no

Font
Theme

အပိုင်း (၆၄) - တောင်ပေါ်မှညတစ်ည (၂)

ရှောင်းချီရယ် နန်းတော်ဂိတ်တံခါးကို ရောက်လာသောအခါ မြင်းပေါ်ကဆင်း၍ သူ့မိသားစု၏ရထားလုံးဆီ သွားလိုက်ပြီး ရုံးတော်ဝတ်စုံကို အလျင်အမြန်လဲလိုက်သည်။ ချန်းယန်က မနက်စာကိုလည်း ပြင်ဆင်ပေးထားပြီး ယာဂုက ပူနေတုန်းပဲရှိသေး၏။

ချန်းယနွက ကန့်လန့်ကာဘေးမှာဒူးထောက်ကာ တီးတိုးပြောလိုက်သည်။ "မနေ့ညက လေ့ကျင့်ရေးကွင်းမှာ တပ်မှူးချုပ်ကိုလာရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ ဒီရက်ပိုင်း ချွိတူးက မလုံခြုံတော့ဘူး။ တပ်မှူးချုပ်အပြင်ထွက်ရင် တစ်စုံတစ်ယောက်ကို အဖော်ခေါ်သွားသင့်ပါတယ်။"

ရှောင်းချီရယ်က ပန်းကန်ကို ဘေးချလိုက်သည်။ "ရှန်လန်ကျိုးကို အနီးစောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကိုစေလွှတ်ထားလိုက်။"

ချန်းယန်က ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော်တို့လူတွေက ရုံးတော်အပြင် နေရာတိုင်းမှာ နေရာယူထားပါတယ်။ သူထွက်သွားရင်တောင် ကျွန်တော်တို့အမြင်ကနေ မလွတ်မြောက်နိုင်ပါဘူး။ ဒါပေမဲ့ တပ်မှူးချုပ်၊ ဟွားမျိုးနွယ်က ကျသွားပါပြီ၊ အခု သူ့ကို ဒီလိုအနီးကပ်စောင့်ကြည့်ဖို့ ဘာဖြစ်လို့လိုအပ်တာပါလဲ။"

ရှောင်းချီရယ်က ပြန်မဖြေခဲ့ပေ။ သူ၏မျက်နှာက မည်းမှောင်နေပြီး အချိန်အတော်ကြာအောင်တွေးတောကာ မျက်လွှာချထားခဲ့သည်။ မနက်ခင်းညီလာခံအချိန်နီးပြီဟု ချန်းယန်က သတိပေးတော့မှ သူ၏လက်များကို လက်ကိုင်ပဝါဖြင့်သုတ်၍ ပြန်ဖြေခဲ့သည်။ "အဲ့ဒီအမျိုးသားက ခန့်မှန်းလို့မရဘူး။ မင်း သူ့ကိုကြည့်ရင် သူက သိုင်းပညာကို လေ့ကျင့်ဖူးတယ်လို့ ပြောနိုင်လား။"

"သူက အခုဆို တော်ဝင်အစောင့်တပ်ကို ဝင်ရောက်လာတုန်းကထက် ပိုပြီးတော့တောင် ချည့်နဲ့နေသလိုပဲ။" ချန်းယန်က ပြန်ပြောလိုက်သည်။ "ဆောင်းဦးအမဲလိုက်ပွဲတုန်းက သူ့ရဲ့အကူအညီအကြောင်း တပ်မှူးချုပ်သာ မပြောခဲ့ရင် ကျွန်တော် နည်းနည်းလေးတောင် သံသယဝင်မိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျောင်းဟွေးကို ကြည့်ခိုင်းလိုက်ရင် တစ်ခုခုတော့ သတိထားမိလောာက်မှာ။"

"အရင်တစ်ခေါက် သူ နန်းမြို့တော်မှာရှိနေတုန်း ကျောင်းဟွေး သူနဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့ပေမဲ့ သတိမထားမိခဲ့ဘူး။" ရှောင်းချီရယ်က ပြောလိုက်သည်။ "သူ့ရဲ့ အဲ့ဒီခန္ဓာကိုယ်တည်ဆောက်ပုံက-" သူက ရုတ်တရက်ရပ်တန့်လိုက်၏။ "လီပေကို ချက်ချင်းစာပို့ပြီး ငါ့ရဲ့ရှစ်ဖူကို ဒီကိုလာခဲ့ပေးဖို့ တောင်းဆိုလိုက်။"

ကြောင်အမ်းသွားသော ချန်းယန်က ပြောလိုက်သည်။ "တပ်မှူးချုပ် တောင်းဆိုချင်တာက..."

