no

Font
Theme

အပိုင်း (၃၈) - အမှန်နှင့် အမှား (၂)

ရက်အနည်းငယ်ကြာတော့မှ လီကျန်းဟန်တစ်ယောက် ရှောင်းချီရယ်ရှေ့မှာ မျက်နှာလာပြရဲခဲ့၏။ သို့သော် ရှောင်းချီရယ်၏ဒေါသများ မပြေပျောက်သေးကြောင်းတွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ ဂီတသံကိုနားစင်နေရင်း ထိုအမျိုးသား၏ ဘေးပတ်ပတ်လည်မှလေထုက ရေခဲအမှုန်အမွှားများတောင် ဖြာကျနေသကဲ့သို့ အေးစက်နေသဖြင့် နုနယ်သည့်မိန်းကလေးများမှာ ကြောက်ရွံ့နေပြီး မည်သူကမှ သူ့နားကိုမကပ်ရဲကြပေ။

လီကျန်းဟန်က သူ၏လက်ဖက်ရည်ခွက်ကို ဒိုင်းသဖွယ်ကိုင်ထားရင်း တီးတိုးမေးလိုက်သည်။ "မင်း ဒေါသထွက်နေတုန်းလား။"

"ဟင့်အင်း။" ရှောင်းချီရယ်က သူ၏သောက်စရာထဲမှရေခဲကို သွားများကြားကိုက်ဝါးနေခဲ့သည်။

ရေခဲဝါးသံကို နားထောင််နေရင်း လီကျန်းဟန်၏ဆံပင်များက ထောင်မတ်လာလေ၏။ "ဆောင်းဦးပေါက်တော့မယ်။ မင်း ရေခဲကို အဲ့လိုကြီးမစားစမ်းပါနဲ့။ ကြောက်စရာကောင်းတယ်။"

"နှစ်တိုင်း ရေခဲတွေကို မြေတိုက်အပြည့်ပြင်ဆင်ထားတာ။ ဒီတိုင်းထားလိုက်ရင် နှမြောစရာကောင်းတာပေါ့။" ရှောင်းချီရယ်က ခြေထောက်နှစ်ဖက်လုံးကို ပရိဘောဂပေါ်တင်လိုက်ပြီး အနောက်ကိုမှီလိုက်၏။

"ဒါဆို ငါ မင်းကို ကောင်းတဲ့အရာလေးပြောပြပေးမယ်။" လီကျန်းဟန်က သူ့အနားကို လွှားခနဲကပ်သွားခဲ့သည်။ "အဲ့ဒီဖုန်းချွမ် - သူ ဘယ်သူလဲဆိုတာ မင်းသိလား။"

"ဘယ်သူလဲ။"

"ငါမင်းကိုပြောဖူးတဲ့ ဟိုမိန်းကလေးကို မှတ်မိလား။" လီကျန်းဟန်က တောက်ပစွာပြုံးကာ သူ၏မျက်လုံးများထဲမှ ကောက်ကျစ်သောအကြည့်တို့ရှိနေ၏။ "ဖုန်းချွမ်က သူ(မ)ရဲ့မောင်လေး။ အခု သူ(မ)က ဖန်းရူကွေ့ရဲ့မျက်နှာသာပေးမှုကို ရထားတာဆိုတော့ ဖန်းရူကွေ့က သူ(မ)ရဲ့ဆွေမျိုးကို ဘယ်လိုလုပ်ပြီး ရာထူးတိုးမပေးဘဲနေမှာလဲ။ အဲ့ဒီဖုန်းချွမ်မှာ ငွေပါးစပ်ရှိနေတော့ ကျိလေက သူ့ကိုသဘောကျသွားပြီး အဲ့ဒီမိန်းမစိုးကို သူ့ရဲ့မွေးစားသားအဖြစ် ခေါ်ယူဖို့စီစဥ်ခဲ့တာတဲ့!"

