အပိုင်း (၅၉) - ဝံပုလွေဘုရင် (၁)
မနက်ခင်းအလင်းရောင်ထဲမှာ ရှောင်းချီရယ်တစ်ယောက် မနေ့ညက တည်ငြိမ်မှုတို့ပျောက်ဆုံးသွားပုံကို လုံးဝမေ့လျော့သွားပုံရ၏။ သူက လမ်းဘေးစျေးသည်များ၏ တကြော်ကြော်အော်သံများကြားကနေ နန်းတော်ဆီသို့ မြင်းကိုအသော့နှင်သွားပြီး ဂိတ်တံခါး၌ သူ့မိသားစု၏ရထာားလုံးက အပြင်မှာရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။
"အာ့ကုန်းကျစ်ရောက်လာပါပြီ။" ကျောင်းဟွေးက ရှောင်းဖန်းရွှီအတွက် ကန့်လန့်ကာကို မ'ပေးလိုက်သည်။
ဒူးပေါ်လက်တင်ထားသော ရှောင်းဖန်းရွှီက ရထားလုံးထဲကနေ အပြင်ကိုလှမ်းကြည့်လာ၏။ သူ၏အကြည့်များက သူ၏သားငယ်ဆီကနေ သူ့အနောက်မှာ သနားစရာကောင်းစွာမြင်းစီးလာသော ရှန်ဇယ်ချွမ်းအပေါ် ကျရောက်သွားခဲ့သည်။ သူက ခဏရပ်တန့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။
ရှောင်းချီရယ် သူ့အရှေ့ကိုရောက်လာချိန်မှာ သူ့သား၏မျက်နှာပေါ်ကဒဏ်ရာကို ချက်ချင်းသတိပြုမိလိုက်သည်။ "မနေ့ညက ဘာလုပ်နေခဲ့တာလဲ။"
"ကျွန်တော် အရက်သွားသောက်တာပါ။" လက်ထဲမှာ မြင်းနှင်တံနှင့်အတူ ရှောင်းချီရယ်က သူ့မြင်း၏ဇက်ကြိုးကိုဆွဲကာ ရယ်မောလိုက်သည်။ "ကျွန်တော် အချိန်ကိုမကြည့်လိုက်မိလို့ပါ။ ကျွန်တော်နိုးလာတော့ နောက်တောင်နောက်ကျနေပြီ။ အဖေတို့က အစည်းအဝေးပြီးသွားပြီလား။"
ရှောင်းဖန်းရွှီက ခေါင်းညိတ်ပြလိုက်သည်။ "အဲ့ဒါ ရှန်ဝေ့ရဲ့သားလား။"
ဆောင်းဦးလေက ရှန်ဇယ်ချွမ်း၏မျက်နှာပေါ် ကြမ်းတမ်းစွာဖြတ်တိုက်သွား၏။ သူ ရှောင်းဖန်းရွှီနှင့် အကြည့်ချင်းဆုံလိုက်ပြီး အကြောင်းပြချက်မရှိ တုန်လှုပ်သွားခဲ့သည်။ ရှန်ဇယ်ချွမ်းတစ်ယောက် မြင်းဇက်ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။
သို့သော် ရှောင်းဖန်းရွှီက ဘာမှမလုပ်ခဲ့ပေ။
