အပိုင်း (၄၂) - ဆောင်းဦးအမဲလိုက်ပွဲ (၂)
ရှန်ဇယ်ချွမ်း၏ စုန်းယွဲ့ကိုရှာဖွေမှုက ရှောင်းချီရယ်ကြောင့် အနှောင့်အယှက်ဖြစ်သွားပြီး အဆက်မပြတ်သော တာဝန်ချိန်များကြောင့် ချီဟွေ့လျန်၏ လျှို့ဝှက်ဆန်းပြားသောအဆက်အသွယ်ကို ရှာဖွေရန် အားလပ်ချိန်မရှိခဲ့ပေ။
ဆောင်းဦးအမဲလိုက်ပွဲနေ့မတိုင်ခင် ရှေ့တစ်ရက်၌ သူက အထူးတလှယ်တာဝန်တစ်ခုကို လက်ခံရရှိခဲ့သည်။ သူက ဧကရာဇ်ကို နန်းလင်အမဲလိုက်ကွင်းသို့ စောင့်ကြပ်ပို့ဆောင်ပေးရမည်ဖြစ်သည်။
ထိုနေ့ညက ရှန်ဇယ်ချွမ်းတစ်ယောက် သူ့တာဝန်ပြီးနောက် အိမ်သို့ပြန်သွားခဲ့ပြီး သူ့အိမ်ထဲမှာ တစ်စုံတစ်ယောက်၏တည်ရှိမှုကို အာရုံခံမိလိုက်သည်။
ဖုန်းချွမ်၏အသံက အထဲကနေပေါ်ထွက်လာ၏။ "အထဲကို ဝင််လာတော့ဘူးလား။"
ရှန်ဇယ်ချွမ်းက တံခါးကိုတွန်းဖွင့်လိုက်သည်။ အိမ်ထဲမှာ အလင်းရောင်မရှိဘဲ ခြုံထည်ကိုလွှမ်းခြုံထားရာ သူ၏နှင်းဖြူရောင်မျက်နှာက အမှောင်ထုထဲမှာ နစ်မြုပ်နေ၏။ ဖုန်းချွမ်က လှည့်လည်သွားလာနေသော ဝိညာဥ်နှင့်တူပေသည်။ သူ၏လက်သန်းလေးက ကြော့ရှင်းစွာထောင်မတ်လျက် လက်ဖက်ရည်ပန်ကန်ကိုယူ၍ တစ်ငုံသောက်လိုက်ပြီး ခွက်ကိုပြန်ချလိုက်၏။ "ငါက ဧကရီမယ်မယ်ဆီကနေ သတင်းစကားလာပို့ပေးတာ။"
ရှန်ဇယ်ချွမ်းက ညစ်ပတ်နေသော သူ၏အပြင်ဝတ်ရုံကို အဝတ်စင်သေးသေးလေးပေါ် ချိတ်လိုက်သည်။ "ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်။"
"အင်း။" ဖုန်းချွမ်က ရှန်ဇယ်ချွမ်းကို စူးစိုက်ကြည့်လာ၏။ "ဒါက တော်တော်လေး အရေးကြီးတယ်။ မဟုတ်ရင် ငါကိုယ်တိုင် လာဖို့လိုအပ်မှာမဟုတ်ဘူး။ မင်းက ဧကရီမယ်မယ်ဆီကနေ အကျိုးကျေးဇူးတွေ အကြိမ်ပေါင်းများစွာလက်ခံထားတာဆိုတော့ အခု ပြန်ပေးဆပ်ရမဲ့အချိန်ပဲ။" သူက ပစ္စည်းတစ်ခုကို ပစ်ပေးလာ၏။ "ဆောင်းဦးအမဲလိုက်ပွဲမှာ ဒီကိစ္စသာ ချောချောမွေ့မွေ့မဖြစ်ခဲ့ရင် မင်းအတွက်လည်း ချောမွေ့မှာမဟုတ်ဘူးနော်။"
ရှန်ဇယ်ချွမ်းက ထိုပစ္စည်းကိုဖမ်းလိုက်၏။ ၎င်းက ပိတ်စတစ်ခုဖြင့်ထုပ်ပိုးထားသော အရှေ့တိုင်းပုလဲလုံးလေးဖြစ်၏။ သူ၏လက်ချောင်းထိပ်ဖြင့် ပိတ်စကို ခပ်ဖွဖွလှန်ကြည့်လိုက်သောအခါ 'လင်' ဆိုသည့်စာလုံးတစ်ဝက်ကို တွေ့လိုက်ရသည်။
၎င်းက 'ချူး' ဆိုသည့်စာလုံး၏ ထိပ်ကအပိုင်းလေးနှင့် အတူတူဖြစ်သည်။ ရှန်ဇယ်ချွမ်း၏အကြည့်များက ဖုန်းချွမ်၏မျက်နှာပေါ် ပြန်လည်ကျရောက်သွား၏။
