အပိုင်း (၄၇) - မိုးညတစ်ည (၁)
လျှပ်စီးများလက်နေပြီး မိုးခြိမ်းသံများညံနေ၏။ မိုးကလည်း ကန့်လန့်ကာများကဲ့သို့ သည်းသည်းမည်းမည်းရွာချနေသည်။
ချောင်ထျန်းယာက ထရပ်ကာ ဓါးသွားကို သူ့အနောက်မှလူထံ ကမ်းပေးလိုက်သည်။ "ရှောင်းအာ့က မြားမှန်ထားတယ်။ သူ ထွက်ပြေးနိုင်မှာမဟုတ်ဘူး။"
ဆင်ခြေလျှော၏အောက်ခြေ၌ ရှောင်းချီရယ်နှင့် ရှန်ဇယ်ချွမ်းတို့က ရွှံ့ထဲမှာ အသက်အောင့်ကာ လဲလျောင်းနေကြသည်။
ယခုအခိုက်အတန့်၌ ၎င်းတို့၏ပတ်ပတ်လည်မှာ တော်ဝင်အစောင့်များရှိနေရုံသာမက တောထဲမှာပုန်းအောင်းနေသော အမည်မသိလုပ်ကြံသူများလည်းရှိနေသည်။ ထိုအမျိုးသားနှစ်ယောက် လွတ်မြောက်ရန်က ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက်တောင် ပို၍ခက်ခဲပေ၏။ သို့သော် အဝိုင်းခံရခြင်းကို ချိုးဖျက်ဖောက််ထွက်ဖို့မှာ ပိုလို့တောင်ခက်ခဲသည်။ မြားရှပ်ထိထားသော သူ၏ဘယ်ဘက်လက်က ထုံထိုင်းနေလေပြီ။ တစ်နာရီအတွင်း ဆေးအာနိသင်က သူ့တစ်ကိုယ်လုံးပျံ့နှံ့ကာ လှုပ်ရှားလို့ရတော့မည်မဟုတ်ပေ။
ချောင်ထျန်းယာက မြက်များကို သူ့ခြေထောက်ဖြင့်တွန်းဖယ်လိုက်၏။ ထို့နောက် ရှုပ်ပွနေသောခြေရာများကို တွေ့လိုက်ရသောအခါ တိတ်တဆိတ်လက်မြှောက်ကာ ဆင်ခြေလျှောကို လက်ညှိုးထိုးပြခဲ့သည်။
သူ့အနောက်မှ တော်ဝင်အစောင့်တပ်သားများက ထွက်ပေါ်လာပြီး ထိုဆင်ခြေလျှောကို ဖြည်းဖြည်းချင်းဝန်းရံခဲ့ကြသည်။
ရွှံ့ထဲကို ခြေလှမ်းသည့်အသံများ ကြားလိုက်ရသောအခါ ရှောင်းချီရယ်၏ခန္ဓာကိုယ်က တောင့်တင်းသွား၏။ သူ၏လက်ဖဝါးက ဓါးနှောင့်ဆီကို ရောက်ရှိသွားသည်။ မတော်တဆ တစ်စုံတစ်ယောက်ခုန်ချလာသရွေ့ သူက ဝံပုလွေကဲ့သို့ ချက်ချင်းခုန်ထကာ တစ်ဖက်လူကို တစ်ချက်တည်းအဆုံးသတ်ပေးလိုက်မည်ပင်။
ရှို့ချွင်းဓါးသွားများက ထိုဆင်ခြေလျှော၏အစွန်းသို့ ရွေ့လျားလာလေပြီ။ ထိုစဥ် ရှောင်းချီရယ်တစ်ယောက် စိုစွတ်နေသော သူ၏အဝတ်များအား ဆုပ်ကိုင်လိုက်သည့် ရှန်ဇယ်ချွမ်းဆီကနေ အတားခံလိုက်ရ၏။ သူ့ကိုကြည့်လိုက်ရာ ရှန်ဇယ်ချွမ်း၏ တည်ငြိမ်နေသောမျက်ဝန်းများကို မြင်လိုက်ရသည်။