ဝံပုလွေဘုရင်ဟောင်း၏ နားထင်များ၌ ဆံပင်များက အဖြူနှင့်အနက် ရောထွေးနေ၏။ သူက ရထားလုံးထဲမှာ ထိုင်နေသော်လည်း သူ၏ အတိုင်းထက်လွန်သော ကိုယ်လုံးကိုယ်ပေါက်နှင့် အရပ်အမောင်းတို့ကို ပြောနိုင်ပေသည်။ သူ၏ဘုန်းတန်ခိုးက အတုအယောင်မဟုတ်ပေ - ယင်းမှာ အလောင်းတောင်နှင့် သွေးပင်လယ်တို့ကြားမှ ဖြစ်ပေါ်လာသည့် ကြီးကျယ်ခမ်းနားသော ဂုဏ်သရေဖြစ်ပေသည်။ ၎င်းက သွေးသားထဲ နက်ရှိုင်းစွာကိန်းဝပ်နေသော ကြောက်မက်ဖွယ်ခွန်အားဖြစ်ပြီး သူ၏နာမကျန်းမှုကတောင် လွှမ်းမိုးလို့မရနိုင်ပေ။
ရှောင်းချီရယ်၏ ထူးကဲသော ခန္ဓာကိုယ်တည်ဆောက်ပုံက ယခု ရင်းနှီးလာလေပြီ။ အံ့သြလောက်စရာကောင်းသော ခန္ဓာအပေါ်ပိုင်း၏ခွန်အား၊ ကျယ်ပြန့်သောပခုံးများနှင့် ကျောပြင်ကျယ်၊ မြန်ဆန်လွန်းသောအရှိန်နှင့် ခြေတံရှည်များ - ၎င်းတို့အားလုံးက သူ့အဖေဆီကနေ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ ရှောင်းကျိမင်၏ သိမ်မွေ့နူးညံ့ပြီး ကြော့ရှင်းမှုနှင့်ဆန့်ကျင်ဘက် ရှောင်းချီရယ်က စစ်မှန်သောဝံပုလွေပေါက်လေးဖြစ်ပေသည်။ ညီအစ်ကိုနှစ်ယောက် အတူတူရပ်နေလျှင် ရှောင်းချီရယ်က ပို၍ခြိမ်းခြောက်နိုင်သော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သံသယမရှိချေ။
ယခု ဤဝံပုလွေဘုရင်က ရှန်ဇယ်ချွမ်းကိုသာ စိုက်ကြည့်နေ၏။ ဟိုးအရင်ကတည်းက သူ၏စိတ်ခံစားချက်များကို ဖိနှိပ်ထားရန် သင်ယူခဲ့ပြီးဖြစ်သော်လည်း ရှန်ဇယ်ချွမ်းတစ်ယောက် ယခု ထွက်ပြေးချင်သည့်စိတ်ကို ခံစားနေရသည်။ ထိုခံစားချက်က ရှောင်းချီရယ်ဆီကနေ အဖိခံထားရစဥ်ကနှင့် တခြားစီပင်။ ထိုအမျိုးသား၏အကြည့်က စူရှလွန်းပြီး တစ်စုံတစ်ယောက်ကို တုန်ယင်လာစေနိုင်၏။ ချက်ချင်းဆိုသလို ရှန်ဇယ်ချွမ်းတစ်ယောက် ချီထိုက်ဖူ၏စကားများကို အမှတ်ရလိုက်သည်။
"အခု ရှောင်းဖန်းရွှီက ကျန်းမာရေးပြန်လည်သက်သာလာဖို့ အနားယူနေချိန်မှာ သူ့ရဲ့ဆက်ခံသူကြယ်က တောက်ပလာပြီး လူတိုင်းက ရှောင်းကျိမင်ကို ကြောက်ရွံ့ကြတယ်။ ဒါပေမဲ့ လန်ကျိုး၊ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က နယ်စပ်ကို သူ့မြင်းနဲ့ကာကွယ်ခဲ့တဲ့သူက ရှောင်းဖန်းရွှီပဲ။ ဒီဘက်ခေတ်မှာဆို ခံတပ်ငါးခုရဲ့မဟာစစ်သူကြီးဖြစ်တဲ့ ချီရှစ်ယွီရဲ့လုပ်ပိုင်ခွင့်အာဏာက ရှောင်းဖန်းရွှီထက် ပိုကြီးမားနေပေမဲ့ သူ့ကို ဝမ်ရယ်ဘွဲ့ မပေးအပ်ထားဘူး။ ဘာကြောင့်လဲဆိုတာ ငါပြောပြမယ် - ချီသုန်းက ဧကရာဇ်ကို ပေးအပ်ခံထားရတဲ့ အပိုင်စားနယ်မြေတစ်ခုသာသာပဲ။ ခံတပ်ငါးခုက ငါတို့သာ့ကျိုးရဲ့ တည်ထောင်ခဲ့တဲ့ နယ်မြေတွေဖြစ်ပြီး ကောင်းကင်ရဲ့သားတော်ပိုင်တယ်။ ဒါပေမဲ့ လီပေကတော့ မတူဘူး။ လီပေရဲ့နယ်မြေက လော့ရှားတောင်ကြားကနေ အရှေ့မြောက်ဘက် ဟုန်ယန်တောင်တန်းအစပ်အထိကျယ်ပြန့်တယ်။ ဒီလိုခက်ခက်ခဲခဲ ရယူခဲ့ရတဲ့မြေအားလုံးက ယုံယိနှစ်တွေအတွင်း ရှောင်းဖန်းရွှီကိုယ်တိုင်ရဲ့ ဦးဆောင်မှုအောက်ကနေ လီပေသံချပ်ကာမြင်းတပ်က တစ်လက်မချင်း သိမ်းပိုက်ခဲ့ကြတာ။"
"ရှောင်းကျိမင်က အခု လီပေသံချပ်ကာမြင်းတပ်ရဲ့ တပ်မှူးချုပ်။ ရေခဲပြင်ပေါ်က သံမဏိမြင်းတဲ့ - သိပ်ကိုကြောက်မက်ဖို့ကောင်းတဲ့ဘွဲ့နာမည်ပဲ! ဒါပေမဲ့ မတားဆီးနိုင်တဲ့ ဒီမြင်းတပ်ကို စပြီးတည်ထောင်ခဲ့တာက ရှောင်းဖန်းရွှီပဲ။ လီပေတပ်ဖွဲ့တွေက ပျန်းကျွင့်နယ်စပ်ဒေသတပ်ဖွဲ့တွေလိုမျိုး ရှည်လျားတဲ့သမိုင်းကြောင်းမရှိဘူး။ သူတို့က ပျန်းရှားမြင်းစီးသူရဲတွေ လော့ရှားတောင်ကြားကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တဲ့ ယုံယိနှစ်တွေအတွင်းမှာ ငါတို့ရဲ့ရန်သူတွေကို တန်ပြန်တိုက်ခိုက်ဖို့ ရှောင်းဖန်းရွှီတည်ထောင်ခဲ့တဲ့ လေးလံတဲ့သံချပ်ကာမြင်းတပ်။ လီပေရဲ့စစ်မြင်းတွေ၊ လီပေရဲ့စစ်သည်တော်တွေ၊ သံကြိုးရှည်တွေနဲ့ လီပေရဲ့သံမဏိဓားရှည်တွေ - လက်ရှိလီပေသံချပ်ကာမြင်းတပ်ရဲ့ အမှတ်သင်္ကေတတိုင်းက ရှောင်းဖန်ရွှီကနေ စတင်လာခဲ့တာ။"
"မဟာတပ်ရင်းရှစ်ခုက ဆယ်စုနှစ်များစွာ ချွိတူးမှာ ကပ်တွယ်နေခဲ့ကြတယ်။ သူတို့က ငါတို့သာ့ကျိုးအတွက် ဆူးညှောင့်ခလုတ်တွေပဲ။ လီပေမှာ သူ့ရဲ့မြဲမြံတဲ့နေရာကြောင့် ရှောင်းမျိုးနွယ်က ဟွားမျိုးနွယ်နဲ့ တန်းတူရပ်တည်နိုင်တာ။ ရှောင်းဖန်ရွှီ အသက်ရှင်နေသရွေ့ ရှောင်းမျိုးနွယ်က လီပေဆိုတဲ့မြေဆီလွှာထဲ အမြစ်တွယ်နေတဲ့ မပြိုလဲနိုင်တဲ့အပင်ကြီးပဲ။ ဝံပုလွေတွေရဲ့ဘုရင်ဆိုတဲ့ဘွဲ့က အလကားဖြစ်လာခဲ့တာမဟုတ်ဘူး။"
ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းကိုလှည့်ကြည့်ကာ ခဏရပ်တန့်ပြီး ပြောလိုက်သည်။ "သူက ရှန်ဝေ့ရဲ့သားပါ။"
ရှန်ဇယ်ချွမ်းက မြင်းပေါ်ကနေဆင်းလိုက်ပြီး ရှောင်းဖန်းရွှီ၏ရှေ့မှာ ဒူးထောက်လိုက်သည်။
ရှောင်းဖန်းရွှီက သူ့ကို အခိုက်အတန့်တစ်ခုလောက် စိုက်ကြည့်နေခဲ့၏။ "ရှန်ဝေ့က သေပြီ။ ကွယ်လွန်သူဧကရာဇ်က မင်းကို လွှတ်ပေးလိုက်တာဆိုတော့ မင်းအဖေရဲ့အပြစ်တွေကနေ မင်း လွတ်ငြိမ်းချမ်းသာရသွားပြီ။ မင်းက အပြစ်ကင်းစင်ပြီး လွက်လပ်သွားပြီဆိုပေမဲ့ ဘာဖြစ်လို့ ဒီကောင်စုတ်လေးနောက်ကနေ လိုက်နေရတာလဲ။"
ဒူးတစ်ဖက်ထောက်ကာ ဦးညွတ်လျက် ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ကျွန်တော်က တော်ဝင်အစောင့်တပ်မှာ တာဝန်ထမ်းဆောင်နေရတာပါ။ အခု တော်ဝင်စစ်တပ်ရဲ့ကြီးကြပ်မှုအောက်မှာ ယာယီတာဝန်ယူနေရတာကြောင့် တပ်မှူးချုပ်ရဲ့တပည့်ပါ။"
"အဲ့လိုလား။" ရှောင်းဖန်းရွှီက ရှောင်းချီရယ်ဘက်ကို လှည့်ကြည့်လိုက််၏။ "ဘာလို့ သူ့အတွက် ခက်ခဲအောင်လုပ်နေတာလဲ။"
ရှောင်းချီရယ်က သူ့ပါးစပ်နားကဒဏ်ရာကို လျက်လိုက်သည်။ "ကျွန်တော်က ဘာလို့ အဲ့လိုအရာကိုလုပ်ရမှာလဲ။ ကျွန်တော်တို့က သေခြင်းတရားကို အတူတူရင်ဆိုင်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ဟုတ်တယ်မလား လန်ကျိုး။"
သိသိသာသာကျေနပ်သွားသော ရှောင်းဖန်းရွှီက ရှန်ဇယ်ချွမ်းကိုလှည့်မကြည့်တော့ဘဲ ရှောင်းချီရယ်နှင့် စကားဆက်ပြောနေခဲ့သည်။
ရှန်ဇယ်ချွမ်းက ဒူးတစ်ဖက်ထောက်နေဆဲပင်။ ရှောင်းချီရယ်၏ ထိန်းချုပ်လို့မရသောအပြုံးနှင့် ရှောင်းဖန်ရွှီ၏ သူ့သားကိုစကားပြောနေပုံတို့အား ရေအိုင်ထဲ ရောင်ပြန်ဟပ်နေသည်မှ သူ မြင်တွေ့နေရပေ၏။ မိုးရေစက်များက ရေအိုင်ထဲရှိမြင်ကွင်းကို နှောင့်ယှက်နေသည့်အတွက် ရှန်ဇယ်ချွမ်းက သူ၏မျက်လုံးများကို အကြည့်လွှဲလိုက်သည်။
ရှောင်းကျိမင် နန်းတော်ထဲကနေ ထွက်လာသည့်အချိန်မှာ ရှောင်းဖန်းရွှီက ထွက်ခွာသွားခဲ့သည်။ ချီကျူးယင်းက သူ့နံဘေးမှာ လိုက်ပါလာ၏။ "အဲ့ဒါ ဘယ်သူလဲ။" သူ(မ)က ရုတ်တရက် မေးလာခဲ့သည်။
ရှောင်းကျိမင်က ကျောင်းဟွေးအနောက်မှာ ရပ်နေသူကိုကြည့်လိုက်ပြီး အမူအရာမပြောင်းလဲဘဲ ပြန်ပြောလိုက်သည်။ "အဲ့ဒါ ရှန်ဇယ်ချွမ်းလေ။"
ခြေလှမ်းများကို ရပ်လိုက်ပြီး ချီကျူးယင်းက ပြောလိုက်သည်။ "ရှန်ဝေ့ရဲ့သားလား။ သူက ဘာလို့ အားရယ်နောက်ကိုလိုက်နေတာလဲ။"
"အားရယ်မှာ ဉာဥ့်ဆိုးရှိတယ်။" ရှောင်းကျိမင်က ပြောလိုက်သည်။ "သူက သူ့(ရှန်)ကို အနိုင်ကျင့်နေတာဖြစ်နိုင်တယ်။"
ချီကျူးယင်းက ရှန်ဇယ်ချွမ်းကို အခိုက်အတန့်တစ်ခုကြာအောင် ကြည့်နေခဲ့သည်။ "အသိအမှတ်ပြုလောက်စရာအလှလေးပဲ။ သူ့အမေက သွမ်ကျိုးမှာ အကမယ်လို့ ငါကြားဖူးတယ်။ ချန်းကျင့်မဟုတ်ဘဲ သွမ်ကျိုးမှာမို့ တော်သေးတာပေါ့။"
မဟာစစ်သူကြီးချီရှစ်ယွီက အလှတရားကို နှစ်သက်သူအဖြစ် ကျော်ကြားပေ၏။ သူက လှပသောအမျိုးသမီးကို တွေ့လိုက်ရလျှင် တစ်လက်မလေးတောင် မရွေ့တော့ပေ။ သူ(မ)၏အဖေက မရေမတွက်နိုင်သောကိုယ်လုပ်တော်များကို ထိန််းသိမ်းထားသော်လည်း ချီကျူးယင်းမှာ ပြစရာ အစ်ကိုအနည်းငယ်သာရှိသည်။
"ပြောရရင်။" ချီကျူးယင်းက ဘေးသို့လှည့်လိုက်၏။ "အားရယ်က ဒီနှစ် နှစ်ဆယ့်သုံးနှစ်ရှိပြီ။ သူ ဘယ်တော့လောက် အိမ်ထောင််ပြုမှာလဲ။"
"ယီကျီးကလည်း အဲ့ဒီအကြောင်းကို စိတ်ပူနေတာ။" ရှောင်းကျိမင်က ပြောလိုက်သည်။ "သူ့အနေနဲ့ လီပေက အင်အားကြီးတဲ့မိသားစုကသမီးနဲ့ လက်ထပ်ဖို့မလိုအပ်ဘူး။ ကောင်းမွန်တဲ့ သာမန်မိသားစုကမိန်းကလေးဆိုရင် လုံလောက်ပြီ။ ယီကျီးက ချွိတူးကို နှစ်တိုင်း ပုံတူပန်းချီကားတွေပို့နေပေမဲ့ သူ(မ)ရွေးချယ်ပေးတဲ့ လီပေရဲ့သမီးတစ်ယောက်ကိုမှ သူက သဘောမကျဘူး။"
ချီကျူးယင်းက ရယ်မောလိုက်၏။ "မျိုးရိုးမြင့်မိန်းကလေးတွေက သူ့ကိုသည်းခံနိုင်ဖို့အတွက် မောက်မာလွန်းတယ်၊ သာမန်မိန်းကလေးတွေက အရမ်းကြောက်တတ်တယ်။ သူတို့က သူ့ကိုမြင်တာနဲ့ ကြောက်နေကြတာ။ ပြီးတော့ မိန်းကလေးဘယ်လောက်များများက သူ့ဒေါသကို ကိုင်တွယ်နိုင်မှာလဲ။ သူ့ကို ပြန်သဘောကျမဲ့ သဘောကျတဲ့တစ်စုံတစ်ယောက်ကိုရှာဖို့က ကောင်းကင်ဘုံကိုတက်လှမ်းတာထက် ပိုတောင်ခက်သေးတယ်။ ပြည့်တန်ဆာအဆောက်အအုံတွေမှာ တစ်ညလုံးနီးပါးနေတာကို ထည့်မပြောရသေးဘူး။ နင် သူ့ကိုစောင့်ကြည့်နေမှဖြစ်မယ်နော်၊ မဟုတ်ရင် တစ်နေ့ကျ ပြည့်တန်တာတစ်ယောက်ကို အိမ်ခေါ်လာနေဦးမယ်။"
သူ(မ)အဖေလက်ထပ်ထားသော သူ(မ)၏မိထွေးများအားလုံးက ချီသုန်းရှိ အပျော်မယ်များဖြစ်ကြောင်း ရှောင်းကျိမင်လည်းသိထားသည်။ ၎င်းတို့က တစ်နေ့လုံး အတွင်းဆောင််ထဲမှာ ရန်ဖြစ်နေတတ်ကြပြီး မဟာစစ်သူကြီးကို အိမ်ပြန်ရောက်တိုင်း ခေါင်းကိုက်စေခဲ့သည်။ ထို့ကြောင့် သူ(မ)ငယ်ငယ်ကတည်းက ပြည့်တန်ဆာများကို အမုန်းဆုံးဖြစ်ပေသည်။
"သူတကယ်သဘောကျတဲ့သူနဲ့တွေ့ရင် သူ့ကို ဘယ်သူကတားနိုင်မှာလဲ။" ရှောင်းကျိမင်က သက်ပြင်းချလိုက်ပြီး ထိုအတွေးနှင့်ပင် သူ ခေါင်းကိုက်လာ၏။ "ကျွဲဆယ်ကောင်ကတောင် သူ့ကို ရပ်တန့်ဖို့တားဆီးနိုင်မှာမဟုတ်ဘူး။"
"နင် မိုးနေ့တွေအတွက် ပြင်ဆင်ထားမှဖြစ်မယ်။" ချီကျူးယင်းက အခိုက်အတန့်တစ်ခုလောက် တွေးတောကာ ပြောလိုက်သည်။ "ကျန်တာတွေကို ဘေးဖယ်ထားလိုက်ပါဦး။ သူ့မိန်းကလေးက ဒေါသကြီးလို့မဖြစ်ဘူး။ နင့်ရဲ့ယီကျီးက အရမ်းသိမ်မွေ့တယ်။ တကယ်လို့ သူသာ ကြမ်းတမ်းတဲ့တစ်စုံတစ်ယောက်ကို အိမ်ခေါ်လာခဲ့ရင် ယီကျီး နေ့တိုင်းဒုက္ခရောက်နေတော့မှာမလား။"
ရှောင်းကျိမင်က ရယ်မောလိုက်သည်။ "ဒါတွေအားလုံးက အပြောတွေချည်းပါပဲ။ အဲ့ဒီအကြောင်းကိုစိတ်ပူဖို့ အရမ်းစောပါသေးတယ်။"
"နှလုံးသားဆိုတာ ခန့်မှန်းလို့မရတဲ့အရာပဲ။" ချီကျူးယင်းကလည်း ရယ်မောလိုက်သည်။ "တစ်နေ့နေ့မှာ သူ အလင်းရောင်ကို မြင်နိုင်မယ်မလား။"
***
Aurora Novel Translation Team