"ကျွန်တော့်အထင်..." ရှောင်းချီရယ်က ပါးစောင်ကို လက်တစ်ဖက်ထောက်ကာ လီကျန်းဟန်ကို တစ်ချက်ကြည့်လိုက်သည်။ "...ခင်ဗျားက အဲ့ဒီမိန်းကလေးကို တကယ်သဘောကျနေတာပဲ။"

"ဒါပေါ့။" လီကျန်းဟန်က ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် အဲ့ဒီခွေးကောင်ကျိလေက အဲ့နေ့ကဖြစ််ခဲ့တဲ့ကိစ္စရဲ့ နောက်ကွယ်ကလူပဲ။ သူ့ရဲ့မွေးစားသားအနေနဲ့ ဖုန်းချွမ်က သူ့မွေးစားအဖေရဲ့အမိန့်ကို ဘယ်လိုလုပ်ပြီး ငြင်းနိုင်ပါ့မလဲ။"

"ကျွန်တော့်ကို ဒီတိုင်းလွှတ်ပေးလိုက်ဖို့ ပြောနေတာလား။"

လီကျန်းဟန်က လိုက်လျောညီထွေရှိပြီး တော်ဝင်မိသားစုမှ ဆင်းသက်လာသောသူများ၏ မြင်တွေ့နေကျမောက်မာမှုတို့မရှိပေ။ သူက သူ၏ထိုင်ခုံကနေထကာ ရှောင်းချီရယ်ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။

"ငါ့ရဲ့အချစ်ရေးအတွက်၊ ညီအစ်ကိုရေ၊ ဒီတစ်ကြိမ်လောက် လွှတ်ပေးလို့မရဘူးလား။ အဲ့ဒါက ကိစ္စတစ်ခု။ ပြီးတော့ သူက ဖန်းရူကွေ့ရဲ့လူဆိုတော့ ငါတို့ သူ့ကို အနိုင်ကျင့်လို့မရဘူး။ ရှောင်ဖုကျစ်ရဲ့ပြဿနာပြီးသွားတာ ရက်အနည်းငယ်ပဲရှိသေးတာ။ အရှင်မင်းမြတ်ကလည်း ငါတို့ကို စောင့်ကြည့်နေတယ်။"

ရှောင်းချီရယ်က ထထိုင်ကာ သူ့ကို စူးစိုက်ကြည့်လိုက်သည်။ "ခင်ဗျား သူ(မ)ကို ထိခဲ့လား။"

လီကျန်းဟန်က နှုတ်ခမ်းစေ့ပိတ်၍ အသံပြုလာ၏။

"ခင်ဗျားက ဖန်းရူကွေ့ရဲ့နှာခေါင်းအောက်မှာ သူ့ရဲ့အမျိုးသမီးကို ထိခဲ့တယ်?" ရှောင်းချီရယ်က မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

"သူသာ တကယ့်ယောက်ျားအစစ်ဆို ငါ မလုပ်ပါဘူး။" လီကျန်းဟန်က တွန့်ဆုတ်စွာဖြင့် ရပ်နေ၏။ "ဒါပေမဲ့ သူက လှည့်ကွက်ဟောင်းတွေနဲ့ မိန်းမစိုးအိုကြီးတစ်ယောက်ပဲ။ သူက သူ(မ)ကို မျက်ရည်ပေါက်ကြီးငယ်မကျမချင်း တစ်နေ့လုံး အလှလေးကို ရိုက်နှက်နေတာ! သူ(မ)က အမှန်ဆို ငါ့အပိုင်ဖြစ်ရမှာ! မင်းသာ ငါ့နေရာမှာဆို မင်းလည်း ဒီလိုပဲလုပ်မှာမဟုတ်လား။"

ရှောင်းချီရယ်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ "မလုပ်ဘူး!"

"ချဲ့အန်း၊ ငါတို့က ညီအစ်ကိုတွေလေ! ဒါက အသေးအမွှားကိစ္စလေးပဲကို ဒီတစ်ကြိမ်တည်း မျက်ကွယ်ပြုပေးပါ။ ဖုန်းချွမ်ကို လွှတ်ပေးပြီး ငါ မင်းအတွက် စိတ်ဝင်စားစရာတစ်ခုခုကို ရှာပေးပါ့မယ်!"