ထိုအခိုက်အတန့်၌ များစွာသောပုံရိပ်များက ရုတ်တရက်ဆိုသလို တောထဲကိုခုန်ဆင်းလာပြီး တော်ဝင်အစောင့်တပ်သားများနှင့် တိုက်ပွဲဆင်နွှဲတော့သည်။ ချောင်ထျန်းယာက သူ၏ဓါးကို ၎င်းတို့ဘက်သို့ချိန်ရွယ်လိုက်စဥ် ဓါးပျံများကိုမြင်တွေ့လိုက်ရပြီး တော်ဝင်အစောင့်တပ်သားအများအပြား မြေပြင်ပေါ် လဲကျသွားခဲ့သည်။ တစ်ဖက်က စိတ်ဝိညာဥ်များတက်ကြွလာပြီး ချက်ချင်းဆိုသလို ၎င်းတို့ဆီ ခုန်ပျံလာကြလေ၏။
၎င်းတို့အပေါ်မှအခြေအနေက ကမောက်ကမဖြစ်လာချိန်၌ ရှန်ဇယ်ချွမ်းက ကျန်နေသေးသောဓါးသွားအနည်းငယ်ကို သိမ်းထားလိုက်သည်။ သူ ဘာမှထပ်ပြောစရာမလိုဘဲ ရှောင်းချီရယ်က ထရပ်ပြီးသားဖြစ်နေ၏။ သူက ရွှံ့ထူသောဆင်ခြေလျှောပေါ် တက်လိုက်ပြီး အခြားတစ်ဖက်ရှိ မြက်ခင်းထူသောခြုံပုတ်ထဲ လှိမ့်သွားလိုက်သည်။
"သူတို့ကိုဖမ်း!" ချောင်ထျန်းယာက အော်ပြောလိုက်၏။
တော်ဝင်အစောင့်တပ်သားများက ၎င်းတို့နောက်ကို လိုက်လာခဲ့ကြသည်။ ရှောင်းချီရယ်က လက်ဆန့်ကာ သစ်ပင်ပင်စည်ကိုလှမ်းကိုင်၍ အပေါ်သို့လျင်မြန်စွာတက်လိုက်၏။ သူ့အောက်မှာ ရှန်ဇယ်ချွမ်းက တက်လာပြီး ထိုစဥ် တော်ဝင်အစောင့်တပ်သားများလည်း ရောက်လာ၏။ ကြမ်းကြုတ်သောကျားရဲက တောင်ပေါ်ကနေဆင်းလာသကဲ့သို့ ရှောင်းချီရယ်က ထောပတ်ကို အပူပေးထားသောဓါးနှင့် လှီးဖြတ်သလို သူ၏လန်လိဓါးနှင့် တော်ဝင်အစောင့်တပ်လူအုပ်ကြီးထဲ လွှဲယမ်းလိုက်ရာ ၎င်းတို့တွေ အနောက်ကိုဆုတ်သွားရ၏။
ချောင်ထျန်းယာက အနောက်ကနေခုန်ဝင်လာပြီး သူ၏ဓါးကို ဓါးပြန်မရုပ်ရသေးသော ရှောင်းချီရယ်ထံ ချိန်ရွယ်လိုက်သည်။ ရှောင်းချီရယ်က ချက်ချင်းဆိုသလို ခေါင်းငုံ့လိုက်လေ၏။ ထို့နောက် ချောင်ထျန်းယာ၏ဓါးက ဓါးအိမ်တစ်ခုနှင့်တိုက်မိသွားပြီး 'ဒုတ်ခနဲ' အသံထွက်ပေါ်လာခဲ့သည်။
ရှန်ဇယ်ချွမ်းက လက်တစ်ဖြင့် ဓါးအိမ်ကိုကိုင်လျက် တစ်ဖက်လူ၏ဓါးသွားကို ဖိထားလိုက်သည်။ ခြေထောက်တစ်ဖက်ကို ရှောင်းချီရယ်၏ကျောပေါ် နင်းကာ တစ်ဖက်လူ၏အားကောင်းသောပင့်တင်မှုဖြင့် ရှန်ဇယ်ချွမ်း၏တစ်ကိုယ်လုံး မြှောက်တတ်သွားပြီး ချောင်ထျန်းယာ၏အရှေ့ကို ရောက်ရှိသွားခဲ့သည်။ သူ၏အခြားလက်တစ်ဖက်မှ လက်ချောင်းများကြားရှိ ဓါးသွားလေးများက ချောင်ထျန်းယာ၏မျက်လုံးများကို ရုတ်တရက်တိုက်ခိုက်လိုက်၏။
