အပိုင်း (၇) - အကြွင်းအကျန် (၁)
စစ်ဖိနပ်ကိုဝတ်ဆင်ထားသူက နှင်းများပေါ်နင်းလျှောက်လာပြီး ရှန်ဇယ်ချွမ်း၏ဘေးမှာ ရပ်တန့်လိုက်သည်။ သူက သွေးများစွန်းပေနေသော ဖိနပ်ထိပ်ကိုအသုံးပြုကာ ရှန်ဇယ်ချွမ်း၏မျက်နှာကို မော့စေလိုက်၏။ ထို့နောက် မျက်နှာဖုံးအောက်မှ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ရှန်ဝေ့က မင်းရဲ့အဖေလား။"
ရှန်ဇယ်ချွမ်း၏ပါးစပ်ထဲကနေ သွေးများစီးကျလာ၏။ ၎င်းကိုထိန်းမထားနိုင်တော့ရာ သူ့နှုတ်ခမ်းများကို လက်ဖြင့်အုပ်လိုက်ပြီး ပြန်မဖြေခဲ့ပေ။
ထိုလူက အခိုက်အတန့်တစ်ခုလောက်ထိ သူ့ကိုငုံ့ကြည့်နေပြီးနောက် ထပ်ပြောလာခဲ့သည်။ "ငါမင်းကိုမေးနေတာ။"
ပါးစပ်ထဲမှာ သွေးများရှိနေသေးသည့်အတွက် ရှန်ဇယ်ချွမ်းက လည်ချောင်းသံဖြင့်တုံ့ပြန်ကာ ခေါင်းသာညိတ်ပြလိုက်သည်။
ကျိလေက အခွင့်ကောင်းယူကာ ကြားဖြတ်ပြောလိုက်၏။ "သူက ရှန်ဝေ့ရဲ့ ရှစ်ယောက်မြောက်သား၊ နာမည်က ရှန်..."
တစ်ဖက်လူက လက်မြှောက်ကာ သူ၏မျက်နှာဖုံးကိုချွတ်လိုက်ပြီး ပျိုမျှစ်သောမျက်နှာလေးကို ဖော်ပြလာ၏။ ထို့နောက် ကောင်းကင်ထက်ပျံဝဲနေသော အမဲလိုက်ငှက်ဖြစ်သည့် သိမ်းငှက်က သူ၏ပခုံးပေါ် ဆင်းသက်လာခဲ့သည်။ သူက ရှန်ဇယ်ချွမ်းကို ရွံရှာစက်ဆုပ်စရာတစ်ခုဟု သတ်မှတ်ထားပြီး သူ၏အကြည့်များက ဓါးသွားတစ်ခုနှယ် စူးရှနေလေ၏။
ရှန်ဇယ်ချွမ်း ထိုလူ့ကိုမသိသော်လည်း လီပေသံချပ်ကာမြင်းတပ်ကိုတော့ မှတ်မိပေသည်။
အရင်တုန်းက ရှန်ဝေ့ ထိတ်လန့်တကြားဖြင့် တပ်ဆုတ်သွားချိန်၌ ကျုံးပေါ်၏နောက်ဆုံးခံစစ်ဖြစ်သည့် စစ်ကျိုးအထိ ရောက်ရှိခဲ့သည်။ လီပေသံချပ်ကာမြင်းတပ်က တောင်အရပ်သို့ဦးတည်ခဲ့ပြီး မင်းသားရှောင်းကျိမင်က သူ၏စစ်တပ်များကိုဦးဆောင်၍ သုံးရက်သုံးညလုံး အနားမယူဘဲ နှင်းတောထဲကနေ ဖြတ်သန်းခဲ့ကြသည်။ ၎င်းတို့က ရေခဲပြင်ကိုကျော်ဖြတ်ကာ စစ်ကျိုးဆီသို့ ချီတက်ခဲ့ကြလေ၏။ ရှန်ဝေ့က စစ်ကျိုးကိုခုခံဖို့ ကျရှုံးခဲ့ရာ ရလဒ်အနေဖြင့် လီပေသံချပ်ကာမြင်းတပ်က စစ်ကျိုးမှာ ပိတ်မိသွားခဲ့သည်။ ရှောင်းကျိမင်၏စစ်ကူများကြောင့်သာ မဟုတ်ပါက ထိုနေရာမှာ နောက်ထပ်ပြင်းထန်သောတိုက်ပွဲတစ်ခု ထပ်ဖြစ်လာပေလိမ့်မည်။