"သူ အဲ့ဒါကိုဖုံးကွယ်ဖို့ ဘာနည်းလမ်းပဲသုံးသုံး ရှစ်ဖူရဲ့မျက်လုံးအောက်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။" ရှောင်းချီရယ်က အေးစက်စွာပြောလိုက်ပြီး သူ့လက်မရှိလက်စွပ်ကို လှည့်လိုက်သည်။ "ပြီးတော့... ရှစ်ဖူကို ပြောစရာရှိတယ်။"

...

လီကျန်းဟန်တစ်ယောက် နွေးထွေးသောအိပ်ရာနှင့် မခွဲချင်သေးဘဲ မနက်ခင်းညီလာခံကို အချိန်ဆွဲနေလေ၏။ သူ အပြည့်အဝတောင် မအိပ်ရသေးခင် အပြင်မှာ ဟိုင်လျန်းယိက ဒူးထောက်နေကြောင်း ရွှမ်းလုက သတင်းတင်ပြလာခဲ့သည်။ လီကျန်းဟန်ခမျာ ချက်ချင်းလက်ငင်း နိုးကြားသွားသေသာ်လည်း မုရူက သူ့ရင်ခွင်ထဲမှာ အိပ်စက်နေဆဲပင်။ သူ မထနိုင်ဘဲ လည်တိုင်ကိုစောင်း၍ ရွှမ်းလုကို အလျင်စလို တီးတိုးပြောလိုက်သည်။ "သွား! သူ့ကို မောင်းထုတ်လိုက်။"

ရွှမ်းလုက ခဏကြာထွက်သွားပြီး ပြန်လည်ရောက်ရှိလာပြန်သည်။ "အတွင်းဝန်အမတ်က အရှင်မင်းမြတ်ကို တွေ့ရမှဖြစ်မယ်လို့ ပြောပါတယ်။ အရှင်မင်းမြတ်

က စက်တော်ခေါ်နေတုန်းပဲလို့ ကျွန်တော်မျိုးပြောခဲ့ပေမဲ့ အတွင်းဝန်အမတ်က ဒူးထောက်ပြီး စောင့်နေပါ့မယ်တဲ့။"

လီကျန်းဟန် ထိတ်လန့်သွား၏။ သူ့ရင်ခွင်ထဲမှ မုရူက မျက်လုံးဖွင့်လာပြီး သူက အလျင်အမြန်ချော့မြှူလိုက်သည်။ "အချစ်ဆုံး၊ အမြန်အဝတ်ဝတ်ပြီး ချန်းမင်နန်းဆောင်မှာ မနက်စာစားဖို့ သွားလိုက်တော့နော်! ကျန်း အတွင်းဝန်အမတ်နဲ့ တွေ့လိုက်ဦးမယ်!"

မုရူက နူးညံ့သိမ်မွေ့သော ကိုယ်နေဟန်ထားရှိပြီး ဆံပင်များက နက်မှောင်သော ရေတံခွန်ကဲ့သို့ ဖြာကျနေခဲ့သည်။ သူ(မ)က သူ့ကို ပူပင်သောကမပေးတတ်သလို ဆူပူခြင်းလည်းမရှိဘဲ ညွှန်ကြားလိုက်သည့်အတိုင်း ရိုးရိုးရှင်းရှင်း အဝတ်များဝတ်နေခဲ့သည်။ ဝတ်ပြီးသောအခါ သူ(မ)က ထရပ်၍ သူ၏မျက်နှာပေးမှုကြောင့် ပျော်ရွှင်နေသည့်အလား လီကျန်းဟန်ကို ချစ်မြတ်နိုးသောမျက်ဝန်းများဖြင့် ရှက်ရွံ့စွာကြည့်လာခဲ့သည်။

လီကျန်းဟန်က သူ(မ)၏ယခုလိုပုံစံကို အလွန်သဘောကျသည်။ သူက သူ(မ)၏လက်ကိုဆွဲလိုက်ပြီး ခွဲခွာဖို့တွန့်ဆုတ်ကာ မနက်ခင်းညီလာခံကျင်းပနေစဥ် သူ(မ)ကို သူ့ပေါင်ပေါ်တင်၍ ပွေ့ဖက်ထားလိုက်ချင်၏။