[TN/ ချူးက 楚 ဒီလိုရေးတာပါ။ လင်က ချူးရဲ့အပေါ်က 林 ဒီဟာလေးကိုပြောတာပါ။]
ဖုန်းချွမ်က ထရပ်ကာ သူ့နားကိုချဥ်းကပ်လာ၏။ "မင်း အောင်မြင်ခဲ့မယ်ဆိုရင် ဧကရီမယ်မယ်က မင်းကို သူ(မ)ရဲ့နာခံမှုရှိတဲ့ခွေးလေးအဖြစ် ဆက်ပြီးဆက်ဆံနေဦးမှာ။ မအောင််မြင်ခဲ့ရင်တော့ မင်းကို ဆက်ပြီးထိန်းသိမ်းထားစရာ အကြောင်းမရှိတော့ဘူးပေါ့။"
"ကျွမ်းကျင်သူတွေ အများကြီးရှိပေမဲ့။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။"
ဖုန်းချွမ်က သူ့ကို အခိုက်အတန့်တစ်ခုလောက် စူးစိုက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ ထို့နောက် တံခါးကနေထွက်ကာ သူ၏ဦးထုပ်ကိုဆောင်းလိုက်ပြီး ည၏အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
ရှန်ဇယ်ချွမ်းက ဖယောင်းတိုင်ထွန်းကာ စားပွဲဘေးမှာရပ်နေပြီး ပိတ်စကို မီးရှို့လိုက်သည်။ သူ့လက်ထဲမှာ မီးတောက်က ပိတ်စကိုစွဲသွားပြီး ထို 'လင်' ဆိုသည့်စာလုံးကို ပြာချလိုက်သည်။
နန်းလင်အမဲလိုက်ကွင်းက ချွိတူး၏အရှေ့တောင်အရပ်မှာရှိပြီး အလွန်ကျယ်ပြန့်သည်။ ကစားပွဲကနေ တော်ဝင်အခမ်းအနားကြီးကြပ်ရေးဌာနထံ ထောက်ပံ့ပေးသော ရိက္ခာတစ်ဝက်လောက်ကို ဤနေရာမှာ အမဲလိုက်ကြသည်။ အမဲလိုက်ပွဲနေ့၌ မဟာတပ်ရင်းရှစ်ခုသည် ၎င်းတို့အင်အားစု၏ငါးဆယ်ရာခိုင်နှုန်းဖြင့် ဧကရာဇ်အား ကြီးကျယ်ခမ်းနားစွာ စောင့်ကြပ်လိုက်ပါခဲ့ကြ၏။
ရှန်ဇယ်ချွမ်းက ဆင်စီးတပ်ဖွဲ့ဖြင့် ခရီးနှင်နေစဥ် သူ့အနောက်ကနေ မိုးခြိမ်းသံအလားဆူညံနေသည့် မြင်းခွာသံကို ကြားလိုက်ရသည်။ မည်သူမည်ဝါဖြစ်ကြောင်း သိရဖို့ လှည့်ကြည့်စရာတောင််မလိုခဲ့ပေ။ သေချာပေါက်ဆိုသလို နောက်အခိုက်အတန့်တွင် သိမ်းငှက်တစ်ကောင်က သူ့ဦးခေါင်းအထက်ကနေ ထိုးဆင်းလာခဲ့ပြီး မြက်ခင်းပြင်ပေါ်မှ မြေကြွက်ကြီးတစ်ကောင်ကို ဖမ်းယူကာ ကောင်းကင်ထက် ပျံတက်သွားခဲ့သည်။
ရှောင်းချီရယ်နှင့် လီကျန်းဟန်တို့က ချွိတူးမှ ချမ်းသာသောသခင်လေးများအဖွဲ့နှင့်အတူ ဆူညံစွာဖြတ်သန်းသွားပြီး အရှေ့ကိုရောက်သွားကြ၏။ ရင်ဘတ်မှာ နှင်းဖြူရောင်အကွက်နှင့်အတူ ပိန်းပိတ်နေသော အနက်ရောင်မြင်းကြီးအား မမြင်လိုက်ဖို့က မဖြစ်နိုင်ပေ။
ရှောင်ဝူက အားကျမှုတချို့နှင့်အတူ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ "တပ်မှူးချုပ်ရှောင်းရဲ့သိမ်းငှက်နဲ့ မြင်းနဲ့က တကယ်ကို ပြိုင်ဘက်ကင်းရတနာတွေပဲ!"