ထိုတိုက်ပွဲအပြီးတွင် လီပေသံချပ်ကာမြင်းတပ်က ကျုံးပေါ်၏ရှန်မိသားစုအပေါ် အမုန်းတရားများ ဖြစ်တည်လာခဲ့ကြသည်။
ထိုလူက ရှောင်းကျိမင်မဟုတ်သော်လည်း သိမ်းငှက်တစ်ကောင်ကို ပခုံးပေါ်တင်လျက် နန်းမြို့တော်တစ်လျှောက် မြင်းစီးလာနိုင်သည်ကိုကြည့်ခြင်းအားဖြင့် သူက လီပေဘုရင်၏ အငယ်ဆုံးမင်းသား၊ ရှောင်းကျိမင်၏ညီ၊ ရှောင်းချီရယ်ဖြစ်လောက်ပေမည်။
ကျိလေက သွေးထိုးလှုံ့ဆော်ဖို့ ကြံရွယ်ထားသော်လည်း ရှောင်းချီရယ်၏အနောက်မှ လက်ထောက်စစ်သူကြီး ကျောင်းဟွေးကို မြင်လိုက်ရသောအခါ မီးစကို ယပ်မခတ်ဝံ့တော့ပေ။
ရှောင်းချီရယ်က သူ၏မျက်နှာဖုံးအား ကျောင်းဟွေးထံပစ်ပေးလိုက်ပြီး နှုတ်ခမ်းမှာ အပြုံးတစ်ခုချိတ်ဆွဲလိုက်၏။ စောစောက စူးရှသောအကြည့်များသည်လည်း ရေခဲကဲ့သို့ အရည်ပျော်သွားလေပြီ။ ထို့နောက် ရွှတ်နောက်နောက်နိုင်သည့် ကရော်ကမည်အမူအရာမျိုး ပေါ်ထွက်လာပြီး သူဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာနှင့်တောင် မလိုက်ဖက်သလို ထင်ရစေ၏။
"ကျိသာ့ရန်။" သူက ကျိလေ၏ပခုံးကိုဖက်ကာ ပြောလိုက်သည်။ "ခင်ဗျား စောင့်နေတာကြာရောပေါ့။"
ရှောင်းချီရယ်နှင့် ကျိလေတို့က အတူတူရယ်မောလိုက်ကြသည်။ "ဒုတိယသခင်လေး၊ မတွေ့ရတဲ့နှစ်နှစ်အတွင်းမှာ ဘာဖြစ်လို့ ဒီလောက်ထိ အနေစိမ်းသွားရတာလဲ!"
ရှောင်းချီရယ်က ခါးမှာချိတ်ဆွဲထားသော ဓါးကိုညွှန်ပြကာ ပြောလိုက်သည်။ "ကျုပ်မှာ ဓါးတစ်လက်ရှိနေပြီမို့ အခုဆို စစ်သည်တော်တစ်ဝက်ဖြစ်နေပြီလေ။"
ကျိလေက ထိုအခါမှ သတိပြုလိုက်မိသကဲ့သို့ ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ "သိပ်ကောင်းတဲ့ဓါးတစ်လက်ပဲ! ဒုတိယသခင်လေး၊ အင်ပါယာကိုကယ်တင်ဖို့အတွက် ဒီခရီးလမ်းမှာ တော်တော်ပင်ပန်းခဲ့မှာပဲ။ အရှင်ဧကရာဇ်နဲ့တွေ့ဆုံပြီးရင် ဒီည အတူတူသောက်ကြရအောင်!"
