အပိုင်း (၆၀) - ဝံပုလွေဘုရင် (၂)
ရှောင်းချီရယ်တစ်ယောက် ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများထသွား၏။ သူ ပခုံးကနေ ကျော်ကြည့်လိုက်သောအခါ ရှန်ဇယ်ချွမ်းက ကျောင်းဟွေး၏နံဘေးကနေ လေးလေးနက်နက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
"ခဏနေရင် တော်ဝင်စစ်တပ်ဌာနကိုသွားပြီး မင်းရဲ့တံဆိပ်ပြားကို သွားယူလိုက်။" ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းအရှေ့သို့ လျှောက်သွားလိုက်ပြီး အလင်းရောင်ကိုပိတ်ဆို့လိုက်သည်။ "တော်ဝင်အစောင့်တပ်ကို နောက်ဆုံးနေရာပြန်မချခင်အထိ မင်း ငါ့နောက်ကို နေ့ရောညပါ လိုက်ရမယ်။"
"နေ့ရောညပါ?" ရှန်ဇယ်ချွမ်းက သူ့ကိုမော့ကြည့်လိုက်၏။ "ကျွန်တော် အာ့ကုန်းကျစ်အတွက် ကျင်စွန့်ဖို့အိုးကိုပါ သယ်လာပေးရဦးမလား။"
"မင်းဆန္ဒရှိရင်တော့ သယ်ခဲ့ပေါ့။" ရှောင်းချီရယ်က အနားသို့တိုးကပ်သွားလိုက်၏။ "နောက်ရက်အနည်းငယ်အတွင်း ငါ အလုပ်များနေဦးမှာမို့ တော်ဝင်စစ်တပ်ရုံးတော်အနောက်က နောက်ဖေးခြံဝန်းမှာနေမှာ။" အဖြေကိုစောင့်မနေဘဲ ရှောင်းချီရယ်က တစ်ဖက်ပြန်လှည့်သွားပြီး ရှောင်းကျိမင်ကို နှုတ်ဆက်လိုက်လေသည်။
...
ဟွားနှင့် ဖန်းအိမ်တော်ကို ဝင်ရောက်စီးနင်း၍ ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သော်လည်း တရားစီရင်ရေးရုံးတော်မှ ပြန်လည်သုံးသပ်ခြင်းက မပြီးပြတ်သေးပေ။ လီကျန်းဟန်က 'စိုးရိမ်ပူပန်မှုများလွန်း၍ စိတ်မငြိမ်မသက်ဖြစ်နေသည်' ဆိုသော အကြောင်းပြချက်ဖြင့် ဧကရီမယ်မယ်နေထိုင်ခဲ့သော အန်းစစ်နန်းဆောင်ဆီသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။
အခက်အခဲများစွာ ကျော်ဖြတ်ပြီးနောက် လီပေစစ်တပ်အတွက် လစာနှင့် ရိက္ခာထောက်ပံ့ရန် လုံလောက်သောရန်ပုံငွေကို စုဆောင်းနိုင်ခဲ့သော်လည်း ရှောင်းကျိမင်၏မူလအရေအတွက်ကို လျှော့ချခဲ့ရသည်။ ရှောင်းဖန်းရွှီနှင့် ရှောင်းကျိမင်တို့က အချိန်မဆိုင်းဘဲ ရက်အနည်းငယ််အတွင်း နယ်စပ်သို့ ထွက်ခွာခဲ့ကြ၏။
မမျှော်လင့်စွာဖြင့် ရှောင်းချီရယ်က ၎င်းတို့နှင့်ခွဲခွာဖို့ တွန့်ဆုတ်နေပုံပေါ်ပေ။ ဆောင်းဦးအမဲလိုက်ပွဲတုန်းက သူပိုင်ဆိုင်ခဲ့သော အာရုံစိုက်မှုများနှင့် ရည်မှန်းချက်များအားလုံး ပျောက်ဆုံးသွားပုံပင်။ လီကျန်းဟန်က သူ့ကို အခါအားလျော်စွာ ဆုတော်လာဘ်တော်များ ချီးမြင့်လေ့ရှိပြီး သူက ဝမ်းမြောက်စွာလက်ခံခဲ့သည်။
ထို့အပြင် သူက အလုပ်အပေါ်မှာ စတင်ပြီးရေသာခိုလာခဲ့သည်။ တော်ဝင်စစ်တပ်သည် ကနဦးတုန်းက အရေးကြီးဆုံးတာဝန်အဖြစ် နန်းမြို့တော်ကိုကင်းလှည့်ခြင်းကို ထမ်းဆောင်ရသော်လည်း ရှောင်းချီရယ်က သုံးရက်ငါးမျှားပြီး နှစ်ရက်အနားယူသော တံငါသည်ကဲ့သို့ ပြုမူလာ၏။ သူ့ကို ရှာဖွေသောအခါ မကြာခဏဆိုသလို ပျောက်ဆုံးနေတတ်သည်။ စစ်မက်ရေးရာဌာနတွင် သံသယများ တဖြည်းဖြည်းပိုများလာပြီး တော်တော်များများက သူ့နေရာကို အစားထိုးရန် ဆန္ဒပြုခဲ့ကြသည်။
သို့သော် လီကျန်းဟန်က ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး အသနားခံစာတင်သွင်းခဲ့သည့် စစ်မက်ရေးရာဌာန၏ဒုတိယအမတ်ကို ခြိမ်းခြောက်ကာ ဒေါသတကြီး အသနားခံစာကို ပစ်ပေါက်ပစ်ခဲ့သည်။
"ရှောင်းချဲ့အန်းက ကျန်းကိုကယ်တင်ဖို့အတွက် ကြီးကြီးမားမား လုပ်ဆောင်ခဲ့တယ်။ သူက တော်ဝင်စစ်တပ်ရဲ့ တပ်မှူးချုပ်အဖြစ် မထိုက်တန်ဘူးလား။ သူက ဘာအပြစ်မှလုပ်မထားဘူး။ သူ့နေရာကို အစားထိုးမယ်ဆိုတာတွေ ကျန်း မကြားချင်ဘူး!"
