လမ်းအတိုင်း ဆွဲခေါ်ခံလာရ၏။ မြင်းများချဥ်းကပ်လာသည့်အတွက် သိပ်သည်းနေသော တော်ဝင်အစောင့်များက နှစ်ဖက်ခွဲကာ လမ်းဖွင့်ပေးလိုက်ကြသည်။
ကောင်းကင်ထက်တွင် အမဲလိုက်ငှက်တစ်ကောင်က ဝဲပျံနေပြီး ချပ်ဝတ်တန်ဆာသံများကလည်း ပဲ့တင်ထပ်နေ၏။ မြင်းခွာသံများ တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ရှန်ဇယ်ချွမ်းက မျက်လုံးများဖွင့်ထားပြီး ၎င်းတို့ဆီကိုလာနေသော မြင်းတပ်ခေါင်းဆောင်အား စိုက်ကြည့်နေခဲ့သည်။
လေးလံသောချပ်ဝတ်တန်ဆာများအောက်မှာ မြင်းက ကြမ်းကြုတ်စွာနှာမှုတ်လိုက်ပြီး ၎င်းတို့နှင့် ခြေလှမ်းအနည်းငယ်အကွာအထိ ပြေးလာခဲ့၏။ နောက်ဆုံးအခိုက်အတန့်မှသာ မြင်းစီးသူက ဇတ်ကြိုးကိုဆွဲလိုက်သည်။ ထိုအခါ အရှေ့မြင်းခွာနှစ်ဖက်က ခပ်မြင့်မြင့်မြောက်သွားပြီး မြေပြင်ပေါ်ပြန်လည်သက်ဆင်းခဲ့သည်။ မြင်းရပ်သွားသည့်အခိုက်အတန့်မှာ မြင်းစီးလာသူက မြင်းပေါ်ကနေဆင်းပြီးပြီဖြစ်၏။
ကျိလေက အရှေ့ကိုတက်သွားပြီး နှုတ်ဆက်လိုက်သည်။ "ရှောင်း..."
ရောက်လာသူက ကျိလေကို တစ်ချက်ကလေးတောင် ငဲ့မကြည့်ဘဲ ရှန်ဇယ်ချွမ်းဆီကိုသာ တန်းတန်းမတ်မတ်လျှောက်သွားခဲ့သည်။ ရှန်ဇယ်ချွမ်းတစ်ယောက် ထရပ်လိုက်ရုံသာရှိသေးသော်လည်း အနှီပုဂ္ဂိုလ်က လျင်မြန်ပြီး အားပြင်းသောကန်ချက်တစ်ခုဖြင့် ရှန်ဇယ်ချွမ်း၏ရင်ဝကို ဆောင့်ကန်လိုက်လေသည်။
သက်ရောက်မှုက အားပြင်းလွန်းသဖြင့် ရှန်ဇယ်ချွမ်း ထိုကန်ချက်ကို ခံနိုင်ရည်မရှိခဲ့ပေ။ သူ မြေပြင်ထက် အတုံးအရုံးလွင့်သွားပြီး ပါးစပ်ထဲကနေ သွေးများစီးကျလာခဲ့သည်။ ထိုအခိုက်အတန့်၌ သူ၏အတွင်းအင်္ဂါများအားလုံး အပြင်ထွက်လာပြီဟုတောင် ခံစားလိုက်ရသည်။
***
Aurora Novel Translation Team