ရှောင်းချီရယ်က နောင်တရသလိုမျိုးအမူအရာဖြင့် သူ့အနောက်မှာလိုက်ပါလာသော လက်ထောက်စစ်သူကြီးကျောင်းဟွေးကိုကြည့်ဖို့ လက်ဟန်ပြလိုက်သည်။ "သာ့ကောက ကျွန်တော့်ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားတယ်။ ဒီလိုအထိန်းအကွပ်တွေနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး စိတ်လွတ်ကိုယ်လွတ်သောက်လို့ရနိုင်မှာလဲ။ ကျွန်တော် အနားယူပြီး ရက်အနည်းငယ်နေရင် ခင်ဗျားကိုဧည့်ခံပါ့မယ်။"
ကျောင်းဟွေးက အမူအရာမဲ့စွာဖြင့် ကျိလေကို ခေါင်းတစ်ချက်ဆတ်ပြခဲ့သည်။
ကျိလေက တုံ့ပြန်မှုအဖြစ် ရယ်မောလိုက်ပြီး ရှောင်းချီရယ်ကို ပြောလိုက်၏။ "ဒါဆိုလည်း နန်းတော်ထဲ အရင်ဝင်ကြတာပေါ့။ ဂုဏ်ပြုတပ်ဖွဲ့က စောင့်ကြိုနေပါတယ်။"
နှစ်ဦးသား အပြန်အလှန် စကားစမြည်ပြောရင်း နန်းတော်ထဲသို့ဝင်သွားခဲ့ကြသည်။ ကျောင်းဟွေးက ရှန်ဇယ်ချွမ်းကို တစ်ချက်ကြည့်ကာ အနောက်ကနေလိုက်ပါသွားခဲ့၏။ အနီးနားက တော်ဝင်အစောင့်များသည် အဖြစ်အပျက်တို့ကို သဘောပေါက်လိုက်ပြီး ရှန်ဇယ်ချွမ်းကို ပြန်ဆွဲခေါ်သွားခဲ့ကြသည်။
ကျိလေက ရှောင်းချီရယ် နန်းတော်ထဲဝင်သွားတာကို ကြည့်နေခဲ့သည်။ နံဘေးမှာ သူစိမ်းမရှိတော့ကြောင်း သေချာစစ်ဆေးပြီးနောက် စိတ်ပျက်စွာဖြင့် တံတွေးထွေးလိုက်၏။ သူ၏အပြုံးက ပျောက်ကွယ်သွားပြီး ထိုအစား မနှစ်မြို့သည့်စိတ်ခံစားချက်က အစားထိုးဝင်ရောက်လာခဲ့သည်။
ကနဦးတုန်းက သူသည် မဆင်မခြင်လုပ်တတ်သည့် အနှီငနဲက တစ်စုံတစ်ယောက်ကိုသတ်ရဲလောက်မည်ဟု ထင်နေခဲ့၏။ သို့သော် ထိုအရူးက ကောက်ကျစ်ပြီး ရှန်ဇယ်ချွမ်းကို ညင်သာစွာကန်ကျောက်ကာ လွှတ်ပေးလိုက်လိမ့်မည်ဟု မည်သူကခန့်မှန်းမိမည်နည်း။
...
ရှောင်းချီရယ် နန်းတော်ထဲကိုဝင်လိုက်သည်နှင့် ကျောင်းဟွေးက သူ့ကို လက်ကိုင်ပဝါတစ်ထည်ကမ်းပေးခဲ့သည်။ သူက လမ်းလျှောက်နေရင်းဖြင့် သူ၏လက်များကို သုတ်နေခဲ့လေ၏။
ထိုစဥ် ကျောင်းဟွေးက တီးတိုးပြောလာသည်။ "သခင်လေး၊ စောစောတုန်းက အဲ့ဒီကန်ချက်က အရမ်းအန္တရာယ်များလွန်းတယ်။ အဲ့ဒီရှန်ခွေးရဲ့ကျန်ရစ်သူသာ သေသွားခဲ့မယ်ဆိုရင် ဧကရီမယ်မယ်က ဘဝင်ကျမှာမဟုတ်လောက်ဘူး။"