ချောင်ထျန်းယာက မရှောင်ခဲ့ပေ။ နှစ်ဖက်စလုံးမှ တော်ဝင်အစောင့်များက ၎င်းတို့၏ဓါးသွားများဖြင့် တိုက်ခိုက်မှုကို လျင်မြန်စွာတားဆီးခဲ့ကြသည်။
မြေပြင်ပေါ်ရပ်လိုက်ပြီဖြစ်သော ရှောင်းချီရယ်က ချောင်ထျန်းယာ၏ရင်ဘတ်ကို တစ်ချက်ကန်လိုက်၏။ ထို့နောက် နှစ်ဖက်စလုံး တညီတညွတ်တည်း ဆုတ်ခွာခဲ့ကြသည်။ ချောင်ထျန်းယာက သူ၏ဓါးသွားပေါ်မှသွေးစက်များကို ခါချလိုက်၏။ သူ၏နဖူးအရှေ့ကဆံပင်များမှာ စောစောတုန်းက ရှန်ဇယ်ချွမ်း၏လက်ချက်ကြောင့် ပြေလျော့သွားခဲ့သည်။
ရှောင်းချီရယ်နှင့် ရှန်ဇယ်ချွမ်းတို့က ခြေနှစ်လှမ်းစီဆုတ်လိုက်ကြသည်။ ထို့နောက် စကားတစ်ခွန်းမဆိုဘဲ အနောက်လှည့်ကာပြေးကြတော့၏။
ချောင်ထျန်းယာက ၎င်းတို့၏ကျောပြင်များကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "သူတို့နောက်လိုက်ကြ!"
ရှောင်းချီရယ်က လက်ဆန့်ကာ ရှန်ဇယ်ချွမ်းကိုဆွဲခေါ်လိုက်သည်။ "အရှေ့ဘက်!"
ရှန်ဇယ်ချွမ်းက မြက်ပင်များကိုခါရင်း ပြောလိုက်၏။ "ခြေငါးလှမ်းအကွာမှာ အစောင့်တစ်ယောက်နဲ့ ဆယ်လှမ်းအကွာတိုင်း တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်။ အရှေ့ဘက်မှာ ထွမ်းချန်မြို့စောင့်တပ်တွေရှိနေသေးတာကိုလည်း မမေ့လိုက်နဲ့!"
ရှောင်းချီရယ်က သူ့လက်ကို ဖြည်းဖြည်းချင်းပြန်ရုပ်သိမ်းလိုက်သည်။ သူက ပြတ်သားစွာပြောလိုက်၏။ "အရှေ့ဘက်က လွတ်လမ်းပဲ။"
"သေခြင်းတရားရဲ့ဂိတ်တံခါးက ကျွန်တော်တို့ရှေ့တည့်တည့်မှာ။"
ရှန်ဇယ်ချွမ်း သူ၏ဓါးသွားကို လက်နောက်ပြန်ပစ်လိုက်ရာ ခြုံခိုတိုက်ခိုက်မည့်တပ်သားတစ်ယောက် သစ်ပင်ပေါ်ကနေပြုတ်ကျလာခဲ့သည်။ ရှန်ဇယ်ချွမ်း ထိုလူ့ကိုကျော်ဖြတ်သွားချိန်၌ တစ်ဖက်လူ၏ရှို့ချွင်းဓါးကို သက်သက်သာသာဆွဲယူလိုက်သည်။ ရှောင်းချီရယ်က သူ၏ဓါးနှောင့်ကို လက်ပြန်ဆုပ်ကိုင်လိုက်သည်။ နောက်အခိုက်အတန့်၌ သူက ပိန်းပိတ်နေသောအမှောင်ထုထဲ ဓါးကိုလွှဲယမ်း၍ မိုးရေထဲ၌ သံမဏိဓါးနှစ်လက်ကိုတားဆီးလိုက်သည်။ သူ၏ဘယ်ဘက်လက်မှာ အာရုံခံစားမှုတို့မရှိတော့ပေ။
ဒီနေ့ည ခက်ခဲကြမ်းတမ်းတဲ့တိုက်ပွဲဖြစ်တော့မှာပဲ!