ရှောင်းချီရယ်က ပြန်ထိုင်လိုက်ပြီး ဘာမှမပြောခဲ့ပေ။

ဖန်းရူကွေ့သာ ထိုအကြောင်းကိုရှာတွေ့သွားလျှင် ရှောင်ဖုကျစ် အသတ်ခံရသည့်ကိစ္စက မှေးမှိန်သွားလိမ့်မည်။ ထိုခွေးအိုကြီးက ၎င်းတို့နှစ်ယောက်စလုံးကို သေစေဖို့ အစွမ်းကုန်ကြိုးစားလိမ့်မည်။ ဖုန်းချွမ်ကို ရာထူးတိုးပေးခြင်းက ထိုအမျိုးသမီးအပေါ် သူမည်မျှသဘောကျကြောင်း သက်သေပင်။ ဖန်းရူကွေ့က ခြောက်ဆယ့်ငါးနှစ်ရှိပြီဖြစ်ပြီး မိန်းမစိုးတစ်ယောက်အနေဖြင့် သူ့မှာ သွေးသားရင်းမရှိဘဲ နှစ်ပေါင်းများစွာတိုင်အောင် သူ့နားမှမိန်းမလှလေးများက သူ့နံဘေးမှာ အချိန်ကြာမြင့်စွာရှိမနေတတ်ပေ။ သူက ဤအမျိုးသမီးကို သူ၏ချစ်လှစွာသောဇနီး သို့မဟုတ် သဘောအကျဆုံးကိုယ်လုပ်တော်အဖြစ် သတ်မှတ်ထားပါက လီကျန်းဟန်ကိုသတ်ရန် တွန့်ဆုတ်နေလိမ့်မည်မဟုတ်ချေ။

ရှောင်းချီရယ်က လီကျန်းဟန်၏ အဆက်မပြတ်သောတောင်းဆိုမှုကို ကြားဖြတ်ပြောလိုက်သည်။ "ခင်ဗျား လုပ်ပြီးနေပြီဆိုမှတော့ ခင်ဗျားမှာ အကြံရှိနေပြီးသားမဟုတ်လား။"

လီကျန်းဟန်က ကော်ဇောပေါ်မှာထိုင်ကာ ဝါးယပ်တောင်ကိုကောက်ယူလိုက်၏။ "မသိသေးဘူး။" သူက တိုးတိုးလေး ပြန်ဖြေခဲ့သည်။ "ငါ ကြားခဲ့မိတာက... ဖန်းရူကွေ့က ကစားစရာကောင်လေးတွေကိုလည်း သိမ်းထားတတ်တယ်တဲ့။ ငါ သူ့ဆီကို အဲ့လိုမျိုးတစ်ယောက် ပို့ပေးလိုက်ရမလားလို့။"

"ခင်ဗျားရဲ့ အဲ့ဒီမိန်းမလှလေးကို ကျော်လွန်နိုင်တဲ့သူ မရှိဘူးမဟုတ်ဘူးလား။"

လီကျန်းဟန်က စိတ်မသက်မသာဖြစ်နေသော်လည်း ထိုအစာကို သူ့ဆီကနေ မဖုံးကွယ်နိုင်ခဲ့ပေ။ "ဒီနောက်ပိုင်းမှာ လူတော်တော်များများ... ရှန်လန်ကျိုးအကြောင်းကို မေးလာကြတယ်။"

"ဘာမေးတာလဲ။"

"သူ့ရဲ့စျေးနှုန်းကို၊ သူ့ကိုသိမ်းထားဖို့ သူတို့တတ်နိုင်မလားဆိုပြီးတော့။"

ရှောင်းချီရယ်၏မျက်နှာက အမူအရာကင်းမဲ့နေသည်ကို တွေ့လိုက်ရသောအခါ လီကျန်းဟန်က စိတ်အားထက်သန်စွာဖြင့် သူ့ထိုင်ခုံကိုမှီလိုက်၏။