ရှောင်းချီရယ်၏အပြုံးက ပျောက်ကွယ်သွားပြီး မှုန်ကုပ်ကုပ်အမူအရာက အစားထိုးဝင်ရောက်လာ၏။ စစ်မြေပြင်ကနေ လောလောလတ်လတ်ပြန်ရောက်လာရာ သတ်ဖြတ်သည့်အရှိန်အဝါတို့ကို လုံးလုံးလျားလျား မဖျောက်ဖျက်နိုင်သေးသဖြင့် အရှေ့ကနေလမ်းပြနေသော ကုန်းကုန်းမှာ ၎င်းတို့၏စကားဝိုင်းအား နားမထောင်ရဲခဲ့ပေ။
ရှောင်းချီရယ်က အေးစက်စွာပြောလိုက်သည်။ "ငါ သူ့ကို သေအောင်ကန်ပစ်လိုက်ချင်တာ။ ဟိုရှန်ခွေးအိုက ကျုံးပေါ်ကို သွေးချောင်းစီးစေခဲ့တယ်။ ချာရှီမြေတွင်းထဲ မြှုပ်နှံခံခဲ့ရတဲ့စစ်သည်တော်တွေကို လဝက်ကြာတဲ့အထိ ထုတ်လို့မကုန်ခဲ့ဘူး။ အခု ဟွားမျိုးနွယ်က ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေနဲ့ ရှန်ခွေးရဲ့ကျန်ရစ်သူကို ကာကွယ်ပေးချင်နေတယ်။ လောကကြီးမှာ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ခွင့်ပြုပေးနိုင်မှာလဲ။ ပြီးတော့ ငါ့သာ့ကောက တိုက်ခိုက်ဖို့အတွက် မိုင်ပေါင်းထောင်ချီခရီးနှင်ခဲ့ရတာ။ ဒီတိုက်ပွဲအပြီးမှာ သူ့အတွက် ချီးမြှောက်စရာဘာမှရှိလာမှာမဟုတ်ဘူး။ ငါတို့လီပေက အထွတ်အထိပ်ကိုရောက်နေပြီးသားမို့ ဧကရီမယ်မယ်ရဲ့ဘက်မှာ ဆူးတစ်ချောင်းဖြစ်နေပြီးသား။"
ကျောင်းဟွေးက ပြောလာ၏။ "လပြည့်ဆိုတာ လဆုတ်ဖြစ်လာဖို့အတွက်ပဲလို့ မင်းသားအမြဲပြောလေ့ရှိတယ်။ ဒီတစ်ခေါက် ချွိတူးမှာ ဆုချီးမြှင့်မဲ့ကိစ္စက ထောင်ချောက်ဖြစ်နိုင်ပါတယ်။ သခင်လေး၊ ကျွန်တော်တို့စစ်တပ်က နန်းမြို့တော်နဲ့ မိုင်တစ်ရာအကွာမှာ စခန်းချထားရပြီး ဘေးပတ်ပတ်လည်မှာ မင်းမျိုးမင်းနွယ်မိသားစုရဲ့ မျက်လုံးတွေ၊ နားတွေနဲ့ ပြည့်နှက်နေတာပါ။ အခု အလျင်စလိုလှုပ်ရှားလို့မဖြစ်ပါဘူး။"
ရှောင်းချီရယ်က လက်ကိုင်ပဝါကို ကျောင်းဟွေးထံပြန်ပစ်ပေးကာ ပြောလိုက်သည်။ "ငါသိတယ်။"
"အားရယ် ရောက်လာပြီလား။"
ရှန်သျယ်ဧကရာဇ်က သူ၏ကြက်တူရွေးကို အစာကျွေးနေ၏။
ထိုငှက်ကို သေသေချာချာလေ့ကျင့်ပေးထားရာ ၎င်းက ရှန်သျယ်ဧကရာဇ်၏စကားများကို တုပကာ လိုက်ပြောခဲ့သည်။ "အားရယ်ရောက်ပြီ! အားရယ်ရောက်လာပြီ! အားရယ်က ဧကရာဇ်ကို ဂါရဝပြုတော့မယ်! ဧကရာဇ်! အရှင်ဧကရာဇ်! သက်တော်ရာကျော်ရှည်ပါစေ! အသက်ရှည်ပါစေ! အသက်ရှည်ပါစေ!"