ဤသို့ဖြင့် နှစ်ဦးသားက ဆောင်းဦးအမဲလိုက်ပွဲမတိုင် မျှဝေခဲ့ဖူးသော ပေါ့ပေါ့ပါးပါး ခင်မင်ရင်းနှီးမှုဆီသို့ ပြန်လည်ရောက်ရှိသွားပြီး လီကျန်းဟန်မှာလည်း စိတ်သက်သာရာရသွားခဲ့သည်။ ထိုနေ့ညက ရှောင်းချီရယ်မှာ သူ၏စိတ်ကူးထဲမှ ပုံရိပ်တစ်ခုနှယ်ဖြစ််နေပြီး ယခု သူ့ရှေ့မှလူငယ်လေးကတော့ ရင်းနှီးရသော သူ၏သူငယ်ချင်းပင်။
ရှောင်းချီရယ်က လီပေကိုပြန်မည့်အကြောင်း မပြောခဲ့သဖြင့် လီကျန်းဟန်တစ််ယောက် ပို၍စိတ်သက်သာရခဲ့သည်။ ယင်းမှာ သူ့သူငယ်ချင်း၏ သူ့အပေါ် ထည့်သွင်းစဥ်းစားပေးမှုဖြစ်ကြောင်း သူယုံကြည်ပေ၏။ မည်သို့ပင်ဆိုစေ သူလုပ်နိုင်တာလည်းဘာမှမရှိပေ။ ထို့အပြင် ရှောင်းချီရယ်က ချွိတူး၌ ပျော်ရွှင်နိုင်သည်မဟုတ်လော။ ယခု လီကျန်းဟန်က ဧကရာဇ်ဖြစ်နေပြီဖြစ်ရာ သူ၏သူငယ်ချင်းကောင်း ရှောင်းချီရယ်က သူ့စိတ်ကြိုက်နေလို့ရလေပြီ။ အဘယ့်ကြောင့် လီပေကိုပြန်ရမည်နည်း။ ခါးသီးသောထိုနယ်မြေက နန်းမြို့တော်မှာလောက် လွတ်လပ်ကာ သက်သောင့်သက်သာရှိမည်လော။
ရှောင်းချီရယ် နန်းမြို့တော်အပြင်သို့ မြင်းစီးသွားချင်သောအခါ လီကျန်းဟန်က ခွင့်ပြုပေးလိုက်သည်။ ရှောင်းချီရယ်က တော်ဝင်စစ်တပ်၏ရုံးတော်ကို ချဲ့ထွင်ချင်သောအခါ လီကျန်းဟန်က ခွင့်ပြုပေးခဲ့သည်။ ထို့နောက် ရှောင်းချီရယ်က တာဝန်ကနေ နေ့တစ်ပိုင်းအနားယူချင်သောအခါ လီကျန်းဟန်က ရိုးရိုးတန်းတန်းခွင့်ပြုပေးရုံသာမကဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ ခွင့်ပြုပေးခဲ့သည်။
နှစ်ဦးသားက မကြာခဏဆိုသလို မြင်းစီးကာ ပိုလိုကစားတတ်ကြ၏။ လီကျန်းဟန်က သုန်းလုံလမ်းမထက် လျှောက်မသွားနိုင်တော့သော်လည်း ရှောင်းချီရယ်ကို နန်းတော်ထဲသို့ဖိတ်ခေါ်၍ သူနှင့်အတူ ဗျပ်စောင်းတီးသံကို နားထောင်ခဲ့ကြသည်။ မိန်းကလေးမုရူက မင်းလိခန်းမဆောင်၌ တရားဝင်အဆောင်တစ််ခုကို ရရှိခဲ့သည်။ လိီကျန်းဟန်သည် ကနဦးတုန်းက ရှောင်းချီရယ် သဘောမတူမှာကို စိုးရိမ်နေသော်လည်း သူ၏သူငယ်ချင်းက ဘာမှမပြောဘဲ သူနှင့်အတူ ပျော်ပါးခဲ့လေ၏။
ဧကရာဇ်ဖြစ်ရတာ သောက်ကျိုးနည်းကို ခံစားလို့ကောင်းတာပဲ!
နောက်ဆုံးဆောင်းဦးမိုးက ချွိတူး၏ခေါင်မိုးများကို ဆေးကြောပေးချိန်မှာ တရားစီရင်ရေးဌာနက ရှီးကုအန်းကို ခေါင်းဖြတ်ကွပ်မျက်ရန် အမိန့်ချခဲ့သည်။ သူ၏ညီဖြစ်သည့် ရှီးဟုန်ရွှမ်းက သူ့အိမ်တော်၏ပိုင်ဆိုင်မှုများဖြင့် အကြွေးဆပ်ခဲ့ပြီး ထိုအတွက်ကြောင့် သူက လီကျန်းဟန်၏မျက်နှာသာပေးမှုကိုရရှိကာ ရာထူးနိမ့်သော်လည်း အခွန်ဘဏ္ဍာရေးဌာနသို့ ပြောင်းရွှေ့ခံခဲ့ရ၏။ ရှီးဟုန်ရွှမ်းက အပျော်အပါးကိစ္စများကို စီစဥ်ရာ၌ ကျွမ်းကျင်သူဖြစ်ရာ ယင်းက လီကျန်းဟန်၏အကြိုက်နှင့် တစ််ထပ်တည်းပင်။ နေ့တိုင်းဆိုသလို သူက အသစ်အသစ်သောအကြံဉာဏ်များဖြင့် ဧကရာဇ်ကို သွားရောက်ရှာဖွေတတ်သည်။
ရှီးကုအန်း အမိန့်ချမှတ်ခံရပြီးသိပ်မကြာခင် ဟွားစစ်ချန်းက အကျဥ်းထောင်ထဲမှာ လျှာကိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည်။ သူက ဝန်ခံစာကိုရေးခဲ့ပြီး သူ၏အပြစ်များအားလုံးအတွက် အပြစ်များကိုပခုံးထမ်းကာ ဧကရီမယ်မယ်ကို နည်းနည်းလေးမှ အပြစ်မတင်ခဲ့ပေ။ ကျိလေနှင့် ဖန်းရူကွေ့တို့ကိုသာ အပြစ်ဒဏ်ချမှတ်ဖို့ကျန်တော့သည်။ ဟိုင်လျန်းယိက ၎င်းတို့၏ပါးစပ်ထဲကနေ ဝန်ခံချက်ရဖို့ စစ်ဆေးချင်သော်လည်း မအောင်မြင်ခဲ့ပေ။
...
ရှန်ဇယ်ချွမ်း အိမ်ပြန်ရောက်သောအခါ အိမ်ငယ်လေးထဲ၌ စိုစွတ်နေ၏။ သူ တံခါးဖွင့်လိုက်သာအခါ စားပွဲပေါ်၌ အရှေ့တိုင်းပုလဲလုံးကို တွေ့လိုက်ရသည်။ သူက တံခါးကို အလျင်အမြန်ပိတ်ကာ ၎င်းကိုကောက်ယူလိုက်ချိန်၌ ချန်းယန်တံခါးခေါက်သည့်အသံကို ကြားလိုက်ရသည်။
သူ တံခါးဖွင့်လိုက်သောအခါ ချန်းယန်က ပြောလာ၏။ "တပ်မှူးချုပ်က ခေါ်နေပါတယ်။"
ရှန်ဇယ်ချွန်းက ပုလဲလုံးကို ဆုပ်ကိုင်လိုက်သည်။ ၎င်းကိုထုပ်ပိုးထားသောအဝတ်စက မိုးရေစိုနေလေ၏။ "ကျွန်တော် အဝတ်လဲပြီးရင် သွားလိုက်ပါ့မယ်။" သူက တည်ငြိမ်စွာပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။" ချန်းယန်က ပြောလိုက်သည်။ "ဒီတိုင်းပဲသွားလိုက်ပါ။ တပ်မှူးချုပ်က စောင့်ရတာကို ကြိုက်မှာမဟုတ်ဘူး။" သူက ဘေးသို့ယို့ကာ အတူတူသွားကြဖို့ အသင့်ဖြစ်နေ၏။ ရှန်ဇယ်ချွမ်းမှာ ဘာမှမလုပ်နိုင်ဘဲ သူ့လက်ကိုဘေးချကာ ချန်းယန်နှင့်အတူ တံခါးကနေထွက်သွားခဲ့သည်။
၎င်းတို့တွေ ရှောင်းချီရယ်ကို လေးလံသောအနွေးထည်ကြီးနှင့်အတူ တွေ့လိုက်ရ၏။ သူက ရှန်ဇယ်ချွမ်းကို မြင်လိုက်ရသောအခါ ပြောလာခဲ့သည်။ "ငါ့ဓါးကိုယူပြီး လိုက်လာခဲ့။"
ရှန်ဇယ်ချွမ်းက သူ့နောက်ကနေ လိုက်သွားခဲ့သည်။ ရှောင်းချီရယ်က သူ့မြင်းဆီရောက်သွားတော့မှ ချန်းယန်က ထွက်သွားပြီဖြစ်ကြောင်း ရှန်ဇယ်ချွမ်း သတိပြုမိလိုက်၏။
ရှောင်းချီရယ်က သူ့မြင်းပေါ်တက်သွားစဥ် သိမ်းငှက်က လည်ဆံမွေးမှရေစက်များကို ခါလိုက်ပြီး သူ့သခင်၏ပခုံးပေါ် အနားယူခဲ့သည်။ ရှန်ဇယ်ချွမ်းတစ်ယောက် သူ့နောက်ကလိုက်ကာ မြို့ပြင်ကိုထွက်လာခဲ့၏။ နှစ်ဦးသား မိုးရေထဲမှာ ဖန်းတောင်ရှိလေ့ကျင့်ရေးကွင်းဆီ ဦးတည်ခဲ့ကြသည်။
လေ့ကျင့်ရေးကွင်းကို ရောက်ရှိသွားသောအခါ လူသိပ်မရှိပေ။ ရှောင်းချီရယ်က ငွေနှင်းဖြူ၏ဇက်ကြိိုးကို ဖြည်ပေးလိုက်ပြီး သူ့ကိုပွတ်သပ်၍ လွတ်လပ်စွာပြေးလွှားခွင့်ပေးလိုက်သည်။ မာန်ကတော့ လျှောက်လမ်း၏တံစက်မြိတ်အောက်မှာ နားခိုကာ မိုးရေထဲထွက်ဖို့ ဆန္ဒမရှိပေ။
သူ၏အနွေးထည်ကိုချွတ်နေရင်း ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းဘက်လှည့်လိုက်၏။ "မင်းရဲ့အဝတ်တွေကို ချွတ်လိုက်။"
ရှောင်းချီရယ်၏ဓါးကို ရင်ဝယ်ပိုက်ထားရင်း ရှန်ဇယ်ချွမ်းက မော့ကြည့်လိုက်၏။ ရေစက်များက သူ၏ကော်လံအောက် စီးဝင်သွားပြီး ဖြူဖွေးနူးညံ့သော သူ၏လည်တိုင်လေးကို ထင်ပေါ်နေစေသည်။ ရှောင်းချီရယ်တစ်ယောက် အနှီလည်တိုင်ကို ကြည့်လိုက်တိုင်း တစ်စုံတစ်ယောက်က ကြောင်လေးကိုမြင်လိုက်ရသလိုမျိုး ခံစားရစမြဲပင်။ သူ အကြိမ်အနည်းငယ်လောက် ပွတ်သပ်ပေးချင်ခဲ့သည်။
သူ ဘာတွေဖြစ်နေတာလဲ။
သူက တွေးနေရင်းနှင့် စိုစွတ်နေသော အပြင်ဝတ်ရုံကို ချွတ်လိုက်သည်။ ရှန်ဇယ်ချွမ်းက မလှုပ်မယှက်ရပ်နေသေးကြောင်း တွေ့လိုက်ရသောပခါ သူက ထပ်ပြောလိုက်၏။ "ဘာကိုစောင့်နေတာလဲ။ အဝတ်တွေ မြန်မြန်ချွတ်တော့လေ!"
ရှန်ဇယ်ချွမ်း၏လက်ချောင်းများက ခါးပတ်ပေါ်တွင် ရစ်ဝဲနေ၏။ သူက ရှောင်းချီရယ်ကိုတစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။ "ကျွန်တော် ဒါတွေကိုချွတ်လိုက်ရင် အောက်မှာ ဘာအဝတ်မှမကျန်တော့ဘူး။"
***
Aurora Novel Translation Team