ရှန်ဇယ်ချွမ်းက သူ၏ဓါးကိုလွှဲယမ်းကာ တပ်သားတစ်ယောက်ကို ခေါင်းဖြတ်လိုက်ပြီး ခန္ဓာကိုယ်ကိုကန်ကျောက်လိုက်၏။
ရှောင်းချီရယ်တစ်ယောက် အရှေ့ကိုလျှောက်လာစဥ် ခြေလှမ်းများက ယိုင်နဲ့သွားခဲ့သည်။ ရုတ်တရက်ဆိုသလို သူ၏ရင်ဘတ်က ရှန်ဇယ်ချွမ်း၏ကျောပြင်နှင့်ဖိကပ်သွားပြီး လှိုင်းထနေသော မြက်ခင်းပြင်ပေါ်ကနေ လှိမ့်ဆင်းသွားကာ ချောင်းလေးတစ်ခုထဲသို့ ရောက်ရှိသွား၏။
မိုးက ရွာသွန်းနေဆဲဖြစ်ပြီး အရိုးခိုက်အောင် အေးစက်နေသောရေများက ၎င်းတို့၏ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားခဲ့သည်။ ရှောင်းချီရယ်၏လေးလံသောအသက်ရှူသံများက ရှန်ဇယ်ချွမ်း၏လည်တိုင်နံဘေး ကျရောက်လာပြီး တောက်လောင်သောအပူနှင့် ရေခဲကဲ့သို့ အအေးဓါတ်တို့ ထူးဆန်းသောဒွန်တွဲတည်ရှိမှာကို ဖြစ်ပေါ်လာစေခဲ့သည်။
"ငါ့ကိုသတ်တာက မင်းအတွက် ဘာမှကောင်းကျိုးရှိမှာမဟုတ်ဘူး။" ရှောင်းချီရယ်က သူ့ကိုယ်သူ လန်လိဓါးဖြင့်ထောက်ကန််ကာ ခန္ဓာကိုယ်ကို အနည်းငယ်ကြွလိုက်သည်။ "ဒီတော့ ကျန်တဲ့ခရီးအတွက် မင်းကိုပဲ အားကိုးရတော့မယ်။"
ရှန်ဇယ်ချွမ်းက သူ၏မျက်နှာကို ရေဖြင့်သစ်လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားကိုကယ်လို့လည်း ဘာအကျိုးမှရမှာမဟုတ်ဘူး။"
"မင်းက ဒီနေရာကို ချူးဘုရင်ကိုရှာဖို့ရောက်လာတာ။"
ရှောင်းချီရယ်က သူ့ကို တစ်ဖန်ပြန်ဖိလိုက်၏။
"ဘယ်လိုလုပ်မလဲ။ တော်ဝင်အစောင့်တပ်တွေကလည်း သူ့ကို ရှာနိုင်မှာမဟုတ်ဘူး။ သူဘယ်မှာလဲဆိုတာ ငါတစ်ယောက်ပဲသိတာ။ မင်းက မင်းရဲ့အခွင့်အရေးကိုလွဲချော်သွားပြီ။ ဒီနေ့ည ဧကရီမယ်မယ် အရေးနိမ့်တော့မယ်ဆိုတာ သံသယမရှိဘူး! ငါ့ကို ကောင်းကောင်းဂရုစိုက်ပေး* ငါက မင်းရဲ့လွတ်လမ်းပဲ။"
[TN/ ဒီနားမှာ ချစ်တယ်လို့လည်း အဓိပ္ပါယ်ရပါတယ်။]
ရှန်ဇယ်ချွမ်းက သူ့ကိုပြန်ကြည့်လိုက်သည်။ နှစ်ဦးသား၏နှာသီးဖျားများက ထိစပ်လုနီးပါးဖြစ်သွားပြီး သူက အေးစက်စွာပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကိုသတ်လိုက်မယ်။ ပြီးရင် ကျွန်တော်တို့ အတူတူသေလို့ရတာပဲ။"
"မင်း အကျယ်ချုပ်ကနေလွတ်လာဖို့ အားစိုက်ထုတ်ထားခဲ့တာက။" ရှောင်းချီရယ်က ပြောလိုက်၏။ "အချစ်ရဲ့အမည်ခံအောက်မှာ ငါနဲ့အတူသေဖို့အတွက်ပဲလား။"
"ခင်ဗျား ချောင်ထျန်းယာနဲ့စကားပြောဖို့ကိုလည်း ဒီပါးစပ်ကို အသုံးချသင့်တယ်။"
ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏လက်နှစ်ဖက်ကို သူ၏အေးစက်နေသောလက်ချောင်းများဖြင့် ဆုပ်ကိုင်လိုက်ပြီး နောက်အခိုက်အတန့်တွင် လန်လိဓါးက နောက်ပြန်လွှဲယမ်းကာ လိုက်ရှာသူများကို ခဏတာအနိုင်ယူလိုက်သည်။
အခွင့်အရေးရလိုက်သည့် ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်ကို အဝေးသို့တွန်းလွှတ်ရန် သူ၏ခြေထောက်ကို မြှောက်လိုက်သည်။ သူက လက်တစ်ဖက်မှာ ရှို့ချွင်းဓါးကိုကိုင်ကာ နောက်တစ်ဖက်၌ လန်လိဓါးကိုကိုင်၍ စောစောကပြေးလွှားခဲ့ရခြင်းမှ မောဟိုက်မှုတို့ကို တည်ငြိမ်သွားစေလိုက်သည်။
"ခင်ဗျားရဲ့အသက်ကို အကြွေးစာရင်းထဲထည့်ထားလိုက်။" ချောင်ထျန်းယာက ၎င်းတို့နား နီးကပ်လာသည့်အချိန်မှာ ရှန်ဇယ်ချွမ်းက ဓါးများကိုတင်းကျပ်စွာဆုပ်ကိုင်ပြောလိုက်သည်။ "ဒီနေ့ညပြီးရင် ကျွန်တော်က ခင်ဗျားရဲ့ဆရာပဲ။"
မင်ကဲ့သို့ မှောင်မိုက်နေသောညမှာ နှင်းဖြူရောင်အလင်းတန်းက ဖျပ်ခနဲဖြစ်သွား၏။ ချောင်ထျန်းယာကို စကားပြောခွင့်မပေးဘဲ ရှန်ဇယ်ချွမ်းက ဓါးဖြင့်လွှဲခုတ်လိုက်သည်။ သူ၏ခြေလှမ်းများနှင့်အတူ ရေအမှုန်အမွှားများက ပက်ဖြန်းသွားခဲ့၏။ ရှန်ဇယ်ချွမ်း၏တိုက်ကွက်တိုင်းက အသေသတ်ရန်ရည်ရွယ်ထားခြင်းဖြစ်သည်။ ဓါးသွားအချင်းချင်း တိုက်ခတ်မိချိန်၌ သူငှားယူလာသောရှို့ချွင်းဓါးသွားပေါ်မှာ အက်ကြောင်းများပေါ်လာခဲ့သည်။ ချောင်ထျန်းယာက ၎င်းကို သူ၏ကိုယ်ပိုင်ဓါးဖြင့် ပုတ်ထုတ်ကာ အဝေးသို့လွှင့်ပစ်လိုက်လေ၏။
***
Aurora Novel Translation Team