ငှက်စာလင်ပန်းကိုကိုင်ထားရင်း ရှောင်းကျိမင်က ပြန်လည်လျှောက်တင်လိုက်၏။ "သူ ရောက်လာတော့မှာပါ။"
"နှစ်နှစ်တောင်ရှိသွားပြီ။" ရှန်သျယ်ဧကရာဇ်က ကြက်တူရွေးကို စနောက်ရင်း ပြောလာ၏။ "သူ့ကိုမတွေ့တာ နှစ်နှစ်တောင်ရှိပြီ။ ဒီကောင်လေးက အဖေ့ခြေရာနင်းပြီး မြန်မြန်အရွယ်ရောက်လာတာပဲ။ သူက မင်းထက်တောင် အရပ်ရှည်သွားလောက်ပြီ။"
ရှောင်းကျိမင်က ပြောလိုက်၏။ "သူက အရပ်ရှည်ပေမဲ့ ကလေးစိတ်ကတော့ မပျောက်သေးပါဘူး။ အိမ်မှာဆို အမြဲတမ်း ပြဿနာရှာနေတာပါ။"
ရှန်သျယ်ဧကရာဇ်က တစ်စုံတစ်ခုပြောချင်သော်လည်း ချောင်းဆိုးဝေဒနာက ကြားဖြတ်နှောင့်ယှက်ခဲ့သည်။ နံဘေးမှာခစားနေသော ဖန်းရူကွေ့က ဧကရာဇ်၏လည်ချောင်းကို စိုစွတ်သွားစေရန် လက်ဖက်ရည်ဆက်သလိုက်၏။ သူ စကားပြန်မစနိုင်ခင် ရှောင်းချီရယ်ရောက်ပြီဖြစ်ကြောင်း ကြေညာသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"ဝင်လာခိုင်းလိုက်။" ရှန်သျယ်ဧကရာဇ်က ထိုင်ခုံပေါ်ပြန်ထိုင်ရင်း လက်တစ်ဖက်ကို ထိုင်ခုံလက်ရမ်းပေါ်တင်လိုက်သည်။ "ဝင်ခဲ့ပါဦး၊ ကျန်း တစ်ချက်လောက်ကြည့်ကြည့်ရအောင်။"
ကုန်းကုန်းက ကန့်လန့်ကာကို ဂရုတစိုက်ဆွဲဖယ်လိုက်ပြီး ရှောင်ချီးရယ်က အခန်းထဲကို ဝင်လာခဲ့သည်။ အေးစက်နေသောမျက်နှာဖြင့် သူက ဧကရာဇ်ရှေ့မှာဒူးထောက်ကာ နှုတ်ဆက်ဂါရဝပြုလိုက်သည်။
ရှန်သျယ်ဧကရာဇ်က ပြုံးပြုံးရွှင်ရွှင်ပြောလာခဲ့၏။ "လိမ္မာတဲ့ကောင်လေး၊ မင်းက ချပ်ဝတ်တန်ဆာနဲ့ အတော်ခံ့ညားတာပဲ။ မနှစ်တုန်းက ပျန်းရှားမြင်းတပ် ရိက္ခါလမ်းကြောင်းတွေနဲ့ နယ်စပ်အစောင့်တပ်တွေကို တိုက်ခိုက်လာတုန်းက မင်းရဲ့ရဲစွမ်းသတ္တိကို ဖော်ပြခဲ့ပြီး သူတို့တွေကို အရှင်လတ်လတ်ဖမ်းဆီးနိုင်ခဲ့တယ်ဆို၊ မှန်ရဲ့လား။"
ရှောင်းချီရယ်က ရယ်မောကာ တုံ့ပြန်လိုက်သည်။ "ဧကရာဇ်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က နည်းနည်းပဲဖမ်းမိခဲ့တာပါ။ ပြီးတော့လည်း ဖမ်းမိခဲ့တဲ့သူတွေက အရည်အချင်းမရှိတဲ့စစ်သည်တော်လေးတွေပါ။"
လွန်ခဲ့သောနှစ်က နယ်စပ်ရှိ ပျန်းရှားတပ်များသည် မြောက်ပိုင်းရိက္ခါထောက်ပံ့ရေးလမ်းကြောင်းအား တိုက်ခိုက်ခဲ့ကြသည်။ ၎င်းမှာ ရှောင်းချီရယ်အတွက် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်ကိုဦးဆောင်ခဲ့သည့် တိုက်ပွဲတစ်ခုဖြစ်ပြီး ပျန်းရှားများဆီမှာ ရှုံးနိမ့်ခဲ့၏။ ရှောင်းကျိမင်က သူ၏အရှုပ်များကို လိုက်ရှင်းပေးခဲ့ရပြီး ထိုရယ်စရာအဖြစ်အပျက်ပြီးနောက် ရှောင်းချီရယ်က အသုံးမကျသည့်အရူးတစ်ယောက်အဖြစ် နာမည်ကြီးလာခဲ့သည်။
***
Aurora Novel Translation Team