"အသပြာက ပြဿနာမဟုတ်ဘဲ ငါကိုယ်တိုင်တောင် သူ့နားကို ချဥ်းကပ်လို့မရနေတာ။ သူ့ကို ချောက်ပိတ်မိတဲ့အချိန် တစ်စုံတစ်ခုကို လုပ်လာခဲ့ရင်... ငါ့ကို အဲ့တစ်ကြိမ်တော့ ကူညီပေးပါ ချဲ့အန်း! သူ ဖန်းရူကွေ့လက်ထဲရောက်သွားဖို့ သေချာအောင်လုပ်ဖို့ပဲလိုတာ။ ကိစ္စပြီးသွားရင် ငါ သူ့ကို ငွေပဲဖြစ်ဖြစ် ရွှေပဲဖြစ်ဖြစ် ပေးမှာပါ!"

ရှောင်းချီရယ်က ဒူးပေါ်လက်ထောက်ကာ တိတ်ဆိတ်နေခဲ့သည်။

မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာသောအခါ လီကျန်းဟန်က ရှေ့ဆက်တိုးလာ၏။

"မင်း ရှန်ဝေ့ကို မုန်းတယ်မဟုတ်လား။ ဒါပြီးရင် ရှန်ဇယ်ချွမ်းက မင်းအရှေ့ကို ဘယ်တော့မှပေါ်လာမှာမဟုတ်တော့ဘူး! ဒီအကြောင်းကို မင်း စဥ်းစားကြည့်လိုက်၊ သူ မသေသွားပေမဲ့ သူ့ဘဝက နှာခေါင်းရှုံ့ခံနေရမှာ! သူက ချွိတူးမှာ မိန်းမစိုးတစ်ယောက်ရဲ့ အရုပ်ကလေးဖြစ်လာခဲ့ရင် အဲ့ဒါက သေခြင်းတရားထက် ပိုဆိုးတဲ့ကံကြမ္မာကို ပိုင်ဆိုင်လိုက်ရတာပဲ! ပြီးတော့ ဧကရီမယ်မယ်ကလည်း..."

"ခင်ဗျားကို စကားပြောရင် ခေါင်းသုံးတယ်လို့ထင်နေခဲ့တာ။" ရှောင်းချီရယ်က သူ၏ခြေထောက်ကို ဖြည်းဖြည်းချင်းလှုပ်ရှားလိုက်သည်။ "ခင်ဗျားရဲ့ခေါင်းထဲမှာ အမှိုက်တွေနဲ့ပြည့်နေတာကိုး။"

"ချဲ့အန်း၊ ချဲ့အန်း!" သူ ထထွက်သွားသည်ကို မြင်လိုက်ရသောအခါ လီကျန်းဟန်က သူ့ဝတ်ရုံကိုမကာ သူ့နောက်ပြေးလိုက်တော့သည်။

သို့သော် ရှောင်းချီရယ်က အဆောက်အအုံအပြင်သို့ ထွက်လာပြီး သူ့မြင်းပေါ်တက်ကာ အနောက်ကို တစ်ချက်ကလေးတောင်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့လေသည်။

သူ ရှန်ဇယ်ချွမ်းကို ဖန်းရူကွေ့၏အရုပ်ကလေးအဖြစ် ပြောင်းလဲနိုင်ခဲ့လျှင်တောင် ဖန်းရူကွေ့က ထိုကဲ့သို့သောလက်ဆောင်ကို လက်ခံမည်လော။ ဧကရီမယ်မယ်က ထိုအမျိုးသားကို ကာကွယ်ပေးထားပြီး ဖန်းရူကွေ့သာ သူ့ကိုလက်ခံလိုက်ပါက သူ၏တံတားများကို သူကိုယ်တိုင် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သွားလိမ့်မည်။ လီကျန်းဟန်က စိတ်လွတ်သွားလေပြီ!

သို့သော် လီကျန်းဟန်သာ အမှန်တကယ် လုပ်ဝံ့ပါက။

သူ အမှန်တကယ် လုပ်ဝံ့ပါက...

သူက ထိုအရာကို မည်ကဲ့သို့လုပ်ဝံ့လိမ့်မည်နည်း။

...

ရှန်ဇယ်ချွမ်းတစ်ယောက် သူ၏တာဝန်ပြီးဆုံးသွားသောအခါ သူ့ခါးမှတံဆိပ်ကို ဖယ်ရှားလိုက်သည်။ ထို့နောက် တံခါးအပြင်ကိုထွက်လာချိန်၌ အပြင်ဘက်၌ ရှောင်းချီရယ်၏မြင်းကို မြင်လိုက်ရပြီး ထိုလူက အနီးနားရှိကျောက်တုံးပေါ်မှာ ထိုင်နေလေ၏။

"ခင်ဗျားရဲ့လက်စွပ်ကို ပြန်လာယူတာလား။" ရှန်ဇယ်ချွမ်းက လှေကားထစ်ကနေဆင်းလာရင်း မေးလိုက်သည်။

ရှောင်းချီရယ်က သစ်ရွက်အနည်းငယ်ပါသော သစ်ကိုင်းတစ်ခုကိုချိုးကာ သွားကြားထဲမှာ ကိုက်ထား၏။ ရှန်ဇယ်ချွမ်းကို အခိုက်အတန့်တစ််ခုလောက် ကြည့်နေပြီးနောက် သူက ပြောလာခဲ့သည်။

"နိုးထလိုက်တော့၊ အခုက နေ့ခင်းကြောင်တောင်အချိန်ကြီး။ ပေါက်ကရပြောနေတာတွေရပ်ပြီး အဲ့ဒါကို ပြန်ပေးလိုက်။"

"အရင်နေ့ညက ခင်ဗျား ဒီလောက််ထိ ဒေါသမကြီးပါဘူး။" ရှန်ဇယ်ချွမ်းက ကောင်းကင်ထက် တစ်ချက်မော့ကြည့်လိုက်သည်။ "တပ်မှူးချုပ်အနေနဲ့ ဒီနားမှာရပ်ပြီး ခွေးလိုဟောင်ရမှာက အရှက်ကွဲစရာကိစ္စဖြစ်မှာပဲ။ ဒီတော့ ခင်ဗျားက လက်စွပ်ယူဖို့ ရောက်လာခဲ့တာမဖြစ်နိုင်ဘူး။ ဘာကိစ္စလဲ၊ ပြောလေ။"

"ဒီနားတစ်ဝိုက်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို မင်းသိတယ်မဟုတ်ဘူးလား။"

ရှောင်းချီရယ်က သူ၏ခြေတံရှည်ပေါ်မှာ တံတောင်ထောက်လိုက်သည်။

"ချူးဘုရင်က ရှောင်ဖုကျစ်ကို သင်ခန်းစာပေးချင်နေခဲ့တာ၊ မင်းလည်း ဘုရားကျောင်းထဲကနေ အဲ့ဒီအကြောင်းကို ကြားခဲ့တာပဲ။ ငါ အဲ့ဒါကို မေ့သွားတယ်။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်ရင် မင်း ချူးဘုရင်ရဲ့ဘေးမှာ တစ်ယောက်ယောက်ကို ထားထားတဲ့ပုံပဲ။ သူလျှို ဒါမှမဟုတ် သူ့ကို လှုံ့ဆော်ပေးမဲ့သူ တစ်ယောက်ယောက်ပေါ့။"

"ကျွန်တော့်မှာသာ အဲ့လောက်ထိ အစွမ်းအစရှိမယ်ဆိုရင်။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ဆင်တွေကိုမွေးမြူဖို့ ရောက်လာနိုင်ပါ့မလား။"

"အဲ့ဒါက အမှန်လား အမှားလား ဘယ်သူသိနိုင်မှာလဲ။" ရှောင်းချီရယ်၏အကြည့်က အေးစက်နေ၏။ "မင်း ငါ့ကို စေ့စေ့စပ်စပ်ရှင်းပြလိုက်တာ ပိုကောင်းမယ်၊ ဒါမှ ငါ ဘာကိုယုံကြည်ရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment