အပိုင်း (၆၁) - လည်ကုပ် (၁)
"ဒါဆို ချွတ်ဖို့အတွက် အကြောင်းပြချက်ပိုရှိသွားပြီ။"
ရှောင်းချီရယ်က သူ၏လက်မောင်းပတ်ကိုဖြည်လိုက်ပြီး သူ၏ခြုံထည်၊ အပြင်ဝတ်ရုံတို့နှင့်အတူ သစ်သားချိတ်ပေါ်ချိတ်လိုက်၏။ ခြံဝန်း၏အတွင်းဆောင်ရှိ စစ်သည်တော်များက နှုတ်ဆက်ရန် ချဥ်းကပ်လိုက်သော်လည်း သူက ၎င်းတို့ကို ကြိုတင်တားဆီးရန် လက်ပြလိုက်သည်။ သူက ရှန်ဇယ်ချွမ်းဘက်လှည့်ကြည့်လိုက်၏။
"ကျိမိသားစုရဲ့စိတ်ပိုင်းဆိုင်ရာကျင့်စဥ်ကို လေ့ကျင့်တဲ့ခန္ဓာကိုယ်က ငါနဲ့ ဘယ်လိုကွာခြားလဲဆိုတာကြည့်ချင်တယ်။"
"ကျွန်တော်တို့က တူညီတဲ့သိုင်းမျိုးဆက်ကဆိုတော့။" ရှန်ဇယ်ချွမ်းက လန်လိဓါးကိုအောက်ချကာ ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေက ထုံးစံအတိုင်း အတူတူပဲဖြစ်မှာပါ။"
"သေချာပေါက်တော့ ပြောလို့မရဘူး။" ရှောင်းချီရယ်က ပြန်ပြောလိုက်သည်။ "ငါ့ရဲ့ရှစ်ဖူက တခြားကျောင်းတော်တွေရဲ့ လက်ဝှေ့နည်းပညာကိုပါ ပေါင်းစပ်ထားတာမို့ ငါ့ကို သင်ကြားပေးတဲ့အချိန်မှာ သူ့ရဲ့ပုံစံက ကျိမိသားစုရဲ့လက်ဝှေ့နည်းလမ်းနဲ့ ကွဲပြားသွားပြီ။ ငါတို့လေ့ကျင့်ရေးတွေသာ ထပ်တူကျရင် ငါတို့တိုက်ခိုက်ခဲ့တုန်းက မင်း သတိိမထားမိစရာအကြောင်းမရှိဘူး။"
"ခင်ဗျား သင်ယူချင်တာရှိရင် ဒီတိုင်းပြောလိုက်ပါ။" ရှန်ဇယ်ချွမ်းက သူ၏ခြေထောက်ဖြင့် ကြမ်းပြင်ပေါ် အဝန်းပိုင်းဆွဲလိုက်သည်။ "မင်းရဲ့အဝတ်ကိုချွတ်လိုက်ဆိုတာကြီးက ခင်ဗျားကို သားရဲတစ်ကောင်လို ဖြစ်သွားစေတာပေါ့။"
ချက်ချင်းဆိုသလို ရှန်ဇယ်ချွမ်းက အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဟု ရှောင်းချီရယ်ခံစားလိုက်ရသည်။ မိုးရေစက်များက တောင်ပေါ်ရှိမြူခိုးများနှင့် တစ်ထပ်တည်းကျသွားပြီး ရှန်ဇယ်ချွမ်း၏မျက်နှာအစိတ်အပိုင်းများကို ဆေးကြောပေးကာ သွယ်လျရှည်လျားသော သူ၏ပုံရိပ်ကို ထင်ပေါ်စေခဲ့လေ၏။
"ငါ့ဆန္ဒက လူယောင်ဆောင်ထားတဲ့ သားရဲတစ်ကောင်ဖြစ်ဖို့ပဲ။" ရှောင်းချီရယ်က ခြေလှမ်းကျဲများဖြင့် လှေကားထစ်ပေါ်ကနေဆင်းကာ မိုးရေစက်ကန့်လန့်ကာထဲ လှမ်းဝင်သွားလိုက်သည်။ "လွန်ခဲ့တဲ့ငါးနှစ်တုန်းက ငါ မင်းကို အဲ့ဒီကန်ချက်နဲ့ သတ်မိတော့မလိုဖြစ်ခဲ့တယ်။ အဲ့ဒီကိစ္စအတွက် ငါ့ကို မုန်းနေတာလား။"