"နောက်တစ်ခါ။" လီကျန်းဟန်က သူ(မ)၏မျက်နှာလေးကို နမ်းလိုက်သည်။ "နောက်တစ်ခါဆို ကျန်း မင်းကို အခုလိုမပြန်ခိုင်းတော့ဘူး။" သူက သူ(မ)ကို ရင်ခွင်ထဲပွေ့ဖက်၍ ခဏလောက်စကားပြောနေခဲ့သည်မှာ ရွှမ်းလု နောက်တစ်ကြိမ်ထပ်ပြီး သတိမပေးခင်အထိပင်။ နောက်ဆုံးတော့ လီကျန်းဟန်က မုရူကို တွန့်ဆုတ်စွာလက်လွှတ်လိုက်တော့သည်။

ခဏအကြာတွင် လီကျန်းဟန်က လေးနက်သောအမူအရာဖြင့် ဝင်ရောက်လာပြီး ဦးညွတ်အရိုအသေပေးလာ၏။

နဂါးပလ္လင်ပေါ်ထိုင်နေသော လီကျန်းဟန်က ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ထပါ၊ အတွင်းဝန်အမတ်ကြီး။"

ဟိုင်လျန်းယိက နေရာမှာတင် ရှိနေဆဲဖြစ်ပြီး နောက်တစ်ကြိမ် ဦးညွတ်လိုက်သည်။

လီကျန်းဟန်တစ်ယောက် ဘယ်ညာလှည့်ကြည့်ကာ သူ၏မျက်နှာ လောင်ကျွမ်းနေသလို ခံစားလိုက်ရ၏။ သူက ချောင်းဆိုးလိုက်သည်။ "ကျန်း လတ်တလော အအေးမိနေလို့ မနက်ခင်းမှာ နည်းနည်းလောက်ထပ်အိပ်ချင်နေတာ..."

"အရှင်မင်းမြတ် ညတိုင်း အလုပ်လုပ်နေတယ််ဆိုတာကို ဒီအိုကြီးအိုမငယ်သား ကြားမိပါတယ်။" ဟိုင်လျန်းယိက ပြောလာ၏။ "ဒါပေမဲ့ လျှောက်တင်ချက်တွေအားလုံးအတွက် ဘာတုံ့ပြန်မှုမှ မရရှိကြောင်းပါ။ တင်ပြခဲ့တဲ့ သနားခံစာတွေကို သေချာစဥ်းစားကြည့်ပြီးနောက် ကျွန်တော်မျိုး အရှင်မင်းမြတ်ထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်လျှောက်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု အရှင်မင်းမြတ်က ဘဝရဲ့အထွတ်အထိပ်ကာလမှာ ရှိနေပါတယ်။ အရှင်မင်းမြတ်က တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ လုံ့လစိုက်ထုတ်ပြီး အရင်က ပျင်းရိတဲ့အလေ့အကျင့်တွေကို ဖယ်ရှားလိုက်မယ်ဆိုရင် ကျွန်တော်မျိုးတို့အင်ပါယာအတွက် တောက်ပပြီး သာယာဝပြောတဲ့အနာဂတ်ကို တွေ့မြင်နိုင်ပါလိမ့်မယ်။"

လီကျန်းဟန်တစ်ယောက် ကိုးရိုးကားရားနိုင်သော ရယ်သံအနည်းငယ်ကို ပြုလုပ်လိုက်သည်။ "မှန်တယ်..."

"ဒါပေမဲ့... အတွင်းဆောင်ထဲမှာ အရှင်မင်းမြတ်ကို သင်းကွပ်ထားတဲ့ခွေးတွေက ခစားနေတာပါ။ တကယ်လို့ အထိန်းအကွပ်မရှိဘဲ မသန့်စင်တဲ့အရာတွေ ဆက်နွှယ်လာမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အရှင်မင်းမြတ်က ရုံးတော်ရဲ့အကြံဉာဏ်တွေကို မကြားရတော့သလို ရုံးတော်ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဝေးကွာလာပါလိမ့်မယ်။" ဟိုင်လျန်းယိက ပြောလိုက်သည်။ "အရှင်မင်းမြတ်ကို ခစားပေးနေတဲ့ ရွှမ်းလုက အရှင့်ရဲ့အိပ်ဆောင်မှာ နိမ့်ကျပြီး မသန့်စင်တဲ့သူတွေကို ဖြည့်ပေးပြီး လာဘ်ထိုးနေတယ်လို့ ကျွန်တော်မျိုးကြားမိပါတယ်။ စည်းမျဥ်းစည်းကမ်းတွေအရ တော်ဝင်အမိန့်မပါဘဲ နန်းတော်ထဲ အပြင်လူတွေခေါ်သွင်းလာတဲ့သူကို သေဒဏ်ပေးသင့်ကြောင်းပါ!"

ရွှမ်းလုတစ်ယောက် ဒုတ်ခနဲအသံမြည်အောင် ဒူးထောက်ချလိုက်ပြီး လီကျန်းဟန်ကို ထိတ်လန့်တကြားကြည့်လိုက်သည်။ "အရှင်မင်းမြတ်၊ အရှင်မင်းမြတ်!"

"မင်းလိခန်းမဆောင်က မြင့်မြတ်တဲ့နေရာပါ။ ဒီနေရာမှာ မိန်းမစိုးတွေ ဆူညံအောင်လုပ်နေတာကို ဘယ်လိုလုပ်ပြီး သည်းခံပေးလိို့ရနိုင်ပါ့မလဲ။" ဟိုင်လျန်းယိက လီကျန်းဟန်ကို ကြည့်လိုက်သည်။ "အရှင်မင်းမြတ်!"

လီကျန်းဟန်၏နှလုံးသားက ခုန်ပေါက်နေ၏။ သူက တင်းမာနေသော ဟိုင်လျန်းယိကိုကြည့်ကာ အမဲလိုက်ကွင်းမှာ ကြုံတွေ့ခဲ့ရသော အဓိပ္ပါယ်ဖော်ဆောင်ရခက်သည့် အကြောက်တရားကို ပြန်လည်အမှတ်ရသွား၏။ သူ၏လက်ဖဝါးများက ချွေးများစို့လာပြီး နဂါးဝတ်ရုံဖြင့်ပွတ်သုတ်လိုက်သည်။ သူက တစ်ခွန်းမှ ပြန်မပြောရဲပေ။

အပြက်ဘက်ရှိအစောင့်များက အထဲကိုဝင်လာပြီး ရွှမ်းလုကို ခေါ်ထုတ်ရန်ပြင်လိုက်သည်။ ရွှမ်းလုက တရွတ်တိုက်ဆွဲခေါ်ခံလိုက်ရသောအခါ အော်ခေါ်လာခဲ့သည်။ "အရှင်မင်းမြတ်၊ အရှင်မင်းမြတ်!"

"သူ့ရဲ့ပြစ်မှုက။" လီကျန်းဟန်က မသေချာမှုနှင့်အတူ ရွှမ်းလုကိုကြည့်လိုက်သည်။ "သူ့ရဲ့အပြစ်က သေဒဏ်နဲ့ မထိုက််တန်ပါဘူး..."

"အရှင်မင်းမြတ်။" ဟိုင်လျန်းယိက အခိုင်အမာဆိုလိုက်သည်။ "ဖန်းရူကွေ့က မိန်းမစိုးတွေကို စည်းရုံး၊ ဟွားစစ်ချန်းနဲ့ပူးပေါင်းပြီး ချွိတူးမြို့ကို အတွင်းရော အပြင်ပါ ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။ အခု ဒီလိုအပြုအမူမျိုးကို စတင်ပြုမူနေတဲ့အချိန်မှာ ချက်ချင်းဖြတ်တောက်ပြီး တခြားသူတွေကို သတိပေးရပါမယ်! ဒါတင်မကသေးဘဲ တော်ဝင်မောင်းမဆောင်က မိန်းမပျက်တွေ အရှင့်ကို လှည့်စားလွှမ်းမိုးဖို့ ကြိုးစားလာခဲ့ရင် သူ(မ)တို့ကိုလည်း မသေမချင်း ကြိမ်ဒဏ်ပေးသင့်ပါတယ်!"

"ကျန်း မလုပ်ဝံ့ပါဘူး၊ အဲ့လိုမလုပ်ဝံ့ပါဘူး!" လီကျန်းဟန်က ပြောလိုက်ပြီး သူ၏နှလုံးသားထဲမှာ သတိပေးချက်မြည်လာခဲ့သည်။ "အတွင်းဝန်အမတ်လို ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်က ကျန်းကို နေ့တိုင်းလမ်းညွှန်ပြသနေတာပဲ၊ ကျန်းက ဘယ်လိုလုပ်ပြီး လျှောက်လုပ်ရဲပါ့မလဲ။ အတွင်းဝန်အမတ်၊ ခင်ဗျား အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို အတည်မယူပါနဲ့။"

သို့သော် ဟိုင်လျန်းယိက အညှာအတာမဲ့စွာ ပြန်ပြောခဲ့သည်။ "မီးမရှိဘဲ မီးခိုးငွေ့ဖြစ်မလာပါဘူး။ လှပတဲ့အမျိုးသမီးတွေက ပြဿနာအားလုံးရဲ့ အရင်းအမြစ်ပါပဲ။ အရှင်မင်းမြတ် အဲ့လိုသွေးဆောင်မှုတွေကို ချန်မထားသင့်ပါဘူး!"

ယခု လီကျန်းဟန် အလွန်ထိတ်လန့်နေလေ၏။ သူ မုရူကို မည်ကဲ့သို့ သေခွင့်ပေးနိုင်မည်နည်း။ သူက ထိတ်လန့်တကြားဖြင့်ထရပ်ကာ စိတ်မကောင်းသောအမူအရာကို တပ်ဆင်လိုက်သည်။ "အတွင်ဝန်အမတ်၊ ကျန်းရဲ့အမှားတွေကို သဘောပေါက်ပါပြီ။ ရွှမ်းလုက ကျန်းကို နှစ်ပေါင်းများစွာ ခစားပေးလာခဲ့တာ။ အခု သူက - အဲ့ဒါကို ထားလိုက်ပါတော့။ ကျန်း အနာဂတ်မှာ တိုင်းပြည်ရေးရာတွေကို အာရုံစိုက်ပါ့မယ်!"

ဟိုင်လျန်းယိက ဦးညွတ်လိုက်သော်လည်း ဘာမှမပြောတော့ဘဲ ထွက်ခွာသွားခဲ့လေသည်။

လီကျန်းဟန်တစ်ယောက် စားပွဲကိုဆုပ်ကိုင်လျက် အပြင်ဘက်ရှိ ရိုက်နှက်သံကို နားစွင့်နေခဲ့သည်။ တစ်ချက်ပြီးတစ်ချက်၊ တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်နေပြီး ထိုရိုက်ချက်များက သူ့ကိုယ်ပေါ် ကျရောက်နေသလို ခံစားခဲ့ရသည်။ သူက ဟိုင်လျန်းယိိကို မကျေနပ်ချက်နှင့် အကြောက်တရားများ ရောနှောနေသောခံစားချက်များဖြင့် ကြည့်လိုက်သည်။

ရှောင်းချီရယ် ရောက်လာသောအခါ အစေခံများက ခြံဝန်းထဲမှာ တံမြည်းစည်းလှည်းနေကြ၏။ သူ့ခြေထောက်အောက်မှာ သွေးစွန်းများရှိနေပြီး အနီရောင်က သိသာထင်ရှားလှသည်။ မင်လိခန်းမရှိ မိန်းမစိုးများအားလုံး အပြင်မှာ တိတ်တဆိတ်ဒူးထောက်နေကြပြီး မည်သူကမှ ခေါင်းမော့မကြည့်ဝံ့ကြပေ။

ရှောင်းချီရယ် အထဲကိုဝင်သွားလိုက်သောအခါ လီကျန်းဟန်က နဂါးပလ္လင်ပေါ်မှာ ကြောင််အမ်းစွာထိုင်နေကြောင်း တွေ့လိုက်ရသည်။ သူက ရှောင်းချီရယ်ကို ဗလာကျင်းစွာစိုက်ကြည့်နေပြီးနောက် ငိုကြွေးလေတော့သည်။ သူက ငိုကြွေးရင်း ထရပ်ကာ သူ့လက်တစ်ကမ်းရှိ အရာအားလုံးကို စတင်ချေမွလိုက်ပြီး အော်လိုက်သည်။ "ဧကရာဇ်ဖြစ်ရတာ ဘာကောင်းလို့လဲ။ ဒီလိုမျိုး ဆက်ပြီး အရှက်ခွဲခံနေရဦးမှာလား! ကောင်းကင်ဘုံအောက်ကနယ်မြေတွေက ဘာကို ဧကရာဇ်ရဲ့နယ်မြေတွေလဲ! အမျိုးသမီးတစ်ယောက်ကိုချစ်တာ ဘာမှားလို့လဲ။ အဲ့ဒါက ဘယ်နေရာမှာများ မှားနေလို့လဲ!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment