အပိုင်း (၃၇) - အမှန်နှင့် အမှား (၁)
လေပြည်လေးက ပူလောင်အိုက်စပ်သောနွေညကို ဖြတ်သန်းတိုက်ခတ်လာပြီး လမင်းကြီးက စိမ်းစိုစိုသစ်ပင်များထက်၌ ချိတ်ဆွဲနေ၏။
ရှောင်းချီရယ်က ငယ်ရွယ်ပြီး ကျန်းမာကြံ့ခိုင်သူဖြစ်သလို အရက်၏အရှိန်ကလည်း လျင်မြန်စွာတက်လာခဲ့သည်။ သူက ရှန်းဇယ်ချွမ်းကိုစိုက်ကြည့်လျက် လှေကားကနေဆင်းလာရင်း ပြောလိုက်၏။ "ဆိုတော့ ကျောင်းကျွေ့ဘုရားကျောင်းက တစ်စုံတစ်ယောက်ရဲ့နှလုံးသားကို သန့်စင်နိုင်ပြီး တစ်စုံတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ပြောင်းလဲနိုင်တာပဲ။"
ရှန်ဇယ်ချွမ်းက အနီးနားရှိစားပွဲထိုးကို ထွက်သွားခိုင်းလိုက်သည်။ "ကျွန်တော်က ကြုံလာသမျှဒုက္ခတွေကို ခေါင်းအေးအေးထားပြီး ရင်ဆိုင်တတ်တဲ့သူမျိုးဖြစ်ရုံတင်ပါ။"
ရှောင်းချီရယ်က သူ၏အမှုထမ်းတစ်ယောက်ဆီကနေ လက်ဖက်ရည်ကိုလက်ခံယူကာ ပလုတ်ကျင်းလိုက်ပြီး လက်ကိုင်ပဝါဖြင့်သုတ်လိုက်၏။ "မင်း လုပ်ကြံဇာတ်ခင်းတော့မယ်ဆိုရင်လည်း အနည်းဆုံးတော့ ပိုပြီးအားစိုက်မှပေါ့။ မင်း အဲ့ဒီစကားလုံးကို ဘယ်လိုစာလုံးပေါင်းရမယ်ဆိုတာတောင် မသိလောက်ပါဘူး။"
"ကျွန်တော်တို့အားလုံး ကိုယ့်အပိုင်းကို ကစားနေကြတာပဲမဟုတ်ဘူးလား။" ရှန်ဇယ်ချွမ်းက သူ့လက်ကိုခါကာ ပြုံးလိုက်သည်။ "ဒါပေမဲ့ ခင်ဗျားက အရမ်းလေးနက်လွန်းနေတယ်။"
ရှောင်းချီရယ်က သူ့ကိုမကြည့်ဘဲ လက်ကိုင်ပဝါကို လင်ပန်းပေါ်ပြန်တင်လိုက်၏။ "ဒါက နည်းနည်းဟန်ပိုလွန်းနေတယ်။ အဲ့ဒါကို ယုံကြည်မဲ့သူရှိတယ်လို့ မင်းကထင်နေတာလား။ ဒါပေမဲ့ အဲ့ဒီကဏ္ဍအတွက် ဝင်ကစားရမဲ့တစ်စုံတစ်ယောက်ရှိနေရင် ငါ၊ ရှောင်းချဲ့အန်းက အသင့်တော်ဆုံးပဲလေ။ မင်းလည်း သဘောကျတယ်မဟုတ်ဘူးလား။"
ရှန်ဇယ်ချွမ်း၏အကြည့်များက အောက်သို့ဆင်းသွား၏။ "အဲ့ဒါက ဓါးကောင်းတစ်လက်ပဲ။"
ရှောင်းချီရယ်က လက်မြှောက်ကာ သူ၏မြင်ကွင်းကို ကွယ်လိုက်သည်။ "လူကကျတော့ရော မဟုတ်ဘူးလား။"
အပေါ်ထပ်မှ မီးအိမ်တစ်လုံးက ငြိမ်းသွားခဲ့သည်။ ရှန်ဇယ်ချွမ်းက သက်ပြင်းချလိုက်လေ၏။ "အဲ့ဒီမေးခွန်းကို ဘယ်လိုဖြေပေးဖို့ မျှော်လင့်ထားတာလဲ။ အဲ့ဒါက ဖြေဖို့မသင့်တော်ပါဘူး။"
"မင်းရဲ့အမြင်က စူးရှတာပဲ။" ရှောင်းချီရယ်က သူ၏လက်ကို ဖယ်ရှားလိုက်သည်။ ရှန်ဇယ်ချွမ်းကို ကြည့်နေသော သူ၏အကြည့်က စူးရှပြီး ပြင်းထန်လှသည်။ "လူနည်းစုကသာ ဓါးကောင်းကို မှတ်မိကြတာ။"
"လူတစ်ယောက်က ရာထူးကောင်းကောင်းခန့်အပ်ခံရတဲ့အခါ။" ရှန်ဇယ်ချွမ်းက သူ့စကားအတိုင်း လိုက်ပြောလိုက်၏။ "ထုံးစံအတိုင်း သူဆင်မြန်းတဲ့အရာအားလုံးက အရည်အသွေးမြင့်မှာပဲ။ အဲ့ဒါက ကြက်ကန်းဆန်အိုးတိုးသွားတဲ့ မှန်းဆမှုတစ်ခုပါ။ မျက်စိကွယ်နေတဲ့ကြောင်တစ်ကောင်ကတောင် ကြွက်သေတစ်ကောင်ကို ဖမ်းမိနိုင်တာပဲလေ။"
"မင်း ငါ့ကိုချီးကျူးနေတာကို ဘာလို့များ ငါက တစ္ဆေတစ်ကောင်ကို မြင်လိုက်သလိုမျိုး ခံစားနေရတာပါလိမ့်။"
"ခင်ဗျား မကြာခဏဆိုသလို ချီးမွမ်းမခံရဘူးလား၊ ဟမ်?" ရှန်ဇယ်ချွမ်း၏လေသံက သိမ်မွေ့နေ၏။ "ကျွန်တော်ကဖြင့် အစစ်မှန်ဆုံးခံစားမိတဲ့ စကားတွေကိုတောင် ထုတ်မပြောရသေးဘူး။"
၎င်းတို့နားမှလူများက မရှိတော့ပေ။
"မင်းကိုကြည့်ရတာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်တဲ့နေရာမှာ တော်တဲ့ပုံပဲ။" ရှောင်းချီရယ်က ပေါ့ပေါ့တန်တန်ပြောလိုက်သည်။
"စိတ်ရှည်သည်းခံမှုမရှိရင် ကြီးမားတဲ့အကြံအစည်တွေ ပျက်ပြားသွားနိုင်တယ်။ သိပ်မကြာခင် ခင်ဗျား ကျွန်တော့်ရဲ့အရည်အချင်းတွေကို ပိုပြီးမြင်တွေ့လာမှာပါ။" ရှန်ဇယ်ချွမ်းက ပြုံးပြလိုက်သည်။ "အဲ့ဒါကြောင့် စိတ်ရှည်ရှည်ထားဖို့ ကြိုးစားပါဦး။"
"ကြီးမားတဲ့အကြံအစည်တွေ? ချွိတူးရဲ့ဒီမြို့သေးသေးဘေးမှာ မင်းအတွက် ဘာအကြံအစည်တွေများရှိနေတာလဲ။"
"ကျွန်တော် နည်းနည်းလေးပြောလိုက်တာနဲ့..." ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်ကို သနားသလိုကြည့်လိုက်၏။ "...ခင်ဗျားက တကယ်ကြီး ယုံကြည်တော့တာပဲ။ ခင်ဗျားကို တုံးအပြီး ရိုးစင်းတဲ့သူလို့ ထင်မထားမိဘူး၊ အာ့ကုန်းကျစ်။"
"ငါက တာဝန်မဲ့တဲ့သခင်လေး၊ လှည့်လည်သွားလာပြီး သောက်စားပျော်ပါးရင်း သေဖို့စောင့်နေတဲ့သူတစ်ယောက်ပဲ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "လောကကြီးက ဖောက်လွဲဖောက်ပြန်ဖြစ်မယ်လို့ ငါက ဘယ်လိုလုပ်သိလိမ့်မလဲ။ အခု မင်းလိုလူမျိုးကတောင် ငါ့ကို လှည့်စားနေပြီ။"
"တောင်းပန်ပါတယ်။" ရှန်ဇယ်ချွမ်းက အရှေ့သို့ တစ်လှမ်းတိုးလာ၏။ "ခင်ဗျားရဲ့အစွယ်တွေနဲ့ ခြေသည်းတွေကို ချိတ်ပိတ်ထားခံရတာ သိပ်ကိုသနားစရာကောင်းနေလို့ပါ။ ဒီနေ့ည ခင်ဗျားရဲ့ဓါးချက်က တော်တော်လေး ကျေနပ်စရာကောင်းမှာပါ၊ ဟုတ်တယ်မလား။"
"နည်းနည်းပေါ့။" ရှောင်းချီရယ်က ရှန်ဇယ်ချွမ်း၏လမ်းကိုပိတ်ရန် ခြေထောက်မြှောက်လိုက်သည်။ "ဘယ်သွားမလို့လဲ။ ငါတို့ စကားပြောလို့မပြီးသေးဘူး။"
"ခင်ဗျားကို ခင်ဗျားရဲ့အိမ်တော်ဆီ ပြန်ပို့ပေးမလို့ပါ။ ဒီနေ့ည ခင်ဗျား ကျွန်တော့်ကိုကူညီပေးခဲ့တာတွေအတွက် ကျွန်တော့်မှာ မျက်ရည်ကျလုမတတ် ခင်ဗျားကိုကျေးဇူးတင်ပါတယ်။ ဒီကြင်နာမှုကို ကျွန်တော် ဘယ်လိုလုပ်ပြီး ပြန်ပေးဆပ်နိုင်ပါ့မလဲ။"
ရှောင်းချီရယ်က လှောင်ပြုံးပြုံးလိုက်သည်။ "အလိမ်အညာတွေနဲ့ ပြည့်နှက်နေတာပဲ။ ကြည့်ရတာ မင်း တော်တော်များများကို လှည့်စားခဲ့ဖူးလောက်မယ်ထင်တယ်။"
"အများကြီးမဟုတ်ပါဘူး။" ရှန်ဇယ်ချွမ်းက သူ့ကို ပြန်ကြည့်လိုက်သည်။ "ဒီဘဝမှာ လူတိုင်း လိမ်ညာပြောဖူးလောက်မှာပါ။ ဥပမာ၊ အသပြာအများကြီးရှိတယ်ဆိုတာမျိုးပေါ့။"
"ဒါပေမဲ့ ငါက မင်းနဲ့ဘယ်ယှဥ်နိုင်လိမ့်မလဲ။" ရှောင်းချီရယ်က သူ၏ခြေထောက်ကို ပြန်ရုပ်လိုက်၏။
"ခင်ဗျားသိလား။" ရှန်ဇယ်ချွမ်းက သိမ်မွေ့စွာပြောလိုက်သည်။ "ခင်ဗျားက ယဥ်ကျေးနေပြန်ပါပြီ။"
ဤအမျိုးသားနှင့် စကားပြောဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ သူ၏မည်သည့်စကားများက အမှန်တရားဖြစ်ပြီး မည်သည်က လိမ်ညာနေမှန်း ဝေခွဲဖို့မဖြစ်နိုင်ဘဲ ဝါကျတိုင်းကို ဇာပဝါဖုံးလွှမ်းထားသလို ၎င်းတို့ မည်မျှကြာအောင်စကားပြောနေပါစေ ရှောင်းချီရယ် ၎င်း၏ခေါင်းနှင့်အမြီးကို မခွဲခြားနိုင်ချေ။ ရှောင်းချီရယ်က တစ်ဖက်လှည့်ကာ သူ့မြင်းကို လေချွန်၍ခေါ်လိုက်ပြီး ပြောလိုက်၏။
"ဒီနေ့ည အဖြစ်အပျက်ကြောင့် မင်းက ငါတို့တွေရင်းနှီးသလိုမျိုး စကားပြောနေတာပဲ။ ဒါပေမဲ့ မင်းရဲ့ပွဲကြည့်ပရိသတ်တွေ မရှိတော့တာကို ဘာလို့ ဆက်ပြီးဟန်ဆောင်နေရတာလဲ။"
"ဒါဆို ကျွန်တော်က ဘာလုပ်ရမှာလဲ။" လက်ထဲမှာ မီးအိမ်ကိုကိုင်ထားလျက် ရှန်ဇယ်ချွမ်းတစ်ယောက် ပျော့ပျောင်းနူးညံ့သောမျက်ဝန်းများဖြင့် သူ့ကိုမော့ကြည့်လိုက်သည်။ "ခင်ဗျားကို ထပ်ကိုက်ရမှာလား။"
ရှောင်းချီရယ်က သူ့နားကိုခြေတစ်လှမ်းတိုးလာပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်းက ဒီလိုစွဲမက်ဖွယ်အသွင်အပြင်ကိုသုံးပြီး တခြားသူတွေရဲ့နှလုံးသားကို လှည့်စားခဲ့တယ်။ ငါ့ကို အခုလိုမျိုးကြည့်ပြီး ငါ့ဆီကနေ ဘာတွေများမျှော်လင့်ထားတာလဲ။"
မတုန်လှုပ်သွားသော ရှန်ဇယ်ချွမ်းက နူးညံ့သောအသံဖြင့် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်က စွဲမက်စရာကောင်းတဲ့မျက်ဝန်းတစ်စုံနဲ့ မွေးဖွားလာတာလေ။"
"နှမြောစရာပဲ။" ရှောင်းချီရယ်က ထေ့ငေါ့ပြောလိုက်ပြီး သူ၏နှင်တံဖြင့် ရှန်ဇယ်ချွမ်း၏မျက်ခုံးနှစ်ဖက်ကြားကို ထောက်လိုက်သည်။ "သူတို့မှာရှိနေတာက အကွက်ချမှုတွေနဲ့ တွက်ချက်မှုတွေချည်းပဲ။"
"ကျွန်တော်က နိမ့်ကျစွာနဲ့ မွေးဖွားလာခဲ့တာပါ။" ရှန်ဇယ်ချွမ်းက လက်ချောင်းလေးကိုမြှောက်ကာ မြင်းနှင်တံကို ဖြည်းဖြည်းချင်းတွန်းဖယ်လိုက်၏။ "အကွက်မချဘဲနဲ့ ဘယ်လိုလုပ်ပြီး ကစားပွဲထဲ ဝင်ကစားနိုင်မှာပါလဲ။"
"ဒီနေ့ည ငါလုပ်ခဲ့တဲ့အရာက ငါ့ကိုယ်ကျိုးပဲ။ မင်းအတွက်လို့ ထင်မနေနဲ့။"
"ဒီနေ့ည လမင်းစန္ဒာက သိပ်လှနေတာကို။ ခင်ဗျားက ဘာဖြစ်လို့ စိတ်အခြေအနေကို ဖျက်ဆီးနေရတာလဲ။"
ရှောင်းချီရယ်က မြင်းပေါ်တက်ကာ ဇတ်ကြိုးကိုဆွဲ၍ အခိုက်အတန့်တစ်ခုလောက်ထိ သူ့ကို ငုံ့ကြည့်နေခဲ့သည်။ "မင်းကို ကြင်နာမှုလေး နည်းနည်းပြသလိုက်တာနဲ့ ငါ့အပေါ်တွယ်တက်လာပြီး မင်းရဲ့သနားစရာဘဝအကြောင်း ငိုကြွေးမြည်တမ်းပြလာမှာကို ငါ စိုးရိမ်မိတယ်။" သူက မနှစ်မြို့စွာပြောလိုက်သည်။
"အရက်က ခင်ဗျားရဲ့စိတ်ကိုတင် ထွေပြားအောင် လုပ်လိုက်တာမဟုတ်ဘဲ။" ရှန်ဇယ်ချွမ်းက ပြောလိုက်လေ၏။ "ခင်ဗျားကို ဖိစီးနေတဲ့အရာက သေစေနိုင်တဲ့အဖျားဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိတယ်။"
"ဘယ်သူပြောနိုင်မလဲ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "မင်းလည်း အရင်က ဝုန်းဒိုင်းကြဲစေမဲ့အရာကို လုပ်ခဲ့ဖူးတာပဲလေ။"
နှစ်ဦးသား တိတ်ဆိတ်သွားပြီး ညကလည်း တဖြည်းဖြည်းနက်လာ၏။
ရှောင်းချီရယ်က တစ်ဖက်လှည့်သွားပြီး ၎င်းကို အောင်နိုင်မှုအသေးစားအဖြစ် မှတ်ယူနေခဲ့သည်။ သူ၏မြင်းက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ့အနောက်မှလူ၏ အပြုံးလေးဖြင့် ပြောလာသည့်အသံကို ကြားလိုက်ရသည်။ "ခင်ဗျား လွန်ခဲ့တဲ့ငါးနှစ်က ပျောက်သွားတဲ့ဟာကို ပြန်ရှာတွေ့ပြီလား။"
ရှောင်းချီရယ်က ဦးခေါင်းကို ဆတ်ခနဲပြန်လှည့်ကာ မြင်းဇတ်ကြိုးကို ဆွဲလိုက်သည်။ "လက်စွပ်ကို ပြန်ပေး။" သူ၏အသံက ရေခဲတမျှအေးစက်နေ၏။
ရှန်ဇယ်ချွမ်းက ခပ်ညစ်ညစ်အရိပ်အမြွက်ဖြင့် ပြန်ကြည့်လိုက်သည်။ "ခင်ဗျားက လက်စွပ်ကို ပြန်လိုချင်တယ်ပေါ့? လွယ်ပါတယ်။ ခွေးလို နှစ်ကြိမ်ဟောင်ပြရင် ခင်ဗျားကို ပြန်ပေးမယ်လေ။"
သိမ်းငှက်က ကောင်းကင်ကနေဆင်းသက်လာပြီး ရှောင်းချီရယ်၏ပခုံးပေါ် နားခိုလာခဲ့သည်။ သားရဲနှင့် ၎င်း၏သခင်က ရှန်ဇယ်ချွမ်းကို သုန်မှုန်အေးစက်စွာစိုက်ကြည့်နေခဲ့၏။ ညနက်နေပြီဖြစ်ပြီး အနီးအနားရှိ ညစောင့်၏မောင်းထုသံက ရှန်ဇယ်ချွမ်း၏လက်ထဲမှမီးအိမ်ကို မီးငြှိမ်းသွားစေခဲ့သည်။
လမ်းတစ်လျှောက်လုံး မည်းမှောင်သွားခဲ့လေ၏။
***
Aurora Novel Translation Team