"ဟုတ်တယ်လို့ပြောရင် ကျွန်တော်က ညညဆို ခင်ဗျားအကြောင်းတွေးရင်း လူးလှိမ့်နေသလိုမဖြစ်နေဘူးလား။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ဟင့်အင်း၊ ကျွန်တော် ခင်ဗျားကို လုံးဝမမုန်းပါဘူး။"
ရှောင်းချီရယ်တစ်ယောက် စတင်ရန်တိုက်ကွက်ကို ဟန်ရေးပြင်လိုက်၏။ "နှမြောစရာပဲ။ မင်းလုပ်ခဲ့ရင် ဒီနေ့ လက်စားချေဖို့ အခွင့်အရေးရနိုင်တယ်။" အေးစက်သောလေထုကို မျက်နှာချင်းဆိုင်ကာ ရှောင်းချီရယ်က ဖြည်းဖြည်းချင်းထပ်ပြောလိုက်သည်။ "မင်း လုပ်နိုင်တယ်ဆိုရင်ပေါ့။"
မိုးရေစက်များက တတောက်တောက်ကျဆင်းနေပြီး မာန်က တံစက်မြိတ်အောက်မှာ ခုန်ဆွခုန်ဆွလုပ်နေ၏။ ရှောင်းချီရယ်က မိုးရေထဲကိုခုန်သွားပြီး စတင်လှုပ်ရှားလိုက်သည်။
ရှန်ဇယ်ချွမ်းက ရှောင်လိုက်သဖြင့် သူ၏လက်သီးထိုးချက်က လေဟာနယ်ထဲဖြတ်သန်းသွားသော်လည်း သူ့တိုက်ကွက်၏ ပြင်းထန်သောအားက မိုးရေစက်လေးများကို ရှန်ဇယ်ချွမ်း၏လည်တိုင်ဆီ ပက်ဖြန်းသွားစေခဲ့သည်။ ရှောင်းချီရယ်က သူ၏လက်သီးကို ဘယ်သို့ယိမ်းလိုက်၏။ ရှန်ဇယ်ချွမ်းတစ်ယောက် သူ၏တိုက်ကွက်ကို သူ့လက်ဖြင့်ပိတ်ဆို့တားဆီးလိုက်ပြီးနောက် နာကျင်စွာဖြင့် မျက်မှောင်ကြုတ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်လေသည်။
ကျိမိသားစုရဲ့လက်ဝှေ့!
ရှန်ဇယ်ချွမ်းက နှုတ်ခမ်းများကို တင်းတင်းစေ့ပိတ်ထားသော်လည်း နောက်အခိုက်အတန့်၌ အော်ရယ်လိုက်လေသည်။ သူ့ရှစ်ဖူ၏လက်ဝှေ့ထိုးနည်းက တည်ငြိမ်ပြီး ခိုင်မြဲသည်။ ရှောင်းအာ့က တစ်နည်းနည်းဖြင့် တည်ငြိမ်မှုအရာမှာ လစ်လပ်သော်လည်း ပို၍ပြင်းထန်၏။ သူ၏ခွန်အားက အံ့အားသင့်စရာကောင်းပြီး တစ်ချက်တည်းဖြင့် ရှန်ဇယ်ချွမ်း၏လက်မောင်းကနေ ပခုံးအထိ ထုံကျဥ်သွားစေခဲ့သည်။