"အားလုံးက တောရိုင်းတိရစ္ဆာန်တွေပါပဲ။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။
ရှောင်ဝူက ငယ်ရွယ်ပြီး အပေါင်းအသင်းဆန့်ရာ သူက အမြဲလိုလို ရှန်ဇယ်ချွမ်းနှင့်စကားစမြည်ပြောရဖို့ စိတ်အားထက်သန်နေတတ်သည်။ သူက မြင်းပေါ်တွင်ထိုင်ကာ ကန်စွန်းဥခြောက်ကိုဝါးရင်း ဟွိုင်ကျိုးလေသံဖြင့် ပြောလာခဲ့သည်။ "ချွမ်းကော၊ အဲ့ဒီမြင်းနဲ့ သိမ်းငှက်ကို ဘယ်လိုခေါ်လဲဆိုတာ ကောသိလား။"
ရှန်ဇယ်ချွမ်းက ပြုံးလိုက်လေ၏။ "သူတို့က တောရိုင်းတိရစ္ဆာန်တွေပဲလေ၊ သူတို့ကို ဘယ်လိုခေါ်နိုင်ဦးမှာလဲ။"
ရှောင်ဝူတစ်ယောက် စိတ်လှုပ်ရှားသည့်မျက်နှာဖြင့် လက်နှစ်ဖက်ကိုဆန့်တန်းကာ ပြောလာခဲ့သည်။ "အဲ့ဒီ သိမ်းငှက်နာမည်က မာန်တဲ့! အဓိပ္ပါယ်က ကြမ်းကြုတ်တယ်ဆိုပဲ - အဲ့ဒါနဲ့ လိုက်ဖက်တယ်မဟုတ်ဘူးလား။ ဒါပေမဲ့ မြင်းရဲ့နာမည်ကကျ ကြမ်းကြမ်းတမ်းတမ်းမဟုတ်တော့ဘူး။ သူ့ကို ငွေနှင်းဖြူလို့ခေါ်တယ်။"
သူက အသံထွက်တစ်လုံးချင်းကို အရသာခံပြောနေရင်း ကလေးဆန်သောအံ့အားသင့်မှုဖြင့် သူ့ပတ်ပတ်လည်မှလူများကို ပြုံးသွားစေခဲ့သည်။
လီကျန်းဟန်က မြင်းကိုရပ်လိုက်ပြီး ရှောင်းချီရယ်ကိုကြည့်ကာ ပြောလိုက်သည်။ "ငါ ကျိန်ပြောရဲတယ်၊ သူ့ကိုတွေ့လိုက်တိုင်း ဘာလို့ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားမလာခဲ့တာလဲဆိုပြီးပဲ စဥ်းစားနေမိတာ!"
ရှောင်းချီရယ်က သူ့မြင်းကိုလှည့်ကာ လီကျန်းဟန်ကိုကြည့်လိုက်၏။
"ငါသိတယ်၊ ငါသိပါတယ်။" လီကျန်းဟန်က အလျင်စလိုပြောလိုက်သည်။ "ငါ အဲ့လောက််ထိ မရူးမိုက်ပါဘူး!"
"ခဏနေ ကျွန်တော်တို့ရောက်သွားရင်။" ရှောင်းချီရယ်က သူ့ကို သတိပေးလာ၏။ "ခင်ဗျားဘယ်သွားသွား ကျွန်တော့်ကိုပြောသွား။ အစောင့်တွေမပါဘဲ ဘယ်မှမသွားနဲ့၊ ပြီးရင် တဲထဲကို ဘယ်အမျိုးသမီးကိုမှ ခေါ်လာလို့မရဘူး။"
"ငါ ဘယ်အမျိုးသမီးကိုမှ မခေါ်ပါဘူး။" လီကျန်းဟန်က ရဲဝံ့စွာပြောလိုက်သည်။
ရှောင်းချီရယ်က လှောင်ရယ်လိုက်ပြီး သူ၏အမူအရာက ကောက်ကျစ်သည့်ပုံပေါက်နေ၏။
ချန်းယန်က ၎င်းတို့အနောက်ကနေ ပြောလာခဲ့သည်။ "တပ်မှူးချုပ်၊ ကျွန်တော် အဲ့ဒီအမျိုးသမီးတွေအားလုံးကို ပြန်ပို့ဖို့ တစ်စုံတစ်ယောက်ကို စေခိုင်းလိုက်ပါတယ်။"
လီကျန်းဟန်က ခါးသီးစွာဖြင့် သူ၏လျှာဖျားကို ကိုက်လိုက်သည်။ "ချဲ့အန်း၊ အရိုးသားဆုံးပြောရရင် ငါ မိန်းမလှလေးတစ်ယောက်နဲ့တောင်မအိပ်နိုင်ရင် ဆောင်းဦးအမဲလိုက်ပွဲမှာ ဘာလုပ်ရမှာလဲ။"
"အများကြီးရှိတယ်။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ကောင်းကင်ကို ငေးကြည့်နေရတာက တဲထဲမှာနေတာထက် ပိုစိတ်ဝင်စားစရာကောင်းတယ်။"
လီကျန်းဟန်က သက်ပြင်းချကာ ခြေကုန်လက်ပန်းကျသလို ဆက်ပြီးစီးနင်းသွားခဲ့သည်။ စောစောက သူ၏စိတ်ခွန်အားများအားလုံး နေရောင်ထဲမှာ ခြောက်သွေ့ညှိုးနွမ်းသွားလေပြီ။
၎င်းတို့ ရောက်ရှိသွားချိန်၌ နေဝင်နေပြီဖြစ်၏။
ရှန််ဇယ်ချွမ်းက ပထမနေ့မှာ တာဝန်မရှိရာ အသေးအမွှားအလုပ်များကိုကူညီရန် ကျန်နေခဲ့သည်။ ချောင်ထျန်းယာကလည်း အဖွဲ့နှင့်အတူ ရောက်လာခဲ့၏။ ၎င်းတို့ ပြီးဆုံးသွားသောအခါ သူက သူ၏အဖွဲ့သားများကို စားသောက်ရန် ဖိတ်ခေါ်လိုက်သည်။
"မင်းက သောက်နိုင်တာပဲ၊ ဟမ်။" သူက ရှန်ဇယ်ချွမ်း၏လက်ထဲမှပန်းကန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"တစ်ခွက်ထက် မပိုပါဘူး။" ရှန်ဇယ်ချွမ်းက ပြန်ဖြေလိုက်သည်။
ချောင်ထျန်းယာက သူ့ကို မဖော်ထုတ်လိုက်ပေ။ ဤအမျိုးသားက တော်ဝင်အစောင့်တပ်သားတစ်ယောက်နှင့်မတူဘဲ တစ်နေရာမှတစ်နေရာသို့ စိတ်တိုင်းကျသွားလာနေသည့်လွတ်လပ်သော ဝိညာဥ်နှင့်ပိုတူ၏။ ချောင်ထျန်းယာက ဓါးမြှောင်ကိုထူတ်ကာ လတ်လတ်ဆတ်ဆတ်ကင်ထားသောအသားကို လှံးလိုက်၏။ "စားကြ၊ ဒါက အမဲလိုက်ကွင်းပဲ! ဒီလိုမျိုးကို တစ်နှစ်နေမှ တစ်ခါပဲကြုံရတာ။ အခု မင်းတို့စားနေတဲ့အရာက ပုံမှန်ဆို နန်းတော်ကိုပို့ဆောင်ရတဲ့အရာတွေ။ ဒီတော့ အခွင့်အရေရတုန်း အမိအရဖမ်းဆုပ်ထား။"
သူက အသားကိုဝါးရင်း ဆက်ပြောခဲ့သည်။ "မင်း တာဝန်ကျနေတဲ့အချိန်မှာ လက်နက်ကိုင်ဆောင်ဖို့လိုတယ်။ မနက်ဖြန်ည တာဝန်ကျတဲ့အချိန် ချင်းချင်းရဲ့ဓါးကို သုံးလို့ရတယ်။ ဘာလို့ တစ်လက်လောက်မယူခဲ့ရတာလဲ။ ဆင်လေ့ကျင့်ရေးအရာရှိက မင်းကို ဘာမှသင်ပေးမထားဘူးလား။"
"လက်နက်တွေက အရမ်းလေးတယ်။" ရှန်ဇယ်ချွမ်းက ပစ္စည်းတစ်ခုမှ မ'မနိုင်သကဲ့သို့ကြည့်ကာ ပြန်ဖြေလိုက်သည်။ "တစ်ချိန်လုံး ကျွန်တော်နဲ့အတူ သယ်မထားချင်ဘူး။"
"မင်းရဲ့ ဒီခန္ဓာကိုယ်က..." ချောင်ထျန်းယာက ပြောလိုက်သည်။ "ရှောင်းအာ့ မင်းကိုပေးခဲ့တဲ့ကန်ချက်ကြောင့် ကျိုးပဲ့သွားတာတော့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား။ နှမြောစရာပဲ။ အဲ့လိုဆိုရင်တောင် သူက ပထမအဆင့်လူဆိုးပဲ။ ငါတို့လည်း သူ့ကို ငွေညစ်လို့မရဘူး။ မဟုတ်ရင် မင်းရဲ့ညီအစ်ကိုကောင်းအနေနဲ့ အဲ့ဒီကန်ချက်အတွက် သူတို့မိသားစုလုံးရဲ့ ပိုင်ဆိုင်မှုအားလုံးကို ညှစ်ထုတ်လိုက်မှာ။"
၎င်းတို့ပတ်ပတ်လည်မှ တော်ဝင်အစောင့်တပ်သားများက ရယ်မောခဲ့ကြသည်။
ရှန်ဇယ်ချွမ်း၏နှုတ်ခမ်းများကလည်း အပြုံးအဖြစ် ကွေးညွတ်သွား၏။ သူ၏ဝိုင်ကိုသောက်နေရင်း ခွက်၏နှုတ်ခမ်းဝကနေ ကျော်ပြီးကြည့်လိုက်သည်။ ထိုအမျိုးသားများအားလုံးက ဓါးများကို ကိုယ်နှင့်မကွာဆောင်ထားကြသည်။ သူကိုယ်တိုင်အပြင် ဤနေရာရှိ အခြားမည်သူက ချူးဘုရင်ကိုသတ်ရန် ရောက်နေကြသနည်း။
လက်ရှိ ရှိနေသူများအပြင် အမှောင်ရိပ်များအောက်မှာ လုပ်ကြံသူများရှိမည်မှာလည်း မလွဲမသွေပင်။ ဘယ်လောက်များများက တိတ်တဆိတ်စောင့်ဆိုင်းနေကြလိမ့်မည်နည်း။ ရှောင်းချီရယ်က ပါရမီရှင်ဖြစ်လျှင်တောင် ယခုလိုလေးလံသောပိတ်ဆို့မှုအောက်မှာ ချူးဘုရင်၏အသက်ကို အမှန်တကယ်ကာကွယ်နိုင်မည်လော။
တဲစခန်းအနည်းငယ်အကွာတွင် ရှောင်းချီရယ်နှင့် လီကျန်းဟန်တို့က အမှောင်ထုထဲစောင့်နေသောအရာများကို ဂရုမစိုက်ဘဲ ဝိုင်သောက်ရင်း အံစာတုံးကစားနေကြလေသည်။
***
Aurora Novel Translation Team