ကျိမိသားစုလက်ဝှေ့က ရှောင်းချီရယ်လို အတွင်းအားရော အပြင်ပန်းဖွဲ့စည်းတည်ဆောက်ပုံပါ သာလွန်သည့် အမျိုးသားတစ်ယောက်အတွက် လက်ဆင့်ကမ်းဖို့အသင့်တော်ဆုံးပင်။ အားကောင်းသောကိုယ်လုံးကိုယ်ပေါက်နှင့်အတူ သူက တခြားသူများအပေါ် အထင်သေးခွင့်ရှိသည့် အခွင့်ထူးခံတစ်ယောက်ဖြစ်၏။ သို့သော် ကောင်းကင်ဘုံက ချီးမြှောက်ထားသော မွေးရာပါအားသာမှုက အနိုင်ရဖို့ စစ်မှန်သောသော့ချက်ဖြစ်သည်လော။
ရှန်ဇယ်ချွမ်းယုံကြည်သော နောက်ဆုံးအရာက ကောင်းကင်ဘုံ၏အစီအစဥ်များပင်။
ကန်ချက်တစ်ချက်တည်းနှင့် သူက မိုးရေစက်များကို ရှောင်းချီရယ်ဆီ ပက်ဖြန်းလိုက်သည်။ သူ၏ကန်ချက်က လျင်မြန်ပြီး ရက်စက်ပေ၏။ မည်သည့်သာမန်လူမဆို ထိုကန်ချက်ကိုရှောင်ရှားဖို့ နည်းလမ်းချိန်ဆကြမည်ဖြစ်သော်လည်း ရှောင်းချီရယ်က စိန်ခေါ်မှာကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူက လက်မြှောက်ကာ ရှန်ဇယ်ချွမ်း၏ခြေထောက်ကို တားဆီးလိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
ရှန်ဇယ်ချွမ်းအတွက် ခြေထောက်ကိုနောက်ပြန်ဆုတ်ရန် အလွန်နောက်ကျသွားလေပြီ။ ရှောင်းချီရယ်ကို ရင်ဆိုင်ရခြင်းက ကျားတစ်ကောင်ကို ရင်ဆိုင်ရခြင်းနှင့်တူသည်။ ထိုအမျိုးသားက အခွင့်အရေးကို စောင့်ဆိုင်းနေပြီး သူ့ရန်သူက ယိမ်းယိုင်နေသောနှလုံးသား၊ ရှောင်လွှဲလိုသောအကြည့်၊ နောက်ဆုတ်လိုသော လှုပ်ရှားမှု စသဖြင့် အားနည်းချက်တစ်ခုခုကို ပြသလာပါက သူက ခုန်အုပ်လိုက်မည်သာ။ ရှောင်းချီရယ်ကို ခံစစ်အနေအထားသို့ ဖိအားပေးခြင်းက သူ့ကို တိုက်စစ်အနေအထားဖြင့်ရင်ဆိုင်ခြင်းထက် ပို၍လွယ်ကူပေ၏။
ခြေထောက်ကို မြှောက်ထားဆဲဖြစ်သော ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏လက်မောင်းပေါ် ကွေးညွတ်လိုက်ပြီး အနှီအားက ရှောင်းချီရယ်၏ရှေ့သို့လှုပ်ရှားမှာကို အနည်းငယ်နှေးကွေးသွားစေခဲ့သည်။ စက္ကန့်ပိုင်းအတွင်း ရှောင်းချီရယ်က သူ၏လက်မောင်းကိုအပေါ်မြှောက်ကာ ရှန်ဇယ်ချွမ်းကို လေထဲလွှင့်ပစ်လိုက်သည်။
ရှန်ဇယ်ချွမ်းက သူ၏ခန္ဓာကိုယ်ကို အနောက်သို့ယိမ်းလိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် မြေပြင်ပေါ်ထောက်၍ လေပြည်ထဲမှ မိုးမခနွယ်ကဲ့သို့ လွှဲယမ်းလိုက်လေ၏။ သူ၏ဟန်ချက်ကို ပြန်လည်ရရှိသွားသည့်အခိုက်အတန့်၌ ခြေထောက်ကို ရှောင်းချီရယ်၏ဦးခေါင်းဆီ တစ်ဖန် ချိန်ရွယ်လိုက်ပြန်သည်။
ရှောင်းချီရယ်က တစ်ဖန်လက်မြှောက်ကာ တိုက်ကွက်ကို တားဆီးခဲ့သည်။ သူ၏အကြည့်များက တည်ငြိမ်နေ၏။ "ပုရွက်ဆိတ်လေးက သစ်ပင်ကြီးကိုကိုင်လှုပ်ဖို့ ကြိုးစားနေတာပဲ။ မင်း ဘာနဲ့ရင်ဆိုင်နေရတယ်ဆိုတာ မသိလို့ ဒါမှမဟုတ် ရဲတင်းလွန်းလို့ မင်းကို ကြိမ်းမောင်းသင့်လား။"
သူက တစ်ဖက်လှည့်ကာ ရှန်ဇယ်ချွမ်း၏ခြေသလုံးကို ဆုပ်ကိုင်လိုက်ပြီး သူ၏ပခုံးများကိုဖြေလျှော့ကာ ရှန်ဇယ်ချွမ်းကို မြေပြင်ပေါ်ရိုက်ချဖို့ ကြိုးစားလိုက်သည်။ သို့သော် အဆွဲခံလိုက်ရသော ရှန်ဇယ်ချွမ်းက ထိုအရှိန်အဟုန်ကို အခွင့်ကောင်းယူကာ သူ၏ခြေထောက်ကို ရှောင်းချီရယ်၏ပခုံးပေါ် တင်လိုက်သည်။ ရှောင်းချီရယ်၏လည်တိုင်တစ်ဝိုက် ခြေထောက်နှစ်ဖက်လုံးနှင့် ချုပ်နှောင်ထားပြီး အံ့အားသင့်ဖွယ်ကောင်းသော သူ့ခါး၏ခွန်အားကို အသုံးပြုကာ ၎င်းတို့ကို မြေပြင်ပေါ်ဆွဲလှဲရန် အားကုန်သုံး၍ လှည့်လိုက်သည်။
ရှောင်းချီရယ်လက်က ရှန်ဇွယ်ချွမ်း၏ခြေထောက်ဆီကနေ အပေါ်တက်သွားပြီး သူ၏ခါးကို ရစ်ပတ်လိုက်သည်။ သူ့လက်ဖဝါးအောက်မှ အရေပြားက မယုံကြည်နိုင်လောက်အောင် ပျော့ပျောင်းနူးညံ့ကာ သိမ်မွေ့နေ၏။
သူ ရှန်ဇယ်ချွမ်း၏ခန္ဓာကိုယ်ကို ထိတွေ့ဖို့ကြိုးစားနေသည်မှာ အမှန်ပင်။ သူ ကြိုးစားသလောက်လည်း မဖော်ထုတ်နိုင်ဖြစ်နေပြီး ယင်းမှာ ကျိမိသားစု၏လက်ဝှေ့ သို့မဟုတ် ကျိမိသားစု၏ဓါးရေးဖြစ်ပါစေ ၎င်းကို အနှစ်နှစ်အလလ လေ့ကျင့်ခဲ့သူတိုင်း ကြွက်သားများရှိနေသင့်သည်။ သို့သော် ရှန်ဇယ်ချွမ်းက သိုင်းပညာကို တစ်ရက်ကလေးတောင် မလေ့ကျင့်ဖူးသည့်ပုံပေါ်အောင် သူ၏ခွန်အားကို ကောင်းကောင်းဖုံးကွယ်ထားသလို ချန်းယန်နှင့် ချောင်ထျန်းယာတို့နှစ်ယောက်လုံးကိုလည်း သူက ချီစွမ်းအင်မလုံလောက်ဘဲ အားနည်းပါသည်ဟုယုံကြည်အောင် လှည့်စားနိုင်ခဲ့သည်။
ရှန်ဇယ်ချွမ်းက မြေပြင်နှင့်နီးကပ်နေသောခန္ဓာကိုယ်ကို ရုန်းထလိုက်ပြီး ရှောင်းချီရယ်၏ဦးခေါင်းကို တံတောင်ဖြင့်ပစ်သွင်းလိုက်သည်။ ရှောင်းချီရယ်က လည်တိုင်ကိုကွေးညွတ်၍ ရှန်ဇယ်ချွမ်း၏ခါးကို တင်းကျပ်စွာဆုပ်ကိုင်ကာ ဆွဲလိုက်ပြီး ရှန်ဇယ်ချွမ်း၏ခါးကနေ သူ၏ရင်ဘတ်အထိ ခံစားကြည့်လိုက်၏။
အရှေ့တိုင်းပုလဲက သူ၏ကုတ်အင်္ကျီကော်လံအောက်မှာ ကွယ်ဝှက်ထားဆဲပင်။ ရှန်ဇယ်ချွမ်းက သူ၏ကျောဖြင့် ရှောင်းချီရယ်ကိုဝင်တိုက်ကာ သူ့လက်မောင်းကိုလက်နောက်ပြန်ဆုပ်ကိုင်၍ ပခုံးပေါ်ကနေကျော်ကာ မိုးရေထဲလွှဲယမ်းလိုက်သည်။
ရေစက်များက ရှန်ဇယ်ချွမ်း၏ဆံပင်များကို ချက်ချင်းစိုရွှဲသွားစေ၏။
ရှန်ဇယ်ချွမ်းက နောက်ပြန်ဆုတ်ဖို့ ကြိုးစားလိိုက်သော်လည်း ရှောင်းချီရယ်က ခြေထောက်တစ်ဖက်ဖြင့်တားဆီးလိုက်ရာ ရှန်ဇယ်ချွမ်းတစ်ယောက် သူ့ဆီကိုယိုင်လာခဲ့သည်။ ရှန်ဇယ်ချွမ်း၏ခန္ဓာကိုယ်က ရှောင်းချီရယ်ဘက်သို့ ယိုင်လာပြီဖြစ်သော်လည်း နောက်ဆုံးသောအခိုက်အတန့်မှ ချက်ချင်းဆိုသလို ကုချင်ပေါ်မှ တုန်ခါနေသောကြိုးတစ်ချောင်းလို လွှဲယမ်းလိုက်ပြီး ရေထဲမှာ တည်ငြိမ်အောင်ထိန်းလိုက်သည်။
ရှောင်းချီရယ်က ခုန်လိုက်ပြီး သူ့ရှေ့ကိုသွားလိုက်၏။ ရှန်ဇယ်ချွမ်း၏နောက်ထပ်လက်သီးချက်က လွဲချော်သွားသော်လည်း သူ၏လက်က မိုးရေထဲလွင့်မျောနေသော မင်နက်ရောင်ဆံပင်များကို ပွတ်တိုက်သွားခဲ့သည်။
မိုးရေစိုနေသောဆံပင်များက ရှောင်းချီရယ်၏လက်ချောင်းထိပ်လေးများကြား တွန့်ဆုတ်စွာ ဖြတ်သန်းသွားပြီး သူ့အား ပို၍လိုချင်လာသကဲ့သို့ စိုထိုင်းပြီး ယားယံသည့်ခံစားချက်ကို ချန်ထားရစ်လေ၏။
"ငါတို့ ဒီမှာရပ်သင့်ပြီ။" ရှောင်းချီရယ်က ရုတ်တရက်ဆိုသလို လက်သီးဆုပ်လိုက်ပြီး ရှန်ဇယ်ချွမ်းကို ကြည့်လိုက်သည်။ "မိုးက ပိုသည်းလာပြီ။"
ရှန်ဇယ်ချွမ်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ကျွန်တော့်ကို ထိကြည့်လို့ပြီးပြီလား။"
"မနူးညံ့ဘူး၊ ဒါပေမဲ့ မာလည်းမမာဘူး။" ရှောင်းချီရယ်က မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ဖြေလိုက်၏။
"ခင်ဗျား ကျွန်တော့်အဝတ်တွေကို ဆွဲဖြဲတော့မယ်လို့ ထင်လိုက်တာ။" ရှန်ဇယ်ချွမ်း၏လေသံက လှောင်ပြောင်သည့်ပုံပင်။
***
Aurora Novel Translation Team